ဒီဆောင်းပါးသည် ၂၀၂၄-ခုနှစ်ထုတ်၊ ဆယ်ကြိမ်မြောက် လင်္ကာတမာန် မဂ္ဂဇင်းအတွက်ရေးတဲ့ဆောင်းပါးဖြစ်ပြီး မဂ္ဂဇင်းအတွက် အရွေးခံရသည့်ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။ (လင်္ကာတမာန်၊ စာမျက်နှာ- ၇၅)။
အခြေခံလူတန်းစားကြားက
ဓမ္မစကူးလ် အတွေ့အကြုံများ
နန္ဒိယ ဘိက္ခု (ဖယ်ခုံ)
မြန်မာကနေ
သီရိလင်္ကာကိုရောက်ရင် ဘာကိုအရင်ပြေးမြင်လည်းဆိုတော့ ဓမ္မစကူးလ်ပါဘဲ။ သီရိလင်္ကာ
ဓမ္မစကူးလ်ကျောင်းအကြောင်းကို လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကျော်လောက်ကတည်းက ပြောနေ ကြ၊ စာတွေဖြန့်ဝေကြ၊
လုပ်ကြတော့ သီရိလင်္ကာ ဓမ္မစကူးလ်အကြောင်းကို “ဓမ္မစကူးလ်ဆိုတာဘာလဲ” လို့
မသိခင်ကတည်းက ကြားဖူးခဲ့တယ်ဆိုပါတော့။ အခုရေးနေတဲ့စာက တဆင့်ကြား ဓမ္မစကူးလ် မဟုတ်တော့ဘဲ
ကိုယ်တိုင်ပါဝင်ခဲ့ရတဲ့ သီရိလင်္ကာ ဓမ္မစကူးလ် အကြောင်းကို ရေးသားမှာ ဖြစ်ပါတယ်။
တနင်္ဂနွေနေ့ရောက်တိုင်း
နံနက် ၈ နာရီမှ ၁၂ နာရီအထိ ဓမ္မစကူးလ်ကျောင်းလာတတ်တဲ့ကလေးတွေ ကြားမှာဘဲ နေနေရတယ်။ လိပ်စာ
အပြည့်အစုံကို ပြောရရင် Ñāṇānanda Dhamma School, Sri
Jayatilakaramaya Temple, Swarna Chaitya road, Grandpass, Colombo 14.
ဓမ္မစကူးလ်က
အင်္ဂလိပ်ဘာသာနဲ့ စင်ဟလာဘာသာစကား မီဒီယမ် နှစ်မျိုးလုံးရှိတယ်။ အကြမ်းဖျင်း ပြောရရင်
အများစုက စင်ဟလာမီဒီယမ်နဲ့လာတက်တဲ့ ကလေးတွေက အစိုးရကျောင်းကနေလာတဲ့
ကျောင်းသားတွေဖြစ်ပါတယ်။ အင်္ဂလိပ်မီဒီယမ်ယူတဲ့ ကျောင်းသားတွေကတော့ အင်တာနေရှင်နယ်
ကျောင်းကနေလာတဲ့ ကလေးတွေဖြစ်ပါတယ်။ စာရေးသူ ဆရာဝင်လုပ်ရမှာဆိုတော့ စင်ဟလာ ဘာသာစကားမတတ်
ပြီးတော့ နိုင်ငံခြားသားလည်း ဖြစ်တဲ့အတွက် အင်္ဂလိပ်မီဒီယမ်အတန်းတွေ ဝင်ရမယ်လို့
မဝင်ခင်ခန့်မှန်းခဲ့တယ်။ အထဲရောက်သွားတော့ အခြေအနေအရ စင်ဟလာမီဒီယမ် အတန်းတွေမှာလည်း
အချိန်ပိုင်း တစ်ချိန်ဝင်ရတယ်။ အင်္ဂလိပ်မီဒီယမ်အတန်းက ကလေးတွေက
အင်တာနေရှင်နယ်ကျောင်းကလာတာဖြစ်တဲ့အတွက် သူတို့တွေက ကလေးဘဝ (ဓမ္မစကူးလ်ကျောင်း ရောက်မလာခင်)
ကတည်းက အင်္ဂလိပ်စကားပြောနေတဲ့သူတွေ ဖြစ်တဲ့အတွက် အင်္ဂလိပ်စကား
ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်တယ်။ သူတို့ဆီကို အင်္ဂလိပ်စာတောင်
ပြန်သင်ယူလို့ရတယ်။ အင်္ဂလိပ်မီဒီယမ် အတန်းက ပြဌာန်းစာအုပ်တွေလည်း
အဆင်သင့်ရှိနေတာဆိုတော့ အဲဒီစာတွေကို အတူတူဖတ်ပြီး ဆွေးနွေးလိုက်ရုံဘဲ။
လုပ်ရမယ့်လေ့ကျင့်ခန်းတွေကအစ စာအုပ်ထဲပါနေတာမို့ အထူးတလည်းခက်ခဲနေတာမျိုး
မရှိပါဘူး။
သူတို့ကို
ဘာလို့အခြေခံလူတန်းစားလို့ပြောရသလဲဆိုတော့ မိသားစုအကြောင်းပြောကြ မိတ်ဆက်တဲ့ အချိန်
ရောက်လာရင် ပိုပြီး သိသာတယ်။ အဖေက သုံးဘီးမောင်းတယ် (Taxi Driver) ၊ အမေက အိမ်မှာ (Housewife)။ တစ်ချို့ကျတော့ အဖေက
ဒူဘိုင်းမှာ အလုပ်သွားလုပ်တယ်။ အမေက အိမ်မှာ ဆိုတာမျိုးတွေများတယ်။ မိဘတွေက
ကလေးတွေကို သာမာန်ကျောင်းတွေဘဲ ထားနိုင်ကြတယ်။ ပညာရေးအတွက်
ထူးပြီးလုပ်ပေးနိုင်တာမျိုးတွေ မရှိကြဘူး။ နောက်ဆုံး ကလေးတွေကို ပညာတတ် ဖြစ်စေချင်တော့
ကျူရှင်ဘဲ တက်ခိုင်းတာမျိုးဘဲရှိတယ်။ ကလေးတွေက ကျောင်းတက်၊ ကျောင်းက ပြန်လာရင်
ကျူရှင်ထပ်တက်။ အတန်းအောင်ဖို့ဘဲ လုပ်နေကြရတယ်။ စာရေးသူလည်း မြန်မာနိုင်ငံလို
ဖွံ့ဖြိုးဆဲနိုင်ငံမှာ လူဖြစ်လာခဲ့တာ ဖြစ်တဲ့အတွက် သူတို့ရဲ့အခြေအနေကို နားလည်တယ်။
ပြီးတော့ နယ်ကအခြေခံလူတန်းစားမိသားစုကလာတာ ဖြစ်တဲ့အတွက် သူတို့ဘယ်လိုရုန်းကန် နေရတယ်ဆိုတာ
ကိုလည်း သဘောပေါက်တယ်။ ရပ်ကွက်ထဲမှာ တစ်နေ့လုပ် တစ်နေ့စား မိသားစုများ နေတဲ့နေရာလို့
တောင်ပြောလို့ရတယ်။ သာရေးနာရေးရှိလို့ ဆွမ်းကပ် ပရိတ်ရွတ်တွေရှိရင်
သူတို့ရဲ့အခြေအနေက ပိုထင်ရှားတယ်။ ရှိတာလေးနဲ့ အဆင်ပြေအောင် နေကြရတယ်။
စားဝတ်နေရေးအတွက် တစ်နေ့လုံး ရုန်းကန်နေရတယ်။ ဘာသာရေး လူမှုရေး၊ ဘာအရေး
ညာအရေးတွေပေါ်လာရင် မြို့ပေါ်မှာ ဖြစ်တဲ့ အတွက် ပိုက်ဆံကအရေးကြီးတာကိုး။
တစ်နေ့လုံး အလုပ်လုပ်နေရတော့ ကလေးတွေအတွက် ပညာရေးကို အချိန်ဘယ်ပေးနိုင်မလဲ။
ဒါပေမဲ့ သူတို့မှာ နိုင်တာလေးတွေရှိတယ်။ နိုင်သလောက်တော့ သူတို့လည်း လုပ်ကြတယ်။
အဲဒီနေရာမှာ အိမ်ရှင်မရဲ့အခန်းကဏ္ဍကလည်း အရမ်းတာဝန်ကြီးတယ်။ ကလေးတွေကျောင်းပို့
ကျောင်းကြိုတိုင်း အမေတွေက အမြဲပါလာတယ်။ အဲလိုခက်ခဲနေတဲ့ဘဝထဲမှာ တောင်
တနင်္ဂနွေနေ့တိုင်း ကျောင်းမပျက်အောင် ကလေးတွေကို ကျောင်းအထိ အမေတွေက နေ့တိုင်း လာပို့ကြတယ်။
အဲဒီအခြေခံလူတန်းစားတွေနေတဲ့ရပ်ကွက်ထဲမှာ ဓမ္မစကူးလ် သုံးနှစ်တိတိ သင်ပေးခဲ့ရတယ်။
ကလေးတွေအကြောင်းထပ်ပြောရရင်
ကလေးတွေကို ကြီးရင် ဘာဖြစ်ချင်လည်း မေးရင် အများဆုံး ဖြေကြတာက ယောင်္ကျားလေးတွေက
ဆရာဝန်နဲ့ အင်ဂျင်နီယာ တစ်ခုခုဖြစ်ချင်ကြပြီး မိန်းကလေး တွေက ဆရာမ သို့မဟုတ်
သူနာပြုဘဲ ဖြစ်ချင်နေကြတာများတယ်။ အဲဒါက တောင်ပိုင်းအာရှနိုင်ငံတိုင်း လိုလို
ဖြစ်နေတဲ့ ရောဂါတစ်ခုလို့တောင် ပြောရမလား မသိဘူး။ အားကစားတစ်မျိုးမျိုးနဲ့
အသက်မွေး လို့ ရတယ်လို့ သူတို့ကလေးတွေမမြင်ဖူးလောက်ဘူး။ အနုပညာလုပ်ငန်းတစ်ခုခုနဲ့
အသက်မွေးဝမ်း ကျောင်း တစ်ခုအနေနဲ့ ရပ်တည်ဖို့က ဖြစ်လာနိုင်ဆိုတာကိုလည်း
မယုံရဲလောက်ဘူး။ အဲဒါထက် နည်းနည်းထူးထူးပြီးဖြေတဲ့ ကလေးတွေက စစ်သားလုပ်မယ်၊ လေယာဉ်ပိုင်းလော့ လုပ်မယ်လို့
စိတ်ကူးယဉ်ဆန်ဆန် ကြိုးစားပြီး ပြောကြတာမျိုးတော့ရှိတာပေါ့။ ကိုယ်နဲ့နီးစပ်ရာ
လက်လှမ်းမီရာ မှာဘဲ စိတ်ကူးယဉ်ကြရတာပါဘဲ။ အတန်းထဲမှာ ကလေးတွေကို ကြိုက်တဲ့သီချင်း
ရုပ်ရှင်တွေ မေးကြည့်ဖူးတယ်။ စင်ဟလာမီဒီယမ်က ကလေးတွေက စင်ဟလာ သီချင်းတွေနားထောင်ပြီး
ဘောလီးဝုတ်က ရုပ်ရှင်တွေကို ကြိုက်ကြတယ်။ အင်္ဂလိပ်မီဒီယမ်ကကလေးတွေက ကိုးရီးယား (PTS
or Black pink) နဲ့အင်္ဂလိပ်သီချင်းတွေ နားထောင်ပြီး
ဟောလီးဝုတ်ရုပ်ရှင်တွေကို ကြိုက်ကြတယ်။ Marvel နဲ့ DC
superhero သို့မဟုတ် Disney ဇာတ်ကောင်တွေကို
အင်္ဂလိပ်မီဒီယမ်းကလေးတွေက ရင်းနှီးကြပြီး စင်ဟလာမီဒီယမ်က ကလေးတွေက မသိကြဘူး။ ကလေးတွေက
အကြမ်းဖျင်း နှစ်မျိုး ရှိနေတယ်လို့ မြင်မိတယ်။
ကလေးတွေက ဓမ္မစကူးလ်ကျောင်းကိုတော့ သံယောဇဉ်ရှိကြတယ်။ ဓမ္မစကူးလ်နှစ်ပတ်လည်ပွဲတို့၊
ဆုပေးပွဲတို့ရှိရင် အခြေခံလူတန်းစားရပ်ကွက်က ကလေးတွေက လူရှေ့သူရှေ့
စကားထွက်ပြောခွင့်တွေ ရှိလာတယ်။ ရိုးရာဗုံတွေဆိုင်းတွေလည်း ပွဲလာတဲ့သူကို
တီးပြခွင့်ရကြတယ်။ ဆိုတာ ကတာတွေ ပါလာရင်လည်း သူတို့တွေပါဝင်ခွင့် ရကြတယ်။
သူတို့အတွက် တီးပေးတဲ့ လက်ခုပ်သံတွေကြားရရင် သိပ်ပျော်ကြတာ။ ကောင်းတာတစ်ခုက
အင်္ဂလိပ်နဲ့စင်ဟလာ မီဒီယမ်ဘဲ ကွဲကြပြီး သူတို့ နေပုံထိုင်ပုံ ဝတ်စားဆင်ယင်တာတွေက
အတူဘဲဖြစ်ကြပြီး ခွဲခြားနေထိုင်တာမျိုး မတွေ့ရဘူး။ ဓမ္မစကူးလ်က သင်္ခန်းစာတွေကလည်း
ဗုဒ္ဓဘာသာတစ်ဦးအတွက် သိသင့်သိထိုက်တဲ့ အကြောင်းအရာ အခြေခံတွေ အကုန်ပါတယ်။
ကလေးတွေအတွက် အတန်းလိုက်ပြဌာန်းထားတဲ့ အကြောင်းအရာတွေ၊ ဇာတ်လမ်းတွေက
အကုန်ကောင်းတယ်။ ကိုးတန်း ဆယ်တန်းတွေမှာဆိုရင် အဘိဓမ္မာပါ ပြဌာန်းစာထဲ ပါလာတယ်။ ဓမ္မစကူးလ်အတန်းတွေရဲ့
ပြဌာန်းစာနဲ့ပတ်သက်ပြီး ငြင်းခုံစရာ ဘာမှမရှိဘူး။
စာသင်ခန်းထဲက အကြောင်းလေး ဆက်ပြောရရင် စာသင်တာ နံနက်ပိုင်းတစ်ပိုင်းဘဲဆိုပေမယ့်
စာသင် ချိန်က နှစ်ချိန်ခွဲထားတယ်။ ၈ နာရီကနေ ၉ နာရီခွဲကတစ်ချိန်၊ ၁၀ နာရီကနေ ၁၁
နာရီခွဲက တစ်ချိန်။ စာရေးသူက ပထမတစ်ချိန်မှာ အင်္ဂလိပ်မီဒီယမ်အတန်းမှာဝင်ရင်
ဒုတိယအချိန်မှာ စင်ဟလာမီဒီယမ် အတန်းကို ဝင်ရတယ်။ ပထမတစ်ချိန်
စင်ဟလာမီဒီယမ်အတန်းဝင်ထားရင် ဒုတိယအချိန် အင်္ဂလိပ် မီဒီယမ်အတန်းကို ဝင်ရတယ်။ စင်ဟလာမီဒီယမ်မှာ
ဘာဝင်သင်ပေးသလဲ ဆိုတော့ အင်္ဂလိပ်စာ ဝင်သင်ပေးတာ။ English Through Buddhism ပုံစံမျိုးတွေပေါ့။
ဘာလို့ဒီလိုလုပ်ကြသလဲဆိုတော့
သူတို့မှာ ရည်ရွယ်ချက်လေးတွေလည်းရှိပါတယ်။ ကမ္ဘာသုံးဘာသာ စကား ဖြစ်တဲ့အတွက်
အင်္ဂလိပ်စာကောင်းကောင်းတတ်ရင် လမ်းတွေအများကြီးပွင့်သွားမယ်ဆိုတာလဲ သူတို့သိတယ်။
သူတို့ရဲ့ကလေးတွေကိုလည်း အင်္ဂလိပ်စကားပြောတတ်စေချင်တယ်။ အင်္ဂလိပ်စကား နိုင်နှင်းပြီဆိုရင်
အင်္ဂလိပ် မီဒီယမ်ပြောင်းချင်တယ်ဆိုလည်း ပြောင်းလို့ရတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံက သာမန်
မိသားစု အခြေခံလူတန်းစားအသိုင်းအဝိုင်းက ကလေးတစ်ယောက် အင်္ဂလိပ်စကား ကောင်းကောင်း ပြောနိုင်ဖို့က
ခက်ပါတယ်။ တကယ်ကောင်းတဲ့အတန်းတွေက စျေးကြီးတာလည်း ပါတာပေါ့။ ပြောနိုင် ဆိုနိုင်တဲ့သူရှိလာရင်
သူတို့ဝမ်းသာကြတယ်။ အဲလိုဘဲ ပညာရေးထူးချွန်မယ့်ကလေး တစ်ယောက် ယောက်များ ပေါ်လာလေမလား
သူတို့မျှော်လင့်ကြတယ်။ ဒီလိုနဲ့ အင်္ဂလိပ်စကားပြောတတ်ရင် အဆင့်မြင့်ပညာရေးအတွက် အထောက်အကူ
ပြုလေမလားဆိုတဲ့ အတွေးမျိုးတွေရှိကြတယ်။ သူတို့ ကလေးတွေကိုတော့ လူရည်ချွန်ဖြစ်စေချင်တဲ့
မျှော်လင့်ချက်တွေရှိကြတယ်။ အင်တာနေရှင်နယ် ကျောင်းထားဖို့ကလည်း ပိုက်ဆံအဆင်မပြေ၊
အင်္ဂလိပ်စာသင်တန်း တက်ဖို့ကလည်း မတတ်နိုင်၊ အစိုးရကျောင်းကသင်ပေးတဲ့
အင်္ဂလိပ်စာလေး သင်ယူပြီး လေ့ကျင့်ရတာ ဆိုတော့ ဟုတ်ဟုတ်မဟုတ် ဟုတ် နိုင်ငံခြားသားဖြစ်တဲ့
ဘုန်းကြီးနဲ့ဆိုရင်တော့ ပြောချင်လည်းပြော မပြောချင်လည်းပြောရမယ် ဆိုတော့ နိုင်ငံခြားဘုန်းကြီးတစ်ပါးပါးက
အတန်းထဲရောက်လာရင် ကလေးတွေက အင်္ဂလိပ်စကား လေ့ကျင့်ပြီးသား ဖြစ်သွားမယ်။
နိုင်ငံခြားသားတွေနဲ့ စကားပြောတဲ့ အတွေ့အကြုံလည်း ရမယ် စတဲ့ စီမံချက်ကလေးတွေလည်း
ရှိတယ်။ ဆိုတော့ဖြင့် ဒီကိုယ်တော်က လမ်းသင့်လို့ စင်ဟလာ မီဒီယမ် အတန်းတွေမှာလည်း
အချိန်တစ်နာခွဲစာ တစ်ချိန်စာဝင်သင်လိုက်ရတယ်။
စင်ဟလာမီဒီယမ်ကလေးတွေကို English Through Buddhism အင်္ဂလိပ်စာသင်ပေးတာက ၁ တန်း ကနေ ၆ တန်းအထိ။
အင်္ဂလိပ်မီဒီယမ်ကလေးတွေကို ဓမ္မစကူးလ် သင်ပေးရတာက ၆ တန်းကနေ ၁၀ အတန်းအထိ ဖြစ်ပါတယ်။
၂၀၁၉ တုန်းကတော့ တစ်နှစ်ကို စာမေးပွဲနှစ်ခါဖြေရတယ်။ စီမီစတာနှစ်ခု။ First semester နဲ့ Second
and semester ။ ပထမ
စီမီစတာက April လမှာ။ ဒုတိယ စီမီစတာက November လထဲမှာ။ ၂၀၂၀ နဲ့ ၂၀၂၁
မှာတော့ ကိုရိုနာ ဗိုင်းရစ်ကြောင့် တစ်နှစ်မှာ တစ်ခါဘဲဖြေရတာ။ အဲဒီတစ်ခါက March လမှာ ဖြစ်ပါတယ်။ နိုဝင်ဘာလကနေ နောက်ဆုတ်လိုက် နောက်ဆုတ်လိုက်နဲ့ မာချ်လ
အထိ ရောက်သွားတာ။
ကလေးနှစ်မျိုးအကြောင်းဆက်ပြောချင်သေးတယ်။
အင်တာနေရှင်နယ်ကျောင်းက ကလေးတွေနဲ့ အစိုးရကျောင်းကကလေးတွေ။ (International School Kids
and Public School Kids)။ အခြေခံလူတန်းစာရပ်ကွက်ကပေါက်ဖွားတဲ့ကလေးတွေဖြစ်နေကြပေမယ့်
တက်တဲ့ကျောင်းချင်း ကွာတော့ အနေအထိုင်တွေက ကွာကြတယ်။ ဒီမှာတမင်ခွဲခြားဆက်ဆံတာမျိုး
လုပ်တာမဟုတ်ပေမယ့် ကွဲပြားနေတဲ့ကလေးအနေအထားတွေ တွေ့ရတယ်။ ဒါကလည်း ဆရာတွေအနေနဲ့
သိထားရမယ့် ကလေးတွေရဲ့ နောက်ခံ အခြေအနေတွေထဲမှာ ပါတယ်မလား။
အင်တာနေရှင်နယ်ကျောင်းကလာတဲ့ ကလေးတွေက စကားပြောပုံ၊ လူဆက်ဆံပုံ၊ နေပုံထိုင်ပုံကအစ
သပ်သပ်ရပ်ရပ် ရှိကြပြီး စာသင်ခန်း ထဲမှာ စကားကိုလည်း မလိုအပ်ဘဲ
အလေအလွင့်ပြောနေတာမျိုးမတွေ့ရဘူး။ အဲဒီကလေးတွေနဲ့ဆိုရင် ဘယ်လိုနေ
ဘယ်လိုထိုင်ရမယ်ဆိုတာမျိုး ပြောစရာမလိုဘဲ စာဘဲဖတ်ပြီး ဆွေးနွေးဖြစ်တာများတယ်။
ကိုယ်မသိတာရှိလို့ ပြန်မေးရင်လည်း ယဉ်ယဉ်ကျေးကျေး ပြန်ဖြေကြတယ်။ ယဉ်ကျေးလိမ္မာတယ် ဆိုတာ
ဘယ်လိုလဲသိချင်ရင် သူတို့ဆီ ပြန်သင်ယူနေရမျိုး။
အစိုးရကျောင်းကကလေးတွေကြတော့
တစ်ခုခုဆို ပြေးမယ်၊ လွှားမယ် ဆိုတာမျိုးတွေများတယ်။ စာသင်ခန်းထဲမှာ လိုအပ်ရင်
ပြန်ငေါက်မယ့်ဆရာတွေကို အရန်သင့် စီစဉ်ထားရမယ့် အနေအထားမျိုး။ (ရီစရာပြောတာပါ)။ စာဆိုခိုင်းရင်လည်း
အော်ပြီးဆိုတာမျိုး၊ စာဖတ်ခိုင်းရင်လည်း အသံမထွက်ရင် အာရုံစိုက်လို့မရတဲ့ပုံစံမျိုး။ ရပ်ကွက်ထဲမှာလည်း ပြောမနာ
ဆိုမနာ အော်ကြ ငေါက်ကြတဲ့ ပတ်ဝန်း ကျင်က လာတာဖြစ်တဲ့အတွက် ပြောပုံဆိုပုံတွေက
မနုညံ့ဘူး။ ဒါပေမယ့် သူတို့တွေက လူရိုင်းတွေ မဟုတ်ဘူး။ အလိုက်မသိတာမျိုး
ရှိကောင်းရှိမယ်၊ ဒါပေမယ့် လူမိုက်တွေမဟုတ်ဘူး။ ပြောပြရင် ရတယ်။ ဆူလိုက်
ငေါက်လိုက်ရင်လည်း စိတ်မဆိုးဘူး။ ဓမ္မစကူးလ်ကျောင်းမဟုတ်လား။ သူတို့ကို
လိမ္မာအောင် ယဉ်ကျေးအောင် သင်ပေးမယ့်နေရာလို့ သူတို့ ယုံကြည်ထားကြတယ်လေ။ မပူနဲ့
နောက်တစ်ပတ်သူတို့ ကျောင်းထပ်ရောက်လာဦးမယ်။ အဲဒါက ကိုလံဘိုမြို့ပေါ်က အခြေခံလူတန်းစား
တွေနေတဲ့ ရပ်ကွက်က ကလေးတွေပါ။ အဲဒီကလေးတွေကို ဉာဏာနန္ဒဓမ္မစကူးလ်ကျောင်းမှာ ၂၀၁၉,
၂၀၂၀, ၂၀၂၁ သုံးနှစ် အတူတူ ဖြတ်သန်းခဲ့ဖူးတယ်ဆိုတာကိုတော့ အခုထိ တွေးမိတိုင်း
ဝမ်းသာနေရဆဲ ပါဘဲ။ အခုနေတဲ့ Ganemulla မှာကျတော့ Grandpass
လိုမဟုတ်ဘူး။ ဓမ္မစကူးလ်ကို တနင်္ဂနွေနေ့မှာ သင်တာဘဲ၊ ဒါပေမယ့် ဆရာ မလောက်လို့
အတန်းခွဲသင်ရတယ်။ စင်ဟလာမီဒီယမ်တွေက မနက်ပိုင်း မှာ သင်ကြပြီး
အင်္ဂလိပ်မီဒီယမ်ကိုတော့ ညနေပိုင်းမှာ သင်ကြတယ်။ နယ်က တောမြို့လေး တစ်မြို့
ဆိုပါတော့။ ဒီမှာလည်း အခြေခံလူတန်းစားတွေကြားထဲက ဓမ္မစကူးလ်ကျောင်းလေးပါဘဲ။
ဒီအကြောင်းကို နောက်တစ်ခါကြုံလျှင် ပြောပြချင်ပါသည်။ (အားလုံးကို
ကျေးဇူးတင်ပါသည်)။
နန္ဒိယ ဘိက္ခု (၁၄. ၃.
၂၀၂၄)
ဒီဆောင်းပါးကို
ကိုယ်တိုင်ရေးပြီး မည့်သည့်ဂျာနယ် မဂ္ဂဇင်းကိုမှ မပို့ရသေးပါ။ အသစ်ဆက်ဆက်
ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။
အရှင်နန္ဒိယ (ဖယ်ခုံ) (nandiya.ncc@gmail.com) Ph- 0787260091.
Sri Jayasumanaramaya rajamahavihara temple, Bulugahagoda, Ganemulla, western
province, Sri Lanka.