Showing posts with label မော်ဒန်ကဗျာများ. Show all posts
Showing posts with label မော်ဒန်ကဗျာများ. Show all posts
Friday, February 21, 2020
ငါ့အတွက် လောကကြီး
ကိုယ်နားဆင်ဖို့အတွက် အလိုက်တသိတေးဆိုပေးတဲ့ ကျေးငှက်လေးတွေရှိတယ်
ကိုယ်လိုအပ်မယ်ထင်လို့ အလိုက်တသိ ရွာချပေးတဲ့ မိုးစက်လေးတွေရှိတယ်
ချွေးအရမ်းထွက်နေချိန် အလိုက်တသိ တိုက်ခတ်ပေးတဲ့ လေညှင်းလေးတွေရှိတယ်
အပူချိန်တွေမြင့်နေချိန်မှာ အလိုက်တသိ ကာထားပေးတဲ့ တိမ်တိုက်လေးတွေ ရှိတယ်
ကိုယ်ချမ်းနေချိန် ပူနေချိန် အလိုက်တသိထွက်လာပေးတဲ့ နေမင်းကြီး နဲ့ လမင်းလေးလည်း ရှိတယ်။
ကိုယ့်ဘက်မှာ အမြဲရပ်တည်ပေးတဲ့ လောကကြီးလည်းရှိတယ်။
ငါ့မှာ ဘာမှထပ်တောင်းဆိုစရာ မရှိတော့ပြီ။
Nandiya Bhikkhu
19.02.2019
Friday, August 23, 2019
နောက်ကျခြင်း အနုပညာ
တစိမ့်စိမ့်တွေးတယ်
တစ်သိမ့်သိမ့်ဆွေးတယ်
အိပ်ရာဝင် နောက်ကျတယ်
ညင်ညင်သာသာအနားယူတယ်
ကြင်ကြင်နာနာအိပ်မက်မက်တယ်
အိပ်ရာထနောက်ကျတယ်
အခွင့်ရှိရင်ခရီးသွားချင်တယ်
လမ်းသင့်ရင်ဝင်လည်ချင်တယ်
အိမ်ပြန်ချိန်လည်း နောက်ကျတတ်တယ်
ဖြစ်ချင်စိတ်လည်းများတယ်
မိတ်ဆွေတွေကတော့ပါးတယ်
ထမင်းစားချိန်တောင် နောက်ကျတယ်
မနေ့ကလေ့လာရေးခရီးထွက်တယ်
ဒီနေ့ကတော့ခဏနားတယ်
မှတ်တမ်းတင်ဖို့ နောက်ကျဦးမယ်
မနက်ဖြန် ဆက်သွားမယ်
ဒီနေ့လည်း အလုပ်များတယ်
ကြိုတင်ပြင်ဆင်မထားလို့ နောက်ကျဦးမယ်
နောက်ကျခြင်းနဲ့ နေသားကျနေပြီ
နောက်ကျဖို့ရာ အကြောင်းများစွာဖန်လာပြီ
နောက်ကျခြင်းဟာ ငါ့ရဲ့အနုပညာဖြစ်လာပြီ။
Nandiya Bhikkhu
23.8.2018
တစိမ့်စိမ့်တွေးတယ်
အိပ်ရာဝင် နောက်ကျတယ်
ညင်ညင်သာသာအနားယူတယ်
အိပ်ရာထနောက်ကျတယ်
ဒီနေ့ကတော့ခဏနားတယ်
မနက်ဖြန် ဆက်သွားမယ်
Nandiya Bhikkhu
23.8.2018
Monday, August 12, 2019
ရာသီစာ စားသုံးခြင်း
မိုးသည်းတဲ့အခါ မိုးစဲဖို့စောင့်နေခဲ့ရတာရှိသလို 
မိုးနည်းတဲ့အခါ မိုးဖွဲလေးတွေကိုအားမရတာလည်းရှိခဲ့ဖူးတယ်။ 
ဒါပေမယ့် မိုးကိုတော့ ကိုယ်အပြစ်မတင်ခဲ့ဖူးပါဘူး။ 
အအေးဓာတ်လွန်ကဲရင် မနေရဲလောက်အောင်ချမ်းခဲ့ဖူးသလို
အအေးဓာတ်ပေါ့ခဲ့ရင် အဓိပ္ပါယ်မဲ့သည့်ဆောင်းလို့ပြောခဲ့ဖူးတယ်။
ဒါပေမယ့် ဆောင်းကိုတော့ ကိုယ်အပြစ်မတင်ခဲ့ဖူးပါဘူး။
အရမ်းပူတဲ့နေ့တွေမှာ အရိပ်မှာဘဲအချိန်ကုန်ခဲ့ပြီး
အပူပေါ့တဲ့နေ့တွေမှာ နေရိပ်မှာလမ်းလျှောက်ခဲ့တယ်။
ဒါပေမယ့် နွေကိုတော့ ကိုယ်အပြစ်မတင်ခဲ့ဖူးပါဘူး။
မိုးရာသီမှာ မိုးလုံတဲ့နေရာ
ဆောင်းရာသီမှာ လေလုံတဲ့အဆောင်
နွေရာသီမှာ အရိပ်ရသည့်သစ်တစ်ပင်လောက်တော့ လိုချင်တယ်။
မိုးမလုံတဲ့နေရာ
လေမလုံတဲ့အဆောင်
အရိပ်မရသည့်သစ်ပင်အောက်မှာဆိုရင်
ဒီရာသီသုံးပါးကို ကိုယ်မဖြတ်ကျော်ချင်တာတော့အမှန်ဘဲ။ 
အရှင်နန္ဒိယ (ဖယ်ခုံ) 
12.08.2019
မိုးမလုံတဲ့နေရာ
လေမလုံတဲ့အဆောင်
အရှင်နန္ဒိယ (ဖယ်ခုံ) 
12.08.2019 
Photo credit to Nang Rocy Hning 
Saturday, August 10, 2019
သက်ဆိုင်သူသို့ ---------
မီးမပျက်တဲ့ညတွေမှာ 
ကိုယ်ဟာအိပ်ရေးပျက်တတ်သူတစ်ဦးပါ။
အတွေးနက်နေတဲ့နံနက်ခင်းတိုင်းမှာ 
နံနက်စာစားဖို့မေ့တတ်သူတစ်ဦးပါ။
ဆူညံနေတဲ့နေ့ရက်တွေတိုင်းမှာ 
ကိုယ်ဟာပတ်ဝန်းကျင်ကိုမေ့တတ်သူတစ်ဦးပါ။
တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်မှာ 
အတွေးများနဲ့နောက်ကျတတ်သူတစ်ဦးပါ။
ဆည်းဆာအရောင်သန်းနေတဲ့ညနေခင်းကိုမြင်လျှင် 
ဖုန်းဆက်ဖို့ချိန်းထားခဲ့ရင်တောင် မေ့တတ်သူတစ်ဦးပါ။
ကိုယ့်ရဲ့မှားယွင်းမှုတွေအားလုံးဟာ 
အကြောင်းပြချက်မလိုဘဲ ပြည့်စုံနေလျက်ပါ။
အရှင်နန္ဒိယ (ဖယ်ခုံ) 
08.08.2017
မီးမပ်က္တဲ့ညေတြမွာ 
အရှင်နန္ဒိယ (ဖယ်ခုံ) 
08.08.2017 
Photo credit to Pyae Phyo (Loi Kaw) 
Friday, July 26, 2019
နေရင်းထိုင်ရင်း သတိရမိလို့
လေကောင်းလေသန့်လေးတွေ တစ်ဝကြီးပြန်ရှုရှိုက်ဖို့ ဘယ်တော့မှ မမေ့ပါဘူး 
နေသားမကျနိုင်တဲ့နေရာမှာ ရှေ့ဆက်တိုးလေ အရှုပ်အထွေးတွေပိုများလေ ဆိုတာကို နားလည်လာပြီ 
သူစိမ်းဆန်တဲ့နေရာတွေမှာ တစ်ခြမ်းပဲ့အပြုံးတွေနဲ့ မိတ်ဖွဲ့နေရတာ သိပ်ပင်ပန်းတာဘဲ 
ကောင်းကင်တစ်ခုချင်းတူတာတောင် တောင်ပေါ်ဒေသထက်က ကောင်းကင်ကမှ ပိုပြာသလိုခံစားမိတာတော့ မတတ်နိုင်ဘူးလေ 
ဘယ်အချိန်မှန်းမသိပေမယ့် ရောက်လာမယ့်အချိန်တွေထဲက တစ်ချိန်ချိန်မှာ ပြန်လာဦးမှာပါ 
တွေ့မယ် တောင်ပေါ်မြို့လေးနဲ့      
https://www.facebook.com/nandiya.bhikkhu/videos/vb.100006541690260/2276166119278089/?type=3 
Sunday, June 9, 2019
မြို့ပြ
မီးရထားသံဆူညံစွာဖြင့် ခုတ်မောင်း
ပလက်ဖောင်းပေါ်ပလက်စတစ်များဖြင့် ရှုပ်ပွ
ရေဝပ်နေသောလမ်းဘေးမြောင်းက ပျက်ရယ်
လူပြည့်သောနေရာများကမျက်နှာတွေ မဲ့ရွက်
ပျာယာခတ်နေသောလူတွေကြားထဲ အားလုံးကတိုးဝင်
အပြင်လိုလေကောင်းလေသန့်မရပေမယ့် စွန့်စား
ဒါများလား ငါတို့ရဲ့ ဦးတည်ရာ။
Nandiya Bhikkhu
8.6.2017
မင်းရှိတဲ့ဆီ
မင်းရှိတဲ့မြို့ဆီ ဘေးမသီရန်မခစေဖို့
ဆုတောင်းလို့ လာချင်။
မြို့အဝင် ချယ်ရီပင်မတွေ့ရင် နေစေ
နှင်းတွေဝေပေးဖို့ တောင်းဆိုချင်။
မြို့ပြကြီးနဲ့ဝေးစေ လူတွေလည်းနည်းပါစေ
သာယာမှုတွေက ဆောင်းဘဲရှိပါလေ။
မင်းရှိရာမြို့ဆီ မကြာမီရောက်တော့မှာမို့
မင်းဖတ်ဖို့ စာလေး ရေးလိုက်ချင်သေး။
Nandiya Bhikkhu
06.06.2019 09:20:00PM 
Friday, December 28, 2018
လက္ခဏာတွေကဘာလဲ
နားလည်မှုလွဲနေတဲ့ ပတ်သက်ဆက်နွှယ်ခြင်း၊ အခွင့်ထပ်မသာတော့တဲ့ နောက်ထပ်တွေဆုံခြင်းတွေကြောင့် ပြန်ဆုံခွင့်လေးကိုစောင့်နေရင်း တစ်ဖြေးဖြေးဝေးနေရပေမယ့် တသသဖြစ်နေရတဲ့ ရင်ထဲက ဖော်မပြချင်တဲ့ ခံစားမှုမျိုးတွေက ဘဝမှာ ဒဏ်ရာလို့ဖွင့်မပြောချင်တာ အကြောင်းပြချက် မပေးလည်းဘဲ နားလည်ပေးလို့ရပါတယ်။
ဒဏ်ရာမဟုတ်ပေမယ့် ဝေဒနာတစ်ခုအဖြစ်တော့ လက်ခံရမယ်။ တစ်ချို့ဝေဒနာတွေက မမျှော်လင့်ဘဲ နာကျင်စွာခံစားနေရတာမျိုးတွေရှိသလို တစ်ချို့ဝေဒနာတွေကျတော့ အလုပ်ဖြစ်ဖို့သက်သက် မပျောက်ပျက်အောင် တမင်မွေးမြူထားတာမျိုးလည်းရှိတယ်။
တစ်ချို့တစ်စုံတစ်ရာအကြောင်းတိုက်ဆိုင်မှုတွေကြောင့် ပြန်ဖြစ်ပေါ်လာတဲ့ဝေဒနာတွေကို မပြောဘဲ ထိန်ချန်ထားခဲ့ရတဲ့ တသသဝေဒနာမျိုးကျတော့ အလုပ်ဖြစ်ဖို့မွေးမြူထားတဲ့ဝေဒနာမဟုတ်မှန်း ပေါ်လွင်လို့နေပါတယ်။
ဒီဝေဒနာတွေကို ကုစားဖို့အတွက် ပစ္စုပ္ပန်ရဲ့ခံစားချက်တွေကို ငါလေ့လာရဦးမယ်။
(တစ်မျိုးမထင်နဲ့ Thesis ထဲက symptoms of mental illness အခန်းအတွက် စဉ်းစားနေတာပါ)
ဖြတ်လျှောက်ရုံလေးပါ
နားလည်လိုက်မိတာက ဖြတ်လျှောက်ရုံလေးပါပဲ။
တိုက်ခတ်လာတဲ့ လေပြေလေးကိုလည်း မတွယ်တာချင်တော့ဘူး
သူပြန်မလာမှာကိုလည်း မစိုးရိမ်ချင်တော့ပါ၊ သူခဏလေးဖြတ်လျှောက်ရုံလေးဘဲလို့ နားလည်လိုက်လို့။
အရှိုင်နဲ့စီးဆင်းနေတဲ့ စမ်းချောင်းထဲကရေလေးတွေလိုဘ
ခဏလေးဖြတ်လျှောက်ခွင့်သာရလိုက်ပြီး ချန်ထားခဲ့ရမယ့် ကမ်းပါးတွေကိုလည်း မတွယ်တာချင်တော့ဘူး။ ပြုံးပြုံးလေးဘဲ နှုတ်ဆက်လိုက်ချင်တယ်။
အတူတူစီးဆင်းခွင့်ခဏလေးရလိုက်တဲ့ ရေတွေကိုလည်း မတွက်တာချင်တော့ပြီ၊ ပင်လယ်ထဲရောက်လို့ လှိုင်းတွေရှိုက်ခတ်ရင် ကွဲသွားကြမှာ ကြိုသိနေလို့။
နှစ်တစ်ရာကြာမှဘဲဖြစ်ဖြစ်၊ ဗြဟ္မပြည်ကအပ်တစ်စင်းနဲ့ လူ့ပြည်ကအပ်တစ်စင်း ဆုံတာထက်ပိုခက်တဲ့ ပြန်တွေ့မှုမျိုးနဲ့ဘဲဖြစ်ဖြစ် ပင်လယ်ထဲ သမုဒ္ဒရာထဲ ပြန်တွေ့တဲ့အခါမှာ ပျော်ပျော်ရွှင်ရွှင်ပြန်ဆုံချင်ရုံကလွဲလို့ တွယ်တာနေရတာမျိုး မဖြစ်ချင်တော့ပါ။ ခဏလေးဖြတ်လျှောက်ရုံလေးပဲလို့ နားလည်ခွင့်လေးရချင်တယ်။
အားလုံးကဖြတ်လျှောက်သွားခဲ့ကြတဲ့ ဒီမျက်နှာကိုလည်း မတွက်တာစေချင်ပါ၊ တစ်ချို့က လှည့်ကြည့်ကြတယ်၊ တစ်ချို့က မေ့သွားကြတယ်၊ တစ်ချို့က ပြုံးပြခဲ့တယ်၊ တစ်ချို့က တစ်ခုခု ချန်ထားပေးတယ်။ ခဏလေးပေမယ့် အားလုံးကို ပြုံးပြချင်တယ်၊ ခဏလေးဖြတ်လျှောက်ရခိုက်မှာ ဒဏ်ရာတွေမထားခဲ့ချင်ပါ။
နာကျင်စွာခံစားနေတာတာမျိုး မဖြစ်ချင်ရင် လွတ်လွတ်ကျွတ်ကျွတ် ထွက်သွားကြပါ။ ခဏလေးဖြတ်လျှောက်ရုံလေးမို့ မခံစားချင်တော့လို့ မတွယ်တာချင်တော့ပါ။
မတူညီသော ရပ်တည်ခြင်း
မြေမှာခသည့် ပန်းချင်းတူတာတောင် တချို့ပန်းက အနာအဆာတွေကင်းမဲ့နေပေမယ့် တစ်ချို့ပန်းက အနာတွေနဲ့ ဒဏ်ရာတွေနဲ့။
ပန်းပင်ပေါ်ကကြွေမယ့်ပန်းချင်းတူတာတောင် တစ်ချို့ပန်းပွင့်တွေက ကြွေဖို့အတွက် အားယူ ရုန်းကန်နေရပြီး တစ်ချို့ပန်းပွင့်တွေက တိုက်ခတ်လာသည့်လေနောက်ကို အလိုက်သင့်ရွက်လင့်လိုက်ရုံသာ။
သဘာဝတွေချင်းတူတာတောင် မတူသည့်သဘာဝတွေလည်း ရှိနေကြတာဘဲ။ ဘဝတစ်ခုကို ပန်းကလေးတစ်ပွင့်လိုဘဲဖြစ်ဖြစ်၊ သစ်သီးတစ်လုံးလိုဘဲဖြစ်ဖြစ် ခိုင်းနှိုင်းဖို့က လွယ်သရောင်ရောင်နဲ့ ခက်လိုလိုတော့ရှိသား။
ဘဝတစ်ခုကိုတောင့်တရာမှာလည်း မတူသည့်ဆန္ဒတွေနဲ့ အရင်းခံခဲ့ကြတာဘဲ၊ တစ်ချို့က ဘဝကို သာသာယာယာ ပြည့်ပြည့်စုံစုံ၊ ချိုချိုမြိန်မြိန်နဲ့တောင့်တကြပြီး တစ်ချို့တွေက ဘဝကို စွန့်စွန့်စားစားနဲ့ ရုန်းကန်ပြီး အောင်မြင်မှုကို ရယူချင်သည့် ဘဝမျိုး။
မတူတာတွေ ရှိနေကြတဲ့အထဲ စိတ်မတူတာလေးလည်း ဆန်းကြယ်လိုက်တာ။ ရန်သူနဲ့တိုက်ခိုက်သည့် နေရာမှာတောင် တစ်ချို့က ဒုတ်ကိုင်၊ ဓားကိုင်ပြီး သူသေငါသေရင်ဆိုင်ချင်ကြပြီး တစ်ချို့လူတွေက လူယုံတော်လိုခစားပြီးမှ အဆိပ်ခပ်သတ်ချင်ကြတာလည်းရှိပ။
ဘဝကို ရုန်းကန်လှုပ်ရှားနေရသည့် အခြေအနေတစ်ခုလို့ တင်စားရင် အပြိုင်အဆိုင်ရုန်းနေကြတာမှန်ပေမယ့် တစ်ချို့က တစ်ကိုယ်ကောင်း ရုန်းတယ်၊ တစ်ချို့က အများအတွက် ရုန်းတယ်။ တစ်ချို့က ရေရှည်အတွက်ရုန်းတယ်၊ တစ်ချို့က ရေတိုအတွက်ရုန်းတယ်။ တစ်ချို့က အနာဂတ်အတွက်ရုန်းတယ်၊ တစ်ချို့က ပစ္စုပ္ပန်အတွက် ရုန်းတယ်။ တစ်ချို့ကသက်သက်သာသာလေး ရုန်းတယ်။ တစ်ချို့က အနာတရတွေနဲ့ရုန်းတယ်။ လက်ရှိအခြေအနေအတွက် ငါတို့အားလုံး ရုန်းကြတယ်။
အရှင်နန္ဒိယ (ဖယ်ခုံ)
12.12.2018 2:14:00 PM
(thesis မပြီးသေးခြင်း အမှတ်တရ)
Photo credit to Nang Khae Mu (Naung Taung) 
နုတ်ဆက်ရသော ဆုံဆည်းခြင်း
ကိုယ်တို့ကအချိန်တွေကို တိုက်စားနေတာမဟုတ်ဘူး၊ အချိန်တွေနဲ့ရောပြီး ကိုယ်တို့ကအတိုက်စားခံနေရတာပါ။ ငါတို့ရဲ့နုပျိုမှုတွေကို တူးဖြိုကြတယ်၊ ငယ်ရွယ်မှုတွေကို တိုက်စားပြီး ကြီးရင့်မှုဆီ တွန်းပို့သွားကြတယ်။
အခွင့်အရေးတွေကို ကိုယ်တို့ အလဟဿ ဖြုန်းနေတာ မဟုတ်ဘူး၊ အသုံးပြုဖို့ အခွင့်ကို မသာခဲ့တာ။ နောက်ထပ်အခွင့်မရအောင် ငါတို့ရဲ့နောက်ခံအခြေအနေတွေက ငါတို့အခွင့်အရေးကို လုယူနေကြတာလေ။
ကိုယ်တို့ကအခြေအနေကို မဖန်တီးတာမဟုတ်ဘူး၊ အခြေအနေတွေက ကိုယ်တို့ဘက်မှာ မရှိတာ။ မတူညီမှုတွေနဲ့ ငါတို့တွေ့ဆုံနေကြတာ၊ ဝါသနာချင်းရော၊ ရည်ရွယ်ချက်ခြင်းရော အားလုံးကို သိသိသာသာကြီးကွဲပြားပြီးမှ ငါတို့ကိုတွေ့ဆုံပေးကြတာလေ။ တူညီမှုတွေညှိယူဖို့ အခြေအနေတွေ မပေးတော့ဘူးလေ။
အချိန်တန်လို့ကိုယ်တို့က လမ်းခွဲကြတာ မဟုတ်ဘူး။ အချိန်တန်ပြီဆိုပြီး ကိုယ်တို့ကို လမ်းခွဲပလိုက်ကြတာ။ နှစ်အရေအတွက် အချိန်အကန့်အသတ်နဲ့ ငါတို့ကို တွေ့ပေးနေကြတာ။ ဒီအချိန်၊ ဒီအခြေအနေ၊ ဒီပတ်ဝန်းကျင်တွေကို ကိုယ်တို့က ကစားနေတာ မဟုတ်ပါဘူး၊ ကိုယ်တို့က ဒီအခြေအနေတွေနဲ့အကြောင်းပြပြီး ကစားခံနေရသူတွေပါ။
ပညာရေးတက္ကသိုလ်မှာ အတူတူသင်ယူခွင့်ရတဲ့အချိန်က သိပ်နည်းလွန်းလှပါတယ်။ ဒီအချိန်တွေရဲ့ စီးဆင်းမှုတွေက ရေတံခွန်ထက်အရှိုန်ပျင်းနေသလိုဘဲ။ ဒါပေမယ့် ကိုယ်တို့က ရေတွေလို ပင်လယ်ထိ၊ သမုဒ္ဒရာထိ အတူတူ စီးဆင်းခွင့် မရခဲ့ပါဘူး။ ခဏလေးဘဲ တွေ့ဆုံခွင့်ပေးတယ်။
ရှိစေဦးတော့။ ငါတို့သံသရာကိုတော့ ငါတို့ဘဲပိုင်တာပါ။ ဘဝတွေ မဆုံးသေးသရွေ့တော့ ငါတို့တတွေ ပြန်ဆုံဆည်းဖို့ မျှော်လင့်လို့ရပါသေးတယ်။ တွေ့ဆုံခြင်းကို ခွဲခွာခြင်းနဲ့ ပေါင်းစပ်ပေးထားပေမယ့် ယုံကြည်မှုတွေကိုတော့ ငါတို့တည်ဆောက်ထားနိုင်ခဲ့ကြတယ်။
ငါတို့ရဲ့ မိတ်ကောင်းဆွေမွန်စိတ်ဓာတ်၊ ညီအစ်ကိုလိုချစ်ခင်မှု၊ အချင်းချင်းရိုင်းပင်းကူညီတတ်တဲ့ အကျင့်လေးတွေကိုတော့ ဆက်လက်ဆုပ်ကိုင်ထားကြတာပေါ့။ ဒါတွေကို ဆုပ်ကိုင်ပြီး လမ်းခွဲခွင့်ရလိုက်တဲ့အတွက် ဘယ်တော့မှနောင်ရမှာ မဟုတ်ပါဘူး။
ကံမကုန်လို့ ပြန်ဆုံမယ့်တစ်နေ့ကြရင် အသစ်ပျိုးပြန်ပျိုးထောင်နေစရာမလိုတော့တဲ့ ကလျာဏမိတ္တစိတ်ဓာတ်တွေနဲ့ ဘဝတက္ကသိုလ်ထဲ ပညာတွေအတူတူ ထပ်သင်ယူကြတာပေါ့။ အခုတော့ သွားနှင့်ဦးတော့ ကိုယ့်လူရာ။ ဆန္ဒတွေမပြည့်သေးတော့ ကိုယ်ဘဲ ပညာရေးတက္ကသိုလ်မှာ နေရစ်ခဲ့ဦးမယ်။ အပြောကျယ်တဲ့ အပြင်လောကကြီးထဲ ဘဝတက္ကသိုလ်မှာ အတူတူထပ်ဆုံဖို့ မျှော်လင့်ရင်း-------။ ။
အရှင်နန္ဒိယ (ဖယ်ခုံ) 27.12.2018 2:30:00 PM
(2018, MA အတန်းဖော်များနဲ့ လမ်းခွဲခြင်း အမှတ်တရ) 
နှုတ်ဆက်ရသောဆုံဆည်းခွင့် 