Sunday, June 9, 2019

‌ဆော့ဖ်ပင်ကိုင်တဲ့ လက်ကလေးတစ်စုံ (သို့မဟုတ်) ပတ်သက်ခဲ့ဖူးတဲ့ အေသုံးလုံး


လက်ဖဝါးကလေး ဖြူဖြူနုနု လက်ချောင်းသွယ်သွယ်ကလေးနဲ့ ဆုပ်ကိုင်ထားတဲ့ ဆောဖ်ပင်၊ မာကာပင် ရောင်စုံအမျိုးမျိုးတွေက ပနံသင့်လိုက်ကြတာ။ အဲဒီလက်တွေနဲ့ ဖလစ်ချပ်ပေါ်ချရေးလိုက်ရင် လက်ဖမိုးပေါ်က အကြေားစိမ်းစိမ်းလေး အထင်းသားပေါ်နေတာပေါ့။ တစ်ချို့လက်တွေဆိုရင် နယ်ကလက်ဆောင်ရထားတဲ့ ရိုးရာဖြစ်ကွင်းလေး သို့မဟုတ် ပစ္စည်းတစ်ခုခုနဲ့ စွပ်ထားလိုက်သေးတာ။ ပစ္စည်းကို အမြတ်တနိုးထားပုံနဲ့ နန်းဆန်းလွန်းတဲ့ ပြောပုံဆိုပုံတွေက ရုပ်ကလေးနဲ့လည်း လိုက်ဖက်လွန်းနေတာကိုလည်း တွေ့ရတာပေါ့။ အလိုက်တသိ ဖေးမကူညီတတ်တဲ့အကျင့်နဲ့၊ လိုက်လျှောညီထွေတဲ့ စကားကြောတွေကိုလည်း ပြောတ တ်တာမို့ ခင်မင်ချင်စရာ၊ ရင်းနှီးချင်စရာကောင်းလို့ အချစ်ခံနေရတဲ့သူတွေပေါ့။ ချစ်ခင်စရာကောင်းတဲ့ သူတွေ ရေးတဲ့ ဖလစ်ချပ်စာရွက်ပေါ်က စာလုံးတွေကို အားလုံးကစိတ်ဝင်စားကြတယ်။ ဆောဖ်ပင်ကို ဆုပ်ကိုင်ထားတဲ့ လက်ကလေးတစ်စုံကို အားလုံးက အာရုံစိုက်နေကြတာ။ လက်ဖမိုးလေးပေါ်က တစ်ခုခု သာထင်ရှားကြည့်၊ အားလုံးကမှတ်မိကြမှာ။ ဘာတက်တူးလည်းထိုးမထား၊ ဘာအမှတ်အသားလည်း မရှိတာမို့ လက်ဖမိုးပေါ်က အကြောစိမ်းစိမ်းလေးကိုတော့ မျက်လုံးတွေက ကျက်စားနေကြတာပေါ့။ အဲဒီအကြောစိမ်းစိမ်းလေးတွေကွယ်ထားတဲ့ စာလုံးတွေက ဘာတွေဖြစ်မလဲလို့ စောင့်ကြည့်နေတာပါ။ သိကြတယ်မလား။ သူတို့က ကာယလုပ်သားတွေမဟုတ်ဘူး။ ကွန်ပျူတာကိုင်ပြီး အလုပ်လုပ်နေရတဲ့ လူငယ်လေးတွေ။ ကျားရော၊ မရော။ သူတို့တွေက သိပ်တက်ကြွတာပဲ။ အဲဒီလက်နုနုတွေနဲ့ အကျိုးပြုလုပ်ငန်းတွေ အများကြီးလုပ်နေကြတာ။ အားရစရာ။ အဲဒါတွေကို AAA (Anniversary of Annual Alumni Assembly) ပွဲမှာ တွေ့ရမှာ မြေကြီးလက်ခတ်မလွဲ။
နောက်ထပ်လက်တစ်စုံကလည်းရှိသေးတယ်။ အမှတ်တစ်မဲ့ဆိုရင် လက်ဖဝါးနဲ့ လက်ဖမိုးတောင် မှားနိုင်တ ယ်။ လက်တံတွေကလည်း အကြီးကြီး။ အပ်နဲ့ထိုးရင်တောင် မပေါက်နိုင်လောက်တဲ့ ဘယ်လိုအလုပ်မျိုးကိုမှ မမူတော့တဲ့ ကြမ်းတမ်းလွန်းတဲ့လက်မျိုး။ နိုင်ငံတကာနဲ့ယှဉ် စကားပြေနေကြပေမယ့် ပန်ကာအောက်မှာ အလုပ်လုပ်တယ် မထင်နဲ့၊ ကာယလုပ်သားစစ်စစ်။ တောင်သူတွေရော၊ အလုပ်ကြမ်းဝင်ကူနေကျ ပရဟိတ သမားတွေရော။ တစ်ခါတစ်လေအခြောက်တိုက် ထရယ်ချင်ရယ်နေသေးတာ၊ စကားပြောရင် ကျွန်တော်၊ ကျွန်မနဲ့ အားမရရင် မင်းနဲ့ငါလို့ ပြောချင်ပြောလိုက်သေးတာ။ ဒါပေမယ့် အားလုံးက အေးဆေးဘဲ။ အခြား လူတွေမှ မဟုတ်တာလေ။ သင်တန်းအတူတူတက်ခဲ့ကြတဲ့ ဘော်ဒါဟောင်းတွေဘဲလေ။ ပြောမနာ ဆိုမနာ တဲ့သူတွေ ဖြစ်နေကြတာ။ အချင်းချင်းသိတယ်လေ။ အဲဒီလက်ကြမ်းကြမ်းကြီးက ရေးတဲ့စာတွေဆိုရင် အားလုံးက စိတ်ဝင်စားတယ်။ အဲဒီလက်ကြမ်းကြီးရဲ့ နုညံ့မှုကတော့ ဆောဖ်ပင်လေး၊ မာကာပင်လေးတွေ ကိုင်လိုက်ခြင်းပါဘဲ။ ပေါက်ပြား၊ ကော်ပြားတွေကိုင်တဲ့လက်ဖြစ်နေတော့ သူကိုင်ထားတဲ့ ဆောဖ်ပင်တို့ မာကာပင်တို့က ဘောပင်တစ်ချောင်းသာသာလေးဘဲ ဖြစ်သွားတာ။ ဒါကလည်း အေသုံးလုံးပွဲမှာ အမြဲရှိနေတဲ့အရာတွေထဲက တစ်ခု။
ဒီလက်နှစ်ခုက လုံးလုံးကိုကွဲပြားနေတာပေါ့။ နှစ်ခုလုံးတူတာတစ်ခုတော့ရှိတယ်။ အဲဒါကတော့ လက်ရေး တွေ အချိုးသိပ်မကျတာပါဘဲ။ တစ်ခါတစ်လေ စာလုံးတွေက မိုးပေါ်ပျံတက်နေတာလည်း ရှိတယ်။ တစ်ခါတစ်လေ အောက်စိုက်သွားတာလည်းရှိတယ်။ စာလုံးတစ်လုံးကကြီးလိုက်၊ တစ်လုံးကသေးလိုက်နဲ့ စာလုံးအချင်းချင်းမျက်နှာချင်းဆိုင်မိရင် မျက်နှာငယ်နေရပြီး အသက်မရှိတဲ့စာလုံးချင်းတွေတောင် မျက်နှာ ချင်း မဆိုင်နိုင်တော့တဲ့ အနေအထားမျိုး။ ဒါပေမယ့် အဲဒါကို ဘယ်သူမှ အပြစ်မယူကြဘူးရယ်။ ဘာဖြစ်လို့ လဲဆိုတော့ သူတို့ပေးတဲ့ Message တွေက တန်ဖိုးဖြတ်မရအောင် ဆန်းသစ်လွန်းလို့။ ဒါတွေကို အေသုံးလုံးပွဲ တက်ဖူးသူတိုင်းသိတယ်။ လူတစ်ယောက်ကို အပေါ်ယံအဝတ်အစား၊ အပြောအဆို၊ လက်ရေးစာလုံး လေးတွေကို ကြည့်ပြီး လူတစ်ယောက်ကို ဆုံးဖြတ်တတ်တဲသူတွေထဲမှာ သူတို့မပါဘူး။ သူတို့ရဲ့တွေ့ဆုံမှုတွေက အပြောအဆိုတွေ အပေါ်ယံဆန်ချင်ဆန်မယ်။ အကြောင်းအရာတွေကို စိတ်ဝင်စားတဲ့နေရာမှာတော့ အပေါ်ယံတွေမဟုတ်ဘူး။ ပြောတဲ့စကားလုံးတွေက အတွေ့အကြုံကို ကိုယ်စားပြုတယ်။ တင်ပြချက်တွေက နှလုံးသားကို ကိုယ်စားပြုကြတယ်။ ရင်ဘတ်ထဲကလာတဲ့ စကားတွေကို အားလုံးကနားလည်ကြတယ်။ စိတ်ချင်းလည်း နီးကြတယ်။ ဒီနီးစပ်မှုတွေနဲ့ဘဲ သူတို့တွေ လက်တွဲလာခဲ့ကြတာ နှစ်ပေါင်းတွေ မနည်းတော့ဘူးလေ။
ဆောဖ်ပင်ကိုင်တဲ့လက်တွေက လက်အမျိုးအစားပေါင်းစုံ၊ အရွယ်အစားပေါင်းစုံပါတယ်။ ရေးလိုက်တဲ့ အကြောင်းအရာတွေကလည်း မတူကြဘဲ ကဏ္ဍပေါင်းစုံကအကြောင်းအရာပေါင်းစုံပါတယ်။ တွေဆုံပွဲက ပြောတဲ့စကားသံတွေကလည်း နေရာပေါင်းစုံကပါတယ်။ အချင်းချင်းအားပေးလိုက်တဲ့ လက်ခုတ်သံ တွေက လည်း နယ်ပေါင်းစုံက တီးတဲ့လက်ခုပ်တွေ။ ခွဲခြားဆက်ဆံမှုတွေမရှိဘဲ အတူတူယှဉ်တွဲကြတဲ့ အဲဒီကဏ္ဍပေါင်းစုံ အရောင်စုံကာလာစုံလူတွေရဲ့ ပေါင်းဆုံတဲ့နေရာ အေသုံးလုံးပွဲမှာ ရှိတယ်။ အမှတ်တရလို့ပြောရလောက်အောင် ရင်းနှီးလွန်းတဲ့ပတ်သက်မှုတွေမရှိခဲ့ပေမယ့် အမှတ်ရစရာလေးဖြစ်ခဲ့တဲ့ ဆက်နွှယ်မှုလေးတွေကတော့ အေသုံးလုံးပွဲတွေမှာ ရှိခဲ့ပါတယ်။ ဒီအကြောင်းကို ရေးဖို့စိတ်ကူးခဲ့တာလည်း ကြာရောပေါ့။ မရေးဖြစ်ခဲ့တာလည်း ဒီစာမရေးခင်အချိန်ထိဘဲ။ အခု AAA challenge ခေါ်တဲ့သူတွေကို ကျေးဇူးတင်တယ်လို့ဘဲ ပြောရမယ်။ အေသုံးလုံးက အမှတ်ရစရာတွေကို ပြောပါရစေ။
2014 April ကလုံးထာရွာက ၆-ကြိမ်မြောက် AAA ကနေစပြီး ပါဝင်ခဲ့တယ်ဆိုပါတော့။ 2013 ရဲ့ နိုဝင်ဘာနဲ့ ဒီဇင်ဘာလထဲ အင်းလေး မြွေပွေးရွှေပြည်သာကျောင်းမှာ လုပ်တဲ့ SAT4 (4th of Sangha Awareness Training) ကို တက်ခဲ့တော့ အဲဒီအချိန် Sangha project ကိုင်နေတဲ့ ကိုယ်ဝေဖြိုး(မန်း)က လှမ်းပင့်တာနဲ့ ထာဝယ်မြို့နားက ရေဖြူနယ်ကိုလည်း ရောက်ဖူးသွားတယ်။ ထားဝယ်ရေနက်ဆိပ်ကမ်းကိုလည်း မြင်ဖူးသွားခဲ့တယ်ဆိုပါတော့။
ပထမနေ့မှာတော့ အနယ်နယ်အရပ်ရပ်က တိုင်းရင်းသားတွေ မိတ်ဆက်ကြတဲ့နေ့ကြီးပေါ့။ ဒုတိယနေ့ Green day မှာ ဆရာမ ချမ်းလဲ့မွန် ဦးဆောင်တဲ့ အမှိုက်ကို စနစ်တကျစီမံခန့်ခွဲခြင်း ဆွေးနွေးဝိုင်းမှာ ဝင်ဆွေးနွေးတယ်။ လယ်ယာမြေကိစ္စ၊ ရေအရင်းအမြစ်၊ မြစ်ဆုံနဲ့ သံလွင်အကြောင်းဆွေးနွေးဝိုင်းထဲ ပါချင်ပေမယ့် လက်လွတ်သွားတယ်ဆိုပါတော့။ ဆွေးနွေးတယ်ဆိုတာထက် နားထောင်တယ်လို့ပြော ရင်ပိုမှန်လိမ့်မယ်ထင်တယ်။ စိတ်သာဝင်စားတာ အဲဒီတုန်းက ဒီခေါင်းစဉ်နဲ့ စိမ်းနေသေးတဲ့အချိန်။ တတိယနေ့ Blue day မှာတော့ ဆရာမသိန္နီဦး ဦးဆောင်တဲ့ Gender ဆွေးနွေးဝိုင်းမှာ ပါဝင်ခဲ့တယ်။ ဝင်နားထောင်တယ်ဆိုပါစို့ရယ်။ အခြားဘာသာရေး၊ ငြိမ်းချမ်းရေး၊ လူမှုရေးနဲ့ အခြားပဋိပက္ခအကြောင်း တွေဝိုင်းကို ကျောခိုင်းလိုက်တာပေါ့။ နောက်ပြီးတော့ ဒုတိယညမှာ သူတို့တင်ပြကြတဲ့ ယူနီယံအကြောင်းကို စိတ်ဝင်တစားမှတ်သားခဲ့ရတယ်။ အဲဒီတုန်းက AAA ကို KMF (Kalyana Mitta Foundation) က တာဝန်ယူနေတဲ့အချိန်။ အဲဒီပွဲမှာ ဆရာသုမောင်စိုးလည်းပါသေးတယ်။ နောက်ပွဲတွေကျမှ လွတ်သွားတာ။ BY အတွက် အတူတူအိပ်မက်မက်ပေးကြတဲ့ စီနီယာတွေ အများကြီးပါတာပဲ။
လူငယ်တွေရဲ့တက်ကြွမှု၊ မတူညီတဲ့ဒေသအသီးသီးက လူမျိုး၊ နယ်ပယ်၊ ဝါသနာနဲ့ အလုပ်တွေကို အချင်းချင်းနားလည်နိုင်အောင်ကြိုးစားကြတဲ့ ကွဲပြားမှုအပေါ်မှာ မခွဲခြားတဲ့စိတ်ထား၊ ကိုယ်စွမ်းနိုင်ရာ ကိုယ့်ပတ်ဝန်းကျင်ကို အကျိုးပြုချင်တဲ့စိတ်ဓာတ်၊ မသိသေးတဲ့အရာကို စူးစမ်းရှာဖွေလိုတဲ့စိတ်၊ မသိသေးတဲ့သူကို ဖေးမကူညီပေးတဲ့အမူအကျင့်နဲ့ စည်းလုံးမှုတွေကို အဲဒီပွဲမှာမြင်နေရတယ်။ အမြင်ဖွင့်သင်တန်းတုန်းက ဆရာဘိုနဲ့ မန်းဖြိုးတို့ပြောတဲ့ BY (Buddhist Youth) အကြောင်းကို အဲဒီကျမှ ပိုသဘောပေါက်သွားတာ။
အဲဒီတွေ့ဆုံပွဲရဲ့ အသက်လို့ပြောရလောက်တဲ့ အရေးကြီးတဲ့အချက်တွေထဲက တစ်ခုကတော့ ဆွေးနွေးဝိုင်း တွေလို့ဘဲ ပြောရမယ်ထင်တယ်။ စောစောကပြောတဲ့ ဆောဖ်ပင်ကိုင်တဲ့လက်ကလေးတစ်စုံ အလုပ်လုပ်တဲ့ နေရာမှာပေါ့။ အဲဒီလက်တစ်စုံရဲ့ ပံ့ပိုးမှုကြောင့် အသိပညာတွေအများကြီး ရသွားခဲ့ကြတယ်လေ။ ကိုယ်နဲ့သင့်လျှော်တဲ့ ကိုယ့်အလုပ်နဲ့ဆက်စပ်တဲ့ ဆွေးနွေးဝိုင်းတွေမှာ အနယ်နယ်အရပ်ရပ်ကလူတွေနဲ့ ဆွေးနွေးဖလှယ်ရတဲ့ သင်တန်းသားဟောင်းတွေကလည်း ပီတိတွေဖြစ်ရတယ်။ ဆောဖ်ပင်ကိုင်တဲ့လက် တွေ အများကြီးပြန်စုပြီး ပြန်လည်တင်ပြကြတဲ့ အကြောင်းအရာတွေကိုလည်း နားထောင်လိုက်ရတယ်။ တစ်နိုင်ငံလုံးက သင်တန်းသားဟောင်းတွေရဲ့ အတွေ့အကြုံမျှဝေကြတဲ့ အစီအစဉ်မှာ အားလုံးအတူတူ ပါဝင်ခဲ့ကြတယ်။ ဆောဖ်ပင်ကိုင်တဲ့ လက်တွေနဲ့ အတူတူ လက်တွေအားလုံး အတူတူလက်ခုပ်တီးပေးကြ တယ်။ ဆရာဘိုဘိုလွင်၊ ကျော်သူစိုး၊ သုမောင်စိုးတို့ရဲ့ ကျိုးစားအားထုတ်မှုက အရာထင်ကြတယ်။ သူတို့နဲ့ အတူတူ BY အတွက် ဝိုင်းပြီး အိပ်မက်မက်ပေးကြတဲ့ စီနီယာ ကိုကိုများ၊ မမများအားလုံးလည်း သတင်းတွေ ကြားတိုင်းဝမ်းသာနေကြတယ်။
ကလုံးထာ အေသုံးလုံးမှာဘဲ KMF ကနေ BY များကိုယ်တိုင် အေသုံးလုံးကို ပခုံးပြောင်းတာဝန်ယူလိုက်ရာ နောင်တောင်း အေသုံးလုံးမှာ စခဲ့ကြတယ်။ ကလုံးထာအေသုံးလုံးကနေ မပြီးမပြတ်သေးတဲ့ Union ကိစ္စ လည်း ပါလာတယ်။ အေသုံးလုံးမှာ Union day သီးသန့်တစ်ရက် အချိန်ပေးဆွေနွေးခဲ့ကြတယ်။ Zone 2 မှာ ဖြစ်တဲ့အတွက် နောင်တောင်းအေသုံးလုံးအတွက် အလုပ်လုပ်ကြတာ ပိုမြင်ခွင့်ရခဲ့တယ်။ အဲဒီအချိန် Zone 2 က Zone coordinator(ZC) က သဉ္ဇာထွန်း၊ နောင်တောင်းအေသုံးလုံးပြီးမှ ကျော်ထွန်းလင်းက တာဝန်ယူတာ။ အေသုံးလုံးအတွက် Zone2 ထဲက နှလုံးအင်းမောင်မယ်၊ ဖယ်ခုံလူငယ်၊ မဇ္ဈိမနှလုံးသား၊ ဒီမောဆိုနဲ့ မိတ္ထိလာ အဖွဲ့တွေက ဝိုင်းကူကြတယ်။ အထူးသဖြင့် အဓိကတာဝန်ယူထားတဲ့ ကိုအိုက်ထူးနဲ့ ZC မသဉ္ဇာထွန်းက ပိုပြီးခေါင်းစားခဲ့တာ မြင်တွေ့လိုက်ရတယ်။ ဖေဖော်ဝါရီလအတွင်းက နောင်တောင်းက လူငယ်ဖွံ့ဖြိုးရေးရုံးမှာ လုပ်တဲ့ Zone gathering meeting နဲ့ အေသုံးလုံးအတွက်ကြိုတင်အစည်းအဝေး မှာလည်း လေ့လာခွင့်ရခဲ့တယ်။ အေသုံးလုံးအတွက်တင်မကဘဲ ACG (Alumni Core Group) အကြောင်း နဲ့ Union အကြောင်းတွေကိုပါ အကြိတ်အနယ်ဆွေးနွေးခဲ့ကြသေးတာပေါ့။ အဲဒီအချိန်တုန်းက Network နဲ့ Union မကွဲတဲ့ပြဿနာလည်း ရှိသေးတယ်လေ။ ACG တွေအပေါ် KMF ရဲ့ ဂရုစိုက်မှုတွေ မြင်ရတယ်။ နော က်ပြီးတော့ ကလုံးထာမှာ ဆရာဘို ပြောခဲ့တဲ့ “ကလေးကကြီးလာရင် ကလေးကိုယ်တိုင် အမှီအခိုကင်းကင်း လမ်းလျှောက်နိုင်ဖို့ မိဘက လက်တွဲဖြုတ်သင့်တဲ့အချိန် ဖြုတ်ပေးရတာဘဲ၊ ACG တွေကိုလည်း KMF က လက်တွဲဖြုတ်ချိန်တန်ပါပြီ” စကားကိုလည်း ပိုပြီးမြင်လာတယ်။ အခုပြန်စဉ်းစားကြည့်တော့ အဲဒီအချိန်က အဲဒီစကား ပြောသင့်တဲ့အချိန်ဘဲ လို့ယူဆတယ်။ တစ်ဘက်မှာ ကာလရှည်ကြာ အတူတူအိပ်မက်ခဲ့ကြတဲ့ BY Union ကြီးလည်း အကောင်အထည်ဖော်သင့်တဲ့အချိန်ဖြစ်နေတာကိုး။
အနီးကပ်ကြိုတင်ဆွေးနွေးပွဲမှာ KMF က သိန်းစိုး၊ ဖူးပွင့်နဲ့ အိမ်သူခင်တို့ပါတယ်။ မိတ္ထိလာက ကိုရဲအောင်ပါ တယ်။ ရဲဝင်းနောင်နဲ့ အင်းသားအဖွဲ့။ ဒီမောဆိုက ကြည်သာဝင်း နဲ့ ဗျားမြာ။ စကားဝိုင်းကလည်း အကြိတ်အနယ်ပါဘဲ။ နှစ်ရက်မှာ အများကြီးတော့ ဆွေးနွေးကြတာပေါ့လေ။ မှတ်မိတာတစ်ခုက ရဲအောင်က မေးခွန်းမေးလိုက်တာလား စကားပြောရင်း ဆက်စပ်တဲ့စကားတစ်ခွန်းမှာ ပြောလိုက်မိတာလား ကောင်းကောင်းတော့ မမှတ်မိတော့ဘူး။ အဲဒီမှာ ဖူးပွင့်က ပြန်ပြောလိုက်တာ ထင်တာဘဲ။ လူချင်းတော့ လွဲချင်လွဲမှာနော်။ “BY တွေမှာ သိလွန်းလို့ တတ်လွန်းလို့ ဒီအလုပ်တွေကိုလုပ်နေတာ မဟုတ်ဘူး၊ ကောင်းတယ်ထင်လို့လုပ်ကြတာ၊ လုပ်ရင်းနဲ့ မှားနေရင် ပြန်ပြင်မယ်၊ အမှားဆိုတာတော့ ရှိမှာဘဲ။ ပြုပြင်သွားမယ်၊ မှားမှာကိုတော့ မကြောက်ဘူး” ဆိုတဲ့ စကားလေး။ ပြောတဲ့သူကို သေချာမမှတ်မိတော့ပေမယ့် အဲဒီစကားဝိုင်းမှာ ပြောတဲ့စကား။ ဒါလေးနဲ့တင် BY တွေကို ချစ်လို့ကို မဝနိုင်တာလို့ ပြောရမလား။ အဲဒီမှာလည်းသူတို့ဆီမှာ အများကြီးသင်ယူခွင့် ရလိုက်တယ်။
အဲဒီ အေသုံးလုံးခရီးကလည်း ခပ်ကြမ်းကြမ်းရယ်။ ဟိုအကြောင်းဒီအကြောင်းတွေနဲ့ ရက်တွေတောင် နောက်ဆုတ်လိုက်ရတယ်။ fund ကအစ သီချင်းတွေလိုက်ဆိုပြီးစုရတာ၊ သူတို့ကိုကြည့်ပြီး ရင်မောမိလို့ ရေအေးသောက်ပြီး အနားယူလိုက်ပါဦးလို့ မပြောမိရုံတမယ်ဘဲ။ တိုက်တိုက်ဆိုင်ဆိုင် ပြင်ဦးလွင်မှာ SLT (Sangha Leadership Training) တက်နေတဲ့အချိန်၊ သင်တန်းမှာ အဲဒီသီချင်းဆိုတဲ့အဖွဲ့လည်း ရောက်လာသေးတယ်။ ဆောဖ်ပင်ကိုင်တဲ့လက်တွေက အဲလောက်ထိ တန်ဖိုးရှိတာ။
Sangha project ကိုတော့ ဝေဖြိုးမဟုတ်တော့ဘဲ ကစ်ကစ်တာဝန်ယူထားတဲ့ အချိန်။ လိမ္မာလိုက်တဲ့ BY လေးတွေက ကိုယ့်ကို မမေ့ကြလို့ SLT ပါ လေ့လာခွင့်ရခဲ့တယ်။ KMF နဲ့ဆက်စပ်တဲ့ Trainer တွေကိုလည်း အများကြီး သိခွင့်ရတယ်။
အခုထိ ချီးကျူးလို့မဆုံးနိုင်တာတစ်ခုကတော့ အေသုံးလုံးကို June5 နဲ့ ကပ်လုပ်ပြီး WED မှာ အားလုံး ဝိုင်းပြီးသစ်ပင်စိုက်လိုက်ကြတာ။ အားမနာတမ်းပြောရရင် နောင်တောင်အေသုံးလုံးက ဖျော်ဖြေရေးတွေ အရမ်းများလွန်းသလား။ Activity တစ်ခုခုပြီးဖို့မလုပ်လိုက်နဲ့ သီချင်းတစ်ပုဒ် ဆိုဖို့ကအသင့်ဆိုတာမျိုး။ ကဗျာဆရာတွေရော၊ သီချင်းဆိုတဲ့ ဂေါ်ကြီးနဲ့ အဖွဲ့တွေရော ဒေသခံနောင်တောင်းကလူငယ်တစ်သိုက်ရော ဆောဖ်ပင်ကိုင်တဲ့ လက်တွေကနေ စီမံလိုက်ကြတာ၊ ဖလစ်ချပ်ပေါ်က အစီအစဉ်အတိုင်းပွဲကို သာသာယာ ယာနဲ့ ပြီးသွားခဲ့တယ်။ အခုစာမရေးခင် တစ်လအလိုမှာဘဲ ညီမလေး နန်းပြုံးရီက အေသုံးလုံးကစိုက်ခဲ့တဲ့ သစ်ပင်တွေကြီးနေပြီးဆိုတာကို ဓာတ်ပုံရိုက်ပို့လိုက်သေးတယ်။ နောက်တစ်ခါ နောင်တောင်းရောက်ရင် စိုက်ထားတဲ့သစ်ပင်တွေ သွားကြည့်ကြသေးတာပေါ့လေ။
နောင်တောင်းအေသုံးလုံးမှာ အမှတ်ရစရာများစွာတွေထဲက တစ်ခုရှိသေးတယ်။ ဆရာဘို နဲ့ ကစ်ကစ်က မျှော်လင့်ချက်တစ်စုံတစ်ရာ အတူတူဆိုပြီးထင်တာဘဲ။ ဆရာဘိုပြောလိုက်တဲ့စကားလေး တစ်ခွန်း။ အတူတူလက်တွဲကြမယ်၊ တကယ်တော့ KMF က BY တွေရဲ့ မိဘတွေ မဟုတ်ပါဘူး။ 2011 KMF လို့ ဖြစ်ခင်ကတည်းက 2008 ကတည်းက BY ဆိုတာအရင် ရှိနှင့်နေပြီ။ အဲဒါ BY တွေမွေးဖွားလိုက်မှာ KMF ဆိုတာ ဖြစ်လာတာပါ။ အဲဒါကြောင့် BY တွေရဲ့ သားသမီးဖြစ်တဲ့ KMF ကိုလည်း မမေ့နဲ့ဦး၊ လက်တွဲခေါ်ပါဦး လို့ ပြောသွားတယ်။ BY Union ဖြစ်နေပြီဆိုတော့ အဲဒီစကားလည်း ပြောသင့်တဲ့အချိန်လို့ ထင်ပါတယ်။ နောက်တော့ ဘာဖြစ်တယ်ဆိုတာတော့ တစ်ကဏ္ဍပေါ့လေ။
ဆောဖ်ပင်ကိုင်တဲ့လက်တွေ အေသုံးလုံးကို ပခုံးပြောင်းတာဝန် လွဲပြောင်းလိုက်ကြရာ ဒီမောဆိုအေသုံးလုံး ကလည်း ဇုံတူးထဲကဘဲ။ သဉ္ဇာထွန်းလုပ်သလိုဘဲ Zone gathering meeting နဲ့ အေသုံးလုံး အကြိုစကား ဝိုင်းလေးကိုတော့ ကုန်းဆုံကျောင်းမှာလုပ်ပါတယ်။ BY တွေ့နဲ့ ဝေးကွာနေတဲ့ ရှမ်း/ရှေ့ BY တွေလည်း ပါလာတယ်။ နောင်တောင်းအေသုံးလုံးအထိ သယ်ဆောင်လာတဲ့ BY Union က ဒီမောဆို၊ ညောင်ပင်သာရွာမှာ လုပ်တဲ့ အေသုံးလုံးရောက်တော့ SEEBYN (Socially Engaged Ethnic Buddhist Youth Network) အဖြစ် အတည်ပြုလိုက်ကြတယ်။ BY ရဲ့ Alumni အဖွဲ့ဟောင်း တွေရော၊ နောက်မှဝင်လာတဲ့ အဖွဲ့အသစ်တွေရော ဝါသနာတူ၊ အလုပ်တူ၊ ပန်းတိုင်တွေတူကြတာမို့ ပေါင်းစည်းကြတာပေါ့။ BY ရဲ့ ACG တွေက အများကြီးရှိတော့ တစ်ချို့က Networking ထဲပါဝင်ပြီး တစ်ချို့ကျတော့ Partner အနေနဲ့ဘဲ ဆက်လက် ရပ်တည်သွားကြတဲ့ ACG တွေကလည်း အများကြီးပေါ့။
ဒီမောဆိုအေသုံးလုံးအစီအစဉ်ကလည်း မှန်းရခက်တော့ခက်သားရယ်။ ရက်ကကပ်နေတာတောင် ဖြစ်မလိုလို၊ ပျက်မလိုလိုနဲ့ပါဘဲ။ သုံးရက်လုပ်မယ်၊ မလုပ်တော့ဘူး၊ တစ်ရက်တော့လုပ်လိုက်မယ်နဲ့ မတင်မကျမှာရှိနေတုန်း ဝုန်းတိုင်း fund ချပေးတဲ့အဖွဲ့ပေါ်လာတော့ အဆင်ပြေသွားတယ်။ အေသုံးလုံးရဲ့ ရေစီးကြောင်းလေး ပုံမှန်အတိုင်း စီးဆင်းသွားနိုင်ကြတယ်။ KMF ကလည်း Senior gathering meeting ကို ရှေ့တစ်ရက်ကပ်လုပ်တော့ အေးသုံးလုံးအတွက် နည်းနည်းအားရှိသွားတယ် ထင်တာပဲ။
ဆောဖ်ပင်ကိုင်တဲ့လက်တွေ အလုပ်လုပ်တဲ့နေရာ ဆွေးနွေးဝိုင်းတွေကတော့ လုပ်နေကြပုံစံအတိုင်း ဆက်လုပ်သွားကြတယ်။ တစ်ခုပိုထူးလာတာက ကိုထွန်း လွင် ဦးဆောင်တဲ့ စိုက်ပျိုးရေး ဆွေးနွေးဝိုင်းတစ်ခု။ စိုက်ပျိုးရေးသင်တန်းဆင်းတွေကလည်း အများကြီး ပါလာကြတယ်လေ။ ပြီးတော့ မျိုးစေ့ပြပွဲတို့စတဲ့ ပွဲတွေလည်း လုပ်ခဲ့ကြပြီ။ တောင်သူတွေကလည်း များလာ တာဆိုတော့ အဲဒီဝိုင်းလေးက ပိုပြီးအသက်ဝင်တယ်ထင်တာဘဲ။ ငြိမ်းချမ်းရေးနေ့မှာလည်း စစ်ဘေးသင့် ဒုက္ခသည် အကြောင်းတို့လည်း ပါလာတာပေါ့။
စီစဉ်မထားဘဲ ပေါ်လာတဲ့ အခြားအစီအစဉ်ထူးထူးခြားခြားလေးတွေလည်း ပါလာတယ်။ ဟိန်းရာဇာက စက်ဘီးစီးအတွေ့အကြုံကို မျှဝေတာတို့၊ ဂျာမဏီကအမျိုးသမီး (နာမည်မေ့နေလို့) က ဂျာမဏီက Green Party အကြောင်းမျှဝေတာတို့၊ ငြိမ်းချမ်းရေးကဗျာရွတ်တဲ့အဖွဲ့ ရောက်လာတာတို့ကလည်း အားလုံးရဲ့ စိတ်ဝင်စားမှုတွေ ရရှိကြတယ်။ ကြားချိန်မှာတော့ ၇-ကြိမ်မြောက်အေသုံးလုံးလိုဘဲ တို့ချစ်တဲ့ကမ္ဘာမြေ အဖွဲ့က ဖျော်ဖြေပေးကြတာပေါ့။ ကြည်သာဝင်း၊ ဗျားမြာတို့ ဦးဆောင်တဲ့ ဒီမောဆို အေသုံးလုံးကလည်း ညှင်ညှင်သာသာလေး ပြီးသွားတယ်။ Zone 2 မှာ လေးကြိမ်မြောက် အင်းလေးအေသုံးလုံး၊ ခုနှစ်ကြိမ်မြောက် နောင်တောင်းအေသုံးလုံး၊ ရှစ်ကြိမ်မြောက် ဒီမောဆိုအေသုံးလုံး အာလုံးပေါင်း သုံးကြိမ်ဖြစ်သွားပြီ။ အဲဒါတောင် ကျော်ထွန်းလင်းတို့က ဖယ်ခုံမှာ တစ်ခါလုပ်ကြမယ်လေလို့ ပြောနေသေးတာ။ ဆောဖ်ပင်ကိုင်တဲ့ လက်နုနုကလေးတွေရော၊ အကြမ်းထည်တွေရော အလုပ်တွေတကယ်လုပ်လိုက်ကြတာ တွေ့ရတယ်။ အေသုံးလုံးပြန်လည်သုံးသပ်တဲ့နေ့ လွိုင်ကော် ကလျာဏမိတ္တရုံးခန်းအထိ မြင်ခွင့်ရခဲ့တယ်။
ရမည်သင်းမှာ လူငယ်လေးတွေကို သင်တန်းပေးနေတဲ့အချိန် ကိုကျော်ထွန်းလင်းက ဖယ်ခုံအဖွဲ့မှာ လူလိုနေတယ်၊ ဦးဇင်းမလိုက်ချင်ဘူးလား မေးတော့ သင်တန်းအဆုံးသတ်တဲ့အချိန်လည်း ရောက်လာပြီမို့ လိုက်သွားဖြစ်ခဲ့တယ်။ ကချင်ပြည်နယ်ကို ပထမဆုံးအကြိမ်အဖြစ်ရောက်ဖူးသွားတယ်။ မထင်မှတ်ခဲ့တဲ့ မြစ်ကြီးနား၊ မမျှော်လင့်ခဲ့တဲ့ မြစ်ဆုံနဲ့ ဆုံဖြစ်ခဲ့ရတယ်ပေါ့။ BY တွေနဲ့ ပိုပြီးရင်းနှီးခွင့်ရခဲ့တယ်။ ဆွေးနွေးတာကအစ ပိုပြီးအသားကျလာတယ်။
ဆောဖ်ပင်ကိုင်တဲ့လက်တွေ အရောင်ပြောင်းထားတွေတစ်ချို့ရှိတယ်။ လုပ်နေကျပုံစံ၊ အစိမ်းရောင်နေ့၊ အပြာရောင်နေ့တို့ မလုပ်တော့ဘဲ peace, environment, education, religion, agriculture စတဲ့ အဓိကခေါင်းစဉ်ကြီး ရ-ခု ခွဲပြီး သုံးရက်လုံးဆွေးနွေးခဲ့ကြတယ်။ အေသုံးလုံးမတိုင်ခင် ရှေ့တစ်ရက်ကတော့ SEEBYN အဖွဲ့ဝင်တွေ ဆွေးနွေးကြတာပေါ့။ အေသုံးလုံးရဲ့ဆွေးနွေးဝိုင်းက တစ်ရက်က လုပ်ခဲ့ပြီးသားအရာ တွေ၊ နောက်တစ်ရက်က ပြဿနာတွေဖော်ထုတ်တယ်၊ လက်ရှိအခြေအနေတွေကိုသုံးသပ်တယ်။ နောက်ဆုံးတစ်ရက်မှာတော့ လုပ်နိုင်တဲ့အရာတွေ ဖော်ထုတ်ကြတယ်၊ အစီအစဉ်တွေဆွဲကြတယ်။ ကိုယ်နဲ့ ဆိုင်တဲ့ အကြောင်းအရာတစ်ခုခုကို သုံးရက်လုံးလုံးဆွေးနွေးလိုက်ရတော့ အသေးစိတ်ပိုပြီး သိရတယ်။ နက်နက်နဲနဲကို ဆွေးနွေးခဲ့ကြတယ်။
နောက်ထပ်ထူးခြားတာလေးတစ်ခုက အရင်က အေသုံးလုံးမှာ မလုပ်ဖူးတဲ့အလုပ်တွေလည်း လုပ်လာတယ် တယ်လို့ ပြောလို့ရတဲ့အချက်ကတော့ နောက်ဆက်တွဲအလုပ်ကို တာဝန်ယူတာကိုဘဲ။ ဥပမာ- သဘာဝ ပတ်ဝန်းကျင်ဆွေးနွေးဝိုင်းကို ဦးဆောင်တဲ့ ကိုကျော်သူစိုးက June5 မှာ ဘာလုပ်မယ်၊ ညာလုပ်မယ်၊ ပါဝင်တဲ့ သူကိုလည်း စာရင်းမှတ်ထားတယ်။ လုပ်ဖြစ်အောင်လည်း Follow up လိုက်မယ်စတာမျိုး။ စိုက်ပျိုးရေးကို တာဝန်ယူတဲ့ ရဲဝင်းနောင်တို့ဆိုရင်လည်း မျိုးစေ့ပြပွဲကို တာဝန်ယူတာ။ လှုပ်ရှားမှုတွေ လုပ်တာတို့ လုပ်ကြတယ်။ အခြားအခြားသော အဖွဲ့တွေရဲ့ Facilitator တွေကလည်း အဲလိုတာဝန်တွေ ယူသွားကြတယ်။ ဆိုင်ရာဆိုင်ရာ ဆွေးနွေးဝိုင်းထဲက ပါဝင်တဲ့သူတွေကို အချိတ်အဆက်ပိုလုပ်ကြတယ်။ ကိုယ့်ဆွေးနွေးဝိုင်းထဲက လူတွေက အလုပ်တူတွေဖြစ်နေတာဆိုတော့ အချင်းချင်းသတင်းဖြန့်ဝေတာမျိုး လည်း ပိုလွန်ဖြစ်ကြတယ်။
နောက်ဆုံးရက်မှာတော့ ပေါင်းကူးအဖွဲ့က ဦးကျော်သူနဲ့ သဘာဝပတ်ဝန်းကျင်ပညာရှင် ကိုမြင့်ဇော်လည်း ရောက်လာတယ်။ ဆရာဘိုက Moderator လုပ်ပြီး Panel discussion ဆန်ဆန်လုပ်ခဲ့ပြီး ဖယ်ဒရယ်နဲ့ အခြားသော ဖွံ့ဖြိုးရေးဆိုင်ရာအကြောင်းအရာတွေကိုလည်း နားထောင်လိုက်ရတယ်။ ၉-ကြိမ်မြောက် အေသုံးလုံးမှာတော့ ပညာရေးနဲ့စိုက်ပျိုးရေးဆွေးနွေးဝိုင်းတွေက ပိုပြီးစိတ်ဝင်တစားရှိကြတယ်ထင်တာပဲ။ မေးခွန်းတွေပြန်ထုတ်ကြတာလည်း အဲဒီနှစ်ခုက ပိုများတယ်။ အေသုံးလုံးပွဲတွေမှာဆိုရင် သူတို့က ဗားရှင်း အသစ်လိုဖြစ်နေလို့လားတော့ မသိဘူး။ ၂၀၁၇ တုန်းက အခြေအနေအရကလည်း အဲဒီအကြောင်းတွေကို ပိုစိတ်ဝင်စားကြတဲ့အချိန်ဖြစ်နေတာလည်း ပါတာပေါ့လေ။ အေသုံးလုံးပြီးတဲ့နေမှာ အင်းတော်ကြီးရဲ့ ဝန်းကျင်က ဇီဝမျိုးစိတ်တွေကိုလည်း ကြည့်ရှုခွင့်ရခဲ့တယ်။ ရာသီဥတုကတော့ အအေးပိုင်းဒေသ၊ မိုးကလည်း မထင်ရင်မထင်သလို ရွာသေးတာ။ သို့သော် အဆင်ပြေပြေနဲ့ ပြီးသွားကြတယ်။ အားလုံးလည်း ကျေနပ်သွားကြတယ်။ ပြီးတော့ ဦးဆောင်သူ ပါဝင်သူ စီစဉ်သူတို့ရဲ့ တစ်ယောက်ချင်းစီတိုင်း ကျေးဇူးတင်ဖို့ အရမ်းကောင်းတာ။ ကျေးဇူမတင်သင့်တာကတော့ ကိုယ်ဘဲ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအေသုံးလုံးပွဲသာ တက်လိုက်တာ။ ဘယ်သူအဓိကဦးဆောင်မှန်း မသိလိုက်လို့။ အဲဒီအချိန် KMF မှာSangha Project က ဥဂ္ဂါလက်ထဲရောက်သွားပြီ။ တက်ရောက်တဲ့ Alumni သံဃာတွေရဲ့ကိုယ်စား အင်းတော်ကြီးအေသုံးလုံး အတွေ့အကြုံအစီအရင်ခံစားလေး သုံးမျက်နှာလောက် ရေးခဲ့သေးတာ မှတ်မိသေးတယ်။
တင်မိုးဝေတို့ ဦးဆောင်တဲ့ ၁၀-ကြိမ်မြောက်ပွဲကိုတော့ သီရိလင်္ကာရောက်နေလို့ လာမယ်လို့ ပင်လယ်ချစ်သူ တွေကို ပြောထားပေမယ့် မလာဖြစ်ဘူး။ ၁၁-ကြိမ်မြောက်ကိုလည်း ဝေးနေဆဲပေါ့။ သီရိလင်္ကာမှာ သောင်တင်တာလည်း ကြာဦးမှာဆိုတော့ နောက်ပွဲတွေလည်း ထပ်တွေ့ဖို့ မလွယ်ဘူးထင်ရဲ့။ သို့သော် စိတ်ဝင်စားတယ်။ သူတို့သတင်းတွေကို နားထောင်ပါတယ်။ သူတို့ဆီက ကြားရတဲ့သတင်းကတော့ အားလုံးသိတဲ့အတိုင်း မင်းလှရောက်လိုက်၊ မင်းတုန်းရောက်လိုက်၊ ရွှေဘိုမှာ ဂိတ်သွားဆိုက်လိုက်နဲ့ပေါ့။ သတိရသေးတယ်။ ၉-ကြိမ်မြောက်ပွဲတုန်းက ၁၀-ကြိမ်မြောက်အတွက် မဲခွဲတော့ ပင်လယ်ချစ်သူအဖွဲ့က အပြတ်အသတ်ကို မဲနိုင်သွားတာပေါ့။ အစည်းအဝေးတိုင်းပါဝင်နေတဲ့ တင်မိုးဝေတို့ကြည်ကြည်တို့ကိုယုံ ကြလို့လား။ ဟိုင်းကြီးကျွန်းကိုသွား ချင်ကြလို့လားတော့ မပြောတတ်ဘူး။ မှတ်မိသေးတယ် ဒေးဖိုးက စကားဝိုင်းကိုဦးဆောင်တယ်။ အတည်ပြုပြီးတော့ အောင်နိုင်အေးက ဝင်ပြောတာပေါ့။ “၁၀-ကြိမ်မြောက် အေသုံးလုံးက ဟိုင်းကြီးကျွန်းမှာပါ၊ ၁၁-ကြိမ်မြောက်မှာတော့ ဘယ်သူကိုမှ မပေးတော့ဘူး။ ရွှေဘိုမှာဘဲ လုပ်မှာ” လို့ ရယ်ရယ်မောမောနဲ့ ပြောသွားတယ်။ အခု ၁၁-ကြိမ်မြောက်ပွဲကို ကိုဝေဖြိုးက ရွှေဘိုမှာလုပ်ဖို့ တာဝန်ယူနေတော့ တစ်ထပ်တည်း ကျသွားလေရော။ တိုက်ဆိုင်ချင်တော့နော်။
သူတို့ရဲ့ဆောဖ်ပင်ကိုင်တဲ့လက်တွေက ကလေးတွေကိုစာသင်ပေးမယ့်လက်တွေမဟုတ်ပါဘူး၊ သူတို့လုပ် နေတဲ့ အလုပ်တွေကို ဖလစ်ချပ်ကြီးပေါ်ရေးချပြမည့်လက်တွေပါ။ အဲဒီလက်တွေက ကဏ္ဍပေါင်းစုံက လက်တွေ ဖြစ်ပါတယ်။ အဲဒီလက်တွေကပေးတဲ့အသိ၊ သင်္ခန်းစာ၊ အားမာန်တွေနဲ့ ငါတို့ခရီးကို ရှေ့ဆက်ဖို့ အခွင့်အရေးကောင်းတစ်ရပ်ပါ။ တွေ့ဆုံပွဲဆိုတော့ သာမာန်လေးကြည့်လိုက်ရင် လာတွေ့ကြတာလို့ဘဲ မြင်မှာပေါ့။ မိတ်ဟောင်းတွေနဲ့လည်း ပြန်ဆုံဖြစ်၊ အချင်းချင်းအားပေးစကားတွေလည်း ကြားရ၊ နောက်ပြီးတော့ ဆောဖ်ပင်ကိုင်တဲ့လက်တွေ တော်ရင်တော်သလို အသိသစ် အမြင်သစ်တွေ အများကြီးရကြမယ့်ပွဲကြီး။ ဒီပွဲလာတဲ့လူတွေက လက်တွေ့သမားတွေချည်းဘဲမလား။ ကိုယ့်နေရာမှာ ကိုယ်တကယ်လုပ်နေတဲ့သူတွေဘဲလေ။ ဒီလိုလက်တွေ့သမားအချင်းချင်းတွေဆီက မျှဝေ၊ ဖလှယ်ကြတဲ့ပွဲ၊ သင်ယူလေ့လာလို့ရတဲ့ပွဲ။ အဲဒီပွဲကို June 24,15,16 မှာ ရွှေဘိုမှာလုပ်မယ်လို့ ကြားရတော့ ဝမ်းသာပါတယ်။ ရွှေဘို အေသုံးလုံးကိုလည်း သွားကြမှာမလား။
SBY အဖွဲ့ထဲက သိတာဆိုလို့ သုံးယောက်ဘဲ ရှိတာ။ သုံးယောက်လုံးက ဆရာကြီးတွေ။ အောင်နိုင်အေး၊ AungNaing Aye ဝင်းထွဋ်၊ Win Htut Win ဝေဖြိုး၊ Wai Phyo ။ SBY ACG နဲ့ ကော်မတီဝင်များအားလုံး အဆင်ပြေကြပါစေ။ အားလုံးလည်း ပျော်ရွှင်နိုင်ကြပါစေ။
၂၀၁၈၊ မနှစ်က ဒေးဖိုးက ဖွံ့ဖြိုးရေးလူငယ်တွေအတွက် ကဗျာလေးတစ်ပုဒ်ရေးပေးပါဦးဆိုလို့ ရေးလိုက်တဲ့ကဗျာလေး။ သတိရတာနဲ့ ပြန်တင်ပေးလိုက်မယ်နော်။
#ရှေ့ကိုကြည့်လိုက်စမ်းညီလေး
မင်း မြင်ရဲ့လား
အကူအညီမဲ့နေတဲ့ သက်ကြီးရွယ်အိုတွေ
ရှုံးနိမ့်မှုဒဏ်ကြောင့် အားပြတ်နေတဲ့ လူကြီးတွေ
အလုပ်အကိုင် ရှားပါးနေတဲ့ လူလတ်ပိုင်းတွေ
အနာဂတ်ပျောက်နေတဲ့ လူငယ်တွေ
လေလွင့်နေတဲ့ ကလေးတွေ။
#မင်းလုပ်ကြည့်လိုက်စမ်းညီလေး
သူတို့တွေ ခိုလှုံရတဲ့ ရိပ်သာတစ်ခု
သူတို့စိတ်ဒဏ်ရာတွေကို ကုစားပေးဖို့နည်းလမ်း
သူတို့မိသားစုအတွက် အလုပ်တစ်ခု
သူတို့ဘဝအတွက် ရွေးချယ်ရမည့်လမ်း
သူတို့အတွက် စာသင်ခန်းတစ်ခု။
#မင်းတွေ့ပီလားညီလေး
ငြိမ်းချမ်းရေးအတွက် လိုတယ်
လူ့အခွင့်အရေးအတွက် လိုတယ်
သဘာဝပတ်ဝန်းကျင်အတွက် လိုတယ်
ပညာရေးအတွက် လိုတယ်
စိုက်ပျိုးရေးအတွက် လိုတယ်
သဘာဝဘေးရန်သင့်သူတွေအတွက် လိုတယ်
စစ်ဘေးသင့်သူတွေအတွက် လိုတယ်
ကလေး အခွင့်အရေးတွေအတွက် လိုတယ်
အမျိုးသမီး အခွင့်အရေးတွေအတွက် လိုတယ်
တိုင်းရင်းသား အခွင့်အရေးတွေအတွက် လိုတယ်။
#သတိထားပါညီလေး
မင်းဟာ ပရဟိတသမား
နိုင်ငံရေးသမား မဟုတ်ဘူး
စီးပွားရေးလုပ်တာလည်း မဟုတ်ဘူး
အစိုးရ မလုပ်နိုင်တဲ့ ဖွံ့ဖြိုးရေးအလုပ်တချို့ကို
ဝင်လုပ်ပေးတဲ့ ဖွံ့ဖြိုးရေးလုပ်သား။
ပြည်သူ့အတွက်ဖြစ်ပါစေ။
အစိုးရလက်ကိုင်တုတ် မဖြစ်စေနဲ့
စီးပွားရေးသမားလက်ကိုင်တုတ်လည်း မဖြစ်စေနဲ့။
#ပင်ပန်းနေပြီလားညီလေး
အနားယူလိုက်ပါ
အင်အားဖြည့်ဖို့ လိုတယ်မလား
စိတ်ပျက်စရာတွေကြုံခဲ့သေးလား
လူတွေပဲ လောကဓံတရားကို
ဘယ်သူလွန်ဆန်နိုင်လို့လဲ
မင်းစေတနာကို အသိအမှတ်မပြုကြဘူးလား
နားလည်ပေးလိုက်ပါ
သူတို့က ငါ့ညီလောက်မှ မသိကြတာ
သူတို့က မင်းကို ရန်သူလိုဆက်ဆံနေသလား
ခွင့်လွှတ်ပေးပါ
သူတို့ကို မေတ္တာပိုထားလိုက်ပါ
စွန့်လွတ်ခြင်း ခွက့်လွတ်ခြင်းရဲ့အရသာကို
မင်းတွေ့ရပါလိမ့်မယ်။
#ရှေ့ဆက်လျှောက်ပါညီလေး
လောကကြီးက အစိုးမရဘူး
နိုင်ငံရေးကလည်း မာယာသိပ်များတယ်
စီးပွားရေးလည်း ကြပ်တည်းကြတယ်
လူမှုရေးက ပိုရှုပ်ထွေးလာတယ်
သူတို့ခိုလှုံရာ လူ့အသိုက်အမြုံကောင်းတစ်ခုရဖို့
မင်းကို လိုတယ်။
သူတို့ ပျော်စရာကောင်းတဲ့ လူမှုဝန်းကျင်တစ်ခုရဖို့
မင်းကို လိုတယ်။
#အရှင်နန္ဒိယ(ဖယ်ခုံ)
Nandiya Bhikkhu
အရှင်နန္ဒိယ (ဖယ်ခုံ)
01.06.2019 04:50:00 PM 


https://www.facebook.com/nandiya.bhikkhu/posts/2425027804391919 


No comments:

Post a Comment