Friday, May 17, 2019

လွန်ဆွဲနေဆဲ ပညာရေး ဆွေးနွေးပွဲ

လွန်ဆွဲနေရဆဲ ပညာရေးဆွေးနွေးပွဲ

အခန်း (၁) 

အခုတလော ဖတ်ဖြစ်တဲ့စာတွေထဲမှာ ပညာရေးဆောင်းပါးတွေပိုဖတ်ဖြစ်တယ်။ လက်ရှိပညာရေးနဲ့ ပတ်သက်နေတဲ့စာတွေကို ပိုဖတ်ဖြစ်တယ်။ ပညာရေးဆောင်းပါးတွေဖတ်လာတဲ့အခါ ပညာရှင်တွေဝေ ဘန်ထားတဲ့ဆောင်းပါးရယ်၊ ဆရာ-ဆရာမတွေ ပြန်တင်ပြကြတဲ့ ဆောင်းပါးရယ်၊ ကျောင်းသားတွေရေးတဲ့ ဆောင်းပါးရယ်၊ မိဘတွေရဲ့ ရင်ဖွင့်သံဆောင်းပါးတွေရယ် အရမ်းကို ကွာဟလွန်းသလိုမြင်ရတယ်။ အထူးသဖြင့် ဦးတည်ချက်တွေက မတူကြတာ။ အသွင်ပြောင်းပညာရေး ဆိုသည့် ခေါင်းစဉ်အောက်က သွားနေကြတာချင်းတော့ တူနေပေမယ့် ပညာရေးနားလည်ပုံ၊ ဖွင့်ဆိုပုံ၊ တန်ဖိုးထားပုံတွေက ကွာခြားလွန်း ပါတယ်။ အခုလက်ရှိပညာရေး ပြုပြင်ပြောင်းဖို့သွားတဲ့ လမ်းကြောင်းပေါ်မှာ ကတောက်ကဆဖြစ်တဲ့ အသံတွေ ကြားနေရတာပေါ့။ အဲဒါတွေကို နည်းနည်းလေး ဖွင့်အန်လိုက်ချင်တယ်။ 

ဒီစာကိုရေးရင်းရင်း ရေးနေကျဆောင်းပါးပုံစံနှစ်ဆလောက်ဖြစ်သွားတဲ့အတွက် မှတ်လို့လွယ်အောင် ၁ နဲ့ ၂ ထပ်ခွဲလိုက်တယ်။ နောက်ပြီးဒီစာတွေကို တစ်စုံတစ်ဦးကို အဓိကရည်ရွယ်ပြီး ရေးနေတာမျိုးမဟုတ်ပါဘူး။ ဒါပေမယ့် တစ်စုံတစ်ဦးကပြောတဲ့စကားကိုတော့ ဘယ်သူ၊ဘယ်ဝါကပြောတယ်လို့ တိုက်ရိုက်နာမည်ထုတ် မဖော်တာကတော့ ကျင့်ဝတ်လေးတွေကို စောင့်ထိန်းတဲ့အရာတစ်ခုလို့ နားလည်စေချင်ပါတယ်။ စာရေးသူက စာဖတ်သလို ဝါသနာတူ မိတ်ဆွေတို့နဲ့ ပြောဆိုဆွေးနွေးလေ့ရှိတဲ့ အကျင့်တစ်ခုလည်း ပါပါတယ်။ အဲဒါကြောင့် ဒီစာတွေကိုလည်း ဆွေးနွေးပြောဆိုကြတဲ့ စကားဝိုင်းတွေထဲက လိုအပ်တယ်လို့ထင်တဲ့အချက်တွေကိုလည်း ထည့်ရေးထားပါတယ်။
အခုလုပ်ဆောင်နေတဲ့ ပညာရေးပြုပြင်ပြောင်းလဲဖို့ဆိုတဲ့အထဲမှာ
၁။ အသားကျနေတဲ့ သင်ကြားပုံတွေကို ပြောင်းလဲဖို့။
၂။ ဘက်စုံဖွံ့ဖြိုးတဲ့ ပညာရေးဖြစ်ဖို့ ပြည့်စုံတဲ့သင်ရိုးညွန်းတမ်းရေးဖို့။
၃။ ပညာရေးနဲ့ ပတ်သက်တဲ့ ပံ့ပိုးကူညီမှု ပြည့်စုံအောင် ရရှိဖို့ ဆိုသည့်ဒီအချက်သုံးချက်ကို ဦးတည်ကြတယ်လို့ မြင်ပါတယ်။ 

သင်ကြားရေးပိုင်းကိုဘဲ ရေးကြတာများတယ်။ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေးပိုင်းမှာ အဓိကထားရေးကြတာ တော့ သိပ်မတွေ့ရဘူး။ အသားကျနေတဲ့ သင်ယူမှု၊ သင်ကြားမှုကို ပြောင်းလဲပစ်ဖို့ ဆရာ၊ဆရာမတွေကို သင်တန်းပေးကြတယ်။ လူတစ်ဦးချင်းစီ တတ်သင့်တတ်ထိုက်သည်ထင်သည့် အခြေခံပညာရပ်တွေကို ပေးနိုင်ဖို့ သင်ရိုးညွန်းတန်း တွေ ရေးဆွဲကြတယ်။ ပညာရေးနဲ့ပတ်သက်လာရင် အစိုးရအနေနဲ့ အဓိက တာဝန်ယူဖို့ အားလုံးကပြောကြတယ်။ ဒီသုံးခုကိုလုပ်ကြတယ်။ နောက်နံပါတ်လေးတစ်ချက်အနေနဲ့ ပြောရရင် ကျောင်းသားတွေဘက်က ကောင်းကောင်းသင်ယူနိုင်ဖို့ အမြင်ကျယ်ဖို့ တတ်နိုင်တဲ့လူတွေက စာကြည့်တိုက်တို့ စာကြည့်ဝိုင်းတို့ လုပ်ပေးကြတာပေါ့။ 

ဒီကြားထဲက ပြဿနာက ဘာလဲဆိုတော့ အခုလက်ရှိက သူတစ်ပါးနိုင်ငံ၊ အထူးသဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံတွေကို စံ-နာမူနာ တစ်ခု အနေနဲ့ ထားပြီး လိုက်လုပ်ကြတယ်လို့ ပြောရင်လည်း မမှားဘူးထင်တယ်။ ပညာရေး ဆောင်းပါးတွေ တော်တော်များများမှာလည်း ဘယ်နိုင်ငံဆိုရင် ဘယ်လိုသင်တယ်၊ ကလေးကဘယ်လို တော်တယ်ဆိုတာမျိုး တော်တော်ရေးကြတာတွေ့ကြမှာပါ။ ဒါကလည်း ဖြစ်စေချင်တဲ့ စိတ်လည်းပါမယ်၊ အသိပညာပြန်မျှဝေချင်တဲ့ စေတနာလည်း ပါမယ်ထင်တယ်။ ဆရာ၊ ဆရာမတွေနဲ့ ပညာရေးဆိုင်ရာ တာဝန်ရှိတွေလည်း လိုက်လုပ်ကြပါတယ်။ အောင်မြင်လာမယ်လို့လဲ ယုံကြည်ကြတာပဲ။ ဒါပေမယ့် အခုလောလောဆယ်တော့ ပြောင်းဆန်နေတာမျိုးတွေလည်းရှိတာပေါ့။ 

ဥပမာ- ကိုးတန်းအထိ အကုန်အောင်တို့၊ အကျမရှိတို့၊ ကျရင်လည်း ပြန်ဖြေတာတို့ စတာတွေရှိတာပေါ့။ ဆိုတော့ ကျတဲ့လူလည်း ပြန်အောင်ပေးလိုက်ကြတယ်။ အဲဒီထဲက တစ်မှတ်မှမရလို့ ဆရာတွေက အကုန်အောင်လို့ ပြောတဲ့ကြားကနေ ကျတဲ့စာရင်းထဲ ထည့်လိုက်တာမျိုး။ အဲဒါကို တာဝန်ခံတွေဆီ ပြန်ရောက်တော့ အကုန်အောင်ဆိုပြီးထပ်လုပ်လိုက်တာမျိုး။ ဆရာ ဆရာမတွေက အရည်အချင်းမရှိလည်း အောင်တာပဲလို့ ပြောကြတယ်။ ကျောင်းသားတွေက သိရော။ တစ်ချို့ဆို စာကို မကျက်တော့တာ။ ဆိုးချင်တိုင်းလည်း ဆိုးတော့တာပဲ။ နေရာတိုင်းတော့ မဆိုလိုဘူး၊ တစ်ချို့ဆရာတွေ ပြောတဲ့စကားတွေပေါ့။ ကျောင်းသားဘယ်လောက်ဆိုးဆိုး ရိုက်လို့မရ ဆိုတဲ့ စည်းကမ်းက ရှိပြန်ရော။ ဆရာ၊ ဆရာမတွေက အဲဒီမှာ ခံရပြန်ရော။ 

နေသားကျလာခဲ့တာက ဆရာ၊ ဆရာမစကားကို နားထောင်ရမယ်၊ ဆရာအပြစ်ပေးရင်ခံရမယ်၊ မဟုတ်လား ဒီလိုဘဲ အုပ်ချုပ်လာခဲ့ကြတာလေ။ အခုက နားမထောင်ဘူး။ ရိုက်လို့လည်း မရဘူး။ တစ်ချို့ဆို ဆေးလိပ်စွဲ အရက်စွဲ၊ ဘိန်းစွဲတဲ့ကျောင်းသားတောင် ပါလာကြတာ။ တစ်ချို့ကျောင်းသားတွေဆိုရင် ဆရာဆို နည်းနည်းအဖတ်လုပ်နေသေးပေမယ့် ဆရာမဆိုရင် ဂရုတောင် မစိုက်တော့တာမျိုးတွေလည်း ရှိတယ်။ ဆိုတော့ ပြဿနာလည်းမတက်ချင်၊ ရန်စတာလည်း မခံချင်တာနဲ့ မသိသလို နေနေရတဲ့ ဆရာ၊ ဆရာမတွေ ဖြစ်လာကြတယ်တဲ့။ ဆိုတော့ ဇာတ်လမ်းက လှလှလေးတွေ ရှုပ်လာတော့တာပေါ့။ ဒါကတော့ ဆရာမရဲ့ရင်ဖွင့်သံတွေပေါ့လေ။ 

ပညာရှင်တွေဘက်က ပြောတဲ့ ကျက်စာတွေများတယ်၊ ဦးနှောက်အလုပ်မလုပ်ဘူးစတာတွေကတော့ ပြောစရာမလိုဘူး၊ လူတိုင်းသိပြီးသားဖြစ်ပါလိမ့်မယ်။ ဒီစကားတွေကြောင့်ဘဲ ပြောင်းလဲဖို့ကြိုးစားကြတာ ပဲလေ။ ကျောင်းသားတွေဘက်ကပြောတဲ့ စာအုပ်မရှိဘူး၊ အလွယ်တကူမရဘူး။ ဆရာမတွေက ဒါဆိုဒါ၊ ဟိုဆိုဟို ကျက်နေရတယ်ဆိုတာတွေလည်း စတာတွေလည်း သိပြီးသား။ နောက်မိဘတွေက သားသမီးအတွက် အမှတ်ကောင်းရစေချင်တာ၊ မိဘထက်တော်အောင် ထားတာ၊ ပညာရေးဘဲ စိတ်ဝင်စားစေချင်တာ စတဲ့စကားတွေလည်း ကြားရတဲ့သူတွေ အလွတ်ရနေ ကြပြီထင်ပါတယ်။

ဖွံ့ဖြိုးပြီးနိုင်ငံကလေးတွေက ကလေးတစ်ယောက်ရဲ့ လိုအပ်တဲ့ အစားအစာ၊ ပတ်ဝန်းကျင်ကအစ အပြည့် အစုံ ပံ့ပိုးမှုတွေရှိတယ်၊ ပညာရေးနဲ့ပတ်သက်ရင်လည်း ပံ့ပိုးမှုက အသက်အရွယ်အလိုက်ရရှိကြတယ်။ အသက်အရွက်နဲ့ လိုက်ဖတ်တဲ့စာတွေဖတ်ရတယ်။ စာစောင်တွေ စာအုပ်တွေရှိတယ်။ ဆိုတော့ သူတို့က စာနဲ့က မစိမ်းဘူး။ စာဖတ်ဖို့က ထမင်းစား၊ ရေသောက်သလို ရင်းနှီးလာခဲ့ကြတာလေ။ ဘယ်လိုစာအုပ်ဖ တ်ဖို့ လိုသလဲ။ ဘယ်လိုစာအုပ်တွေ ဘယ်မှာရနိုင်တယ်။ ဘယ်လိုစာအုပ်အမျိုးအစားက ဘယ်လိုရှိတယ်ဆို တာက အစ သူတို့အတွက်က အသေးအမွှားကိစ္စတစ်ခု။ 

တို့ဘက်က ကလေးတွေကို ကြည့်လေ။ အခုမှလူတိုင်းနီးပါးကျောင်းတက်ရတာမလား၊ လွန်ခဲ့သည့် ဆယ်စုနှစ် တစ်စုလောက်အထိ ကျောင်းတက်တဲ့ကလေးဆိုရင် အရပ်ထဲက အထက်တန်း၊ အလယ်တန်း လူတန်းစား အလွှာက ကလေးတွေဘဲ များပါတယ်။ အထူးသဖြင့်ရွာဘက်မှာဆိုပိုဆိုးတယ်။ ရွာဘက်တွေမှာ အခု အသက်နှစ်ဆယ်၊ နှစ်ဆယ်ကျော်လူငယ်လေးတွေတစ်ချို့ သူငယ်တန်းမနေရခဲ့ရလို့ စာမဖတ်တတ် တတွေလည်းရှိတယ်။ စာအုပ်စာပေကို လူမိတ်ဆွေလို့ မိတ်ဖွဲ့နိုင်ဖို့ကမလွယ်။ ကလေးမပြောနဲ့ လူငယ်၊ လူလတ်၊ လူကြီး။ စာဖတ်ဖို့ကို တိုက်တွန်းနေရတယ်။ အဲဒါတောင် အလုပ်မအားလို့ မဖတ်ကြသေးဘူး။ စာအုပ်လေး လက်နဲ့အမြဲလိုလို ကပ်နေတဲ့သူဆိုရင် ပညာရေးသမားတစ်ယောက်လိုလို၊ အလုပ်ကြီး အကိုင်ကြီး လုပ်တဲ့လူလိုလို၊ စာတော်တဲ့ အနာဂတ်ကြယ်ပွင့် ကျောင်းသားလိုလို၊ သူတစ်ပါးထက်အမြင်ကျ ယ်တဲ့ လူငယ်တစ်ယောက်လိုလိုနဲ့ သူများထက်ကို ထူးသွားတာလေ။

 ဖွံ့ဖြိုးပြီးသားနိုင်ငံနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ကျောင်းသားတွေက နောက်ခံလည်း ကွာတယ်၊အခြေအနေလည်း မတူဘူး။ တစ်သားထဲကျနိုင်ဖို့က မခက်ဘဲ နေမလား။ မရိုက်ဘဲ ကောင်းကောင်းလေးပြောရင် ရတယ်၊ နားလည်တယ်လို့ပြောရအောင် ဒီကလေးတွေက စာဖတ်နာတဲ့ ကလေးမို့လား၊ ရှစ်တန်း၊ ကိုးတန်းမှာ မရိုက်ဘဲ ပြောလို့ရအောင် သူငယ်တန်းကနေ ၇ တန်း၊ ၈ တန်းအထိ မရိုက်ဘဲ ယဉ်ယဉ်ကျေးကျေးနဲ့ ဆုံးမတာခံလာခဲ့တဲ့ ကလေးမို့လား။ မဆူ မငေါက်ဘဲ ဆုံးမစကားနားထောင်ရအောင် ဒီကလေးတွေရဲ့ ပတ်ဝန်းကျင်က လူလိမ်မာတွေ၊ သူတော်ကောင်းတွေမို့လား စတဲ့ မေးခွန်းတွေက တက်လာကျပါလေရော။ ဒါတွေကို ပြောရင်လည်း အရှည်ကြီးဖြစ်မှာဘဲလေ။

ဆရာ၊ ဆရာမတွေကလည်း ဘယ်ကလာတာမို့လို့လဲ။ ဒီနိုင်ငံက ဆရာ၊ ဆရာမတွေဘဲလေ။ တို့သွေးချင်း တွေပဲ။ ဒီနိုင်ငံက ပညာရေးနဲ့ ကြီးလာပြီး ဘွဲ့ရတဲ့သူတွေပါဘဲ။ နေသားကျသွားတဲ့ အလွတ်ကျက်ပညာရေး စနစ် အောက်က သူတို့လည်း ခေတ်ရဲ့သားကောင် ဖြစ်ခဲ့ရရှာတာ။ အခုမှ ကျောင်းသားဗဟိုရ်ပြု ချည်းကပ်နည်း ဆိုတဲ့စကားလုံးတွေ ကြားရတာလေ။ သူတို့ကျောင်းသား၊ ကျောင်းသူဘဝတုန်းက ဆရာ၊ ဆရာမတွေ ဒီစနည်းနဲ့သင်ကြရင် ဘယ်လောက်ကောင်းမလဲ၊ မဟုတ်ဘူးလား။ အခုသူတို့ခများမှာလည်း ရုန်းကန်နေရရှာတာ။ စာရေးဆရာမတစ်ယောက် (ခင်နှင်းကြည်သာ) ပြောသလို ငါတို့မျိုးဆက်က အနစ်နာခံရမယ့်မျိုးဆက် ဆိုတာ သူတို့အတွက်လည်း မှန်တယ်။ 

လွန်ခဲ့သည့် ၂၀၁၆ တုန်းက မန္တလေးမှာ စကားစပ်မိလို့ အမေရိကန်က ပရော်ထက်ဆာ အမျိုးသမီးတစ်ဦးနဲ့ CCA အကြောင်း RWCT သင်ကြားနည်း အကြောင်းပြောခဲ့သေးတယ်။ သူတို့က အဲဒါက ဘာလဲလို့ အထူး အဆန်းမေးနေတာ။ အဲဒီစကားလုံးနဲ့ မရင်းနှီးဘူး၊ မသိဘူးလို့ ပြောရှာတယ်။ သူတို့က ဒါတွေကို သိစရာ မလိုတော့ဘူးလေ။ သူတို့ရဲ့ သင်ယူမှုဖြစ်စဉ်တွေထဲမှာ တစ်ခါတည်းပါပြီးသား။ ပေါ့ပေါ့ပါးပါးရှိတယ်။ လွတ်လွတ်လပ်လပ်ရှိတယ်။ ကလေးဘဝကတည်းက ဒီလိုသင်ပေးကြတယ်။ ဆရာပြန်ဖြစ်တော့လည်း ဒီလိုပြန်သင်ပေးကြတယ်။ ဆရာဖြစ်သင်တန်း၊ သင်ကြားရေးသင်တန်းတွေ ကောင်းကောင်းရှိတယ်။ သူတို့မှာ ဒီသင်ကြားရေးလမ်းစဉ်ကို နည်းစနစ်အသစ်တစ်ခုလို သင်ကြားနေရတာမျိုးတော့ မရှိလောက် တော့ဘူး။ ဒီလိုသင်ကြားမှုတွေဟာ သူတို့မှာ နေသားကျပြီးသား။

တို့ဆရာတွေက အခုမှသင်တန်းတက်နေရတာလေ။ ဆရာကိုင်သင်ရိုးညွန်းတန်းစာအုပ်က အရင်က ရှိခဲ့တာမဟုတ်ဘူး။ အခုမှတွေ့ဖူးတာ။ သင်ရမယ့်သင်္ခန်းစာ၊ ရတဲ့အချိန်၊ ကျောင်းသားအရည်အတွက်နဲ့ အန်ဝင်ခွင်ကျဖြစ်ဖို့က အတော်ကို ကြိုးစားနေရမှာ။ မပြောလည်း သိနေတဲ့အရာကတော့ အခုမှစတာ ဖြစ်တဲ့အတွက် ဆရာကိုင်လမ်းညွန်ကိုလည်း သင်နေတဲ့ဆရာတွေ အခြေအနေအရ အပြောင်းအလဲ ထပ်လုပ်ဖို့ ခက်လိမ့်မယ်။ ဆရာကိုင်ထဲမှာ “သိတဲ့သူရှိရင်လက်ညိုးထောင်”လို့ပြောခိုင်းရင် သိတဲ့လူရှိရင် လက်ညိုးထောင်ဆိုတာကအစ တဝေမတိမ်းလိုက်နာနေကြဦးမှာဘဲ။ အစကိုး၊ ဒီလောက်တော့ ရှိမှာပေါ့။ ဆိုတော့က အမှားတွေ၊ အားနည်းချက်တွေ၊ ဟာကွက်တွေများစွာရှိလိမ့်မယ်။ 

နှစ်ပေါင်းများစွာ တိတ်ဆို တိတ်၊ ပြောဆိုပြော အမိန့်ပေးခံရတဲ့ ကလေးတွေကို အခုမှ ပြောချင်တာပြော လို့ ဖွင့်ပေးလိုက်တော့ ကလေးတွေမှာလည်း ပြောဖို့ အောင့်လာခဲ့တဲ့ နှစ်ပေါင်းလည်း မနည်းတော့ဘူးမလား။ ပြောတော့မှာပေါ့။ ဆိုတော့ ဒီအပြောင်းအလဲကာလမှာ ဆရာနဲ့ တပည့်တွေရဲ့ ပြဿနာက မသေးဘူး။ ဘေးကနေ သီအိုရီထိုင်ရွတ်ပြနေရုံနဲ့တော့ မသိနိုင်ပါဘူး။ ဒါတွေကို နေသားကျသွားဖို့က အချိန်တွေ အကြာကြီး ထပ်ယူရဦးမယ်။ နိုင်ငံရေးရဲ့ ကယပ်တွေကလည်း ပညာရေးကို လာမထိဖို့ ဂရုစိုက်သင့်တယ်။ မဟုတ်ရင် အခုတည်ဆောက်ကာစ ပညာရေးအဆောက်အဦးတွေ အကွဲကွဲ အပြဲပြဲဖြစ်သွားနိုင်တယ်။

နောက်တစ်ခုက ကျူရှင်မထားရစနစ်က ဘယ်ရောက်သွားလဲဆိုရင် ဘော်ဒါဆောင်တွေရောက်သွားကြတာ ဘဲလေ။ မိဘတွေက သားသမီးတွေကို အမှတ်ကောင်းကောင်းရစေချင်တာလေ။ ဘော်ဒါဆောင်တွေလည်း အောင်ချက်ကောင်းအောင်၊ ဂုဏ်ထူးထွက်အောင် ခါးတောင်းကျိုက်နေရတာမလား။ သူတို့မှာ ဆရာတွေက အစ ပိုက်ဆံပေးပြီးငှားရတာ။ အကျများလို့ မဖြစ်ဘူးလေ။ ဆိုတော့လေ- သားသမီးတွေပညာရေးပိုကောင်း အောင် ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဘော်ဒါဆောင် တွေကို အလုအယပ်ထားကြတဲ့ခေတ်ထဲမှာ ဘော်ဒါဆောင်မှာ စာအလွတ်မကျက်ရတော့ဘူး ထင်လို့လား။ စည်းကမ်းက ပိုလို့တောင် တင်းကြပ်သေးတယ်။ ဒါဆိုရင် ပြောင်းလဲတာက ဘာလဲ။ ပြောင်းလဲတယ်ဆိုတဲ့ စကားလုံးတွေကို ဘယ်လိုတွေလက်ခံထားကြသလဲ။

မိဘတွေကကော အပြောင်းအလဲကို ဘယ်လိုလက်ခံကြသလဲ။ ဒါကတော့ အစိုးရကျောင်းကိုအားထားတဲ့ သာမာန်မိဘတွေကို ပြောတာပါ။ private school တို့ Home school တို့ကို အားထားတဲ့ မိဘတွေကတော့ ဒီနေရာမှာ မဆိုလိုပါဘူး။ အစိုးရကျောင်းက ပညာရေးတွေကတော့ အားလုံးငြင်းလို့မရတာတစ်ခုက အလုပ် သမားကို မွေးထုတ်ပေးတဲ့ စက်ရုံနဲ့အတူတူဘဲ။ ဘွဲ့ရပြီးလို့ ဝန်းထမ်းမဖြစ်ရင်၊ အလုပ်လျှောက်လို့မရသေး ရင် ပတ်ဝန်းကျင်က အသုံးမကျဘူးလို့ မြင်ကြတဲ့ခေတ်ဘဲလေ။ သားသမီးတွေ ဝန်ထမ်းဖြစ်ဖို့အရေးကို မိဘတွေခများ အမှတ်ကောင်းကောင်းရအောင် ကျောင်းရှာနေကြတယ်။ 

သင်ရိုးညွန်းတန်းနဲ့ပတ်သက်ပြီး အားလုံးသင်ယူကြ။ စာမေးပွဲတွေဖြေကြ။ အရည်အချင်းသတ်မှတ်ကြ၊ ၁-၂-၃ ရွေးကြတဲ့အပေါ်မှာလည်း ပြောစရာ၊ ငြင်းခုံစရာတွေဖြစ်လေရော။ အထူးသဖြင့် အစိုးရစစ်တို့ပေါ့။ မြို့ပေါ်ကကလေးနဲ့ နယ်ကကလေးတွေက အရမ်းကိုကွာခြားနေတာလေ။ ကျောင်းရဲ့ပြည့်စုံမှု၊ ပံ့ပိုးပေးမှု၊ ခန့်တဲ့ဆရာကအစ မြို့ကြီးပေါ်နဲ့နယ်။ မြို့ပေါ်နဲ့ ရွာ အရမ်းကို ကွာလွန်းလှတယ်မလား။ ဒါကို အားလုံးက သိနေတာဘဲလေ။ နောက်တစ်ခုက ဗမာကလေးနဲ့ အခြားတိုင်းရင်းသားကလေးတွေ။ သင်တာ ရှင်းပြတာ က အစ ဗမာစကားနဲ့သင်တာ။ ညအခါ လသာသာ လို့ပြောလိုက်ရင် ဗမာကလေးတွေ နားမလည်ဘဲနေမ လား။ တိုင်းရင်းသားကလေးက ဘယ်သိမှာလဲ။ ည ကဘာလဲ၊ လကဘာလဲ ဆိုတာကို မသိတော့ ငေးနေရ ရှာတယ်။ အသင်အပြ မကျွမ်းကျင်တဲ့ ဆရာနဲ့တွေ့ရင် ပိုဆိုးသေးတယ်။ နားမလည်တဲ့ စကားလုံးတွေကို အလွတ်ကျက်နေရ။ ထပ်တလဲလဲ ပြန်ဆိုနေရတဲ့ ဒုက္ခက မသေးဘူးရယ်။ ကျောင်းတက်ချိန်တွေက မိုးနဲ့ေ ဆာင်း။ မြေပြန့်ဒေသ၊ မြေလတ်ပိုင်း၊ အောက်ပိုင်းတွေမှာ အဆင်ပြေနေပေမယ့် တောင်တန်းဒေသတွေမှာ အခက်အခဲရှိတယ်။ အထူးသဖြင့် မိုးတွင်း မြေပြိုတတ်တဲ့ ဒေသတွေဆိုရင် ကျောင်းကို ကောင်းကောင်းမ တက်လိုက်ရဘူး။ အသွားအပြန်ခက်ခဲ၊ လမ်းပန်းဆက်သွယ်ရေး အဆင်မပြေ၊ ကျောင်းအဆောက်အဦးက မကောင်းလို့ မလုံခြုံတဲ့ နေရာတွေဆိုရင် ပိုတောင်ဆိုးသေးတယ်။ စာသာကောင်းကောင်းမသင်ရတာ စာမေးပွဲ ဖြေချိန်တန်ပြီဆိုရင်လည်း ဖြေရတာဘဲမလား။ တစ်နိုင်ငံလုံး တစ်ချိန်တည်း ဖြေရတာလေ။ သူ့ဒေသနဲ့ သူ့ရာသီဥတုနဲ့လိုက်ဘက်တဲ့ အချိန်လေးမှာ သင်ကြားလို့ရရင် စာတွေကောင်းကောင်းသင်ရပြီး စာလည်းပိုတတ်မယ်ထင်တယ်နော်။ ဖယ်ဒရယ်စကားတွေကို ပြောရင် ဒီအကြောင်းတွေကိုလည်း ပြောရလိမ့်မယ်နော်။ ဆိုလိုတာက ပညာရေးနဲ့ ပတ်သက်ပြီး ညှိနှိုင်းစရာတွေ ပြုပြင်စရာတွေရှိသလို၊ အငြင်းပွားစရာတွေလည်း အများကြီးပေါ့။ လွန်ဆွဲနေရဆဲ ဆွေးနွေးပွဲတစ်ခုပေါ့။ 

မိဘ၊ စောင့်ကြည့်သူ၊ ပါဝင်သည့်ပညာရှင်၊ ဆရာဆရာမနဲ့ ကျောင်းသားတို့ကြားမှာ အခုအချိန်ထိတော့ သူ့ဘက်ကိုယ့်ဘက်လွန်ဆွဲနေဆဲပါဘဲ။ တကယ်တော့ ဒါတွေကလွန်ဆွဲနေတာလို့ဆိုရပေမယ့် အားလုံးနဲ့သင့်တော်မယ့် ပတ်ဝန်းကျင်တစ်ခုကို တည်ဆောက်ဖို့ အတူတူကြိုးစားနေကြတာမို့ အချိန်ယူပြီးဆက်သွားကြရင် လိုချင်တဲ့ ပန်းတိုင်တစ်ခုဆီတော့ ရောက်ကြမှာပါ။ လွန်ဆွဲနေပြီးတော့ ဘယ်မှမရွေ့ဘဲ တုန့်ရင်းတုန်ရင်းနဲ့ မပြောင်းလဲသေးတာ တို့ဘုန်းကြီးပညာရေးဘဲလို့ မြင်ပါတယ်//  


အခန်း (၂) 

မြန်မာနိုင်ငံ ဘုန်းကြီးပညာရေးနဲ့ ပတ်သက်ပြီးတော့ ပညာရေးလို့ပြောလိုက်ရင် စာမေးပွဲကိုဘဲ လှမ်းမြင်ကြ မယ်ထင်တယ်နော်။ မြင်မယ်ဆိုလည်း မြင်စရာဘဲလေ။ လူတစ်ဦးရဲ့ ပညာရေးကို စာမေးပွဲနဲ့သတ်မှတ်ကြ တာကိုး။ စာဘယ်လောက်တော်တော် စာမေးပွဲမအောင်လို့ကတော့ ဘယ်သူမှ အသိအမှတ်မပြုကြဘူး မလား။ ဘယ်ဆရာတော်က ဘယ်ကျမ်းကို ပြုနိုင်ခဲ့လုိ့၊ ဘယ်လိုလုပ်ဆောင်နိုင်လို့ ဂုဏ်ပြုတာဆိုတာထက် စာမေးပွဲအောင်လို့ ဂုဏ်ပြုတာက ပိုဂုဏ်ရှိတယ်မလား။ ဆိုတော့ စာမေးပွဲမအောင်လို့ကတော့ ဂုဏ်ပြုခံရဖို့ ဆုမတောင်းနဲ့။ စာမေးပွဲမအောင်ဘဲ ဂုဏ်ပြုကြတဲဘွဲ့တွေတော့ ရှိတာပေါ့လေ။ အဲဒီဘွဲ့တွေလည်း ဘယ်လို တွေ ဖြစ်နေကြသလဲ ဆိုတာကို မပြောဘဲလဲ သိပြီးသား။ အဲဒါကြောင့် စာမေးပွဲအောင်လို့ရတဲ့ဘွဲ့က ဂုဏ်အရှိဆုံး။ ဘယ်သူ့ကိုမှ မပုတ်ခတ်ပါ၊ ပညာရေးကို စာမေးပွဲနဲ့ တိုင်းတာနေရတဲ့ အခြေအနေကို ဆိုလိုတာပါ။

စာမေးပွဲကို ဘယ်သူတွေလုပ်ကြတာလဲ။ ဘာလို့လုပ်ကြတာလဲဆိုတာကို သမိုင်းကဆိုတယ်။ မင်းတုန်းမင်း ခေတ်က စာပြန်ပွဲကတော့ စာပြန်ပွဲသက်သက်ပါဘဲ။ စာဖြေတာမဟုတ်သေးပါဘူး။ မြန်မာနိုင်ငံလွတ်လပ် ရေး မရခင် သူ့ကျွန်ခံနေရတဲ့အချိန်တုန်းက စခဲ့တာ။ မြန်မာနိုင်ငံဘုန်းကြီးစာမေးပွဲထဲမှာ သကျသီဟစာမေး ပွဲက အစောဆုံးဘဲထင်တယ်နော်။ ခေတ်ကာလအခြေအနေအရရော၊ သဒ္ဓါတရားပိုင်းမှာရော စာပေကို လုပ်တဲ့ ရဟန်း သာမဏေတွေနည်းလာကြလို့ စာမေးပွဲနဲ့ပြန်ဆွဲဆောင်ကြတာ။ ဘယ်ကျမ်းတွေ၊ ဘယ်စာ တွေပြီးရင် ဘယ်ဘွဲ့ကပ်တယ်ပေါ့။ အဲလိုနဲ့စာမေးပွဲတွေ စဖြစ်ခဲ့ကြတာ။ မူလသဒ္ဓါတရားအရင်းခံကောင်းတဲ့ သူတွေကတော့ စိတ်မဝင်စားပါဘူး။ စာမေးပွဲမရှိလည်း သူတို့က လေ့လာနေတာပဲလေ။ တစ်ချို့က ဘုရားစာကို စာမေးပွဲနဲ့ကျင်းပတာ စိတ်တိုင်းကျပုံမပေါ်ဘူးရယ်။ အဲဒီအချိန်က စာမေးပွဲမဖြေကြတဲ့ နာမည်ကြီးတိုက်ကြီးတွေ အများကြီးပါပဲ။ နောက်တော့ ပထမပြန်စာမေးပွဲလည်း ထပ်ပေါ်လာတာပေါ့။ 

အခုနောက်ပိုင်းမှာတော့ စာမေးပွဲတစ်ခုပြီးတစ်ခု ပေါ်ပေါက်လာခဲ့တာတော့ အများကြီးပေါ့။ စာမေးပွဲမဖြေ ရင် စာလုပ်တယ်လို့မထင်ကြတော့တဲ့အခြေအနေတွေ ရောက်လာတော့ ဘုန်းကြီးတွေလည်း စာမေးပွဲတွေ နဲ့ အချိန်ပေးနေရတော့တာပါဘဲ။ စာမေးပွဲဆိုတာကိုတော့ သိတဲ့အတိုင်း လူတွေကို ခွဲခြားစေတဲ့စနစ်တွေ ပါလာတယ်။ စာမေးပွဲအောင်ရင် မျက်နှာပန်းလှပြီး ကျရင်သိမ်ငယ်ရတယ်။ ဘယ်သူကမြှောက်ပေးထားမှန်း မသိပေမဲ့ ကြာတော့ ကျောင်းတိုက်ဂုဏ်သိက္ခာအတွက် စာမေးပွဲအောင်ဖို့ ကြိုးစားတာတို့ဘာတို့ ပါလာ တော့တာဘဲ။ အဲဒီလိုနဲ့ ဆရာသမားဖိအား၊ ထောက်ပံ့သူတကာ၊ တကာမတွေရဲ့ဖိအား၊ အတူနေ သီတင်းသုံးဖော် (သူငယ်ချင်း)တွေရဲ့ဖိအား၊ ခေတ်အခြေအနေတွေရဲ့ စိန်ခေါ်မှုတွေနဲ့ ဘုန်းကြီးတန်မဲ့ စာမေးပွဲကျတော့ ရှက်လို့ လူထွက်ရတာနဲ့၊ စိတ်ဓာတ်ကျရတာနဲ့ဖြစ်လာတယ်။ 

ကြားကြမှာပါ၊ အခုဆိုရင် စာမေးပွဲကျလို့ လူထွက်ကြတယ်လို့ ပြောနေတဲ့သူကလည်း ရှိသေးတယ်။ စာပေ ဘယ်လောက်ကျွမ်းကျင်တယ်၊ ဘယ်လောက်သိတယ်၊ တရားဘာဝနာဘယ်လောက်အားထုတ်ဖြစ်တယ်ဆို တာမျိုးက ကိုယ့်ဝါသနာနဲ့ကိုယ် အချိန်ရှိရင်လုပ်ကြပေါ့။ ဘယ်သူမှ အလေးမထားကြဘူးမလား။ စာချတန်း မပြီးသေးခင်က မပြီးသေးလို့။ ပြီးတော့လည်း တရားမဟောတတ်သေးလို့နဲ့ ကာယကံရှင်ထက် တကာ၊ တကာမတွေက ပိုငြီးပြတာတွေလည်း ရှိပ။ မကြားချင်မှ အဆုံး။ သူတို့ ဦးဇင်းကို ဘယ်လိုဖြစ်စေချင်တာ၊ ညာလိုဖြစ်စေချင်တာနဲ့။ ဖြောင်းဖြလို့မရတာနဲ့ ဖြစ်လာမှာပါ အေးဆေးပေါ့ လို့ဘဲ ပြောလွတ်လိုက်ရတာ များတယ်။ 

အဲဒီလွတ်လပ်ရေးမရခင်အချိန်တုန်းက ခေတ်အခြေအနေအရ အမြော်အမြင်ကြီးမားတဲ့ ဆရာတော်တွေ ကျင်းပခဲ့တဲ့စာမေးပွဲက အခုထိရှင်သန်နေဆဲပေါ့။ လွတ်လပ်သေးမရသေးခင်က အခြေအနေ၊ အနေအထား၊ ခေတ်ရဲ့လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ပညာရေးအတွက် သိသင့်တတ်သင့်တယ်ထင်တဲ့ ကျမ်းစာတွေပြဌာန်း ကြတာပေါ့။ အဲဒီပြဌာန်းစာအတိုင်း စာမေးပွဲတွေကျင်းပလာခဲ့တာ အခုအချိန်ထိ ခေတ်ကာလအခြေအနေ တွ၊ ပတ်ဝန်းကျင်အနေအထားတွေ မည်မျှပင်ပြောင်းလဲသွားသော်လည်းပဲ ပြဌာန်းစာတွေကတော့ အနည်းငယ်ထပ်ဖြည့်စွက်ထားတာ၊ အနည်းငယ်ဖြုတ်ချလိုက်တာကလွဲလို့ အရင်အတိုင်း မပြောင်းလဲဘဲ မူရင်းအတိုင်း ဆက်လက်ပြဌာန်းနေဆဲပါဘဲ။

ဒါတွေကို တစ်ချို့ဆရာတော်များက ဒီအတိုင်းလက်ခံထားကြတယ်။ အကြောင်းပြချက်ကတော့ အခြေခံကျ တယ်။ နိုင်ငံတကာမှာ ဗုဒ္ဓစာပေတွေသင်ယူနေကြပေမယ့် အခြေခံကျကျသင်တာမျိုးသိပ်မရှိဘဲ၊ အပေါ်ယံ တွေများတယ်။ အပင်ပန်းမခံနိုင်ကြဘူး။ မြန်မာနိုင်ငံမှာတော့ အင်တိုက်အားတိုက်နဲ့ သင်ယူတော့ ပါဠိစာပေ ဘက်မှာ အခြေခိုင်တယ်လို့ဆိုပါတယ်။ အထူးသဖြင့် အဘိဓမ္မာလို ခက်ခဲနက်နဲပြီး ရှုပ်ထွေးတဲ့တရားမျိုး တွေမှာဆိုရင် အပေါ်ယံလေ့လာမှုမျိုးနဲ့တော့ ကျက်စားလို့မရဘူးလို့ဆိုပါတယ်။ အဲဒါကတော့ တကယ်ပါ။ အဘိဓမ္မာကို ကျယ်ကျယ်ပြန့်ပြန့်သင်ယူ လေ့လာနိုင်တာ မြန်မာနိုင်ငံဘဲကောင်းကောင်းရှိတယ်။ နောက်ပြီး တော့ အရည်အသွေးမှီတဲ့ တရားစခန်းတွေ၊ တရားနည်းပြစရာတွေ၊ စာချဘုန်းကြဲီးတွေရှိနေသေးတာလည်း အခြေခံစာပေခိုင်ခံ့မှုကြောင့်လို့ ဆိုပါတယ်။ အဲဒါကြောင့် ဒီစာမေးပွဲကိုတော့ မပြောင်းလည်းဘဲ မူရင်း အတိုင်းဘဲ ရှိသင့်တယ်လို့ ဆိုကြပါတယ်။

ဒီအခြေခံစာပေတွေကို ပြောင်းလဲသင့်ပြီ၊ ပြင်ဆင်သင့်ပြီလို့ ဆိုတဲ့တစ်ချို့ဆရာတော်တွေလည်း ရှိပါတယ်။ အထူးသဖြင့် နိုင်ငံခြားရောက်သွားတဲ့ ရဟန်းတွေကပိုပြောကြပါတယ်။ နိုင်ငံတကာကျောင်းသားများနဲ့ ဆွေးနွေးပြောဆိုတဲ့အခါမှာ မြန်မာရဟန်းတွေမှာ အခြေခံအသိပညာတစ်ချို့ကျန်နေခဲ့တာ ပိုသိရပါတယ်။ လူတစ်ဦးမှာ သိသင့်သိထိုက်တဲ့ သိပ္ပံ၊ အင်္ချာ၊ လူမှုရေးကျင့်ဝတ်နဲ့ အခြားအတွေးအခေါ်ဆိုင်ရာအသိတွေမှာ မပြည့်စုံတာ၊ လိုအပ်နေတာပိုသိရတယ်။ အဲဒါကြောင့် အခြေခံစာတွေကို ပြုပြင်ပါ။ အခြားဘာသာရပ်တွေ ထပ်ထည့်ပါ၊ စာတွေများလွန်းရင် ငယ်၊ လတ်၊ ကြီး သုံးတန်းတည်း မလုပ်ဘဲ ထပ်ခွဲပါ စသည်ဖြင့်ပြောကြ တာပေါ့။ ခေတ်ကာလအခြေအနေအရ တစ်ချို့စာတွေ သင်ထားသင့်တယ်။ ဖြုတ်ချတာထက် ဖြည့်စွက်တာ တွေ ပိုပြောကြတယ်။ လူမှုရေးကွန်ယပ်၊ နိုင်ငံတကာစံချိန်နဲ့ လိုက်ဖက်တဲ့ ပညာရေးကို လိုအပ်နေတယ်လို့ ဆိုကြပါတယ်။

ဒီအယူအဆနှစ်ခုက အဓိကလွန်ဆွဲတဲ့ ပြဿနာတစ်ခုဖြစ်လာခဲ့ပါတယ်။ အဲဒီထဲမှာ ပြင်ချင်တယ်လို့ပြောတဲ့ သူတွေထဲမှာ အပြင်ရောက်သွားတဲ့ ရဟန်းတော်တွေပိုများပြီး အတွင်းမှာ စာသင်စာချအဖြစ် ဆက်လက်တာဝန်ယူတဲ့ရဟန်းတွေအများဆုံးက မပြင်ချင်တဲ့သူတွေဖြစ်လာကြတယ်။ နောက်ပြီးတော့ အထက်က အဓိကတာဝန်ခံသံဃာ့မထေရ်တွေက မပြင်ဆင့်ဘူးလို့ ယူဆတဲ့သူတွေပိုများပါတယ်။ ပြင်ချင်တယ်လို့ဆိုတဲ့ရဟန်းတွေများက ရဟန်းငယ်တွေပိုများပြီး နိုင်ငံခြား သို့မဟုတ် တက္ကသိုလ်တွေမှာ ရှိနေပြီး မြန်မာ့သံဃာအဝန်းအဝိုင်းမှာ သြဇာတိက္ကမ မလွှမ်းမိုးနိုင်သေးသည့် သူများဖြစ်ကြပါတယ်။ အခုလက်ရှိ ကြုံနေရတဲ့ သံဃာတော်များ လျှော့နည်းလာတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း အယူအဆေ တွ မတူကြဘူး။ တစ်ဘက်က သဒ္ဓါတရားအားနည်းလို့၊ ဖုန်းတွေပေါ်လာလို့ စသည် အကြောင်းပြကြပြီး၊ တစ်ဘက်မှာတော့ ပညာရေးမှာ နှိပ်ကျနေလို့ လူ့ဘဝနဲ့ အန်ဝင်ခွင်ကျမှုမရှိတဲ့ ပညာရေးဖြစ်နေလို့ စသည်ဖြင့် ပြောကြပါတယ်။

ကဲဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ၊ လုပ်လို့မရလို့ ဒီတိုင်းဘဲ ထိုင်ကြည့်နေရတဲ့သူတွေကလည်း ရှိတယ်။ လုပ်ပါလုပ်ပါလို့ တိုက်တွန်းနေတဲ့သူတွေလည်း ရှိတယ်၊ ပြုပြင်ပြောင်းလဲဖို့။ ပြုပြင်ရင်ကော ဘယ်လူတွေ ပြင်ကြမလဲ။ ဘယ်သူတွေ ဦးဆောင်မလဲ၊ ပြုပြင်ပြောင်းလဲဖို့အတွက် အသင့်ရှိနေပြီလား၊ ဒါကလည်း မေးခွန်းထုတ်စရာ။ ပြဌာန်းစာပြောင်းရုံလောက်ကတော့ ပညာရေးကို ပြုပြင်လို့ရမှာ မဟုတ်ဘူးလေ။ သင်ရိုးတွေပြောင်းတာလောက်ကတော့ အခုချက်ချင်းပြောင်းရင် ထပြောင်းလို့ရတယ်။ ဒါပေမယ့် ပညာရေးမှာက သင်ရိုးညွန်းတန်း၊ ပြဌာန်းစာပြောင်းရုံနဲ့ ပညာရေးက မပြောင်းသေးဘူး။ ဒီစကားကိုတော့ အော်စဖို့ဒ်ဆ ရာတော် ခဏခဏမိန့်ပါတယ်။ 

ပညာရေးတစ်ခုကို ဖော်ဆောင်တဲ့နေရာမှာ Educational philosopher လိုမယ်၊ Educational psycho-logist တွေလိုတယ်။ Educational ethic တွေစတဲ့အရာတွေလည်း သိဖို့လိုတယ်။ ပညာရေးနယ်ပယ်ကို ကျွမ်းကျင်တဲ့ အသိပညာရှင်၊ အတတ်ပညာရှင်ရှိဖို့လိုအပ်တယ်။ ဒါတွေရှိနေပြီလား။ မရှိရင်ဘယ်ကိုသွား ခေါ်မလဲ။ ခေါ်ရင်ကော ထိုင်ခုံပေါ်ကလူတွေ လက်ခံနိုင်ရဲ့လား။ ပြဌာန်းစာအဆင့်ဆင့်၊ သင်ရိုးညွန်းတမ်း ရေးဆွဲမယ့် ပညာရှင်အဖွဲ့၊ ဆရာကိုင်၊ တပည့်ကိုင်စာအုပ်တွေ ရေးဆွဲပုံအဆင့်ဆင့်၊ မရေးဆွဲခင်၊ သို့မဟုတ် ရေးဆွဲနေတဲ့ကာလ လက်တွေ့ကွင်းဆင်း သုတေသနပြုရမယ့် လုပ်ရပ်။ ဆရာတွေကို ဆရာကိုင် သင်ရိုးညွန်းတမ်းကိုင်တတ်ဖို့ ပေးရမည့်သင်တန်း။ နေရာဒေသအလိုက် ဖြည့်စွက်၊ ဖြုတ်ချသင့်သည့် သင်္ခန်းစာ အဓိကဦးတည်ရမည့် ပန်းတိုင်တွေကအစ၊ ချမှတ်ရလိမ့်မယ်။ နောက်ပြီးတော့ စာမေးပွဲကို ဘယ်လိုစစ်မလဲ။ စာသင်ချိန်ကို နာရီဘယ်လောက်သွားမလဲ။ သတ်မှတ်ချိန်အတွက် ပြီးမြောက်ဖို့ ပံ့ပိုးရမယ့် သင်ထောက်ကူတွေကအစ ဘာတွေလည်း ဘယ်လိုလုပ်ကြမလဲ။ ဒါတွေကအစ အားလုံးဝိုင်းဝန်းပြီး ကြိုးစားကြရမည့် ကိစ္စ။ လုပ်သင့်တယ်၊ မလုပ်သင့်ဘူးလို့ ပြောရုံနဲ့ ပြီးတဲ့ကိစ္စမျိုးမဟုတ်။ ဒါတွေလုပ်ရင် အခုလက်ရှိ စာချဆရာတော်တွေက လက်ခံမလား၊ လိုက်နာနိုင်မလားပေါ့။ လူတွေကို သင်တန်းပေးတာ ရသလို ဘုန်းကြီးတွေကိုလည်း ရမယ်လို့ တွက်လို့ရမလား။ 

ဗိုလ်တစ်ထောင်တွေဖြစ်နေတဲ့နေရာ၊ သူရဲကောင်းစာတွေသင်ခဲ့လို့ အားလုံးက သူရဲကောင်းတွေဖြစ်နေ ကြပြီး ဆရာကြီးတွေချည်းဖြစ်နေကြတဲ့နေရာ၊ ကိုယ်မှန်တယ်ထင်ရင် ဘယ်သူစကားမှ နားထောင်နေမှာ မဟုတ်ဘဲ ကိုယ်လုပ်ချင်တာ လုပ်နေကြတဲ့နေရာ၊ အထက်ကလည်း အမိန့်ဆိုပြီး ပေးတယ်၊ အောက်က လည်း ငါအမှန်လို့ အတည်ပြုတယ်။ ဒီလိုနေရာမျိုးမှာ ပူးပေါင်းပါဝင်ပြီး အတူတူလက်တွဲကြမယ်၊ ခွင့်လွတ် ကြမယ်၊ ဖေးမကြမယ် ဆိုတာမျိုးက ပြောတာလွယ်ပေမယ့် တကယ်လက်တွေ့မှာ မလွယ်ဘူးရယ်။ အစပျိုးတုန်းက ဟုတ်သလိုလိုရှိပေမယ့် လမ်းခုလတ်လောက်ရောက်ရင် ခေါင်းဆောင်နေရာလုနေကြ တာနဲ့ဘဲ ကွဲကွဲပြဲပြဲဖြစ်နေကြတာလည်း မြင်တွေ့ခဲ့ကြတာပဲ မဟုတ်ဘူးလား။ ဒီလိုနေရာမျိုးမှာ အပြောင်းအလဲလုပ်ဖို့က အတိုက်အခံများစွာ လုပ်ရလိမ့်မယ်ဆိုတာ သိထားရမယ်နော်။
တို့ဘုန်းကြီးစာပေပြင်ဖို့ပြောတဲ့နေရာမှာ ကိုယ့်အမြင်သူ့အမြင်ကို ပြောကြဆိုကြတော့ တစ်ချို့က ဘာတွေပြောလဲဆိုရင် သူတို့ကလေးဘဝတုန်းက ဆယ်စောင်တွဲ သင်ခဲ့ရတယ်၊ အခုခေတ်ကလေးတွေက ဆယ်စောင်တွဲမသင်ရတော့ ဘာမှမသိတော့ဘူးဆိုတာမျိုး၊ တစ်ချို့က အရင်က မြန်မာစာသင်ရတယ်၊ အခုက မြန်မာစာမသင်ရတော့ စာလည်း ကောင်းကောင်းမရေးတတ်ကြဘူး လို့ ဆွေးနွေးဝိုင်းမှာ အဲလိုတွေ ပြောနေတဲ့သူတွေကလည်း ရှိသေးတာ။ သင်စရာတွေက ဆယ်စောင်တွဲ၊ မြန်မာစာတွေဘဲ ရှိတော့တာလား မသိဘူး။ ကိုယ်သင်ခဲ့ဖူးတဲ့စာလေးတွေဘဲ စာလို့မြင်ကြတာ၊ အခြားဘာတွေရှိတယ်ဆိုတာကို ဘာမှမသိ ကြတော့သလိုဘဲ။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဂိုဏ်းပေါင်းစုံအစည်းအဝေး တစ်ခါလုပ်ခဲ့သေးတယ်လေ။ မြန်မာ့ရုပ်မြင်သံ ကြားမှာတောင် တိုက်ရိုက်လွင့်သေးတယ်လေ။ ပညာရေးနဲ့ပတ်သက်ပြီး ဆွေးနွေးကြတော့ အဲဒီတုန်းက တစ်ချို့ဆရာတော်တွေက သဒ္ဒါက များလွန်းတယ်၊ ကျက်ရတာခက်တယ်၊ သန္ဓိ၊ နာမ်၊ အာချာတ်၊ ကာရကတို့လောက်ဆိုရပြီ၊ သဂြီု င်္ဟ်ဆိုရင်လည်း စိတ်၊ စေတသိက်၊ ပကိဏ်း၊ ရုပ်၊ သမုစ္စည်း ဆိုရင်ရပြီ ကျန်တာမထည့်တော့နဲ့ ပထဝီ၊ သင်္ချာ၊ သိပ္ပံဘာသာရပ်တွေ ထည့်လို့ ပြောတာရှိသေးတယ်။ အဲဒါက အပြင်ကလူမဟုတ်ဘူး၊ ဆွေးနွေးဝိုင်းထဲပါတဲ့ ပညာရေးဘက်မှာ တာဝန်ခံနေတဲ့ဆရာတော်တွေ။ တီဗွီထိုင်ကြည့်နေတဲ့ ဦးဇင်းလေးတွေက အဲဒီဦးနှောက်လေးနဲ့ အဲဒီနေရာကို ဘယ်လိုလုပ် ရောက်သွား တာလဲ မသိဘူး လို့တောင် ပြောကြသေးတယ်။ စိတ်မကောင်းစရာတွေ အများကြီး။ ဆွေးနွေးပွဲလို့သာ ပြောတာပါ၊ သူ့စာရွက်ကိုယ့်စာရွက်နဲ့ တစ်ပါးပြီးတစ်ပါး တက်ဖတ်ကြတာ၊ စာတမ်းဖတ်ပွဲကျနေတာဘဲ။ တချို့ဆိုရင် စာရွက်ထဲ ပါတဲ့စာတွေဖတ်ပြီးတော့ “ဘုရားတပည့်တော် ဂါထာလေးတစ်ပုဒ်နဲ့ အဆုံးသတ်ပါ့ မယ်ဘုရား” လို့ဆိုပြီး ယောမာရသေန မာသန္န၊ မာသန္နဝိဇယုဿဝေါ ဆိုပြီးတော့ တရားဟောသလို ဂါထာ ရွတ်၊ အနက်ပေးလိုက်သေးတာ၊ ပြီးတော့ သာဓုဝိုင်းခေါ်ကြပြီး နောက်တစ်ပါးထပ်တက်လာ၊ စာရွက်ကြည့် ဖတ်ကြတာပေါ့။ ဆွေးနွေးပွဲကလည်း ဘယ်လိုတွေ ရေးဆွဲကြသလဲ မသိဘူး။ 

သဒ္ဒါကျမ်းတွေကို ဟိုတစ်စ၊ ဒီတစ်စဖြုတ်ချ၊ အဘိဓမ္မာကိုလည်း ဟိုတစ်စ၊ ဒီတစ်စဖြုတ်ချတာ တကယ်ပ ညာတတ်လာတယ်ထင်သလား မသိဘူး။ စာများတယ်၊ ကျက်ရခက်တယ် လို့ အကြောင်းပြချက်ပေး ရှာတယ်။ တစ်ပါးတက်လာ တစ်မျိုးပြောလိုက်၊ နောက်တစ်ပါးတက်လာ နောက်တစ်မျိုးထပ်ပြောလိုက်၊ တစ်ပါးတစ်မျိုး ပြောချင်တာပြောကြ။ နောက်ဆုံးတော့ ဘာမှမထူးဘဲ ကဲကဲ တစ်ပါးနဲ့တစ်ပါးလည်း ထင်မြင်ချက်တွေမတူကြဘူး၊ သဘောထားမတူကြဘူး။ ဒီအတိုင်းဘဲ ဆက်ထားကြမယ်။ မပြောင်းတော့ ဘူးလို့ လုပ်လိုက်ရတော့တာ။ ဂိုဏ်းပေါင်းစုံ ပညာရေးဆွေးနွေးပွဲက အဲလိုနဲ့ပြီးသွားရှာတယ်။ အခုတော့ သတိရမိတယ်။ အဲဒီပွဲလုပ်တာ အရမ်းကို စောလွန်းတယ်။ အခုလိုပွင့်လင်းတဲ့ ခေတ်ကာလထဲ လုပ်လိုက်ရ မှာ။ အဲဒါမှ ဘယ်သူက ဘာတွေပြောတယ်၊ ဘယ်လိုအမြော်အမြင်ရှိတယ် စသည် သိကြကုန်မှာ။
ဘာဘဲပြောပြော ဘုန်းကြီးစာသင်နည်းက ရှေးကျလွန်းတဲ့ စာသင်နည်းတစ်မျိုးလို့ဆိုရင် မမှားဘူးထင်တာ ပဲ။ ခေတ်ကာလတွေပြောင်းလို့ ကမ္ဘာမှာ သုတေသနအမျိုးမျိုးလုပ်ပြီး စာသင်နည်းတွေအမျိုးမျိုး ပြောင်းလဲ ကြပေမယ့်လည်း ဘုန်းကြီးစာသင်နည်းကတော့ ဟိုလွန်ခဲ့တဲ့ နှစ်တစ်ရာကျော်က စာသင်တဲ့အတိုင်းဘဲ ခေတ်သစ်ထဲကို ဆက်လက်သယ်ဆောင်နေဆဲ။ ဘုန်းကြီးက ထိုင်ခုံပေါ်ထိုင်၊ စာသင်သားက အောက်က မောက်ပြီးစာလိုက်။ တစ်ချို့က စာသင်ပုံပြောင်းတယ်လို့ ပြောကြတယ်။ စိတ်ဝင်စားတာပေါ့။ ဘာတွေ ပြာင်းလဲ သွားကြည့်တော့။ စာသင်သားတွေ မောက်ပြီး စာမလိုက်တော့ဘဲ ဆရာထိုင်သလို ထိုင်ခုံနဲ့ထိုင်လို က်ကြတာ တစ်ခုဘဲ။ ကျန်တာက ဘာမှ မထူး။ ဖြစ်ရလေချင်း။ စာသင်ပုံတွေက ပြောင်းလဲစရာတွေ အများကြီးရယ်၊ အသုံးပြုတဲ့သင်ထောက်ကူပစ္စည်း၊ စာသင်ခန်းကို စိတ်ဝင်စားစရာဖန်တီးမှု၊ သင်ခန်းစာနဲ့လိုက်လျှောညီထွေတဲ့ ဖန်တီးမှုအမျိုးမျိုး၊ အပြောင်းအလဲပြုလုပ်ရတဲ့ စာသင်ပုံစနစ်တွေ အများကြီးရယ်။ အဲဒါတွေမပြောင်းလဲဘဲ မောက်ထိုင်နေရတာကနေ ခုံပေါ်တက်ထိုင်တာလောက်နဲ့ ပြောင်းလဲတယ် လုပ်နေတယ်။

ပါဠိဆို၊ အနက်ဆို၊ အဓိပ္ပါယ်ပြောပြ၊ မှတ်စုရေး၊ တစ်ချို့ဆို မသင်ခင် အရင်ကူးထားပြီးသား၊ အဲဒါတွေကို ကျက်၊ အဲဒါတွေကျတော့ မပြောင်းသေးဘူး။ စာထဲ၊ သင်္ခန်းစာထဲစိတ်ဝင်စားအောင် ဘယ်လိုတွေလုပ်ကြ မလဲဆိုတာ မစဉ်းစားဘူး။ ဥပမာ တစ်ခုပြောရရင် - အဝိနိဗ္ဘောဂရုပ်ကို ဘယ်လိုရှင်းပြမလဲ၊ ပေါက်ပန်းသည် အနံ့မရှိဟူသောစကား မှန်၊ မမှန် အဘိဓမ္မာရှုထောင့်ဖြင့် သာဓကထုတ်၍ ဆုံးဖြတ်ပါဆိုသည့် ပုစ္ဆာမျိုးကို ပေါက်ပန်းကို စာသင်ခန်းထဲယူလာလိုက်မယ်၊ ပေါက်ပန်းမရနိုင်ရင် အခြားအနံ့မရှိတဲ့ စက်ကူပန်းလိုပန်းမျိုး တွေ ယူလာမယ်။ အမျိုးမျိုးစမ်းခိုင်းမယ်။ အရာဝတ္တုတိုင်းမှာ ရူပ၊ ဂန္ဓ၊ ရသ၊ သြဇာ၊ မဟာဘုတ်လေးပါး အကုန်ပါတယ်ဆိုတာမျိုးနဲ့ ရှင်းပြလိုက်ရင် စာသင်သားရဲ့စိတ်ထဲ ဒါတွေမစွဲဘဲ နေမလား။ အခုက ပါဠိဆို၊ အနက်ဆို မှတ်စုရေး ဆိုတာလောက်နဲ့ အလွတ်ကျက်လို့ ရချင်ရမယ်၊ စိတ်ထဲစွဲမှာ မဟုတ်ဘူး။ ကြာရင် ပြန်မေ့မှာဘဲ။ အလွတ်ကျက်လို့ရတာက စိတ်ထဲစွဲကျန်ခဲ့တာမဟုတ်ဘူးရယ်။ အဲဒီထဲက အဘ်ိဓာန်လိုစာမျိုး ကို အလွတ်ကျက်ရသေးတာ။ 

နောက် သင်ရိုးညွန်းတမ်းစာအုပ်ကမရှိဘူး။ ဆရာကိုင်သီးသန့်မရှိဘူး။ ဆရာတွေလည်း ဆရာဖြစ်သင်တန်း မရှိဘူး။ စာမေးပွဲအောင်သွားလို့သာ စာချလိုက်ရတာ။ ဆရာတစ်ဦးရဲ့ သင်ကြားရေးနည်းစနစ်တွေ လေ့ကျင့်ခဲ့တာမရှိဘူး။ ကိုယ်အောင်သွားတဲ့အတန်းဘဲ စာပြန်ချလို့ရတာပေါ့ဆိုတာမျိုး။ စာသင်တဲ့ဆရာက စာလေးပြောပြရုံ၊ မသိတာကို ရှင်းပြရုံလောက်နဲ့ စာသင်တယ်လို့မခေါ်ပါဘူး။ စာပြန်ချတယ်ဆိုတာ နောက်မျိုးဆက်သစ်တစ်ခုကို ပညာရေးအမွေလက်ဆင့်ကမ်းတဲ့ လုပ်ငန်းကြီး။ အဲဒီထဲမှာ ကျောင်းသား တစ်ဦးရဲ့ ဝါသနာ၊ စိတ်နေစိတ်ထား၊ အတွေးအခေါ်၊ နောက်ခံတွေကအစ နားလည်ရပြီး တစ်ဦးချင်းစီနဲ့ လိုက်လျှောညီထွေတဲ့ စကားတွေပြောရမှာ၊ အသင်အပြတွေ ပြင်ဆင်ရမှာပါ။ ဒါတွေကို သင်တန်းမပေးဘဲ ဆရာလုပ်ခိုင်းကြတော့ အမှန်ထက် အမှားတွေပိုများမှာပေါ့။ ပိုပြီးဆိုးတာက မှားလို့မှားမှန်းမသိတဲ့ အမှားတွေဆိုရင် အမှန်ကြီးလို့ထင်နေကြတာတွေ။ ကမ္ဘာတစ်ဝန်းလုံး ဆရာတွေကို ဒီလို သင်တန်းတွေ ပးနေကြတာကို ကိုယ်တို့ကဘာလို့ ပေးရကောင်းမှန်း မသိကြသေးတာလဲ။

နောက်တစ်ခုက ပြဌာန်းစာတွေ ကိုယ်သင်ခဲ့ဖူးတဲ့ စာတွေကိုဘဲ ပြဌာန်းကြတယ်။ တစ်ချို့ယဉ်ကျေးလိမ္မာ သင်တန်းတွေမှာ တွေ့ဖူးတယ်။ ပြဌာန်းစာတွေ။ သြကာသ၊ သရဏဂုံသုံးပါး၊ ငါးပါးသီလ၊ ဘုရား၊တရား၊ သံဃာဂုဏ်တော်၊ မေတ္တာပို့စသည် အားလုံးသိပြီးသား။ လှန်ကြည့်လိုက်တယ်၊ အစဆုံးစာမျက်နှာကနေ အဆုံးထိ စာတွေနဲ့ ပြည့်နှက်နေတာ၊ အရုပ်တစ်ရုပ်မှ မပါဘူး။ စာသင်တိုက်က စာသင်သားစာအုပ်တွေ အတိုင်းဘဲ။ သေချာတယ်၊ ဒီသင်ရိုးစာအုပ်က ဘုန်းကြီး၊ သို့မဟုတ်၊ ဦးဇင်းတစ်ပါးပါးက ရေးလိုက်တာ၊ ပြဌာန်းလိုက်တာ။ ကျက်ပေတော့ ကျောင်းသားတွေ၊ အဲဒီစာအုပ်ထဲကစာ။ ဘာ Philosophy မှမပါဘူး။ ဘယ် psychology မှ မပါဘူး။ ကျက်စာတွေဘဲ စုထားတာ။ ဒီလိုနဲ့ဘဲ စာတွေသင်လာခဲ့တာ။ ဒီလိုနဲ့ ပညာရေးဆိုတဲ့ခေါင်းစဉ်အောက်က စာမေးပွဲတွေ ဖြေလာခဲ့ကြတာလေ။ မဟုတ်ဘူးလား။ ကလေးက ဘယ်အသက်အရွယ်လဲ၊ နေရာက ဘယ်မှာလဲ၊ မြို့ပေါ်လား၊ နယ်ကဆိုရင် ရွာကလားစသည် သင့်လျော်တဲ့ ပုံတွေ၊ စာမျက်နှာအလွတ်တွေ၊ အသုံးပြုမယ့်ရောင်စုံတွေကို ကလေးတွေစိတ်ဝင်စားအောင် လုပ်ရမှာ မသိကြတာလား။ မအပ်စပ်ဘူးလို့များထင်သလား၊ စဉ်းစားစရာ။ ပညာရေးစိတ်ပညာ၊ ပညာရေးအတွေး အခေါ်တွေမရှိဘူးလို့ပြောရင် ဘယ်သူကလက်ခံမယ် ထင်မလဲ။ လက်ခံမယ်ထင်သလား။

စဉ်းစားကြည့်ပေါ့။ သူ့ပုစ္ဆာထုတ်နဲ့နှစ် စာသင်သားတွေသိပ်မအောင်ကြလို့၊ အောင်တဲ့လူမရှိလို့ ပုစ္ဆာခက်နိုင်တာကို ဂုဏ်ယူနေကြတဲ ခေတ်တစ်ခေတ် တို့ဘုန်းကြီးလောကမှ ရှခဲ့ကြတယ်လေ။ အဲဒါက မျိုးဆက်သစ်တွေကို ဘာပညာတွေပေးနေတာလဲ။ လူတွေမှာ အသက်အရွက်အလိုက် သိသင့်တဲ့ အသိပညာ၊ တတ်သင်တဲ့အတတ်ပညာလေးတွေရှိကြတယ်၊ အဲဒီပညာတွေကို အသက်အရွက်အလိုက် သင်ပေးနိုင်တာကို ပညာရေးလက်ဆင့်ကမ်းတယ်လို့ခေါ်တယ်။ စာသင်သားတွေမဖြေနိုင်အောင် ပုစ္ဆာတွေ ခက်အောင်မေးပြီး ပညာပြနေတဲ့ ပညာရေးအတွေးခေါ်မျိုးကိုတော့ ဘယ်လိုအတွေးအခေါ်လဲ မသိဘူး။ လိုက်မမီတော့ဘူး။ 

အခုကျတော့ စာမေးပွဲမအောင်လို့ လူထွက်ကြတယ်ဆိုပြီး မဖြေနိုင်မှာဆိုးလို့ ပုစ္ဆာတွေကို လွယ်အောင်မေးကြတယ်။ ပုစ္ဆာစစ်တော့လည်း ညာညာတာတာ၊ မအောင်လည်း ရော်မှတ်တွေနဲ့ အောင်လိုက်ကြတယ်။ ဒါတွေကကော ပုစ္ဆာတွေလွယ်အောင်လုပ်၊ ညာညာတာတာစစ်၊ ရော်မှတ်နဲ့ အောင်ပေးတာကကော အရည်အသွေးပြည့်မီပါ့မလား။ ကလေးတွေရဲ့ပညာရေးတွေကို ဘယ်လိုအတွေးခေါ်မျိုးတွေနဲ့ ပေးနေကြတာလဲ။ စာမေးပွဲအောင်တယ်၊ ကျတယ်ဆိုတာကိုလည်း ကိုယ့်ရဲ့အရည်အချင်းလို့ သတ်မှတ်လို့မရတော့ဘဲ ဆရာတွေရဲ့ အဆုံးအဖြတ်ပေါ်မှာဘဲ မူတည်တော့တာလား။ ကဲ ဘယ်လိုတွေ ဆက်လုပ်ကြမလဲ။ ဘယ်လိုလုပ်သင့်သလဲ။ ဒါကတော့ စာဖတ်သူတွေကိုယ်တိုင်ဘဲ ဆုံးဖြတ်ရမှာပါ။

လွန်ဆွဲနေတာကတော့ ပညာရေးပြုပြင်မယ်၊ မပြုပြင်ဘူးဆိုတာမကဘဲ၊ ပြင်သည်ဖြစ်စေ၊ မပြင်သည်ဖြစ်စေ မတူတဲ့အမြင်တွေ၊ နောက်ခံတွေနဲ့ ဗိုလ်စိတ်ဓာတ်တွေကြောင့် ဆက်လက် လွန်ဆွဲနေရဦးမှာပါဘဲလို့ဘဲ ထင်ပါတယ်။ ပြည်တွင်းနဲ့ပြည်ပ၊ လူကြီးနဲ့လူငယ်၊ ပညာရေးနဲ့ပတ်သက်တဲ့အမြင်လေးတွေက လုံးလုံးကွဲပြားနေတာကို မြင်နေရပါတယ်။ အဲဒီကွာခြားမှုလေးတွေကို ဒီစာထဲမှာ တတ်နိုင်သလောက်လေး ထည့်ထားပါတယ်။ ဒီစာကိုဖတ်လိုက်လို့ ဘာမှမပြောင်းလဲနိုင်သေးရင်တောင် တစ်ခုခုရသွားတယ်၊ သိသွားတယ်ဆိုရင် ရေးရကျိုးနပ်ပါပြီ။

စာတွေအလွန်ရှည်လွန်းသည့်အတွက် တောင်ပန်ပါတယ်။ အကယ်၍ လိုအပ်တာတွေ၊ ပြင်ဆင်သင့်တာတွေနဲ့ အကြံလေးတွေပေးစရာရှိရင် ပေးကြပါဦးလို့ ဖိတ်ကြားရင်း အားလုံးကို အထူးကျေးဇူးတင်ပါတယ်လို့ ပြောကြားအပ်ပါတယ်။

အရှင်နန္ဒိယ (ဖယ်ခုံ) 
17.05.2019 10:22:00 PM




လြန္ဆြဲေနရဆဲ ပညာေရးေဆြးေႏြးပြဲ

အခန္း (၁) 

အခုတေလာ ဖတ္ျဖစ္တဲ့စာေတြထဲမွာ ပညာေရးေဆာင္းပါးေတြပိုဖတ္ျဖစ္တယ္။ လက္ရွိပညာေရးနဲ႔ ပတ္သက္ေနတဲ့စာေတြကို ပိုဖတ္ျဖစ္တယ္။ ပညာေရးေဆာင္းပါးေတြဖတ္လာတဲ့အခါ ပညာရွင္ေတြေဝ ဘန္ထားတဲ့ေဆာင္းပါးရယ္၊ ဆရာ-ဆရာမေတြ ျပန္တင္ျပၾကတဲ့ ေဆာင္းပါးရယ္၊ ေက်ာင္းသားေတြေရးတဲ့ ေဆာင္းပါးရယ္၊ မိဘေတြရဲ႕ ရင္ဖြင့္သံေဆာင္းပါးေတြရယ္ အရမ္းကို ကြာဟလြန္းသလိုျမင္ရတယ္။ အထူးသျဖင့္ ဦးတည္ခ်က္ေတြက မတူၾကတာ။ အသြင္ေျပာင္းပညာေရး ဆိုသည့္ ေခါင္းစဥ္ေအာက္က သြားေနၾကတာခ်င္းေတာ့ တူေနေပမယ့္ ပညာေရးနားလည္ပုံ၊ ဖြင့္ဆိုပုံ၊ တန္ဖိုးထားပုံေတြက ကြာျခားလြန္း ပါတယ္။ အခုလက္ရွိပညာေရး ျပဳျပင္ေျပာင္းဖို႔သြားတဲ့ လမ္းေၾကာင္းေပၚမွာ ကေတာက္ကဆျဖစ္တဲ့ အသံေတြ ၾကားေနရတာေပါ့။ အဲဒါေတြကို နည္းနည္းေလး ဖြင့္အန္လိုက္ခ်င္တယ္။ 

ဒီစာကိုေရးရင္းရင္း ေရးေနက်ေဆာင္းပါးပုံစံႏွစ္ဆေလာက္ျဖစ္သြားတဲ့အတြက္ မွတ္လို႔လြယ္ေအာင္ ၁ နဲ႔ ၂ ထပ္ခြဲလိုက္တယ္။ ေနာက္ၿပီးဒီစာေတြကို တစ္စုံတစ္ဦးကို အဓိကရည္ရြယ္ၿပီး ေရးေနတာမ်ိဳးမဟုတ္ပါဘူး။ ဒါေပမယ့္ တစ္စုံတစ္ဦးကေျပာတဲ့စကားကိုေတာ့ ဘယ္သူ၊ဘယ္ဝါကေျပာတယ္လို႔ တိုက္ရုိက္နာမည္ထုတ္ မေဖာ္တာကေတာ့ က်င့္ဝတ္ေလးေတြကို ေစာင့္ထိန္းတဲ့အရာတစ္ခုလို႔ နားလည္ေစခ်င္ပါတယ္။ စာေရးသူက စာဖတ္သလို ဝါသနာတူ မိတ္ေဆြတို႔နဲ႔ ေျပာဆိုေဆြးေႏြးေလ့ရွိတဲ့ အက်င့္တစ္ခုလည္း ပါပါတယ္။ အဲဒါေၾကာင့္ ဒီစာေတြကိုလည္း ေဆြးေႏြးေျပာဆိုၾကတဲ့ စကားဝိုင္းေတြထဲက လိုအပ္တယ္လို႔ထင္တဲ့အခ်က္ေတြကိုလည္း ထည့္ေရးထားပါတယ္။
အခုလုပ္ေဆာင္ေနတဲ့ ပညာေရးျပဳျပင္ေျပာင္းလဲဖို႔ဆိုတဲ့အထဲမွာ
၁။ အသားက်ေနတဲ့ သင္ၾကားပုံေတြကို ေျပာင္းလဲဖို႔။
၂။ ဘက္စုံဖြံ႕ၿဖိဳးတဲ့ ပညာေရးျဖစ္ဖို႔ ျပည့္စုံတဲ့သင္ရုိုးညြန္းတမ္းေရးဖို႔။
၃။ ပညာေရးနဲ႔ ပတ္သက္တဲ့ ပံ့ပိုးကူညီမႈ ျပည့္စုံေအာင္ ရရွိဖို႔ ဆိုသည့္ဒီအခ်က္သုံးခ်က္ကို ဦးတည္ၾကတယ္လို႔ ျမင္ပါတယ္။ 

သင္ၾကားေရးပိုင္းကိုဘဲ ေရးၾကတာမ်ားတယ္။ အုပ္ခ်ဳပ္ေရး၊ စီမံခန္႔ခြဲေရးပိုင္းမွာ အဓိကထားေရးၾကတာ ေတာ့ သိပ္မေတြ႔ရဘူး။ အသားက်ေနတဲ့ သင္ယူမႈ၊ သင္ၾကားမႈကို ေျပာင္းလဲပစ္ဖို႔ ဆရာ၊ဆရာမေတြကို သင္တန္းေပးၾကတယ္။ လူတစ္ဦးခ်င္းစီ တတ္သင့္တတ္ထိုက္သည္ထင္သည့္ အေျခခံပညာရပ္ေတြကို ေပးႏုိင္ဖို႔ သင္ရုိးညြန္းတန္း ေတြ ေရးဆြဲၾကတယ္။ ပညာေရးနဲ႔ပတ္သက္လာရင္ အစိုးရအေနနဲ႔ အဓိက တာဝန္ယူဖို႔ အားလုံးကေျပာၾကတယ္။ ဒီသုံးခုကိုလုပ္ၾကတယ္။ ေနာက္နံပါတ္ေလးတစ္ခ်က္အေနနဲ႔ ေျပာရရင္ ေက်ာင္းသားေတြဘက္က ေကာင္းေကာင္းသင္ယူႏုိင္ဖို႔ အျမင္က်ယ္ဖို႔ တတ္ႏိုင္တဲ့လူေတြက စာၾကည့္တိုက္တို႔ စာၾကည့္ဝိုင္းတို႔ လုပ္ေပးၾကတာေပါ့။ 

ဒီၾကားထဲက ျပႆနာက ဘာလဲဆိုေတာ့ အခုလက္ရွိက သူတစ္ပါးႏိုင္ငံ၊ အထူးသျဖင့္ ဖြံ႕ၿဖိဳးၿပီးႏုိင္ငံေတြကို စံ-နာမူနာ တစ္ခု အေနနဲ႔ ထားၿပီး လိုက္လုပ္ၾကတယ္လို႔ ေျပာရင္လည္း မမွားဘူးထင္တယ္။ ပညာေရး ေဆာင္းပါးေတြ ေတာ္ေတာ္မ်ားမ်ားမွာလည္း ဘယ္ႏိုင္ငံဆိုရင္ ဘယ္လိုသင္တယ္၊ ကေလးကဘယ္လို ေတာ္တယ္ဆိုတာမ်ိဳး ေတာ္ေတာ္ေရးၾကတာေတြ႔ၾကမွာပါ။ ဒါကလည္း ျဖစ္ေစခ်င္တဲ့ စိတ္လည္းပါမယ္၊ အသိပညာျပန္မွ်ေဝခ်င္တဲ့ ေစတနာလည္း ပါမယ္ထင္တယ္။ ဆရာ၊ ဆရာမေတြနဲ႔ ပညာေရးဆိုင္ရာ တာဝန္ရွိေတြလည္း လုိက္လုပ္ၾကပါတယ္။ ေအာင္ျမင္လာမယ္လို႔လဲ ယုံၾကည္ၾကတာပဲ။ ဒါေပမယ့္ အခုေလာေလာဆယ္ေတာ့ ေျပာင္းဆန္ေနတာမ်ိဳးေတြလည္းရွိတာေပါ့။ 

ဥပမာ- ကိုးတန္းအထိ အကုန္ေအာင္တို႔၊ အက်မရွိတို႔၊ က်ရင္လည္း ျပန္ေျဖတာတို႔ စတာေတြရွိတာေပါ့။ ဆိုေတာ့ က်တဲ့လူလည္း ျပန္ေအာင္ေပးလိုက္ၾကတယ္။ အဲဒီထဲက တစ္မွတ္မွမရလို႔ ဆရာေတြက အကုန္ေအာင္လို႔ ေျပာတဲ့ၾကားကေန က်တဲ့စာရင္းထဲ ထည့္လိုက္တာမ်ိဳး။ အဲဒါကို တာဝန္ခံေတြဆီ ျပန္ေရာက္ေတာ့ အကုန္ေအာင္ဆိုၿပီးထပ္လုပ္လိုက္တာမ်ိဳး။ ဆရာ ဆရာမေတြက အရည္အခ်င္းမရွိလည္း ေအာင္တာပဲလို႔ ေျပာၾကတယ္။ ေက်ာင္းသားေတြက သိေရာ။ တစ္ခ်ိဳ႕ဆို စာကို မက်က္ေတာ့တာ။ ဆိုးခ်င္တိုင္းလည္း ဆိုးေတာ့တာပဲ။ ေနရာတိုင္းေတာ့ မဆိုလိုဘူး၊ တစ္ခ်ိဳ႕ဆရာေတြ ေျပာတဲ့စကားေတြေပါ့။ ေက်ာင္းသားဘယ္ေလာက္ဆိုးဆိုး ရုိက္လို႔မရ ဆိုတဲ့ စည္းကမ္းက ရွိိျပန္ေရာ။ ဆရာ၊ ဆရာမေတြက အဲဒီမွာ ခံရျပန္ေရာ။ 

ေနသားက်လာခဲ့တာက ဆရာ၊ ဆရာမစကားကို နားေထာင္ရမယ္၊ ဆရာအျပစ္ေပးရင္ခံရမယ္၊ မဟုတ္လား ဒီလိုဘဲ အုပ္ခ်ဳပ္လာခဲ့ၾကတာေလ။ အခုက နားမေထာင္ဘူး။ ရုိက္လို႔လည္း မရဘူး။ တစ္ခ်ိဳ႕ဆို ေဆးလိပ္စြဲ အရက္စြဲ၊ ဘိန္းစြဲတဲ့ေက်ာင္းသားေတာင္ ပါလာၾကတာ။ တစ္ခ်ဳိ႕ေက်ာင္းသားေတြဆိုရင္ ဆရာဆို နည္းနည္းအဖတ္လုပ္ေနေသးေပမယ့္ ဆရာမဆိုရင္ ဂရုေတာင္ မစိုက္ေတာ့တာမ်ိဳးေတြလည္း ရွိတယ္။ ဆိုေတာ့ ျပႆနာလည္းမတက္ခ်င္၊ ရန္စတာလည္း မခံခ်င္တာနဲ႔ မသိသလို ေနေနရတဲ့ ဆရာ၊ ဆရာမေတြ ျဖစ္လာၾကတယ္တဲ့။ ဆိုေတာ့ ဇာတ္လမ္းက လွလွေလးေတြ ရႈပ္လာေတာ့တာေပါ့။ ဒါကေတာ့ ဆရာမရဲ႕ရင္ဖြင့္သံေတြေပါ့ေလ။ 

ပညာရွင္ေတြဘက္က ေျပာတဲ့ က်က္စာေတြမ်ားတယ္၊ ဦးေႏွာက္အလုပ္မလုပ္ဘူးစတာေတြကေတာ့ ေျပာစရာမလိုဘူး၊ လူတိုင္းသိၿပီးသားျဖစ္ပါလိမ့္မယ္။ ဒီစကားေတြေၾကာင့္ဘဲ ေျပာင္းလဲဖို႔ႀကိဳးစားၾကတာ ပဲေလ။ ေက်ာင္းသားေတြဘက္ကေျပာတဲ့ စာအုပ္မရွိဘူး၊ အလြယ္တကူမရဘူး။ ဆရာမေတြက ဒါဆိုဒါ၊ ဟိုဆိုဟို က်က္ေနရတယ္ဆိုတာေတြလည္း စတာေတြလည္း သိၿပီးသား။ ေနာက္မိဘေတြက သားသမီးအတြက္ အမွတ္ေကာင္းရေစခ်င္တာ၊ မိဘထက္ေတာ္ေအာင္ ထားတာ၊ ပညာေရးဘဲ စိတ္ဝင္စားေစခ်င္တာ စတဲ့စကားေတြလည္း ၾကားရတဲ့သူေတြ အလြတ္ရေန ၾကၿပီထင္ပါတယ္။

ဖြံ႕ၿဖိဳးၿပီးႏုိင္ငံကေလးေတြက ကေလးတစ္ေယာက္ရဲ႕ လိုအပ္တဲ့ အစားအစာ၊ ပတ္ဝန္းက်င္ကအစ အျပည့္ အစုံ ပ့ံပိုးမႈေတြရွိတယ္၊ ပညာေရးနဲ႕ပတ္သက္ရင္လည္း ပံ့ပိုးမႈက အသက္အရြယ္အလိုက္ရရွိၾကတယ္။ အသက္အရြက္နဲ႔ လိုက္ဖတ္တဲ့စာေတြဖတ္ရတယ္။ စာေစာင္ေတြ စာအုပ္ေတြရွိတယ္။ ဆိုေတာ့ သူတို႔က စာနဲ႔က မစိမ္းဘူး။ စာဖတ္ဖို႔က ထမင္းစား၊ ေရေသာက္သလို ရင္းႏွီးလာခဲ့ၾကတာေလ။ ဘယ္လိုစာအုပ္ဖ တ္ဖို႔ လိုသလဲ။ ဘယ္လိုစာအုပ္ေတြ ဘယ္မွာရႏုိင္တယ္။ ဘယ္လိုစာအုပ္အမ်ိဳးအစားက ဘယ္လိုရွိတယ္ဆို တာက အစ သူတို႔အတြက္က အေသးအမႊားကိစၥတစ္ခု။ 

တို႔ဘက္က ကေလးေတြကို ၾကည့္ေလ။ အခုမွလူတိုင္းနီးပါးေက်ာင္းတက္ရတာမလား၊ လြန္ခဲ့သည့္ ဆယ္စုႏွစ္ တစ္စုေလာက္အထိ ေက်ာင္းတက္တဲ့ကေလးဆိုရင္ အရပ္ထဲက အထက္တန္း၊ အလယ္တန္း လူတန္းစား အလႊာက ကေလးေတြဘဲ မ်ားပါတယ္။ အထူးသျဖင့္ရြာဘက္မွာဆိုပိုဆိုးတယ္။ ရြာဘက္ေတြမွာ အခု အသက္ႏွစ္ဆယ္၊ နွစ္ဆယ္ေက်ာ္လူငယ္ေလးေတြတစ္ခ်ိဳ႕ သူငယ္တန္းမေနရခဲ့ရလို႔ စာမဖတ္တတ္ တေတြလည္းရွိတယ္။ စာအုပ္စာေပကို လူမိတ္ေဆြလို႔ မိတ္ဖြဲ႔ႏိုင္ဖို႔ကမလြယ္။ ကေလးမေျပာနဲ႔ လူငယ္၊ လူလတ္၊ လူႀကီး။ စာဖတ္ဖို႔ကို တုိက္တြန္းေနရတယ္။ အဲဒါေတာင္ အလုပ္မအားလို႔ မဖတ္ၾကေသးဘူး။ စာအုပ္ေလး လက္နဲ႔အၿမဲလိုလို ကပ္ေနတဲ့သူဆိုရင္ ပညာေရးသမားတစ္ေယာက္လိုလို၊ အလုပ္ႀကီး အကိုင္ႀကီး လုပ္တဲ့လူလိုလို၊ စာေတာ္တဲ့ အနာဂတ္ၾကယ္ပြင့္ ေက်ာင္းသားလိုလို၊ သူတစ္ပါးထက္အျမင္က် ယ္တဲ့ လူငယ္တစ္ေယာက္လုိလိုနဲ႔ သူမ်ားထက္ကို ထူးသြားတာေလ။

 ဖြံ႔ၿဖိဳးၿပီးသားႏုိင္ငံနဲ႔ ဖြံ႕ၿဖိဳးဆဲႏုိင္ငံေတြရဲ႕ ေက်ာင္းသားေတြက ေနာက္ခံလည္း ကြာတယ္၊အေျခအေနလည္း မတူဘူး။ တစ္သားထဲက်ႏုိင္ဖို႔က မခက္ဘဲ ေနမလား။ မရုိက္ဘဲ ေကာင္းေကာင္းေလးေျပာရင္ ရတယ္၊ နားလည္တယ္လို႔ေျပာရေအာင္ ဒီကေလးေတြက စာဖတ္နာတဲ့ ကေလးမို႔လား၊ ရွစ္တန္း၊ ကိုးတန္းမွာ မရုိက္ဘဲ ေျပာလို႔ရေအာင္ သူငယ္တန္းကေန ၇ တန္း၊ ၈ တန္းအထိ မရုိက္ဘဲ ယဥ္ယဥ္ေက်းေက်းနဲ႔ ဆုံးမတာခံလာခဲ့တဲ့ ကေလးမို႔လား။ မဆူ မေငါက္ဘဲ ဆုံးမစကားနားေထာင္ရေအာင္ ဒီကေလးေတြရဲ႕ ပတ္ဝန္းက်င္က လူလိမ္မာေတြ၊ သူေတာ္ေကာင္းေတြမို႔လား စတဲ့ ေမးခြန္းေတြက တက္လာက်ပါေလေရာ။ ဒါေတြကို ေျပာရင္လည္း အရွည္ႀကီးျဖစ္မွာဘဲေလ။

ဆရာ၊ ဆရာမေတြကလည္း ဘယ္ကလာတာမို႔လို႔လဲ။ ဒီႏိုင္ငံက ဆရာ၊ ဆရာမေတြဘဲေလ။ တို႔ေသြးခ်င္း ေတြပဲ။ ဒီႏိုင္ငံက ပညာေရးနဲ႔ ႀကီးလာၿပီး ဘြဲ႔ရတဲ့သူေတြပါဘဲ။ ေနသားက်သြားတဲ့ အလြတ္က်က္ပညာေရး စနစ္ ေအာက္က သူတို႔လည္း ေခတ္ရဲ႕သားေကာင္ ျဖစ္ခဲ့ရရွာတာ။ အခုမွ ေက်ာင္းသားဗဟိုရ္ျပဳ ခ်ည္းကပ္နည္း ဆိုတဲ့စကားလုံးေတြ ၾကားရတာေလ။ သူတို႔ေက်ာင္းသား၊ ေက်ာင္းသူဘဝတုန္းက ဆရာ၊ ဆရာမေတြ ဒီစနည္းနဲ႔သင္ၾကရင္ ဘယ္ေလာက္ေကာင္းမလဲ၊ မဟုတ္ဘူးလား။ အခုသူတို႔ခမ်ားမွာလည္း ရုန္းကန္ေနရရွာတာ။ စာေရးဆရာမတစ္ေယာက္ (ခင္ႏွင္းၾကည္သာ) ေျပာသလို ငါတို႔မ်ိဳးဆက္က အနစ္နာခံရမယ့္မ်ိဳးဆက္ ဆိုတာ သူတို႔အတြက္လည္း မွန္တယ္။ 

လြန္ခဲ့သည့္ ၂၀၁၆ တုန္းက မႏၱေလးမွာ စကားစပ္မိလို႔ အေမရိကန္က ပေရာ္ထက္ဆာ အမ်ိဳးသမီးတစ္ဦးနဲ႔ CCA အေၾကာင္း RWCT သင္ၾကားနည္း အေၾကာင္းေျပာခဲ့ေသးတယ္။ သူတို႔က အဲဒါက ဘာလဲလို႔ အထူး အဆန္းေမးေနတာ။ အဲဒီစကားလုံးနဲ႔ မရင္းႏွီးဘူး၊ မသိဘူးလို႔ ေျပာရွာတယ္။ သူူတို႔က ဒါေတြကို သိစရာ မလိုေတာ့ဘူးေလ။ သူတို႔ရဲ႕ သင္ယူမႈျဖစ္စဥ္ေတြထဲမွာ တစ္ခါတည္းပါၿပီးသား။ ေပါ့ေပါ့ပါးပါးရွိတယ္။ လြတ္လြတ္လပ္လပ္ရွိတယ္။ ကေလးဘဝကတည္းက ဒီလိုသင္ေပးၾကတယ္။ ဆရာျပန္ျဖစ္ေတာ့လည္း ဒီလိုျပန္သင္ေပးၾကတယ္။ ဆရာျဖစ္သင္တန္း၊ သင္ၾကားေရးသင္တန္းေတြ ေကာင္းေကာင္းရွိတယ္။ သူတို႔မွာ ဒီသင္ၾကားေရးလမ္းစဥ္ကို နည္းစနစ္အသစ္တစ္ခုလို သင္ၾကားေနရတာမ်ိဳးေတာ့ မရွိေလာက္ ေတာ့ဘူး။ ဒီလိုသင္ၾကားမႈေတြဟာ သူတို႔မွာ ေနသားက်ၿပီးသား။

တို႔ဆရာေတြက အခုမွသင္တန္းတက္ေနရတာေလ။ ဆရာကိုင္သင္ရုိးညြန္းတန္းစာအုပ္က အရင္က ရွိခဲ့တာမဟုတ္ဘူူး။ အခုမွေတြ႔ဖူးတာ။ သင္ရမယ့္သခၤန္းစာ၊ ရတဲ့အခ်ိန္၊ ေက်ာင္းသားအရည္အတြက္နဲ႔ အန္ဝင္ခြင္က်ျဖစ္ဖို႔က အေတာ္ကို ႀကိဳးစားေနရမွာ။ မေျပာလည္း သိေနတဲ့အရာကေတာ့ အခုမွစတာ ျဖစ္တဲ့အတြက္ ဆရာကုိင္လမ္းညြန္ကိုလည္း သင္ေနတဲ့ဆရာေတြ အေျခအေနအရ အေျပာင္းအလဲ ထပ္လုပ္ဖို႔ ခက္လိမ့္မယ္။ ဆရာကိုင္ထဲမွာ “သိတဲ့သူရွိရင္လက္ညဳိးေထာင္”လို႔ေျပာခိုင္းရင္ သိတဲ့လူရွိရင္ လက္ညိဳးေထာင္ဆိုတာကအစ တေဝမတိမ္းလိုက္နာေနၾကဦးမွာဘဲ။ အစကိုး၊ ဒီေလာက္ေတာ့ ရွိမွာေပါ့။ ဆိုေတာ့က အမွားေတြ၊ အားနည္းခ်က္ေတြ၊ ဟာကြက္ေတြမ်ားစြာရွိလိမ့္မယ္။ 

ႏွစ္ေပါင္းမ်ားစြာ တိတ္ဆို တိတ္၊ ေျပာဆိုေျပာ အမိန္႔ေပးခံရတဲ့ ကေလးေတြကို အခုမွ ေျပာခ်င္တာေျပာ လို႔ ဖြင့္ေပးလိုက္ေတာ့ ကေလးေတြမွာလည္း ေျပာဖို႔ ေအာင့္လာခဲ့တဲ့ ႏွစ္ေပါင္းလည္း မနည္းေတာ့ဘူးမလား။ ေျပာေတာ့မွာေပါ့။ ဆိုေတာ့ ဒီအေျပာင္းအလဲကာလမွာ ဆရာနဲ႔ တပည့္ေတြရဲ႕ ျပႆနာက မေသးဘူး။ ေဘးကေန သီအိုရီထိုင္ရြတ္ျပေနရုံနဲ႔ေတာ့ မသိႏိုင္ပါဘူး။ ဒါေတြကို ေနသားက်သြားဖို႔က အခ်ိန္ေတြ အၾကာႀကီး ထပ္ယူရဦးမယ္။ ႏုိင္ငံေရးရဲ႕ ကယပ္ေတြကလည္း ပညာေရးကို လာမထိဖို႔ ဂရုစိုက္သင့္တယ္။ မဟုတ္ရင္ အခုတည္္ေဆာက္ကာစ ပညာေရးအေဆာက္အဦးေတြ အကြဲကြဲ အၿပဲၿပဲျဖစ္သြားႏုိင္တယ္။

ေနာက္တစ္ခုက က်ဴရွင္မထားရစနစ္က ဘယ္ေရာက္သြားလဲဆိုရင္ ေဘာ္ဒါေဆာင္ေတြေရာက္သြားၾကတာ ဘဲေလ။ မိဘေတြက သားသမီးေတြကို အမွတ္ေကာင္းေကာင္းရေစခ်င္တာေလ။ ေဘာ္ဒါေဆာင္ေတြလည္း ေအာင္ခ်က္ေကာင္းေအာင္၊ ဂုဏ္ထူးထြက္ေအာင္ ခါးေတာင္းက်ိဳက္ေနရတာမလား။ သူတို႔မွာ ဆရာေတြက အစ ပိုက္ဆံေပးၿပီးငွားရတာ။ အက်မ်ားလို႔ မျဖစ္ဘူးေလ။ ဆိုေတာ့ေလ- သားသမီးေတြပညာေရးပိုေကာင္း ေအာင္ ဆိုတဲ့ရည္ရြယ္ခ်က္နဲ႔ ေဘာ္ဒါေဆာင္ ေတြကို အလုအယပ္ထားၾကတဲ့ေခတ္ထဲမွာ ေဘာ္ဒါေဆာင္မွာ စာအလြတ္မက်က္ရေတာ့ဘူး ထင္လို႔လား။ စည္းကမ္းက ပိုလို႔ေတာင္ တင္းၾကပ္ေသးတယ္။ ဒါဆိုရင္ ေျပာင္းလဲတာက ဘာလဲ။ ေျပာင္းလဲတယ္ဆိုတဲ့ စကားလုံးေတြကို ဘယ္လိုေတြလက္ခံထားၾကသလဲ။

မိဘေတြကေကာ အေျပာင္းအလဲကို ဘယ္လိုလက္ခံၾကသလဲ။ ဒါကေတာ့ အစိုးရေက်ာင္းကိုအားထားတဲ့ သာမာန္မိဘေတြကို ေျပာတာပါ။ private school တို႔ Home school တို႔ကို အားထားတဲ့ မိဘေတြကေတာ့ ဒီေနရာမွာ မဆိုလိုပါဘူး။ အစိုးရေက်ာင္းက ပညာေရးေတြကေတာ့ အားလုံးျငင္းလို႔မရတာတစ္ခုက အလုပ္ သမားကို ေမြးထုတ္ေပးတဲ့ စက္ရုံနဲ႔အတူတူဘဲ။ ဘြဲ႔ရၿပီးလို႔ ဝန္းထမ္းမျဖစ္ရင္၊ အလုပ္ေလွ်ာက္လို႔မရေသး ရင္ ပတ္ဝန္းက်င္က အသုံးမက်ဘူးလို႔ ျမင္ၾကတဲ့ေခတ္ဘဲေလ။ သားသမီးေတြ ဝန္ထမ္းျဖစ္ဖို႔အေရးကို မိဘေတြခမ်ား အမွတ္ေကာင္းေကာင္းရေအာင္ ေက်ာင္းရွာေနၾကတယ္။ 

သင္ရုိးညြန္းတန္းနဲ႔ပတ္သက္ၿပီး အားလုံးသင္ယူၾက။ စာေမးပြဲေတြေျဖၾက။ အရည္အခ်င္းသတ္မွတ္ၾက၊ ၁-၂-၃ ေရြးၾကတဲ့အေပၚမွာလည္း ေျပာစရာ၊ ျငင္းခုံစရာေတြျဖစ္ေလေရာ။ အထူးသျဖင့္ အစိုးရစစ္တို႔ေပါ့။ ၿမိဳ႕ေပၚကကေလးနဲ႔ နယ္ကကေလးေတြက အရမ္းကိုကြာျခားေနတာေလ။ ေက်ာင္းရဲ႕ျပည့္စုံမႈ၊ ပံ့ပိုးေပးမႈ၊ ခန္႔တဲ့ဆရာကအစ ၿမိဳ႕ႀကီးေပၚနဲ႔နယ္။ ၿမိဳ႕ေပၚနဲ႔ ရြာ အရမ္းကို ကြာလြန္းလွတယ္မလား။ ဒါကို အားလုံးက သိေနတာဘဲေလ။ ေနာက္တစ္ခုက ဗမာကေလးနဲ႔ အျခားတိုင္းရင္းသားကေလးေတြ။ သင္တာ ရွင္းျပတာ က အစ ဗမာစကားနဲ႔သင္တာ။ ညအခါ လသာသာ လို႔ေျပာလိုက္ရင္ ဗမာကေလးေတြ နားမလည္ဘဲေနမ လား။ တိုင္းရင္းသားကေလးက ဘယ္သိမွာလဲ။ ည ကဘာလဲ၊ လကဘာလဲ ဆုိတာကို မသိေတာ့ ေငးေနရ ရွာတယ္။ အသင္အျပ မကၽြမ္းက်င္တဲ့ ဆရာနဲ႔ေတြ႔ရင္ ပိုဆိုးေသးတယ္။ နားမလည္တဲ့ စကားလုံးေတြကို အလြတ္က်က္ေနရ။ ထပ္တလဲလဲ ျပန္ဆိုေနရတဲ့ ဒုကၡက မေသးဘူးရယ္။ ေက်ာင္းတက္ခ်ိန္ေတြက မိုးနဲ႔ေ ဆာင္း။ ေျမျပန္႔ေဒသ၊ ေျမလတ္ပိုင္း၊ ေအာက္ပိုင္းေတြမွာ အဆင္ေျပေနေပမယ့္ ေတာင္တန္းေဒသေတြမွာ အခက္အခဲရွိတယ္။ အထူးသျဖင့္ မိုးတြင္း ေျမၿပိဳတတ္တဲ့ ေဒသေတြဆိုရင္ ေက်ာင္းကို ေကာင္းေကာင္းမ တက္လိုက္ရဘူး။ အသြားအျပန္ခက္ခဲ၊ လမ္းပန္းဆက္သြယ္ေရး အဆင္မေျပ၊ ေက်ာင္းအေဆာက္အဦးက မေကာင္းလို႔ မလုံၿခဳံတဲ့ ေနရာေတြဆိုရင္ ပိုေတာင္ဆိုးေသးတယ္။ စာသာေကာင္းေကာင္းမသင္ရတာ စာေမးပြဲ ေျဖခ်ိန္တန္ၿပီဆိုရင္လည္း ေျဖရတာဘဲမလား။ တစ္ႏိုင္ငံလုံး တစ္ခ်ိန္တည္း ေျဖရတာေလ။ သူ႔ေဒသနဲ႔ သူ႔ရာသီဥတုနဲ႔လိုက္ဘက္တဲ့ အခ်ိန္ေလးမွာ သင္ၾကားလို႔ရရင္ စာေတြေကာင္းေကာင္းသင္ရၿပီး စာလည္းပိုတတ္မယ္ထင္တယ္ေနာ္။ ဖယ္ဒရယ္စကားေတြကို ေျပာရင္ ဒီအေၾကာင္းေတြကိုလည္း ေျပာရလိမ့္မယ္ေနာ္။ ဆိုလိုတာက ပညာေရးနဲ႔ ပတ္သက္ၿပီး ညိွႏိႈင္းစရာေတြ ျပဳျပင္စရာေတြရွိသလို၊ အျငင္းပြားစရာေတြလည္း အမ်ားႀကီးေပါ့။ လြန္ဆြဲေနရဆဲ ေဆြးေႏြးပြဲတစ္ခုေပါ့။ 

မိဘ၊ ေစာင့္ၾကည့္သူ၊ ပါဝင္သည့္ပညာရွင္၊ ဆရာဆရာမနဲ႔ ေက်ာင္းသားတို႔ၾကားမွာ အခုအခ်ိန္ထိေတာ့ သူ႔ဘက္ကိုယ့္ဘက္လြန္ဆြဲေနဆဲပါဘဲ။ တကယ္ေတာ့ ဒါေတြကလြန္ဆြဲေနတာလို႔ဆိုရေပမယ့္ အားလုံးနဲ႔သင့္ေတာ္မယ့္ ပတ္ဝန္းက်င္တစ္ခုကို တည္ေဆာက္ဖို႔ အတူတူႀကိဳးစားေနၾကတာမို႔ အခ်ိန္ယူၿပီးဆက္သြားၾကရင္ လိုခ်င္တဲ့ ပန္းတိုင္တစ္ခုဆီေတာ့ ေရာက္ၾကမွာပါ။ လြန္ဆြဲေနၿပီးေတာ့ ဘယ္မွမေရြ႕ဘဲ တုန္႔ရင္းတုန္ရင္းနဲ႔ မေျပာင္းလဲေသးတာ တို႔ဘုန္းႀကီးပညာေရးဘဲလို႔ ျမင္ပါတယ္။


အခန္း (၂) 

ျမန္မာႏိုင္ငံ ဘုန္းႀကီးပညာေရးနဲ႔ ပတ္သက္ၿပီးေတာ့ ပညာေရးလို႔ေျပာလိုက္ရင္ စာေမးပြဲကိုဘဲ လွမ္းျမင္ၾက မယ္ထင္တယ္ေနာ္။ ျမင္မယ္ဆိုလည္း ျမင္စရာဘဲေလ။ လူတစ္ဦးရဲ႕ ပညာေရးကို စာေမးပြဲနဲ႔သတ္မွတ္ၾက တာကိုး။ စာဘယ္ေလာက္ေတာ္ေတာ္ စာေမးပြဲမေအာင္လို႔ကေတာ့ ဘယ္သူမွ အသိအမွတ္မျပဳၾကဘူး မလား။ ဘယ္ဆရာေတာ္က ဘယ္က်မ္းကို ျပဳႏုိ္င္ခဲ့လု႔ိ၊ ဘယ္လိုလုပ္ေဆာင္ႏိုင္လုိ႔ ဂုဏ္ျပဳတာဆိုတာထက္ စာေမးပြဲေအာင္လို႔ ဂုဏ္ျပဳတာက ပိုဂုဏ္ရွိတယ္မလား။ ဆိုေတာ့ စာေမးပြဲမေအာင္လို႔ကေတာ့ ဂုဏ္ျပဳခံရဖို႔ ဆုမေတာင္းနဲ႔။ စာေမးပြဲမေအာင္ဘဲ ဂုဏ္ျပဳၾကတဲဘြဲ႕ေတြေတာ့ ရွိတာေပါ့ေလ။ အဲဒီဘြဲ႔ေတြလည္း ဘယ္လို ေတြ ျဖစ္ေနၾကသလဲ ဆိုတာကို မေျပာဘဲလဲ သိၿပီးသား။ အဲဒါေၾကာင့္ စာေမးပြဲေအာင္လို႔ရတဲ့ဘြဲ႕က ဂုဏ္အရွိဆုံး။ ဘယ္သူ႔ကိုမွ မပုတ္ခတ္ပါ၊ ပညာေရးကို စာေမးပြဲနဲ႔ တိုင္းတာေနရတဲ့ အေျခအေနကို ဆိုလိုတာပါ။

စာေမးပြဲကို ဘယ္သူေတြလုပ္ၾကတာလဲ။ ဘာလို႔လုပ္ၾကတာလဲဆိုတာကို သမိုင္းကဆိုတယ္။ မင္းတုန္းမင္း ေခတ္က စာျပန္ပြဲကေတာ့ စာျပန္ပြဲသက္သက္ပါဘဲ။ စာေျဖတာမဟုတ္ေသးပါဘူး။ ျမန္မာႏိုင္ငံလြတ္လပ္ ေရး မရခင္ သူ႔ကၽြန္ခံေနရတဲ့အခ်ိန္တုန္းက စခဲ့တာ။ ျမန္မာႏိုင္ငံဘုန္းႀကီးစာေမးပြဲထဲမွာ သက်သီဟစာေမး ပြဲက အေစာဆုံးဘဲထင္တယ္ေနာ္။ ေခတ္ကာလအေျခအေနအရေရာ၊ သဒၶါတရားပိုင္းမွာေရာ စာေပကို လုပ္တဲ့ ရဟန္း သာမေဏေတြနည္းလာၾကလိို႔ စာေမးပြဲနဲ႔ျပန္ဆြဲေဆာင္ၾကတာ။ ဘယ္က်မ္းေတြ၊ ဘယ္စာ ေတြၿပီးရင္ ဘယ္ဘြဲ႔ကပ္တယ္ေပါ့။ အဲလိုနဲ႔စာေမးပြဲေတြ စျဖစ္ခဲ့ၾကတာ။ မူလသဒၶါတရားအရင္းခံေကာင္းတဲ့ သူေတြကေတာ့ စိတ္မဝင္စားပါဘူး။ စာေမးပြဲမရွိလည္း သူတို႔က ေလ့လာေနတာပဲေလ။ တစ္ခ်ိဳ႕က ဘုရားစာကို စာေမးပြဲနဲ႔က်င္းပတာ စိတ္တိုင္းက်ပုံမေပၚဘူးရယ္။ အဲဒီအခ်ိန္က စာေမးပြဲမေျဖၾကတဲ့ နာမည္ႀကီးတိုုက္ႀကီးေတြ အမ်ားႀကီးပါပဲ။ ေနာက္ေတာ့ ပထမျပန္စာေမးပြဲလည္း ထပ္ေပၚလာတာေပါ့။ 

အခုေနာက္ပိုင္းမွာေတာ့ စာေမးပြဲတစ္ခုၿပီးတစ္ခု ေပၚေပါက္လာခဲ့တာေတာ့ အမ်ားႀကီးေပါ့။ စာေမးပြဲမေျဖ ရင္ စာလုပ္တယ္လို႔မထင္ၾကေတာ့တဲ့အေျခအေနေတြ ေရာက္လာေတာ့ ဘုန္းႀကီးေတြလည္း စာေမးပြဲေတြ နဲ႔ အခ်ိန္ေပးေနရေတာ့တာပါဘဲ။ စာေမးပြဲဆိုတာကိုေတာ့ သိတဲ့အတိုင္း လူေတြကို ခြဲျခားေစတဲ့စနစ္ေတြ ပါလာတယ္။ စာေမးပြဲေအာင္ရင္ မ်က္ႏွာပန္းလွၿပီး က်ရင္သိမ္ငယ္ရတယ္။ ဘယ္သူကေျမွာက္ေပးထားမွန္း မသိေပမဲ့ ၾကာေတာ့ ေက်ာင္းတိုက္ဂုဏ္သိကၡာအတြက္ စာေမးပြဲေအာင္ဖို႔ ႀကိဳးစားတာတို႔ဘာတို႔ ပါလာ ေတာ့တာဘဲ။ အဲဒီလိုနဲ႔ ဆရာသမားဖိအား၊ ေထာက္ပ့ံသူတကာ၊ တကာမေတြရဲ႕ဖိအား၊ အတူေန သီတင္းသုံးေဖာ္ (သူငယ္ခ်င္း)ေတြရဲ႕ဖိအား၊ ေခတ္အေျခအေနေတြရဲ႕ စိန္ေခၚမႈေတြနဲ႔ ဘုန္းႀကီးတန္မဲ့ စာေမးပြဲက်ေတာ့ ရွက္လို႔ လူထြက္ရတာနဲ႔၊ စိတ္ဓာတ္က်ရတာနဲ႔ျဖစ္လာတယ္။ 

ၾကားၾကမွာပါ၊ အခုဆိုရင္ စာေမးပြဲက်လို႔ လူထြက္ၾကတယ္လို႔ ေျပာေနတဲ့သူကလည္း ရွိေသးတယ္။ စာေပ ဘယ္ေလာက္ကၽြမ္းက်င္တယ္၊ ဘယ္ေလာက္သိတယ္၊ တရားဘာဝနာဘယ္ေလာက္အားထုတ္ျဖစ္တယ္ဆို တာမ်ိဳးက ကိုယ့္ဝါသနာနဲ႔ကိုယ္ အခ်ိန္ရွိရင္လုပ္ၾကေပါ့။ ဘယ္သူမွ အေလးမထားၾကဘူးမလား။ စာခ်တန္း မၿပီးေသးခင္က မၿပီးေသးလို႔။ ၿပီးေတာ့လည္း တရားမေဟာတတ္ေသးလို႔နဲ႔ ကာယကံရွင္ထက္ တကာ၊ တကာမေတြက ပိုၿငီးျပတာေတြလည္း ရွိပ။ မၾကားခ်င္မွ အဆုံး။ သူတို႔ ဦးဇင္းကို ဘယ္လိုျဖစ္ေစခ်င္တာ၊ ညာလိုျဖစ္ေစခ်င္တာနဲ႔။ ေျဖာင္းျဖလို႔မရတာနဲ႔ ျဖစ္လာမွာပါ ေအးေဆးေပါ့ လို႔ဘဲ ေျပာလြတ္လိုက္ရတာ မ်ားတယ္။ 

အဲဒီလြတ္လပ္ေရးမရခင္အခ်ိန္တုန္းက ေခတ္အေျခအေနအရ အေျမာ္အျမင္ႀကီးမားတဲ့ ဆရာေတာ္ေတြ က်င္းပခဲ့တဲ့စာေမးပြဲက အခုထိရွင္သန္ေနဆဲေပါ့။ လြတ္လပ္ေသးမရေသးခင္က အေျခအေန၊ အေနအထား၊ ေခတ္ရဲ႕လိုအပ္ခ်က္နဲ႔ ကိုက္ညီတဲ့ ပညာေရးအတြက္ သိသင့္တတ္သင့္တယ္ထင္တဲ့ က်မ္းစာေတြျပဌာန္း ၾကတာေပါ့။ အဲဒီျပဌာန္းစာအတိုင္း စာေမးပြဲေတြက်င္းပလာခဲ့တာ အခုအခ်ိန္ထိ ေခတ္ကာလအေျခအေနေ တြ၊ ပတ္ဝန္းက်င္အေနအထားေတြ မည္မွ်ပင္ေျပာင္းလဲသြားေသာ္လည္းပဲ ျပဌာန္းစာေတြကေတာ့ အနည္းငယ္ထပ္ျဖည့္စြက္ထားတာ၊ အနည္းငယ္ျဖဳတ္ခ်လိုက္တာကလြဲလို႔ အရင္အတုိင္း မေျပာင္းလဲဘဲ မူရင္းအတိုင္း ဆက္လက္ျပဌာန္းေနဆဲပါဘဲ။

ဒါေတြကို တစ္ခ်ိဳ႕ဆရာေတာ္မ်ားက ဒီအတုိင္းလက္ခံထားၾကတယ္။ အေၾကာင္းျပခ်က္ကေတာ့ အေျခခံက် တယ္။ ႏိုင္ငံတကာမွာ ဗုဒၶစာေပေတြသင္ယူေနၾကေပမယ့္ အေျခခံက်က်သင္တာမ်ိဳးသိပ္မရွိဘဲ၊ အေပၚယံ ေတြမ်ားတယ္။ အပင္ပန္းမခံႏိုင္ၾကဘူး။ ျမန္မာႏုိင္ငံမွာေတာ့ အင္တိုက္အားတိုက္နဲ႔ သင္ယူေတာ့ ပါဠိစာေပ ဘက္မွာ အေျခခိုင္တယ္လို႔ဆိုပါတယ္။ အထူးသျဖင့္ အဘိဓမၼာလို ခက္ခဲနက္နဲၿပီး ရႈပ္ေထြးတဲ့တရားမ်ိဳး ေတြမွာဆိုရင္ အေပၚယံေလ့လာမႈမ်ိဳးနဲ႔ေတာ့ က်က္စားလို႔မရဘူးလို႔ဆိုပါတယ္။ အဲဒါကေတာ့ တကယ္ပါ။ အဘိဓမၼာကို က်ယ္က်ယ္ျပန္႔ျပန္႔သင္ယူ ေလ့လာႏုိင္တာ ျမန္မာႏိုင္ငံဘဲေကာင္းေကာင္းရွိတယ္။ ေနာက္ၿပီး ေတာ့ အရည္အေသြးမွီတဲ့ တရားစခန္းေတြ၊ တရားနည္းျပစရာေတြ၊ စာခ်ဘုန္းႀကဲီးေတြရွိေနေသးတာလည္း အေျခခံစာေပခုိင္ခံ့မႈေၾကာင့္လို႔ ဆိုပါတယ္။ အဲဒါေၾကာင့္ ဒီစာေမးပြဲကိုေတာ့ မေျပာင္းလည္းဘဲ မူရင္း အတိုင္းဘဲ ရွိသင့္တယ္လို႔ ဆိုၾကပါတယ္။

ဒီအေျခခံစာေပေတြကို ေျပာင္းလဲသင့္ၿပီ၊ ျပင္ဆင္သင့္ၿပီလို႔ ဆိုတဲ့တစ္ခ်ိဳ႕ဆရာေတာ္ေတြလည္း ရွိပါတယ္။ အထူးသျဖင့္ ႏုိင္ငံျခားေရာက္သြားတဲ့ ရဟန္းေတြကပိုေျပာၾကပါတယ္။ ႏုိင္ငံတကာေက်ာင္းသားမ်ားနဲ႔ ေဆြးေႏြးေျပာဆိုတဲ့အခါမွာ ျမန္မာရဟန္းေတြမွာ အေျခခံအသိပညာတစ္ခ်ိဳ႕က်န္ေနခဲ့တာ ပိုသိရပါတယ္။ လူတစ္ဦးမွာ သိသင့္သိထုိက္တဲ့ သိပၸံ၊ အခၤ်ာ၊ လူမႈေရးက်င့္ဝတ္နဲ႔ အျခားအေတြးအေခၚဆိုင္ရာအသိေတြမွာ မျပည့္စုံတာ၊ လိုအပ္ေနတာပိုသိရတယ္။ အဲဒါေၾကာင့္ အေျခခံစာေတြကို ျပဳျပင္ပါ။ အျခားဘာသာရပ္ေတြ ထပ္ထည့္ပါ၊ စာေတြမ်ားလြန္းရင္ ငယ္၊ လတ္၊ ႀကီး သုံးတန္းတည္း မလုပ္ဘဲ ထပ္ခြဲပါ စသည္ျဖင့္ေျပာၾက တာေပါ့။ ေခတ္ကာလအေျခအေနအရ တစ္ခ်ိဳ႕စာေတြ သင္ထားသင့္တယ္။ ျဖဳတ္ခ်တာထက္ ျဖည့္စြက္တာ ေတြ ပိုေျပာၾကတယ္။ လူမႈေရးကြန္ယပ္၊ ႏိုင္ငံတကာစံခ်ိန္နဲ႔ လိုက္ဖက္တဲ့ ပညာေရးကို လုိအပ္ေနတယ္လို႔ ဆိုၾကပါတယ္။

ဒီအယူအဆႏွစ္ခုက အဓိကလြန္ဆြဲတဲ့ ျပႆနာတစ္ခုျဖစ္လာခဲ့ပါတယ္။ အဲဒီထဲမွာ ျပင္ခ်င္တယ္လို႔ေျပာတဲ့ သူေတြထဲမွာ အျပင္ေရာက္သြားတဲ့ ရဟန္းေတာ္ေတြပိုမ်ားၿပီး အတြင္းမွာ စာသင္စာခ်အျဖစ္ ဆက္လက္တာဝန္ယူတဲ့ရဟန္းေတြအမ်ားဆုံးက မျပင္ခ်င္တဲ့သူေတြျဖစ္လာၾကတယ္။ ေနာက္ၿပီးေတာ့ အထက္က အဓိကတာဝန္ခံသံဃာ့မေထရ္ေတြက မျပင္ဆင့္ဘူးလို႔ ယူဆတဲ့သူေတြပိုမ်ားပါတယ္။ ျပင္ခ်င္တယ္လို႔ဆိုတဲ့ရဟန္းေတြမ်ားက ရဟန္းငယ္ေတြပိုုမ်ားၿပီး ႏိုင္ငံျခား သို႔မဟုတ္ တကၠသိုလ္ေတြမွာ ရွိေနၿပီး ျမန္မာ့သံဃာအဝန္းအဝိုင္းမွာ ၾသဇာတိကၠမ မလႊမ္းမိုးႏုိင္ေသးသည့္ သူမ်ားျဖစ္ၾကပါတယ္။ အခုလက္ရွိ ႀကဳံေနရတဲ့ သံဃာေတာ္မ်ား ေလွ်ာ့နည္းလာတဲ့ကိစၥနဲ႔ ပတ္သက္ၿပီးေတာ့လည္း အယူအဆေ တြ မတူၾကဘူး။ တစ္ဘက္က သဒၶါတရားအားနည္းလို႔၊ ဖုန္းေတြေပၚလာလို႔ စသည္ အေၾကာင္းျပၾကၿပီး၊ တစ္ဘက္မွာေတာ့ ပညာေရးမွာ ႏွိပ္က်ေနလို႔ လူ႔ဘဝနဲ႔ အန္ဝင္ခြင္က်မႈမရွိတဲ့ ပညာေရးျဖစ္ေနလို႔ စသည္ျဖင့္ ေျပာၾကပါတယ္။

ကဲဒါဆိုရင္ ဘယ္လိုလုပ္ၾကမလဲ၊ လုပ္လို႔မရလို႔ ဒီတိုင္းဘဲ ထိုင္ၾကည့္ေနရတဲ့သူေတြကလည္း ရွိတယ္။ လုပ္ပါလုပ္ပါလို႔ တိုက္တြန္းေနတဲ့သူေတြလည္း ရွိတယ္၊ ျပဳျပင္ေျပာင္းလဲဖို႔။ ျပဳျပင္ရင္ေကာ ဘယ္လူေတြ ျပင္ၾကမလဲ။ ဘယ္သူေတြ ဦးေဆာင္မလဲ၊ ျပဳျပင္ေျပာင္းလဲဖို႔အတြက္ အသင့္ရွိေနၿပီလား၊ ဒါကလည္း ေမးခြန္းထုတ္စရာ။ ျပဌာန္းစာေျပာင္းရုံေလာက္ကေတာ့ ပညာေရးကို ျပဳျပင္လို႔ရမွာ မဟုတ္ဘူးေလ။ သင္ရုိးေတြေျပာင္းတာေလာက္ကေတာ့ အခုခ်က္ခ်င္းေျပာင္းရင္ ထေျပာင္းလို႔ရတယ္။ ဒါေပမယ့္ ပညာေရးမွာက သင္ရုိးညြန္းတန္း၊ ျပဌာန္းစာေျပာင္းရုံနဲ႔ ပညာေရးက မေျပာင္းေသးဘူး။ ဒီစကားကိုေတာ့ ေအာ္စဖို႔ဒ္ဆ ရာေတာ္ ခဏခဏမိန္႔ပါတယ္။ 

ပညာေရးတစ္ခုကို ေဖာ္ေဆာင္တဲ့ေနရာမွာ Educational philosopher လိုမယ္၊ Educational psycho-logist ေတြလိုတယ္။ Educational ethic ေတြစတဲ့အရာေတြလည္း သိဖို႔လိုတယ္။ ပညာေရးနယ္ပယ္ကို ကၽြမ္းက်င္တဲ့ အသိပညာရွင္၊ အတတ္ပညာရွင္ရွိဖို႔လိုအပ္တယ္။ ဒါေတြရွိေနၿပီလား။ မရွိရင္ဘယ္ကိုသြား ေခၚမလဲ။ ေခၚရင္ေကာ ထိုင္ခုံေပၚကလူေတြ လက္ခံႏိုင္ရဲ႕လား။ ျပဌာန္းစာအဆင့္ဆင့္၊ သင္ရုိးညြန္းတမ္း ေရးဆြဲမယ့္ ပညာရွင္အဖြဲ႔၊ ဆရာကိုင္၊ တပည့္ကိုင္စာအုပ္ေတြ ေရးဆြဲပုံအဆင့္ဆင့္၊ မေရးဆြဲခင္၊ သို႔မဟုတ္ ေရးဆြဲေနတဲ့ကာလ လက္ေတြ႔ကြင္းဆင္း သုေတသနျပဳရမယ့္ လုပ္ရပ္။ ဆရာေတြကို ဆရာကို္င္ သင္ရုိးညြန္းတမ္းကိုင္တတ္ဖို႔ ေပးရမည့္သင္တန္း။ ေနရာေဒသအလိုက္ ျဖည့္စြက္၊ ျဖဳတ္ခ်သင့္သည့္ သခၤန္းစာ အဓိကဦးတည္ရမည့္ ပန္းတိုင္ေတြကအစ၊ ခ်မွတ္ရလိမ့္မယ္။ ေနာက္ၿပီးေတာ့ စာေမးပြဲကို ဘယ္လိုစစ္မလဲ။ စာသင္ခ်ိန္ကို နာရီဘယ္ေလာက္သြားမလဲ။ သတ္မွတ္ခ်ိန္အတြက္ ၿပီးေျမာက္ဖို႔ ပံ့ပိုးရမယ့္ သင္ေထာက္ကူေတြကအစ ဘာေတြလည္း ဘယ္လိုလုပ္ၾကမလဲ။ ဒါေတြကအစ အားလုံးဝိုင္းဝန္းၿပီး ႀကိဳးစားၾကရမည့္ ကိစၥ။ လုပ္သင့္တယ္၊ မလုပ္သင့္ဘူးလို႔ ေျပာရုံနဲ႔ ၿပီးတဲ့ကိစၥမ်ိဳးမဟုတ္။ ဒါေတြလုပ္ရင္ အခုလက္ရွိ စာခ်ဆရာေတာ္ေတြက လက္ခံမလား၊ လိုက္နာႏိုင္မလားေပါ့။ လူေတြကို သင္တန္းေပးတာ ရသလို ဘုန္းႀကီးေတြကိုလည္း ရမယ္လို႔ တြက္လို႔ရမလား။ 

ဗိုလ္တစ္ေထာင္ေတြျဖစ္ေနတဲ့ေနရာ၊ သူရဲေကာင္းစာေတြသင္ခဲ့လို႔ အားလုံးက သူရဲေကာင္းေတြျဖစ္ေန ၾကၿပီး ဆရာႀကီးေတြခ်ည္းျဖစ္ေနၾကတဲ့ေနရာ၊ ကိုယ္မွန္တယ္ထင္ရင္ ဘယ္သူစကားမွ နားေထာင္ေနမွာ မဟုတ္ဘဲ ကိုယ္လုပ္ခ်င္တာ လုပ္ေနၾကတဲ့ေနရာ၊ အထက္ကလည္း အမိန္႔ဆိုၿပီး ေပးတယ္၊ ေအာက္က လည္း ငါအမွန္လို႔ အတည္ျပဳတယ္။ ဒီလိုေနရာမ်ိဳးမွာ ပူးေပါင္းပါဝင္ၿပီး အတူတူလက္တြဲၾကမယ္၊ ခြင့္လြတ္ ၾကမယ္၊ ေဖးမၾကမယ္ ဆိုတာမ်ိဳးက ေျပာတာလြယ္ေပမယ့္ တကယ္လက္္ေတြ႔မွာ မလြယ္ဘူးရယ္။ အစပ်ိဳးတုန္းက ဟုတ္သလိုလိုရွိေပမယ့္ လမ္းခုလတ္ေလာက္ေရာက္ရင္ ေခါင္းေဆာင္ေနရာလုေနၾက တာနဲ႔ဘဲ ကြဲကြဲၿပဲၿပဲျဖစ္ေနၾကတာလည္း ျမင္ေတြ႔ခဲ့ၾကတာပဲ မဟုတ္ဘူးလား။ ဒီလိုေနရာမ်ိဳးမွာ အေျပာင္းအလဲလုပ္ဖို႔က အတိုက္အခံမ်ားစြာ လုပ္ရလိမ့္မယ္ဆိုတာ သိထားရမယ္ေနာ္။
တို႔ဘုန္းႀကီးစာေပျပင္ဖို႔ေျပာတဲ့ေနရာမွာ ကို္ယ့္အျမင္သူ႔အျမင္ကို ေျပာၾကဆိုၾကေတာ့ တစ္ခ်ိဳ႕က ဘာေတြေျပာလဲဆိုရင္ သူတို႔ကေလးဘဝတုန္းက ဆယ္ေစာင္တြဲ သင္ခဲ့ရတယ္၊ အခုေခတ္ကေလးေတြက ဆယ္ေစာင္တြဲမသင္ရေတာ့ ဘာမွမသိေတာ့ဘူးဆိုတာမ်ိဳး၊ တစ္ခ်ိဳ႕က အရင္က ျမန္မာစာသင္ရတယ္၊ အခုက ျမန္မာစာမသင္ရေတာ့ စာလည္း ေကာင္းေကာင္းမေရးတတ္ၾကဘူး လို႔ ေဆြးေႏြးဝိုင္းမွာ အဲလိုေတြ ေျပာေနတဲ့သူေတြကလည္း ရွိေသးတာ။ သင္စရာေတြက ဆယ္ေစာင္တြဲ၊ ျမန္မာစာေတြဘဲ ရွိေတာ့တာလား မသိဘူး။ ကိုယ္သင္ခဲ့ဖူးတဲ့စာေလးေတြဘဲ စာလို႔ျမင္ၾကတာ၊ အျခားဘာေတြရွိတယ္ဆိုတာကို ဘာမွမသိ ၾကေတာ့သလိုဘဲ။

တစ္ႏိုင္ငံလုံးအတုိင္းအတာနဲ႔ ဂုိဏ္းေပါင္းစုံအစည္းအေဝး တစ္ခါလုပ္ခဲ့ေသးတယ္ေလ။ ျမန္မာ့ရုပ္ျမင္သံ ၾကားမွာေတာင္ တိုက္ရုိက္လြင့္ေသးတယ္ေလ။ ပညာေရးနဲ႔ပတ္သက္ၿပီး ေဆြးေႏြးၾကေတာ့ အဲဒီတုန္းက တစ္ခ်ိဳ႕ဆရာေတာ္ေတြက သဒၵါက မ်ားလြန္းတယ္၊ က်က္ရတာခက္တယ္၊ သႏၶိ၊ နာမ္၊ အာခ်ာတ္၊ ကာရကတို႔ေလာက္ဆိုရၿပီ၊ သၿဂီဳ ၤဟ္ဆိုရင္လည္း စိတ္၊ ေစတသိက္၊ ပကိဏ္း၊ ရုပ္၊ သမုစၥည္း ဆိုရင္ရၿပီ က်န္တာမထည့္ေတာ့နဲ႔ ပထဝီ၊ သခၤ်ာ၊ သိပၸံဘာသာရပ္ေတြ ထည့္လို႔ ေျပာတာရွိေသးတယ္။ အဲဒါက အျပင္ကလူမဟုတ္ဘူး၊ ေဆြးေႏြးဝုိင္းထဲပါတဲ့ ပညာေရးဘက္မွာ တာဝန္ခံေနတဲ့ဆရာေတာ္ေတြ။ တီဗီြထိုင္ၾကည့္ေနတဲ့ ဦးဇင္းေလးေတြက အဲဒီဦးေႏွာက္ေလးနဲ႔ အဲဒီေနရာကို ဘယ္လိုလုပ္ ေရာက္သြား တာလဲ မသိဘူး လို႔ေတာင္ ေျပာၾကေသးတယ္။ စိတ္မေကာင္းစရာေတြ အမ်ားႀကီး။ ေဆြးေႏြးပဲြလို႔သာ ေျပာတာပါ၊ သူူ႔စာရြက္ကိုယ့္စာရြက္နဲ႔ တစ္ပါးၿပီးတစ္ပါး တက္ဖတ္ၾကတာ၊ စာတမ္းဖတ္ပြဲက်ေနတာဘဲ။ တခ်ိဳ႕ဆိုရင္ စာရြက္ထဲ ပါတဲ့စာေတြဖတ္ၿပီးေတာ့ “ဘုရားတပည့္ေတာ္ ဂါထာေလးတစ္ပုဒ္နဲ႔ အဆုံးသတ္ပါ့ မယ္ဘုရား” လို႔ဆိုၿပီး ေယာမာရေသန မာသႏၷ၊ မာသႏၷဝိဇယုႆေဝါ ဆိုၿပီးေတာ့ တရားေဟာသလို ဂါထာ ရြတ္၊ အနက္ေပးလိုက္ေသးတာ၊ ၿပီးေတာ့ သာဓုဝိုင္းေခၚၾကၿပီး ေနာက္တစ္ပါးထပ္တက္လာ၊ စာရြက္ၾကည့္ ဖတ္ၾကတာေပါ့။ ေဆြးေႏြးပြဲကလည္း ဘယ္လိုေတြ ေရးဆြဲၾကသလဲ မသိဘူး။ 

သဒၵါက်မ္းေတြကို ဟိုတစ္စ၊ ဒီတစ္စျဖဳတ္ခ်၊ အဘိဓမၼာကိုလည္း ဟိုတစ္စ၊ ဒီတစ္စျဖဳတ္ခ်တာ တကယ္ပ ညာတတ္လာတယ္ထင္သလား မသိဘူး။ စာမ်ားတယ္၊ က်က္ရခက္တယ္ လို႔ အေၾကာင္းျပခ်က္ေပး ရွာတယ္။ တစ္ပါးတက္လာ တစ္မ်ိဳးေျပာလိုက္၊ ေနာက္တစ္ပါးတက္လာ ေနာက္တစ္မ်ိဳးထပ္ေျပာလိုက္၊ တစ္ပါးတစ္မ်ိဳး ေျပာခ်င္တာေျပာၾက။ ေနာက္ဆုံးေတာ့ ဘာမွမထူးဘဲ ကဲကဲ တစ္ပါးနဲ႔တစ္ပါးလည္း ထင္ျမင္ခ်က္ေတြမတူၾကဘူး၊ သေဘာထားမတူၾကဘူး။ ဒီအတိုင္းဘဲ ဆက္ထားၾကမယ္။ မေျပာင္းေတာ့ ဘူးလုို႔ လုပ္လုိက္ရေတာ့တာ။ ဂုိဏ္းေပါင္းစုံ ပညာေရးေဆြးေႏြးပြဲက အဲလိုနဲ႔ၿပီးသြားရွာတယ္။ အခုေတာ့ သတိရမိတယ္။ အဲဒီပြဲလုပ္တာ အရမ္းကို ေစာလြန္းတယ္။ အခုလုိပြင့္လင္းတဲ့ ေခတ္ကာလထဲ လုပ္လိုက္ရ မွာ။ အဲဒါမွ ဘယ္သူက ဘာေတြေျပာတယ္၊ ဘယ္လိုအေျမာ္အျမင္ရွိတယ္ စသည္ သိၾကကုန္မွာ။
ဘာဘဲေျပာေျပာ ဘုန္းႀကီးစာသင္နည္းက ေရွးက်လြန္းတဲ့ စာသင္နည္းတစ္မ်ိဳးလို႔ဆိုရင္ မမွားဘူးထင္တာ ပဲ။ ေခတ္ကာလေတြေျပာင္းလို႔ ကမၻာမွာ သုေတသနအမ်ိဳးမ်ိဳးလုပ္ၿပီး စာသင္နည္းေတြအမ်ိဳးမ်ိဳး ေျပာင္းလဲ ၾကေပမယ့္လည္း ဘုန္းႀကီးစာသင္နည္းကေတာ့ ဟုိလြန္ခဲ့တဲ့ ႏွစ္တစ္ရာေက်ာ္က စာသင္တဲ့အတိုင္းဘဲ ေခတ္သစ္ထဲကို ဆက္လက္သယ္ေဆာင္ေနဆဲ။ ဘုန္းႀကီးက ထုိင္ခုံေပၚထိုင္၊ စာသင္သားက ေအာက္က ေမာက္ၿပီးစာလိုက္။ တစ္ခ်ိဳ႕က စာသင္ပုံေျပာင္းတယ္လို႔ ေျပာၾကတယ္။ စိတ္ဝင္စားတာေပါ့။ ဘာေတြေ ျပာင္းလဲ သြားၾကည့္ေတာ့။ စာသင္သားေတြ ေမာက္ၿပီး စာမလိုက္ေတာ့ဘဲ ဆရာထုိင္သလို ထိုင္ခုံနဲ႔ထိုင္လို က္ၾကတာ တစ္ခုဘဲ။ က်န္တာက ဘာမွ မထူး။ ျဖစ္ရေလခ်င္း။ စာသင္ပုံေတြက ေျပာင္းလဲစရာေတြ အမ်ားႀကီးရယ္၊ အသုံးျပဳတဲ့သင္ေထာက္ကူူပစၥည္း၊ စာသင္ခန္းကို စိတ္ဝင္စားစရာဖန္တီးမႈ၊ သင္ခန္းစာနဲ႔လိုက္ေလွ်ာညီေထြတဲ့ ဖန္တီးမႈအမ်ိဳးမ်ိဳး၊ အေျပာင္းအလဲျပဳလုပ္ရတဲ့ စာသင္ပုံစနစ္ေတြ အမ်ားႀကီးရယ္။ အဲဒါေတြမေျပာင္းလဲဘဲ ေမာက္ထိုင္ေနရတာကေန ခုံေပၚတက္ထိုင္တာေလာက္နဲ႔ ေျပာင္းလဲတယ္ လုပ္ေနတယ္။

ပါဠိဆို၊ အနက္ဆို၊ အဓိပၸါယ္ေျပာျပ၊ မွတ္စုေရး၊ တစ္ခ်ိဳ႕ဆို မသင္ခင္ အရင္ကူးထားၿပီးသား၊ အဲဒါေတြကို က်က္၊ အဲဒါေတြက်ေတာ့ မေျပာင္းေသးဘူး။ စာထဲ၊ သခၤန္းစာထဲစိတ္ဝင္စားေအာင္ ဘယ္လိုေတြလုပ္ၾက မလဲဆိုုတာ မစဥ္းစားဘူး။ ဥပမာ တစ္ခုေျပာရရင္ - အဝိနိေဗၻာဂရုပ္ကို ဘယ္လိုရွင္းျပမလဲ၊ ေပါက္ပန္းသည္ အနံ႔မရွိဟူေသာစကား မွန္၊ မမွန္ အဘိဓမၼာရႈေထာင့္ျဖင့္ သာဓကထုတ္၍ ဆုံးျဖတ္ပါဆိုသည့္ ပုစၦာမ်ိဳးကို ေပါက္ပန္းကို စာသင္ခန္းထဲယူလာလိုက္မယ္၊ ေပါက္ပန္းမရႏိုင္ရင္ အျခားအနံ႔မရွိတဲ့ စက္ကူပန္းလိုပန္းမ်ိဳး ေတြ ယူလာမယ္။ အမ်ိဳးမ်ိဳးစမ္းခိုင္းမယ္။ အရာဝတၱဳတိုင္းမွာ ရူပ၊ ဂႏၶ၊ ရသ၊ ၾသဇာ၊ မဟာဘုတ္ေလးပါး အကုန္ပါတယ္ဆိုတာမ်ိဳးနဲ႔ ရွင္းျပလိုက္ရင္ စာသင္သားရဲ႕စိတ္ထဲ ဒါေတြမစြဲဘဲ ေနမလား။ အခုက ပါဠိဆို၊ အနက္ဆို မွတ္စုေရး ဆိုတာေလာက္နဲ႔ အလြတ္က်က္လို႔ ရခ်င္ရမယ္၊ စိတ္ထဲစြဲမွာ မဟုတ္ဘူး။ ၾကာရင္ ျပန္ေမ့မွာဘဲ။ အလြတ္က်က္လို႔ရတာက စိတ္ထဲစြဲက်န္ခဲ့တာမဟုတ္ဘူးရယ္။ အဲဒီထဲက အဘ္ိဓာန္လိုစာမ်ိဳး ကို အလြတ္က်က္ရေသးတာ။ 

ေနာက္ သင္ရုိးညြန္းတမ္းစာအုပ္ကမရွိဘူး။ ဆရာကိုင္သီးသန္႔မရွိဘူး။ ဆရာေတြလည္း ဆရာျဖစ္သင္တန္း မရွိဘူး။ စာေမးပြဲေအာင္သြားလို႔သာ စာခ်လိုက္ရတာ။ ဆရာတစ္ဦးရဲ႕ သင္ၾကားေရးနည္းစနစ္ေတြ ေလ့က်င့္ခဲ့တာမရွိဘူး။ ကို္ယ္ေအာင္သြားတဲ့အတန္းဘဲ စာျပန္ခ်လို႔ရတာေပါ့ဆိုတာမ်ိဳး။ စာသင္တဲ့ဆရာက စာေလးေျပာျပရုံ၊ မသိတာကို ရွင္းျပရုံေလာက္နဲ႔ စာသင္တယ္လို႔မေခၚပါဘူး။ စာျပန္ခ်တယ္ဆိုတာ ေနာက္မ်ိဳးဆက္သစ္တစ္ခုကို ပညာေရးအေမြလက္ဆင့္ကမ္းတဲ့ လုပ္ငန္းႀကီး။ အဲဒီထဲမွာ ေက်ာင္းသား တစ္ဦးရဲ႕ ဝါသနာ၊ စိတ္ေနစိတ္ထား၊ အေတြးအေခၚ၊ ေနာက္ခံေတြကအစ နားလည္ရၿပီး တစ္ဦးခ်င္းစီနဲ႔ လိုက္ေလွ်ာညီေထြတဲ့ စကားေတြေျပာရမွာ၊ အသင္အျပေတြ ျပင္ဆင္ရမွာပါ။ ဒါေတြကုိ သင္တန္းမေပးဘဲ ဆရာလုပ္ခိုင္းၾကေတာ့ အမွန္ထက္ အမွားေတြပိုမ်ားမွာေပါ့။ ပိုၿပီးဆိုးတာက မွားလို႔မွားမွန္းမသိတဲ့ အမွားေတြဆိုရင္ အမွန္ႀကီးလို႔ထင္ေနၾကတာေတြ။ ကမၻာတစ္ဝန္းလုံး ဆရာေတြကို ဒီလို သင္တန္းေတြေ ပးေနၾကတာကို ကိုယ္တို႔ကဘာလို႔ ေပးရေကာင္းမွန္း မသိၾကေသးတာလဲ။

ေနာက္တစ္ခုက ျပဌာန္းစာေတြ ကိုယ္သင္ခဲ့ဖူးတဲ့ စာေတြကိုဘဲ ျပဌာန္းၾကတယ္။ တစ္ခ်ိဳ႔ယဥ္ေက်းလိမၼာ သင္တန္းေတြမွာ ေတြ႔ဖူးတယ္။ ျပဌာန္းစာေတြ။ ၾသကာသ၊ သရဏဂုံသုံးပါး၊ ငါးပါးသီလ၊ ဘုရား၊တရား၊ သံဃာဂုဏ္ေတာ္၊ ေမတၱာပို႔စသည္ အားလုံးသိၿပီးသား။ လွန္ၾကည့္လိုက္တယ္၊ အစဆုံးစာမ်က္ႏွာကေန အဆုံးထိ စာေတြနဲ႔ ျပည့္နွက္ေနတာ၊ အရုပ္တစ္ရုပ္မွ မပါဘူး။ စာသင္တိုက္က စာသင္သားစာအုပ္ေတြ အတိုင္းဘဲ။ ေသခ်ာတယ္၊ ဒီသင္ရုိးစာအုပ္က ဘုန္းႀကီး၊ သို႔မဟုတ္၊ ဦးဇင္းတစ္ပါးပါးက ေရးလိုက္တာ၊ ျပဌာန္းလိုက္တာ။ က်က္ေပေတာ့ ေက်ာင္းသားေတြ၊ အဲဒီစာအုပ္ထဲကစာ။ ဘာ Philosophy မွမပါဘူး။ ဘယ္ psychology မွ မပါဘူး။ က်က္စာေတြဘဲ စုထားတာ။ ဒီလိုနဲ႔ဘဲ စာေတြသင္လာခဲ့တာ။ ဒီလိုနဲ႔ ပညာေရးဆိုတဲ့ေခါင္းစဥ္ေအာက္က စာေမးပြဲေတြ ေျဖလာခဲ့ၾကတာေလ။ မဟုတ္ဘူးလား။ ကေလးက ဘယ္အသက္အရြယ္လဲ၊ ေနရာက ဘယ္မွာလဲ၊ ၿမိဳ႕ေပၚလား၊ နယ္ကဆိုရင္ ရြာကလားစသည္ သင့္ေလ်ာ္တဲ့ ပုံေတြ၊ စာမ်က္ႏွာအလြတ္ေတြ၊ အသုံးျပဳမယ့္ေရာင္စုံေတြကို ကေလးေတြစိတ္ဝင္စားေအာင္ လုပ္ရမွာ မသိၾကတာလား။ မအပ္စပ္ဘူးလို႔မ်ားထင္သလား၊ စဥ္းစားစရာ။ ပညာေရးစိတ္ပညာ၊ ပညာေရးအေတြး အေခၚေတြမရွိဘူးလို႔ေျပာရင္ ဘယ္သူကလက္ခံမယ္ ထင္မလဲ။ လက္ခံမယ္ထင္သလား။

စဥ္းစားၾကည့္ေပါ့။ သူ႔ပုစၦာထုတ္နဲ႔ႏွစ္ စာသင္သားေတြသိပ္မေအာင္ၾကလို႔၊ ေအာင္တဲ့လူမရွိလို႔ ပုစၦာခက္ႏိုင္တာကို ဂုဏ္ယူေနၾကတဲ ေခတ္တစ္ေခတ္ တို႔ဘုန္းႀကီးေလာကမွ ရွခဲ့ၾကတယ္ေလ။ အဲဒါက မ်ိဳးဆက္သစ္ေတြကို ဘာပညာေတြေပးေနတာလဲ။ လူေတြမွာ အသက္အရြက္အလိုက္ သိသင့္တဲ့ အသိပညာ၊ တတ္သင္တဲ့အတတ္ပညာေလးေတြရွိၾကတယ္၊ အဲဒီပညာေတြကို အသက္အရြက္အလုိက္ သင္ေပးႏိုင္တာကို ပညာေရးလက္ဆင့္ကမ္းတယ္လို႔ေခၚတယ္။ စာသင္သားေတြမေျဖႏိုင္ေအာင္ ပုစၦာေတြ ခက္ေအာင္ေမးၿပီး ပညာျပေနတဲ့ ပညာေရးအေတြးေခၚမ်ိဳးကိုေတာ့ ဘယ္လိုအေတြးအေခၚလဲ မသိဘူး။ လိုက္မမီေတာ့ဘူး။ 

အခုက်ေတာ့ စာေမးပြဲမေအာင္လို႔ လူထြက္ၾကတယ္ဆိုၿပီး မေျဖႏိုင္မွာဆိုးလို႔ ပုစၦာေတြကို လြယ္ေအာင္ေမးၾကတယ္။ ပုစၦာစစ္ေတာ့လည္း ညာညာတာတာ၊ မေအာင္လည္း ေရာ္မွတ္ေတြနဲ႔ ေအာင္လိုက္ၾကတယ္။ ဒါေတြကေကာ ပုစၦာေတြလြယ္ေအာင္လုပ္၊ ညာညာတာတာစစ္၊ ေရာ္မွတ္နဲ႔ ေအာင္ေပးတာကေကာ အရည္အေသြးျပည့္မီပါ့မလား။ ကေလးေတြရဲ႕ပညာေရးေတြကို ဘယ္လိုအေတြးေခၚမ်ိဳးေတြနဲ႔ ေပးေနၾကတာလဲ။ စာေမးပြဲေအာင္တယ္၊ က်တယ္ဆိုတာကိုလည္း ကိုယ့္ရဲ႕အရည္အခ်င္းလို႔ သတ္မွတ္လို႔မရေတာ့ဘဲ ဆရာေတြရဲ႕ အဆုံးအျဖတ္ေပၚမွာဘဲ မူတည္ေတာ့တာလား။ ကဲ ဘယ္လိုေတြ ဆက္လုပ္ၾကမလဲ။ ဘယ္လိုလုပ္သင့္သလဲ။ ဒါကေတာ့ စာဖတ္သူေတြကိုယ္တိုင္ဘဲ ဆုံးျဖတ္ရမွာပါ။

လြန္ဆြဲေနတာကေတာ့ ပညာေရးျပဳျပင္မယ္၊ မျပဳျပင္ဘူးဆိုတာမကဘဲ၊ ျပင္သည္ျဖစ္ေစ၊ မျပင္သည္ျဖစ္ေစ မတူတဲ့အျမင္ေတြ၊ ေနာက္ခံေတြနဲ႔ ဗိုလ္စိတ္ဓာတ္ေတြေၾကာင့္ ဆက္လက္ လြန္ဆြဲေနရဦးမွာပါဘဲလို႔ဘဲ ထင္ပါတယ္။ ျပည္တြင္းနဲ႔ျပည္ပ၊ လူႀကီးနဲ႔လူငယ္၊ ပညာေရးနဲ႔ပတ္သက္တဲ့အျမင္ေလးေတြက လုံးလုံးကြဲျပားေနတာကို ျမင္ေနရပါတယ္။ အဲဒီကြာျခားမႈေလးေတြကို ဒီစာထဲမွာ တတ္ႏိုင္သေလာက္ေလး ထည့္ထားပါတယ္။ ဒီစာကိုဖတ္လိုက္လို႔ ဘာမွမေျပာင္းလဲႏိုင္ေသးရင္ေတာင္ တစ္ခုခုရသြားတယ္၊ သိသြားတယ္ဆိုရင္ ေရးရက်ိဳးနပ္ပါၿပီ။

စာေတြအလြန္ရွည္လြန္းသည့္အတြက္ ေတာင္ပန္ပါတယ္။ အကယ္၍ လိုအပ္တာေတြ၊ ျပင္ဆင္သင့္တာေတြနဲ႔ အႀကံေလးေတြေပးစရာရွိရင္ ေပးၾကပါဦးလို႔ ဖိတ္ၾကားရင္း အားလုံးကို အထူးေက်းဇူးတင္ပါတယ္လို႔ ေျပာၾကားအပ္ပါတယ္။

အရွင္နႏၵိယ (ဖယ္ခုံ) 
17.05.2019 10:22:00 PM 

No comments:

Post a Comment