Sunday, January 12, 2020

ဘာကြောင့်သူတို့ပိုပြီးတိုးတက်ကြတာလဲ (အာယုဝေဒဆေးပညာရှုထောင့်မှ လေ့လာသုံးသပ်ခြင်း)



အိန္ဒိယရဲ့ အမွှေအနှစ်ထဲကတစ်ခုဖြစ်တဲ့ အာယုဝေဒဆေးပညာဟာ လက်ရှိအခြေအနေအထိ အသုံးဝင်နေဆဲ ပညာရပ်တစ်ခုဖြစ်ပါတယ်။ ဒေသတစ်ခုရဲ့ တိုးတက်မှု ဆုတ်ယုတ်မှုတွေဟာ အဲဒီဒေသမှာနေထိုင်တဲ့ သူတွေရဲ့အခန်းကဏ္ဍကအရေးကြီးသလို အဲဒီဒေသမှာမှီတင်းပြီးနေထိုင်တဲ့ ရေမြေတောတောင်နဲ့ ရာသီဥတုစတဲ့ သဘာဝပတ်ဝန်းကျင်ရဲ့ အခန်းကဏ္ဍကလည်း အရေးပါတာဘဲ။ သဘာဝတရားကို အခြေခံထားတဲ့ အာယုဝေဒဆေးပညာကလည်း ဒီသဘာဝတရားရှိနေသရွေ့တော့ အရေးပါနေဦးမှာဘဲမလား။ လက်ရှိအခြေအနေမှာြမင်တွေ့နေရတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို အာယုဝေဒဆေးပညာအယူအဆရှုထောင့်ကနေ လေ့လာကြည့်ကြစို့။
အရှေ့တိုင်းသားနဲ့ အနောက်တိုင်းသားတွေက အတွေးအခေါ်အယူအဆနဲ့ တန်ဖိုးထားမှုတွေက အစ ကွာပါတယ်။ တောင်ပိုင်းနိုင်ငံသားနဲ့ မြောက်ပိုင်းနိုင်ငံသားတွေလည်း ကွာပါတယ်။ ၂၀၁၉ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ သုံးလမှာ SVS ကအင်္ဂလိပ်စာလေ့လာရင်း ဆရာမတွေနဲ့ ကျောင်းသားတွေ တနင်္လာနေ့ နဲ့ ဗုဒ္ဓဟူးနေ့တိုင်း ခေါင်းစဉ်အမျိုးမျိုးနဲ့ ဆွေးနွေးဖြစ်ခဲ့တယ်။ အဲဒီထဲက ဂျာမဏီက ဆရာမ Miss Svea နဲ့ ပြောခဲ့တဲ့စကားလေးတစ်ချို့ကို ပြန်သတိရမိတယ်။ သူက သီရိလင်္ကာမှာ စေတနာဝန်ထမ်း အင်္ဂလိပ်ဆရာမလာလုပ်တာ နှစ်နှစ်ရှိနေပြီ။ “အနောက်တိုင်းနဲ့ အရှေ့တိုင်းတို့ လူနေမှုစနစ်က ဘယ်လိုကွာသလဲ” စသည် မေးကြည့်တာပေါ့။ သူကဖြေတယ်၊ “ရောက်သွားတဲ့နေရာတိုင်းမှာ အိမ်တွေခြံတွေ ပိတ်ထားကြတယ်၊ သော့ခတ်ထားကြတယ်။ ဘာတွေများကြောက်နေကြသလဲ မသိဘူး။ ဂျာမဏီမှာဆိုရင် နေ့ခင်းကြီးတံခါးပိတ် သော့ခတ်ထားတွေမရှိဘူး။ နောက်တစ်ခုက လူတွေအချိန်ပိုဖြုန်းကြသလို ထင်ရတယ်။ ဟိုသွားဒီသွားပိုများတယ်၊ ပူလို့ဖြစ်မယ်ထင်တယ်။ ဟိုမှာက အေးတော့ အပြင်သိပ်မထွက်ဖြစ်ကြဘဲ စာပိုဖတ်ကြတယ်”။ အပြင်မထွက်ဖြစ်တဲ့ ကိစ္စကို ဟိုတလောက နော်ဝေမှာနေတဲ့ နန်မူနဲ့စကားပြောဖြစ်သေးတယ်။ နော်ဝေကအေးတော့ အပြင်သိပ်မထွက်ဖြစ်ဘဲ အိမ်ထဲ စာပိုဖတ်ဖြစ်တယ်။ အဲဒါကြောင့် အသက်ကြီးလည်း အားရင်ကျောင်းတက်ကြတယ် ဆိုပါတယ်။
အဓိကအချက်နှစ်နှစ်ကို ဇောင်းပေးပြီးပြောချင်တယ်၊ အိမ်သော့ခတ်တာရယ်၊ အိမ်ထဲစာပိုဖတ်တာရယ်။ နေ့ခင်းပေမယ့် အိမ်သော့ခတ်ရတာကတော့ အနောက်တိုင်း အရှေ့တိုင်းနဲ့ သိပ်မဆိုင်ဘဲ ချမ်းသာတဲ့နိုင်ငံနဲ့ ဆင်းရဲတဲ့နိုင်ငံဘဲ ဆိုင်မယ်ထင်တယ်။ ဆင်းရဲတဲ့နိုင်ငံတွေမှာ စားစရာမရှိလို့ လစ်ရင်လစ်သလို အလစ်ဝင်သုတ်တဲ့ သူတွေပိုများတယ်။ သူတစ်ပါးကို ပျက်စီးစေချင်တာထက် ကိုယ့်ဝမ်းစာအတွက် ရုန်းကန်နေတာ ပိုများပါတယ်။ အဲဒါကြောင့် ဆင်းရဲရင် ကိုယ့်ကျင့်တရားပျက်ဖို့ အကြောင်းတရားတွေ အခြေအနေတွေပိုများလာတာြဖစ်ပါတယ်။ အဲဒါကြောင့်မို့ တံခါးတွေ ပိတ်ထားကြတယ်။ ဈေးဆိုင်တွေကလွဲရင် တံခါးပိတ်ထားကြတာများပါတယ်။ ကိုလံဘိုက မြို့တော်ြဖစ်နေတာလည်း ပါတယ်။ လူကစုံတယ်လေ။ ဘယ်သူဘယ်ဝါတွေမှန်းမသိတာလည်း များတာကိုး။ အခြားမြို့နဲ့ ကျေးလက်တွေမှာတော့ မပိတ်ပါဘူး။ တို့တောရွာတွေလိုဘဲ ရောက်လာတဲ့သူကို အထူးအဆန်းလုပ်ပြီး ဝိုင်းတောင်ကြည့်ကြသေးတယ်။
နောက်တစ်ခုက အိမ်မှာနေပြီးစာပိုဖတ်ဖြစ်တာ။ ဒီအချက်လည်း အရှေ့တိုင်း အနောက်တိုင်းနဲ့ မဆိုင်ဘဲ တောင်ပိုင်း မြောက်ပိုင်းနဲ့ ပိုဆိုင်မယ်ထင်တယ်။ မြောက်ပိုင်းက ပိုအေးတယ်၊ တောင်ပိုင်းက ပိုပူတယ်။ တောင်းပိုင်းနိုင်ငံတွေက နေသွားလမ်းကြောင်းနဲ့ ပိုနီးလို့ ပိုပူကြတယ်။ မြောက်ပိုင်းကျတဲ့ နိုင်ငံတွေက ပိုအေးကြတယ်။ ရေခဲတောင်နဲ့လည်း ပိုနီးတယ်။ ဆောင်းဆိုရင် နှင်းတွေနဲ့ဖွေးလို့၊ နော်ဝေတို့၊ ဆွီဇာလန်လို နိုင်ငံတွေမှာဆိုရင် နေရောင်မရောက်တဲ့နေရာတောင်ရှိတယ်။ ချမ်းသာကြွယ်ဝ၊ ပညာတတ်ပေါပြီး၊ တိုးတက်တယ်လို့ အားလုံးပြောနေကြတဲ့ ဥရောပတိုက်တစ်တိုက်လုံးကလည်း မြောက်ပိုင်းမှာဘဲ ကျတာဘဲလေ။ ပြောချင်တာက အပူပိုင်းနဲ့အအေးပိုင်း တောင်ပိုင်းနဲ့မြောက်ပိုင်းကွာခြားချက်ကြောင့် လူနေမှုအနေအထားတွေ ကွာကြတာပါ။
ပူတဲ့အရပ်မှာနေတဲ့သူတွေက ကိုယ်ကပူတော့ အိုက်တော့ စိတ်ပါအိုက်လာတယ်။ စာဖတ်ရင်တောင် အာရုံစူးစိုက်မှုက ကောင်းကောင်းမရှိဘူး။ စိတ်လေဖို့ ပိုများတယ်။ ပျင်းရင် အပြင်ထွက်ပြီးလျှောက်လည်ကြတယ်။ ပေါက်တတ်ကရစကားတွေပြောပြီး အပျင်းဖြေတာမျိုးတွေ ပိုများလာတယ်။ အေးတဲ့အရပ်မှာ အပျင်းပြေအပြင်ထွက်လည်တာမျိုးပိုနည်းတယ်။ အေးလို့။ အလုပ်ကို အချိန်ပိုပေးကြတယ်။ နောက်ပြီးစာဖတ်ရင်တောင် အေးအေးဆေးဆေးဖတ်ခွင့်ပိုရှိတယ်။ တွေးခွင့်လည်း ပိုရတယ်။ ကံကောင်းတာတစ်ခုက အရမ်းအေးလွန်းတဲ့ ဒေသတွေမှာ အပူပေးစက်တွေသုံးကြတယ်။ သူတို့တွေက ချမ်းသာတဲ့ နိုင်ငံတွေဆိုတော့ မဝယ်နိုင်စရာ အကြောင်းမရှိဘူးရယ်။ မီးပျက်တာမျိုးက မရှိသလောက်ရှားတယ်။ နွေးချင်ရင် အပူပေးစက်ဖွင့်လိုက်ရုံတင် ရပြီ။ အဲဒါကြောင့် သူတို့တွေ အိမ်မှာနေပြီး စာပိုဖတ်ဖြစ်ကြတယ်လေ။ ဒါကလက်ရှိဖြစ်ပျက်နေတာနဲ့ ပြောြဖစ်တဲ့စကားလေးပေါ့။
၂၀၁၉ ခုနှစ်၊ နာဂါနန္ဒတက္ကသိုလ်မှာ ဗုဒ္ဓဘာသာနဲ့ အာယုဝေဒဆေးပညာကို လေ့လာကြည့်တော့ အာယုဝေဒမှာ တက္ကတလို ṛtucaryā (Seasonal Regiment) လို့ခေါ်တဲ့ ရာသီခွင်စည်းကမ်းကို လေ့လာတဲ့အခါ နှစ်တစ်နှစ်မှာ နေသွားလမ်းကြောင်းနှစ်ခုရှိတယ်။ the northward journey and southward journey. ဒါကို Adaan Kaal/ Northern Solstice & Uttaryana Visarga Kaal/ Southern Solstice/ Dakshinayana လို့လည်း ခေါ်ကြပါတယ်။ မြောက်ဘက်ပိုင်းခရီးနဲ့ တောင်ဘက်ပိုင်းခရီးပေါ့။ အဲဒါကို လက်ယာရစ်ခရီး လက်ဝဲရစ်ခရီးလို့ သုံးရင် ပိုသင့်လျှော်မယ်ထင်တယ်။ အရှေ့ဘက်ကို မျက်နှာမူရင် မြောက်ဘက်က လက်ယာဖြစ်ပြီး တောင်ဘက်က လက်ဝဲဖြစ်သွားတာဘဲမလား။ northward journey လို့ခေါ်တဲ့ လက်ယာရစ်ခရီးနဲ့ southward journey လို့ခေါ်တဲ့ လက်ဝဲရစ်ခရီးပေါ့။
လက်ယာရစ်ခရီးနဲ့ လက်ဝဲရစ်ခရီးကို ခြောက်စီခွဲထားတယ်။ နှစ်တစ်နှစ်မှာ နေက လက်ယာရစ်ခြောက်လ၊ လက်ဝဲရစ်ခြောက်လ လည်ပတ်နေတယ်လို့ ဆိုလိုတယ်။ အဲဒီနှစ်ခုလုံးမှာ ရာသီဥတုသုံးခုစီခွဲထားတယ်။ နှစ်ခုပေါင်းတော့ တစ်နှစ်ကို ရာသီဥတု ခြောက်ခုရှိတာပေါ့။ ရာသီဥတုတစ်ခုစီတိုင်းမှာ နှစ်လရှိတယ်။ အားလုံးပေါင်းတော့ တစ်နှစ်ကို ရာသီဥတု ခြောက်ခု၊ လက ဆယ်နှစ်လပေါ့။ လက်ယာရစ် ရာသီဥတုနဲ့ လတွေကတော့
• Sisira season is cold season which is in February and March.
• Vasanth is spring in April and May.
• Grisma is summer in June and July. တွေဖြစ်ပြီး၊
လက်ဝဲရစ်က ရာသီဥတုနဲ့ လတွေကတော့
• Varsa is Rainy in August and September.
• Sarat is autumn in October and November. And finally,
• Hemantha is winter in December and January. တွေဘဲ ဖြစ်ပါတယ်။
လက်ယာရစ်လမ်းကြောင်းခြောက်လမှာ နေက (earth)ကမ္ဘာကြီးနဲ့ပိုနှီးပြီး လက ကမ္ဘာကြီးနဲ့ ပိုဝေးတယ်လို့ဆိုပါတယ်။ ဖေဖော်ဝါရီလကနေ ဇူလိုင်လအထိပေါ့။ အဲဒီခြောက်လမှာ ရာသီဥတုက ပိုပူပြီး ရောဂါတွေပိုများလာတဲ့ကာလတွေလို့ဆိုပါတယ်။ အစားအသောက်တွေပိုပျက်လာလေ့ရှိပြီး ဆေးရုံဆေးခန်းတွေမှာလည်း လူပိုများလာတယ်စတဲ့အရိပ်အရောင်တွေလည်း ရှိပါတယ်။
လက်ဝဲရစ်လမ်းကြောင်းခြောက်လမှာတော့ နေက ကမ္ဘာကြီးနဲ့ ပိုဝေးပြီး လရဲ့လည်ပတ်မှုတွေက ကမ္ဘာကြီးနဲ့ပိုနီးတယ်လို့ဆိုပါတယ်။ အောဂတ်လကနေ ဇန်နဝါရီလအထိပေါ့။ အဲဒီခြောက်လမှာတော့ ရာသီဥတုကပိုအေးပြီး ဝမ်းထဲမှာအစာခြေစနစ်လည်း ပိုအားကောင်းတယ်၊ အစားအသောက်တွေလည်း စားလို့သောက်လို့ပိုကောင်းလာတယ်။ အာဟာရဓာတ်တွေလည်း ပိုရပြီး ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအပိုင်းလည်း ပိုအားကောင်းတယ်လို့ဆိုပါတယ်။
အာယုဝေဒရဲ့ ရာသီဥတုခြောက်ခုမှာ ခန္ဓာကိုယ်ကပိုတောင်းတတဲ့ အရသာခြောက်မျိုးတို့ကို ခွဲထားတာကတော့
• Sisira ရာသီဖြစ်တဲ့ ဖေဖော်ဝါရီနဲ့ မတ်ချ်လမှာတော့ အချို၊ အချဉ်၊ အငန်
• Vasanth နှစ်လမှာတော့ အစပ်၊ အခါး၊ အဖန်
• Grisma မှာ အချို
• Varsa မှာ အချို၊ အချဉ်၊ အငန်
• Sarat အချို၊ အခါး၊ အဖန်
• Hemantha အချို၊ အချဉ်၊ အငန် တို့ဘဲ ဖြစ်ပါတယ်။
ဒါက Prof. Dr. Sumanapala Galmangoda ရဲ့ Fundamentals of Buddhism and Ayurveda for Psychiatry and Counseling စာအုပ်ထဲက အချက်အလက်တွေပါ။ ဒါကသီရိလင်္ကာရဲ့ ရာသီဥတုကို အခြေခံထားတာ ဖြစ်ပါတယ်။ အခြားစာအုပ်တွေမှာက အနည်းငယ်ကွဲလွဲကြတာရှိပါတယ်။ အိန္ဒိယကအာယုဝေဒပညာရှင်တွေရဲ့ ဆန်းသပ်ချက်တွေနဲ့ ကွာခြားချက်တစ်ချို့တွေရှိတယ်။ အာယုဝေဒဆိုတာက သဘာဝတရားနဲ့လိုက်လျှောညီထွေတဲ့ ရိုးရာအစဉ်အဆက်က လက်ဆင့်ကမ်းလာတဲ့ ဆေးပညာတစ်မျိုးဖြစ်ပါတယ်။ ပတ်ဝန်းကျင်အနေအထား၊ ရာသီဥတုအပြောင်းအလဲ ကွဲပြားရင် ကွဲပြားသလို ဆေးပညာအချက်အလက်တွေလည်း ကွဲပြားပါတယ်။ ဥပမာ အပူပိုင်းဒေသက ဆေးပညာတွေက အပူပိုင်းဒေသက လူတွေကို ဆန်းသပ်လေ့လာပြီး၊ အပူပိုင်းဒေသမှာ ဖြစ်လေ့ရှိတဲ့ ရောဂါလက္ခဏာကိုအပေါ်အခြေခံပြီး ဆေးဖော်စပ်ရပါတယ်။ အအေးပိုင်းဒေသက ဆေးပညာလည်း အအေးပိုင်းဒေသအလျှောက် ဖော်စပ်ရပါတယ်။ အခုဆိုရင် အာယုဝေဒဆေးပညာက တစ်ကမ္ဘာလုံးကို ပျံ့နှံ့နေပါပြီ။ လေ့လာသင်ယူနေကြတဲ့ နိုင်ငံတကာကျောင်းသားတွေကလည်း အနယ်နယ်အရပ်ရပ်မှာ ရှိနေကြပါတယ်။ အာယုဝေဒဆေးပညာကို ဖော်တဲ့အခါ အိန္ဒိယနိုင်ငံက လုပ်တဲ့အတိုင်းအကုန်လိုက်လုပ်လို့ မရဘူးလို့ ကြားရပါတယ်။ သီရိလင်္ကာတို့ ကင်ညာတို့လို ဆောင်းရာသီမရှိတဲ့နိုင်ငံဆိုရင် တစ်မျိုး၊ ဥရောပတိုက်ကလို မိုးရာသီသီးသန့်မရှိတဲ့နိုင်ငံတွေဆိုရင် တစ်မျိုး။ Ayurvedic Concept of Health with Reference to Disease Season ခေါင်းစဉ်နဲ့ assignment ရေးတုန်းက မြန်မာနိုင်ငံရာသီဥတုကို အခြေခံပြီး ကိုယ်တိုင်ဇယားရေးခဲ့တာလေးရှိသေးတယ်။ ဆရာ သုမနပါလကတော့ အသိအမှတ်တော့ ပြုပါတယ်၊ သေချာအောင်လေ့လာပြီးမှ အတည်ပြုရမယ့်ကိစ္စပါ လို့ဆိုပါတယ်။ (screenshot ရိုက်ပြီး တင်ထားပါတယ်)။ မြန်မာနိုင်ငံက ပညာရှင်တွေကတော လက်ခံပါ့မလား မပြောတတ်။
အာယုဝေဒရဲ့ဆေးပညာအရ လအလိုက် ဖြစ်တတ်တဲ့ရောဂါ၊ စားသုံးရမယ့်အစားအစာ၊ ဆက်စပ်ပြီးဖြစ်လာလေ့ရှိသည့် စိတ်နေစိတ်ထား (psychology), ကုစားရမည့်နည်းလမ်းတွေကတော့ ဒီမှာအသေးစိတ်မရေးချင်ပါဘူး။ ဆိုရင်ချင်တာက အနောက်တိုင်းနဲ့အရှေ့တိုင်းတို့ ကွာခြားပုံလေးကိုဘဲ ပြောချင်တာပါ။ ဘာကွာတာလဲ မေးရင် အာယုဝေဒရဲ့ ဆေးပညာအယူအဆအရ ပူတာနဲ့အေးတာကွာတယ် လို့ဘဲ ဖြေချင်ပါတယ်။ အခုလက်ရှိကမ္ဘာကို လှမ်းကြည့်လိုက်ပါ၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေက တော်တော်များများ အပူပိုင်းဒေသက များပါတယ်။ ဒါဆိုရင် အာရတ်ကမ္ဘာကိုကော ဘယ်လိုလုပ်ပြီး ဆင်းရဲတယ်ပြောမလဲ။ တစ်ချို့နိုင်ငံတွေဆို ပိုက်ဆံတွေရေလိုသုံးနေတာလည်း အများကြီး။ သူတို့မှာ ရေနံရှိတယ်။ ရေနံနဲ့ချမ်းသာကြတာ။ ဥရောပလို တိုက်အသေးသေးလေး၊ နိုင်ငံသေးသေးလေးတွေက ကမ္ဘာကို လွှမ်းမိုးနေတာ သဘာဝသယံဇာတကို ရောင်းစားလို့မဟုတ်ဘူး။ သူတို့က ပညာတတ်လို့။ ဒီလိုပြောတော့ ဥရောပကို အထင်ကြီးလွန်းတယ် လို့ ထင်လေမလား။ အမေရိကတိုက်က မြောက်ပိုင်းမှာကျတဲ့ ကနေဒါ၊ အမေရိကန်တို့ဆိုရင်လည်း ပြောစရာမလိုဘူး။ အာရှမှာလည်း ရှိပါတယ်၊ ဂျပန်တို့ ကိုးရီးယားတို့ ချမ်းသာတာဘဲ။ သူတို့က တောင်ပိုင်းမကျဘူး၊ မြောက်ပိုင်းကျတာ။ အအေးပိုင်းကျတယ်။ ဒီအာရှဘက်က မြောက်ဆုံးကျတာကတော့ ရှရှားပါဘဲ။ရှရှားလည်း ဥရောပလို့ ခံယူနေပြီမလား။
ဒါတွေကတော့ ဆေးပညာအယူအဆအရ မှန်းဆပြီးသုံးသပ်ရခြင်းဘဲ ဖြစ်ပါတယ်။ အာရှမှာဆိုရင် အပူပိုင်းက စင်ကာပူတို့၊ နောက်ဩစတေးရီးယားတို့လည်း ချမ်းသာတာရှိပါတယ်။ တောင်အမေရိကဆိုရင်လည်း ချီလီ၊ အာဂျင်တီးနား၊ ဥရုဂွေးတို့လည်း ချမ်းသာတာပဲ။ ရေတွက်လို့ရတယ်၊ နည်းနည်းလေးတွေပါ။ အဓိက ဆိုလိုချင်တာက ဟိုနိုင်ငံပိုကောင်းတယ်၊ ဒီနိုင်ငံပိုတော်တယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ အာယုဝေဒဆေးပညာအယူအဆရှုထောင့်က ရာသီဥတုအကြောင်း၊ လက်ရှိအခြေအနေထိ အပ်ဝင်ခွင်ကျရှိနေဆဲဆိုတာကို ဆိုလိုခြင်းသာ။
ဒီလိုပြောတော့ စိတ်ပိုင်းချမ်းသာတာကို ပြောတာလား၊ ရုပ်ပိုင်းချမ်းသာတာကို ပြောတာလား စတဲ့မေးခွန်းတွေလည်း ရှိမယ်နော်။ ဒါတွေကတော့ နောက်ခေါင်းစဉ်တစ်ခုဖြစ်သွားမယ်ထင်တယ်။ လက်ရှိမှာ နိုင်ငံရေးတည်ငြိမ်မှု၊ စီးပွားရေးပြေလည်မှု၊ ပြည်သူတွေ စားနပ်ရိက္ခာဖူလုံမှု၊ တရားမျှတမှု စတဲ့ပေတံတွေနဲ့တိုင်းနေကျတာမို့ ဖွံ့ဖြိုးပြီးနိုင်ငံတွေကိုဘဲ ချမ်းသာတယ်လို့ ပြောတာပါ။ နောက်ထပ်တိုင်းစရာတစ်ခုက တချို့နိုင်ငံတွေမှာ လူတစ်ယောက်မွေးပြီဆိုတာနဲ့ ဒေါလာဘယ်လောက်ပိုင်ဆိုင်ခွင့်ရှိတယ်၊ တစ်ချို့နိုင်ငံတွေမှာတော့ မွေးလာတဲ့ကလေးတိုင်း အကြွေးဘယ်လောက်ရှိတယ်ဆိုတာမျိုး ပြောစမှတ်တောင်ဖြစ်နေတာမျိုးလည်း ရှိတာပဲ။ ဒါတွေက ယုံကြည်မှု၊ အတွေးအခေါ်၊ အယူအဆ၊ ဝီရိယ၊ အမြော်အမြင်စတဲ့ အရည်အသွေးတွေနဲ့ အခြေခံပါတယ်။ အဲဒီအရည်အသွေးတွေကို ဒီသဘာဝတရားကို မှီတင်းပြီး ဖြည့်နေကြရတာမဟုတ်လား။ ဒီသဘာဝတရား(ဥတုသပ္ပါယ)တွေက စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ဖြစ်တည်မှုတွေကို အကျိုးနေပါတယ်။ အာယုဝေဒဆေးပညာကလည်း ရှင်သန်နေပါတယ်။
အချုပ်ပြောရရင် အေးတဲ့နေရာမှာနေတဲ့သူတွေက စိတ်ပိုင်းဆိုင်ရာစူးစိုက်မှုပိုအားကောင်းတယ်၊ သင်ယူလေ့လာလိုစိတ်ပိုများတယ်၊ ဉာဏ်ရည်လည်း ပိုထက်တယ်။ သူတစ်ပါးထက် ရှေ့ပိုရောက်တဲ့ အလားအလာရှိတယ်။ ခန္ဓာကိုယ်ပိုင်းဆိုင်ရာကြံခိုင်မှုလည်း ပိုကောင်းတယ်။ အာဟာရဓာတ်ပိုပြည့်စုံတယ်။ အပူပိုင်းနေတဲ့သူတွေမှာ အနာရောဂါပိုများတယ်၊ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာရော ထိလွယ်ရှလွယ်တယ်။ စိတ်ပိုလေတယ်။ ပျာယာခတ်တယ်။ ကြံခိုင်မှုအားနည်းတယ်။ ဒါတွေက အာယုဝေဒဆေးပညာရှုထောင့်က လေ့လာသုံးသပ်တဲ့ အမြင် ဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
အရှင်နန္ဒိယ (ဖယ်ခုံ)
07.01.2020 11:10:00 PM



No comments:

Post a Comment