Sunday, January 12, 2020

လမ်းပေါ်ကယဉ်ကျေးမှု (Street culture)


ဝက်သားတုတ်ထိုးစားမလား၊ မုန့်ဟင်းခါးစားမလား၊ နောက်ဘာတွေစားချင်သေးလဲ လမ်းဘေးမှာတင်ဝယ်စားလို့ရတယ်။ လမ်းဘေးတစ်လျှောက်မှာလည်း ဈေးဆိုင်တွေတမ်းနေတာပဲ တွေ့တယ်မလား။ လမ်းပေါ်မှာလည်း လူတွေအများကြီးရှိပါတယ်။ တစ်ခုခု မသိတာရှိရင် မေးပေါ့။ လမ်းပေါ်မှာ လူတွေဒီလောက်များနေတာကို။ လမ်းပေါ်ကနေ မင်းသိချင်တာတွေ လေ့လာလို့ရတယ်။ လမ်းပေါ်ကယဉ်ကျေးမှုဆိုတာကို ကြားဖူးလား။
လမ်းပေါ်လျှောက်ပြီး ဂီတာတီး သီချင်းဆိုမယ်၊ ကော်ဖီဆိုင်ထိုင်ပြီး စကားပြောကြမယ်၊ ပျင်းရင် လျှောက်လည်မယ်၊ အားလပ်ရက်တွေ ဘုရားသွားကျောင်းတက် ပန်းခြံထဲသွားချင်သွားမယ် စတာတွေက မြန်မာနိုင်ငံမှာ မရိုးနိုင်တဲ့ယဉ်းကျေးမှုတွေဘဲ ဖြစ်ပါတယ်။ အဲဒီအပြင် လမ်းပေါ်က သတင်းစကားတွေလည်း ကြားရ၊ နားထောင်ရတယ်။ လူပေါင်းစုံတဲ့ လက်ဖက်ရည်ဆိုင်တို့ဆိုရင် အသံတွေစုံစုံလင်လင် ပိုတောင် ကြားရသေးတယ်။ အဲဒီယဉ်ကျေးမှုတွေက မြန်မာနိုင်ငံကပိုများမယ်ထင်တယ်။ အိမ်နီးချင်းနိုင်ငံတွေမှာလည်း ရှိပါတယ်၊ သို့ပေမယ့် မြန်မာနိုင်ငံလောက်မများသလို ထင်ရတယ်။ ၂၀၁၉- စာတမ်းလေးတစ်ခုရေးဖို့ အချက်အလက်တွေလိုက်ရှာရင်း မြန်မာနိုင်ငံရောက်တဲ့နိုင်ငံခြားသားတွေရဲ့ မြန်မာနိုင်ငံမိတ်ဆက်ဆိုတာလေးကို လိုက်ကြည့်ရင်း street culture ဆိုတဲ့စကားလုံးနဲ့ တင်စားပြီး တင်ပြသွားတာလေးတစ်ခုကို သဘောကျမိတယ်။ တကယ်လည်း ဟုတ်နေတာပဲလေ။
လွန်ခဲ့သည့်နှစ်နှစ်ဆယ်လောက်တုန်းက လမ်းဘေးမှာအဖွဲ့လိုက်သီချင်းအော်ဆိုတတ်တဲ့ လူငယ်တွေပို များတယ်၊ အထူးသဖြင့် ညဆိုရင် ပိုများတယ်၊ အဖော်မက်ကြတာလည်း ပါတာပေါ့၊ လူတွေစုံတော့ မိုက်ခဲ ဆိုတာမျိုး၊ လူကြီးတွေက လူငယ်တွေဆိုးတယ်၊ ရိုင်းတယ်လို့ ပြောတဲ့သူတွေလည်း ရှိတယ်၊ လူငယ်တွေကျင့်သုံးတဲ့ယဉ်ကျေးမှုတစ်ခုလို ဖြစ်နေတော့ ပြောလည်းမရပါဘူး။ ဂီတာလေးတစ်လုံးနဲ့ သီချင်းဆိုရတာ ပျော်ကြတာကိုး။ အဲဒီအချိန် မြန်မာနိုင်ငံမာခေတ်ထနေတဲ့ ဗွီဒီယိုရုံတို့ ကာရာအိုအေရုံတို့ဆိုရင် လူတွေကပြည့်လို့ပေါ့။ အဖော်မက်တဲ့အမျိုးတွေဆိုတော့ လူတွေများတဲ့နေရာ သွားကြတာပါပဲ။ ပြီးတော့ သူများနိုင်ငံက မင်းသားမင်းသမီးတွေကအစ သိရတာလေ။ လူငယ်လေ သိချင်တာပေါ့။ လူကြီးတွေသိပ်မကြည်တဲ့အထဲ တီဗွီလေးတွေရှိတော့ ယောင်္ကျားလေးတွေက ဘောလုံးပွဲကြိုက်တဲ့ရောဂါပါထပ်တိုးလာသေးတာ။
နောက်ဆယ်နှစ်ကြာသွားသောအခါ၊ လွန်ခဲ့သည့် ဆယ်နှစ်ဝန်းကျင်ကဆိုရင် နေရာတိုင်းလိုလို ကျေးလက်ရော မြို့ပြပါ လက်ဖက်ရည်ဆိုင်ထိုင်တဲ့ ယဉ်ကျေးမှုက တော်တော်ခေတ်စားလာကြတယ်။ အားတဲ့အချိန် လက်ဖက်ရည်ဆိုင်ထိုင်၊ စကားပြောမယ်။ မိတ်ဖွဲ့မယ်၊ အပေါင်းအသင်းရှာမယ်။ ဗဟုသုတအသစ်တွေလည်း အများကြီးရတာကိုး။ အဲဒီအချိန်တုန်းက မြန်မာပြည်သူတွေကြားမှာ နိုင်ငံရေးစကားကို လွတ်လွတ်စပြောလို့ရတဲ့အချိန်ဆိုပါစို့။ နိုင်ငံအနှံ့မှာ ဟိုသင်တန်း၊ ဒီသင်တန်းစတဲ့ မကြားဖူးတဲ့ သင်တန်းတွေကလည်း မှိုလို အလုအယပ်စပေါက်လာသည့်အချိန်။ အသစ်အဆန်းလိုဖြစ်နေကြတော့ လူငယ်တွေက စိတ်ဝင်တစားရှိကြတယ်။ ကလေးတွေကို ပျိုးထောင်ပါ၊ လူငယ်တွေနေရာပေးပါ စတဲ့ဆောင်ပုဒ်တွေကိုလည်း ပြောနေကြတဲ့အချိန်ပေါ့။ အဲဒါကြောင့် လူတွေစုံတဲ့နေရာကို လူငယ်တွေက ပိုစိတ်ဝင်စားကြတယ်။ လက်ဖက်ရည်ဆိုင် လမ်းဘေးဇရပ် စတဲ့နေရာတွေပေါ့။ အဲဒါကိုလည်း တစ်ချို့တွေက အချိန်ဖြုန်းကြတယ် လို့ပြောကြတယ်၊ စာပေဟောပြောပွဲတွေကအစ စာရေးဆရာတွေက ဝေဘန်ကြတယ်၊ လူငယ်တွေ အဲလိုအချိန်ဖြုန်းနေကြလို့ နိုင်ငံကမတိုးတက်တာ ဆိုတာမျိုးတွေအထိ ပြောကြတယ်။ ကော်ဖီဆိုင်ထိုင်လို့ ကော်ဖီဆိုင်ပိုင်ရှင် သူဌေးဖြစ်သွားတာဘဲရှိတယ်။ ကော်ဖီဆိုင်လို့ စီးပွားဖြစ်သွားတာမရှိဘူး၊ ပညာတတ်သွားတာမရှိဘူး စသည်ပေါ့။ မှတ်မှတ်ရရ၊ အဲတုန်းက ဂျပန်ကခရီးလှည့်သူတစ်ဦးပြေားသွားတဲ့စကားတစ်ခွန်းက ပေါ်ပြူလာဖြစ်သွားသေးတယ်။ မြန်မာနိုင်ငံဘာလို့မတိုးတက်တာလဲ လေ့လာကြည့်တော့ မြန်မာလူငယ်တွေ အလုပ်ထဲမရှိဘဲ၊ ကော်ဖီဆိုင်မှာဘဲ အချိန်ဖြုန်းနေလို့ လို့ဆိုပါတယ်။ အဲတော့ လက်ဖက်ရည်ဆိုင်တဲ့ ဆိုးကျိုးတွေ ပြောလိုက်ကြတာ နေရာတိုင်းလိုလို ကြားနေရတယ်။ သိပ်မကြာဘူး၊ မြန်မာနိုင်ငံမှာ အင်တာနက်ဆိုင်တွေ၊ ဂိမ်းဆိုင်တွေအနှံ့အပြား ပေါ်လာကြပြီး လူငယ်တွေ အစုလိုက် အပြုံလိုက် အင်တာနက်ဆိုင်တွေရောက်သွားကုန်တယ်။ အဖော်မက်တဲ့ဗီဇ ပါတယ်မလား၊ အဖော်ရှိရာ သွားကြတာပေါ့။ အဲဒါနဲ့ အင်တာနက်သုံးလို့ စာဖတ်အားတွေ လျှော့တယ်၊ သတင်းစာမဖတ်ကြတော့ဘူး စတာတွေ ထပ်ကြားလာတယ်။ အဲဒီစကားကိုတော့ အခုထိ ဆက်ပြောနေဆဲဘဲပေါ့။
နောက်ဆယ်စုနှစ်လောက်ထပ်ရောက်လာတဲ့ ဒီနေ့မှာတော့ ကာရာအိုအေသွားဆိုကြတာ၊ ဗီဒီယိုအတူတူသွားကြည့်ကြတာ၊ ဂီတာတီးပြီးသီချင်းဆိုကြတာတွေ အပျင်းပြေပြန်လွမ်းနေကြပြီ။ အခု အဲဒီဓလေ့လေး တော်တော်ပါးသွားတာကိုး။ ဘာလို့လမ်းဘေးမှာ အမုန်းခံပြီး အော်နေမှာလဲ၊ လိုင်းပေါ်တက်ပြီး သူရဲကောင်းဘဲ လုပ်မှာပေါ့။ မဟုတ်ဘူးလား။ ရယ်စရာလေးတစ်ခုပြန်ပြောပြရရင် ဟိုကနေ့ကကြုံလို့ အမျိုးသမီးတစ်ယောက်က ငါအပျိုကြီးဖြစ်တဲ့အထိစောင့်နေတာ ဘယ်လူပျိုကမှအခုထိ အိမ်ရှေ့လာပြီး သီချင်းဆိုပေးရမှန်းကို မသိကြသေးဘူးတဲ့။ အော် မင်းကိုက ကံမကောင်းလို့ နောက်ကျတာ၊ သူများမွေးတဲ့အချိန် မင်းမှမမွေးဘဲကိုး။ (စတာပါ)။ အခုဆိုရင်ဖုန်းဘဲထိုင်ပွတ်နေကြလို့ ကော်ဖီဆိုင်ထိုင်ပြီးစကားပြောခဲ့ကြတာကို ပြန်အတုယူဖို့သူတို့ဘဲ တစ်ခါပြန်လှန်နေပြီ။ မျက်နှာချင်းဆိုင်ပြီး ကမ္ဘာချင်းခြားနေကြတဲ့အကြောင်းကိုလည်း သူတို့ဘဲရင်နာပြနေပြန်တယ်။ သူတို့ပြောမယ်ဆိုလည်း ပြောစရာဘဲလေ။ နောက်တစ်ခုက ကိုယ်တွေက ရာဇဝင်တို့ သမိုင်းတို့ကြားကကြီးလာတဲ့သူတွေပီပီ ရှေ့လာမယ့်ဆယ်နှစ်ကို ကြိုမှန်းဆတာထက် လွန်းခဲ့တဲ့ဆယ်နှစ်ကိုဘဲ ပြန်လွမ်းရတာမှ ပိုအရသာရှိတာလေ။ နောက်လာမယ့်ဆယ်နှစ်ကြရင် အခုလက်ရှိအချိန်ကို ဘာနဲ့ပြန်လွမ်းကြမလဲ မသိဘူး။ ဘာဘဲပြောပြောလေ အခုထိ လမ်းပေါ်က ယဉ်ကျေးမှုကတော့ အခုထိ ရှိနေဆဲ။ မြန်မာယဉ်ကျေးမှုထဲမှာ သူတစ်ပါးနဲ့မတူတဲ့ယဉ်ကျေးမှုတစ်ခုဖြစ်တယ်။ အဲဒါကလည်း အားသာချက်ရှိသလို အားနည်းချက်လည်း ရှိတယ်။ ၂၀၁၉- ခုနှစ်၊ The methods of overcoming loneliness among senior Buddhist monks in Myanmar ဆိုတဲ့ စာတမ်းလေးရေးတော့ street culture လို့ဆိုတဲ့ လမ်းပေါ်က ယဉ်ကျေးမှုအကြောင်းကို လေးလေးနက်နက်ကို စဉ်းစားဖြစ်ခဲ့တယ်။
ကမ္ဘာမှာဟော့နေတဲ့ စီးပွာရေးအဆင်မပြေလို့၊ စိတ်ဖိစီးမှုများလို့ မိမိကိုယ်ကို သေကြောင်းကြံတာ၊ ဆွဲကြိုးချသေတာအပြင် အထီးကျန်တာလည်း ပိုများလာတယ်။ အသက်ကြီးရင် အဖော်မဲ့လို့ ဘယ်သူမှဂရုမစိုက်ကြလို့ အထီးကျန်တာကတော့ အသံထွက်တာကြာပါပြီ။ အထူးသဖြင့် ချမ်းသာတယ်၊ ပြည့်စုံတယ်၊ ကြွယ်ဝတယ်ဆိုတဲ့ နိုင်ငံတွေက ပိုဖြစ်ကြတယ်။ အခုနောက်ပိုင်းမှာ သုတေသနစစ်တမ်းအရ- လူကြီးတွေထက် လူငယ်တွေက ပိုပြီးအထီးကျန်ကြတယ်လို့ ဆိုပါတယ်။ ၂၀၁၉- ခုနှစ်မှာဆိုရင် အမေရိကန်နဲ့ဂျာမဏီနိုင်ငံက စစ်တမ်းအရ လူငယ်တွေက အထီးပိုကျန်တယ်လို့ဆိုပါတယ်။
၂၀၁၉-ခုနှစ်မှာဘဲ ဂျာမဏီနိုင်င်ငံသူ Samia Akhter Khan ရေးတဲ့ သူ့စာတမ်းအတွက် ကွင်းဆင်းတဲ့ Review ဆောင်းပါးလေးဖတ်လိုက်တယ်။ Addressing Loneliness and Depression in Myanmar ဆိုတဲ့ဆောင်းပါးလေး။ သူက အမ်အေကျောင်းသူ။ သူ့စာတမ်းက မြန်မာနိုင်ငံကို ရွေးပြီး အထီးကျန်ခြင်းနဲ့စိတ်ဓာတ်ကျခြင်း အကြောင်းကို သုတေသနပြုတာပေါ့။ မသွားခင်မှာလဲ မြန်မာနိုင်ငံအကြောင်းသိတဲ့သူတွေက မြန်မာနိုင်ငံမှာ ဘယ်လိုလုပ်ပြီးအထီးကျန်မှာလဲ၊ မိသားစုတွေအများကြီးနဲ့နေကြတာ၊ လူကြီးတွေကိုလည်းအရိုအသေပေးကြတယ် စသည်ပြောကြတယ်တဲ့။ မြိတ်တက္ကသိုလ်နဲ့ချိန်ဆက်ပြီး မြန်မာနိုင်ငံကို ကွင်းဆင်းတယ်၊ နောက်ဆုံးသူပြောထားတာကတော့ မြန်မာနိုင်ငံမှာ အထီးကျန်တဲ့ပြဿနာမရှိဘူးတဲ့။ မြန်မာနိုင်ငံမှာ ဘာသာတရားရဲ့ဩဇာလွှမ်းမိုးမှုရှိပြီး ဆုတောင်းခြင်းနဲ့တရားထိုင်ခြင်းတို့က အထီးကျန်ခြင်းကို လျှော့ပါးစေတယ်ဆိုတာကို လည်းပြောထားတယ်။
အထီးကျန်တယ်ဆိုတာက သူတစ်ပါးနဲ့ အတူမရှိတဲ့ ခံစားမှုတစ်မျိုးဘဲမလား။ မြန်မာနိုင်ငံမှာလို ဟေးလေးဝါးလားနဲ့ ရောရောနှောနှောနေတတ်တဲ့ ပတ်ဝန်းကျင်မှာတော့ အထီးကျန်ဖို့ အလားအလာတွေ သိပ်နည်းပါတယ်။ လူတိုင်းကို ရင်းရင်းနီးနီးဆက်ဆံတတ်တဲ့ ယဉ်ကျေးမှုတွေလည်း ရှိတယ်လေ။ သူငယ်ချင်း၊ အစ်ကို၊ အစ်မ၊ ညီလေး၊ ညီမလေး၊ အဒေါ်၊ ဦးလေးစတဲ့အသုံးအနှုန်းတွေနဲ့ ပြောဆိုဆက်ဆံကြပြီး ရင်းရင်းနီးနီးနေကြတာလေ။ နောက်တစ်ခုက လူယဉ်ကျေးတွေ မသုံးတဲ့အသုံအနှုန်းတွေ ပြောမိတာတွေတော့ ရှိတာပေါ့။ ပြောမနာဆိုမနာတွေ အချင်းချင်းတွေတွေ့ရင်၊ ထမိန်ထဲ၊ ပုဆိုးထဲ စကားလုံးတွေ သုံးနေတာမျိုး။ ကိုယ်သာ နားထောင်လို့ မရချင် မရမယ်။ သူတို့အချင်းချင်းက အေးဆေးပဲ ဆိုတာမျိုး။ ကောင်းတယ်လို့ ဆိုလိုတာမဟုတ်၊ ရှိတယ်လို့ပြောတာ။
ကမ္ဘာမှာ အထီးကျန်တဲ့ ခံစားမှုတွေက တစ်နေ့ထက်တစ်နေ့ ပိုပြီးများလာတာ။ တိုးတက်တယ်လို့ဆိုတဲ့ နိုင်ငံတွေဆိုရင် ပိုများသလား ထင်ရတယ်။ အခြေအနေကိုက အထီးကျန်စေတဲ့ ခံစားမှုတွေ များသားလေ။ တီဗွီထဲမှာဆိုရင် သူတို့နိုင်ငံက မြို့ကြီးပြကြီး။ မီးတွေတထိန်ထိန်နဲ့။ လူတွေကလည်း သွားကြလာကြ၊ စည်ကားလိုက်ကြတာ။ အပြင်မှာက အဲလောက်မဟုတ်ဘူး။ အေးတော့ အပြင်သိပ်မထွက်ဖြစ်ကြဘူး။ နော်ဝေတို့ ဆွီစလန်တို့ဆို ပိုဆိုးမှာပေါ့။ တစ်ခုခုအပြင်သွားမယ်ဆိုလည်း သွားချင်တဲ့နေရာသွားပြီး ပြန်လာ။ အပြင်မှာလည်း သိပ်မနေကြဘူး။ ဈေးသွားဝယ်မလား၊ ဆိုင်ရောက်တော့ လိုချင်တာအစုံရှိတယ်၊ ယူပြီးပြန်လာလိုက်ရုံဘဲ၊ အိမ်မှာနေမှာလား အင်တာနက်ရှိတယ်၊ ကြိုက်တာအကုန်ကြည့်လို့ရတယ်။ အားလုံးကပြန့်စုံနေတာ။ နေ့တိုင်းဒါတွေဘဲ ထိုင်ကြည့်နေလို့ မဖြစ်ဘူးလေ။ လူလေ၊ စကားပြောချင်သေးတာပေါ့။ ကျန်တဲ့သူတွေကလည်း သူ့အလုပ်နဲ့သူ၊ သူ့ဖုန်းနဲ့သူ၊ သူ့နေရာနဲ့သူ။ တချို့အသက်ကြီးလို့ ငယ်သူငယ်ချင်းတွေမရှိတော့ရင် စကားပြောမယ့်သူကမရှိတော့လို့ အထီးကျန်တော့တာပေါ့။
မြန်မာနိုင်ငံနဲ့ အခြေအနေချင်းက အရမ်းကို ကွာတာ။ မြန်မာနိုင်ငံမှာတော့ ဥပုသ်နေ့မို့ ကျောင်းမှာ ဓမ္မာရုံမှာ တွေ့နေကြ၊ စကားပြောနေကြ ဥပုသ်သည်တွေ၊ အခါကြီးရက်ကြီးမို့ အတူတူ တရားနာမည့် လူတွေ၊ အိမ်မှာအလှူတွေလုပ်တော့လည်း အသက်ကြီးသူတွေကို ဦးစားပေးပြီး ဆက်ဆံခံရတာတွေနဲ့ ကိုယ့်ပတ်ဝန်းကျင်နဲ့ကိုယ် ပြန်ထိန်းနေကြတာ။ တချို့ဆိုရင် စကားပြောရလွန်းလို့ အေးအေးဆေးဆေး နေဖို့ အချိန်တွေသီးသန့်ယူနေရတာမျိုး။ အဲဒီထဲက ငယ်ငယ်တုန်းက တရားလေးထိုင်ချင်၊ ဥပုသ်စောင့် ချင်တာ အလုပ်တစ်ဘက်နဲ့မို့ တရားကောင်းကောင်းမထိုင်လိုက်ရ၊ ဥပုသ်မစောင့်လိုက်ရနဲ့ အခုလို အသက်ကြီးတဲ့အချိန်မှာ တရားလေး ဘာလေးလည်း တတ်နိုင်သလောက်တော့ ထိုင်ချင်သေးတာလေ။ အဲဒီကြားထဲ မြေးထိန်းရတဲ့သူကလည်း ရှိသေးတာ၊ သားကတစ်မျိုး သမီးကတစ်မျိုးနဲ့ အလုပ်ကလည်း ရပ်လို့ကို မရဘူး။ အေးအေးနေရတယ်ကို မရှိပါဘူး။ အဲဒီအချိန်မှာဘဲ “ဘယ်တက္ကသိုလ်ကဆိုလား၊ ဘာကျောင်းသားဆိုလား မသိပါဘူး၊ ဖုန်းကိုင်ပြီး ဘိုလိုဝတ်လာတဲ့ကလေးတွေ လာမေးကြတယ်၊ (ခေါက်တီဗွီသေးသေးတောင်ပါသေးတယ်)။ အထီးကျန်တဲ့ ခံစားမှု ရှိသလား၊ ဘယ်လိုခံစားရတာလဲ တဲ့၊ ဘာတွေပြောနေမှန်းလဲ မသိပါဘူး”။ အဲလိုဗျ။
သီရိလင်္ကာနိုင်ငံမှာလည်း အထီးကျန်တဲ့သူတွေ တော်တော်များတာပဲ။ သူတို့ယဉ်ကျေးမှုက မြန်မာနိုင်ငံလို အချင်းချင်းကူးလူးဆက်ဆံတာမျိုးရှိပေမယ့် သူ့စည်းနဲ့သူနေကြတာများတယ်။ အနားယူရင် ကိုယ့်နေရာ(အိမ်)ကိုယ် တံခါးပိတ်ပြီးနေတာမျိုး။ သွားနေကျနေရာမဟုတ်ရင် သွားလေ့ မရှိတာမျိုး။ နောက်တစ်ခုက လူယဉ်ကျေးဆန်ဆန် နေကြတာများတယ်။ ဒေါသကို အပြင်သိပ်မထုတ် ဘူး၊ ထိန်းချုပ်ထားတာ။ ရေဆာနေရင်တောင် ကိုယ့်မှာရေမပါတော့ သူများရေကို တောင်းသောက် တာမျိုး မလုပ်ဘဲ အငတ်ခံပြီး နေလိုက်တာမျိုး။ ဗိုက်ဆာတာတောင် သူတစ်ပါးမသိအောင် နေနေတာမျိုး။ လူချင်းခင်လို့ နောက်မေးမှ သိရတာ။ ဖြစ်ရလေချင်းရယ်လို့ သူ့အစား သက်ပျင်းချပေးလိုက်ရတာ။ အဲဒီဓလေ့လေးကလည်း တစ်ချို့လူတွေအတွက် သူတစ်ပါးနဲ့ ပိုကင်းကွာစေတယ်။ အားငယ်ပြီး အထီးကျန်သွားတာမျိုးတွေ ရှိတယ်။ လူကြီးတွေဆို ပိုဖြစ်တယ်။
ဘုန်းကြီးတွေဆိုလည်း မြန်မာနိုင်ငံက ဘုန်းကြီးနဲ့ တူကိုမတူတာ။ အပြင်ထွက်တာ သိပ်မရှိ။ ဈေးဆိုင်သွားတာ သိပ်မတွေ့။ စားသောက်ဆိုင်မှာ ထိုင်တာမျိုး တွေ့ကို မတွေ့ဖူးတာ။ အကြည်ညိုခံနိုင်အောင် နေနိုင်ကြတယ်။ ကျောင်းမှာ အလုပ်နဲ့လည်ပတ်နေတယ်ဆို ရင်တော့ ကိစ္စမရှိ။ တရားဘာဝနာနဲ့ပျော်မွေ့နိုင်ရင် ပိုအဆင်ပြေတယ်။ အဲဒါတွေနဲ့ကင်းလွတ်နေရင်တော့ အထီးကျန်တဲ့ ခံစားမှုက ရှိတော့တာဘဲ။ မြန်မာနိုင်ငံမှာတော့ ပရဟိတလုပ်ကြတာခေတ်စားလာတော့ ဘုန်းကြီးတွေ အလုပ်ပိုရှိသလားအောက်မေ့ရတယ်။ စာသင်စာချ၊ တရားပြ၊ တရားဟောစတဲ့ဘုန်းကြီးတွေကတော့ အထီးကျန်စရာမရှိဘူးလေ။ သူ့အလုပ်နဲ့သူတောင် လက်မလည်တာ။ ဘာမှမလုပ်တဲ့သူလည်း ရှိမယ်။ သူတို့ရောအထီးကျန်မလား။ အထီးကျန်ဖို့မပြောနဲ့ မိတ်ဆွေတောင် ပိုများသေးတယ်။ လမ်းပေါ်ကယဉ်ကျေးမှုထွန်းကားနေတဲ့ မြန်မာနိုင်ငံမှာ အထီးကျန်ဆန်တဲ့ တစ်ဦးနဲ့တစ်ဦး တစ်ဦးနဲ့အဖွဲ့ ခြားနားစေနဲ့ ယဉ်ကျေးမှုတံခါးတွေ မရှိဘူး။
ဒီလမ်းပေါ်ကယဉ်ကျေးမှုကလည်း အားသာချက်ရှိသလို အားနည်းချက်လည်း ရှိမယ်။ ပျော်စရာတွေသိပ်များတာ၊ ပွဲတွေသိပ်များတာ၊ လူတစ်ရုံးရုံးနဲ့နေကြတာတွေက ငွေကုန်၊ အချိန်ကုန်၊ အလုပ်အကိုင်ပျက်၊ အလုပ်အပေါ် လုပ်အားတွေ လျှော့ရဲလာ၊ တစ်ဦးချင်းစွမ်းရည်တွေ လျှော့ကျလာတယ် စတဲ့ ဆိုးကျိုးတွေလည်း ရှိတယ်။ ဆိုးကျိုးကတော့ ပိုများပါတယ်။ စာလည်းရှည်နေပြီမို့ မရေးတော့ပါ။ အဓိကဆိုလိုချင်တာက လမ်းပေါ်ကယဉ်ကျေးမှုက အထီးကျန်တဲ့ ခံစားမှုတွေကို လျှော့ပါးစေတယ်လို့ ဆိုလိုတာပါ။ အသားကျတဲ့ ယဉ်ကျေးမှုတစ်ခုကို ဖျက်သိမ်းဖို့ဆိုတာ လွယ်တဲ့ကိစ္စမှမဟုတ်တာ။ ကောင်းကျိုးဆိုးကျိုးတွေ ဒွန်တွဲနေတဲ့ ယဉ်ကျေးမှုတစ်ခုကို ဘယ်လို့လုပ်ပြီးရှေ့ဆက်ကြမလဲ။
နိဂုံးချုပ်အနေနဲ့ပြောချင်တာက နိုင်ငံကိုပြောင်းလဲချင်တယ်ဆိုတဲ့စကားတွေပြောကြပေမယ့် ဒီလိုအဓိကကျတဲ့ယဉ်ကျေးမှုတွေကို လျစ်လျူရှုလို့မဖြစ်ဘူးလေ ဟုတ်တယ်မလား။ အမေရိကန်တိုးတက်ချင်ရင် အမေရိကန်လိုလုပ်လို့ လာမပြောနဲ့ သူတို့လို ငါတို့စာမဖတ်နိုင်ဘူး။ ဂျပန်လိုလုပ်လို့လဲလာမပြောနဲ့ ငါတို့သင်တဲ့ပညာက သူတို့သင်တဲ့ပညာနဲ့မတူဘူး။ ပတ်ဝန်းကျင်လည်းမတူဘူး။ ယဉ်ကျေးမှုလည်းမတူဘူး။ ဂျာနယ်ကျော်မမလေးရဲ့ သူ့လိုလူစာအုပ်ထဲက ဦးချမ်းမောင်ပြောတဲ့ “ဒီကလေးတွေကို မြန်မြန်ကြီးစေချင်နေပြီ၊ လက်ဖက်ရည်ဆိုင်မှာသွားထိုင်ခိုင်းစေချင်ပြီ၊ လက်ဖက်ရည်ဆိုင်က ဗဟုသုတဟင်းပေါင်းအိုးဘဲ၊ အများကြီးကို လေ့လာလို့ရတယ်” ဆိုတဲ့စကားမျိုးကို အသက်မသွင်းသင့်ဘူးလား။ လက်ဖက်ရည်ဆိုင်ကို အပြစ်ပြောဖို့ထက် လက်ဖက်ရည်ဆိုင်ကို ဗဟုသုတဟင်းပေါင်းအိုး ဖြစ်အောင် ပံ့ပိုးပေးနိုင်ရင် လမ်းပေါ်ကယဉ််ကျေးမှုထွန်းကားတဲ့ နိုင်ငံမှာ ပြည်သူတွေ လမ်းပေါ်မှာနေရင်း သင်ယူနိုင်ကြ၊ မျှဝေနိုင်ကြမယ် အချိန်ကုန်သလောက် ဗဟုသုတပေါင်းစုံရမယ် လို့တင်ပြရင်း အားလုံးကို ကျေးဇူးတင်ပါသည့်အကြောင်း-------------။ ။
အရှင်နန္ဒိယ (ဖယ်ခုံ)
11.01.2020 01:15:00 AM



No comments:

Post a Comment