စိတ်စေစားရာ
(သို့မဟုတ်)
သာသနာတော်ထဲကခြေဦးတည့်ရာလမ်းလျှောက်နေသောသူများ
ဘယ်သွားမလဲ လို့မေးရင် ဖြေစရာက မရှိ။
ဘာလုပ်ချင်လည်း မေးရင်လည်း စိတ်ကူးသက်သက်ဖြစ်တဲ့အရာတွေကို မပြောရဲတော့ပြီ။
ဘာဝါသနာပါသလဲ မေးလိုက်ရင် စိတ်မပါတဲ့အဖြေတွေဘဲပြောရမှာမို့ မပြောချင်။
ဒါတွေကို မြန်မာနိုင်ငံက ရဟန်းပျိုတွေကြားမှာ အများစု ရင်ဆိုင်နေရတဲ့ ဖြစ်ရပ်တစ်ခု။ ဝတ္ထုထဲကလည်း မဟုတ်၊ ရုပ်ရှင်ထဲကလည်း မဟုတ်၊ လက်တွေ့အပြင်လောက ရဟန်းဘဝမှာ ရင်ဆိုင်နေရသည့် လောကဓမ္မ။ စိတ်လေနေသည့် သာသနာ့ဆင်ခြေဖုံးက ခြေလှမ်းတွေအကြောင်းကို အနည်းငယ် ပြောပြချင်ပါတယ်။ အားလုံးဝိုင်းစဉ်းစားပေးလို့ရအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။
အထူးသဖြင့် အသက်၂၅ နှစ်အထက်နဲ့ အသက် ၃၆ အောက် မြန်မာရဟန်းပျိုတွေရဲ့ ဘဝဖြစ်တည်မှု တွေက စိတ်လေစရာ၊ အထီးကျန်စရာ၊ တွေဝေစရာကောင်းသလို ဘဝအချိုးအကွေ့တစ်ခုအတွက် အရေးပါတဲ့ကာလတစ်ခုလို့လည်း ပြောလို့ရပါတယ်။ အဲဒီအရွယ်က ရဟန်းတွေက ဘာလုပ်မလဲ၊ ဘယ်သွားမလဲ စတဲ့မေးခွန်းတွေကို ခက်ခက်ခဲခဲရင်ဆိုင်နေရတဲ့ ကာလလို့ ပြောရင်လည်း မှားမယ်မထင်။ ပြန်မဖြေချင်သည့်မေးခွန်းတွေက သိပ်များနေပြီ။ မဖြေလို့ကလည်း မရ။ တစ်ခုခုတော့ ပြောမှရမည်။ နေရေးအတွက်၊ ရှင်သန်ရေးအတွက် တစ်ဦးတည်းနေလို့ကလည်း မဖြစ်သေးဘူးလေ။ တစ်ခုခုကိုတော့ အပီအပြင် ရွေးချယ်လိုက်ချင်ပြီ။ ရွေးချယ်စရာကလည်း များနေလို့ မရွေးနိုင်စရာတွေ ဖြစ်လာပြီ။ သေချာတဲ့တစ်ခုခုကို ရွေးဖို့ဆိုတော့လည်း သေချာတဲ့အရာက မရြှိပန်၊ မရွေးချယ်လို့က လည်း မရ၊ ရွေးချယ်လိုက်ရပြန်ပြီ။ ရွေးချယ်သည့်လမ်းကို လျှောက်ပြန်တော့လည်း စမ်းတဝါးဝါးနဲ့။ ဒီလိုနဲ့ပဲ အဆင်ပြေသည်ထင်သည့်အလုပ်တစ်ခုခုကို လုပ်ရင်း ပျော်စရာအရာလေးတစ်ခုခု မကြာခင် ရောက်လာတော့မှာလိုလို၊ မထင်မှတ်သည့် ရွှေရောင်အနာဂတ်လေးတစ်ခု ပိုင်ဆိုင်ရတော့မှာလိုလို အိပ်မက်ဆန်ဆန် မျှော်လင့်ချက်တွေ ပေးနေသည့်သူကလည်း ရှိနေတယ်၊ မျှော်လင့် စောင့်စားနေသည့်သူကလည်း ရှိနေတယ်။
၂၀၁၉ - ခုနှစ်မှာ မြန်မာရဟန်းအိုတွေရဲ့ အထီးကျန်ခြင်းဝေဒနာကို လေ့လာရင်းနဲ့ ဒေါ်တင်တင်စန်း၊ ဒေါ်မီမီ နဲ့ မနိုင်နိုင်ဆွေ စတဲ့ ဘုန်းကြီးတွေနဲ့ နီးစပ်တဲ့ အမျိုးသမီးတစ်ချို့တွေကိုလည်း ဆွေးနွေးမေးမြန်းခဲ့ရပါတယ်။ အဲဒီထဲက သတိထားမိတာတစ်ခုကတော့ သူတို့တွေဘာပြောကြလဲ ဆိုရင် မြန်မာရဟန်းတွေထဲမှာ ရဟန်းအိုတွေထက် ရဟန်းပျိုတွေက ပိုပြီးအထီးကျန်တယ်၊ စိတ်လည်းပိုလေတယ်။ ဟိုဟာလုပ်ရမလိုလို၊ ဒီဟာလုပ်ရမလိုလိုနဲ့ တွေဝေနေကြတာပိုများတယ်တဲ့။ ရဟန်းအိုတွေက သူ့အသက်အရွယ်အရ သူအခြေချတဲ့အလုပ်တွေရှိနေကြတာများတယ်၊ ဟိုဟာလိုလို ဒီဟာလိုလို ဆိုတဲ့ မရေမရာ မသေမချာတဲ့ မပြတ်မသားစိတ်တွေ သိပ်မတွေ့ရဘူး။ အတွေ့များတာက အသက်သုံးဆယ်ဝန်းကျင်ရဟန်းတွေဆိုတာကို ပြောဆိုဖြစ်ခဲ့ကြပါတယ်။
အခြေအနေကနေရာမပေးတော့ ရှိတဲ့နေရာလေးကို ဝင်ခိုနေရသည့်သဘော။ အသက်နှစ်ဆယ် ကျော်သွားသည့် ငယ်ဖြူရဟန်းများတွေက ဓမ္မာစရိယတန်းတွေပြီးသွားကြတာများပါတယ်။ မပြီးရင်တောင် တစ်ကျမ်းကျန် သို့ မဟုတ် နှစ်ကျမ်းကျန်နဲ့ စာဆက်လုပ်နေကြတာပေါ့။ ဓမ္မာစရိယမလုပ်နိုင်သည့်သူတွေဆိုရင်လည်း အကြီးတန်းအောင်ပြီးနောက် ဗုဒ္ဓတက္ကသိုလ်တွေတက်ပြီး ဘီအေဘွဲ့တွေ ရခဲ့ကြတာများပါတယ်။ အဲဒီဘွဲ့ရတဲ့ကိုယ်တော်လေးတွေဘဲ ဘယ်မှာနေရမှန်းမသိဘူး ဖြစ်နေတယ်။ စာချဘုန်းကြီးဖြစ်ရင်ဖြစ်။ တစ်ချို့က ဓမ္မကထိက ဆရာတော်လေးလိုလိုနဲ့ ဟိုဟိုဒီဒီ ဟောပြောနေတာတွေလည်း ရှိတာပေါ့။ တစ်ချို့အနည်းအကျဉ်းလေးတွေကတော့ ဖားအောက်တို့လို တရားစခန်းဝင်ပြီး တရားဆက်အားထုတ်တဲ့အလုပ်တွေ ဆက်လုပ်ကြတာရှိသလို တစ်ချို့ကြတော့ အခြားတရားစခန်းမှာဝင်နေပြီး တရားဟော၊ တရားပြအလုပ်ဆက်လုပ်ကြတာလည်း အနည်းအကျဉ်း ရှိပါတယ်။ သို့သော် အများစုက ဘယ်သွားရမှန်းမသိတာတစ်ခုဘဲ။
အရွယ်က အသက်သုံးဆယ်ဝန်းကျင်ဆိုတော့ အရွယ်ကောင်း။ ပညာဆက်သင်မလား၊ ပရဟိတလုပ်မလား၊ စာချဘုန်းကြီးလုပ်မလား၊ တရားဓမ္မကထိကလုပ်မလား၊ တက္ကသိုလ်လိုင်းသို့ ဝင်မလား၊ နောက်တစ်ခုက လူထွက်မလား အားလုံးကို ရွေးချယ်လို့ရနေတဲ့အချိန်။ အရွယ်လည်း ခပ်ကောင်းကောင်း၊ တစ်ခုခုလုပ်မယ်ဆိုရင်လည်း လုပ်နိုင်ကိုင်နိုင်တဲ့အရွယ်၊ ရဟန်းသံဃာတွေကြားမှာ ဆိုရင် “ဦးဇင်းလေး၊ ဦးဇင်းလေး”နဲ့ လူကြီးတွေ အားကိုးရတဲ့ အရွယ်၊ တကာ တကာမနဲ့ဆက်စပ်တဲ့ အလုပ်တွေလုပ်ရင်လည်း “ဘုန်းဘုန်းလေး၊ ဘုန်းဘုန်းလေး”နဲ့ မျက်နှာရနေတဲ့အချိန်။ ဟိုဘက်လှည့် ရင်လည်း ကြိုဆိုမည့်သူကအသင့်၊ ဒီဘက်လှည့်ရင်လည်း ဧည့်ခံမည့်သူကအသင့်ရှိနေသည့် ကိုယ်တော်လေးတွေရှိသလို သူတို့နဲ့ပြောင်းပြန်လို့ပြောရ လောက်အောင် ဘာလုပ်ရ ဘာကိုင်ရမှန်း မသိသည့်သူတွေလည်း အများအပြားရှိနေပါတယ်။ သို့သော် နှစ်မျိုးလုံး စိတ်တွေ လေနေပါတယ်။ မရှိတဲ့ ရွှေရောင်အနာဂတ်အိပ်မက်တွေကို အရဲစွန့်ပြီး အိပ်မက်နေကြလေတယ်။
ဘာလုပ်ရမှန်းမသိတဲ့အကြောင်းရင်းက ဓမ္မာစရိယပြီးတော့ စာသင်တိုက်မှာ စာချဘုန်းကြီး မဟုတ်တဲ့အတွက် ဆက်နေလို့လည်း မဖြစ်။ လူပိုကြီးဖြစ်နေလာလေ။ ရွာပြန်တော့လည်း ရွာက ဘုန်းကြီးက လက်မခံ။ အသက်အရွယ်ကြီးလွန်းသည့်ဘုန်းကြီးတွေကဘဲ လက်ခံတာ။ ဆရာတော် အသက်အရွယ်က လူလတ်ပိုင်းသာသာရှိနေသေးရင် ဘွဲ့ရတပည့်တွေနဲ့ အတူမနေချင်တာများပါတယ်။ သူတို့ခများ ဘယ်သွားရမှန်းမသိတာနဲ့ ခေတ်စားနေတဲ့ နိုင်ငံခြားခရီးကိုဘဲ ရွေးလိုက်ကြတာ။ နိုင်ငံခြားမှာ ဘွဲ့ရဖို့စာသွားသင်ရင်း တစ်နှစ် နှစ်နှစ်နဲ့ ဘွဲ့ရတဲ့ တက္ကသိုလ်တွေမှာ အလွယ်တကူရွေးချယ်။ ဘွဲ့ရပြီး ရှေ့ဆက်လို့ရရင် ကိစ္စကမရှိ။ တစ်ချို့က ရှေ့မဆက်နိုင်ဘဲ ပြန်သွားပြီး ဟိုရောက်တော့ ဘာဆက်လုပ်ရမှန်းမသိ ဖြစ်နေပြန်ရော။ တက္ကသိုလ်မှာ ကထိကခန့်ပြန်တော့လည်း အရည်အချင်း ပိုင်းက စကားပြောစရာ ဖြစ်လာပြန်တယ်။ ကျောင်းထိုင်မလား၊ ဘယ်သွားထိုင်ရမှန်းမသိ။ မြို့ကြီးပြကြီးတွေမှာ တစ်ပါး နှစ်ပါးတည်းဘဲ ဘုန်းကြီးတွေရှိတဲ့ကျောင်းတွေ များပေမယ့် သူတို့နဲ့က ဘာမှမဆိုင်၊ လက်လည်း မခံဘူးလေ။ စာသွားသင်ပြီဆိုတာနဲ့ ဘာဘွဲ့အတွက် ညာဘွဲ့အတွက်ဆိုပြီး ပြောမှ အထောက်အပံ့ရကြတာလေ။ ဘွဲ့ရပြီးဘာဆက်လုပ်ရမှန်းကိုတော့ ဘယ်သူမှလည်း တာဝန်မယူတော့ သူတို့ခများ ဗျာများသွားရှာတယ်။ ဆိုတော့ အသက်သုံးဆယ်ဝန်းကျင်အရွယ်မှာ မြန်မာရဟန်းတွေက စိတ်လေလို့ အကောင်းဆုံးအချိန် ဖြစ်လာပါတော့တယ်။ အလုပ်အတည်အကျ လုပ်ရမယ့်အရွယ်မှာ စမ်းတဝါးဝါးနဲ့ လမ်းလျှောက်နေရပါတယ်။
မြန်မာရဟန်းတော်တွေရဲ့အလုပ်တွေက များလွန်းတာလဲပါမယ်ထင်တယ်။ အများကြီးလုပ်ပြီးတော့ ဘယ်အလုပ်မှ စူးစူးစိုက်စိုက် ကောင်းကောင်းမလုပ်ဖြစ်ခဲ့ကြဘူး။ ဘုန်းကြီးတစ်ပါးဆိုရင် ဓမ္မကထိကလည်း လုပ်တယ်၊ စာချဘုန်းကြီးလည်း လုပ်တယ်။ တရားလည်း ပြလိုက်သေးတယ်။ ပရဟိတလည်း လုပ်လိုက်သေးတယ်။ အဲဒီထဲက ဘကကျောင်းလည်း ထဖွင့်ရင်ဖွင့်လိုက်သေးတာ။ အများကြီးလုပ်နိုင်တာကိုဘဲ ဂုဏ်ယူနေကြတယ်။ ဟိုလည်းပါ ဒီလည်းပါနိုင်တာကို ဘေးကလည်း အားကျနေကျတာပေါ့။ တစ်ချို့ဆိုရင် စာအုပ်ပါထုတ်လိုက်သေးတာ။ ပိုက်ဆံရှိလို့ ထလုပ်လိုက်တာ။ ကောင်းတာမှန်သမျှ အကုန်လုပ်တယ်ဆိုတဲ့သဘော။ ဘယ်အရာက သူရဲ့ စားကျက်ဆိုတာကို ပြောရဖို့ သိပ်ခက်တာ။ အကုန်လုံးနဲ့ ဆိုင်နေတာ။ အဆင်ပြေနေတဲ့ ဘုန်းဘုန်းလေးတွေက အလုပ်များပြီး အရာမရောက်ဘဲ စိတ်တွေလေ၊ စိတ်တွေပျက်နေကြရတဲ့ အခြေအနေအဖြစ် အသွင်ပြောင်းလာလေတော့တာပဲ။
ဓမ္မကထိကတွေပေါသလောက် ပြည်သူတွေဗုဒ္ဓဘာသာပိုပီသစေတယ် ဆိုတာမျိုးလည်း ကောက်ချက် ချဖို့ သိပ်ခက်တာ။ စာအုပ်ထုတ်တဲ့သူပေါသလောက် ပြည်သူတွေ စာပိုဖတ်ကြတယ်၊ ဗုဒ္ဓဘာသာ အကြောင်းပိုသိကြတယ်လို့ ပြောဖို့ခက်ပါတယ်။ အတန်းတွေတစ်နှစ်ပြီးတစ်နှစ်အောင်လာ၊ ဘွဲ့ တစ်ခုပြီးတစ်ခုရလာပေမယ့် ရှေးရိုးဆန်းတဲ့ ဘာသာပြန်စာအုပ်တွေကို ပြန်ရေးဖို့ကအစ အခုလက်ရှိ ပြဿနာကို ဗုဒ္ဓဘာသာနည်းလမ်းနဲ့ တိုက်ရိုက်လမ်းညွန်နိုင်သူတွေ နည်းပါးပါတယ်။ ဘွဲ့ရတာ ဘယ်လောက်ရှိသလဲ၊ ရထားတဲ့ဘွဲ့ရဲ့နယ်ပယ်က စာတမ်းဘယ်လောက်ရေးထားခဲ့သလဲ၊ ပညာရှင်တွေ လက်ခံတဲ့ စာအုပ်ဘယ်လောက် ပြုစုနိုင်တာလဲ စသည်စိစစ်လိုက်ရင် စာသင်တာ၊ ပညာသင်ယူတာက အပေါ်ယံသိပ်ဆန်နေတယ်ဆိုတာကို သိသာပါတယ်။ ဒီလိုလူငယ်တွေကို အနာဂတ်မျိုးဆက်သစ်အဖြစ် အားကိုးရတဲ့ လူငယ်တြွေဖစ်ချင်ရင် ဒီအရွယ်မှာ ကိုယ်အခြေချမယ့်နယ်ပယ်၊ ကိုယ်လေ့လာတဲ့ဘာသာ ရပ်တွေကို အားကြိုးမာန်တက်လေ့လာတဲ့အရွယ် ဖြစ်သင့်ပါတယ်။ စိတ်လေနေရတဲ့အရွယ်တော့ မဖြစ်သင့်ဘူးလို့ ယူဆပါတယ်။
ဒီစိတ်လေရင်းနဲ့ ရှေ့ဆက်တိုးရင်း လမ်းတွေရှာရင်းနဲ့ လမ်းစတွေ့သွားတာလည်း ရှိပါတယ်။ အကယ်၍ ဒီအရွယ်မှာ မတွေ့ခဲ့ရင် ပရဟိတလိုလို၊ နိုင်ငံရေးသမားလိုလို ဟိုဟာလည်းမဟုတ်၊ ဒီဟာလည်း မဟုတ်ဖြစ်နေသေးရင် အသက်လေးဆယ်ကျော်သွားတဲ့အချိန် နေထိုင်ရေးနဲ့ အလုပ်ပြဿနာက ပိုကြီးထွားလိမ့်မယ် ထင်ပါတယ်။ အလုပ်ဆိုတာက လစာရတဲ့အလုပ်ကို မဆိုလိုပါ။ စာရေးဆရာလား၊ ဓမ္မကထိကလား၊ စာချဘုန်းကြီးလားဆိုတာမျိုး။ ပညာသင်တဲ့အချိန်မှာ ပညာတတ်အောင်မသင်ဘဲ ဘွဲ့ရဖို့ဘဲ စာမေးပွဲဖြေနေရတဲ့အလုပ်ဘဲ ဆက်လုပ်နေရင်တော့ စာတတ်ဘွဲ့ရတို့ကမ္ဘာမှာလည်း ဟိုလည်း မဟုတ် ဒီလည်း မဟုတ်တဲ့ ရောင်လည်လည်တွေ ဖြစ်လာမည် ထင်ပါရဲ့။
ဒီလိုဖြစ်လာတဲ့ အကြောင်းတွေထဲမှာ ဘုန်းကြီးဘဝကို ကိုယ်တိုင်ရွေးချယ်ခဲ့လို့မဟုတ်ဘဲ ဘေးပတ်ဝန်း ကျင်ရဲ့ တိုက်တွန်းမှုကြောင့်လည်း ပါမည် ထင်ပါသည်။ ဘုန်းကြီးစိတ်မရှိဘဲ လူလိုနေချင်သည့်စိတ်က ငြီးငွေ့မှုကို အစပြုပြီး ကျန်တဲ့ ပြဿနာတွေလည်း ပေါ်လာစေနိုင်တယ်။ နောက်တစ်ခုက ကိုယ်ဝါသနာ ပါသည့်အလုပ်ကိုအခြေမခံဘဲ စာမေးပွဲအောင်ရင် ပညာတတ်ဖြစ်မယ်ဆိုသည့် မက်လုံးကလည်း မြစ်ဖျားခံရာ အကြောင်းတစ်ခု ဖြစ်တယ်လို့ ယူဆမိတယ်။ အတန်းတစ်တန်းမြင့်လေ ကိုယ့်အဆင့် လည်း မြင့်လာလေ ဆိုတဲ့ထင်ရောင်ထင်မှားမှုတွေက အရည်အသွေးပြည့်အောင် ပညာသင်ယူခြင်း အယူအဆမျိုးကို ဖျက်ဆီးပြီး တစ်တန်းပြီးတစ်တန်း မြန်မြန်အောင်ဖို့ ဘွဲ့တစ်ခုပြီးတစ်ခု မြန်မြန်ရဖို့ ဦးတည်နေစေတယ်။ ပညာရေးကျရှုံးခြင်းရဲ့ အကြောင်းတွေ ဖြစ်လာတယ်။ နောက်တစ်ခုက ဆရာကောင်းသမားကောင်းတွေနဲ့ ဝေးကွာပြီး ကိုယ့်ကျင့်တရားကိုတန်ဖိုးထားမှု၊ တရားကျင့်ကြံမှု အဆုံးအမတွေ မရခဲ့တဲ့တပည့် ဖြစ်နေခြင်းကလည်း ရဟန်းဘဝမှာ ကြီးမားတဲ့ အန္တရာယ်တစ်ခုလို့ ဆိုရပါမယ်။ အရွယ်ရောက်လာလို့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ဖို့ ရုန်းကန်တဲ့အချိန်ဆို ဇာတိက ပြပါလေရော။ လာဘ်လာဘအကြောင်းကို လိုတာထက် သဲကြီးမဲကြီး ဇောင်းပေးနေတဲ့ အပြောအဆို တွေ၊ ပတ်ဝန်းကျင်သွေဖန်ပြီး ကိုယ့်အခြေအနေနဲ့ ဆန့်ကျင်နေတဲ့ လုပ်ရပ်တွေက သာသနာတော်တစ်ခု လုံး ထိခိုက်လာနိုင်သည့်အထိ ဖြစ်နေတဲ့ အနေအထားမျိုး။ ဒီလိုအကြောင်းတွေကြောင့် ရဟန်းဘဝမှာ စိတ်လည်းပိုလေလာတယ်။ ထွက်ပေါက်ရှာဖို့ရာလည်း ပိုခက်လာတယ်။ ဒီအကြောင်းတွေထက်များတဲ့ အကြောင်းခံတွေလည်း ရှိဦးမယ် ထင်ပါတယ်။
အကြောင်းခံတွေ မည်သို့ပင်ကွဲပြားနေပါစေ၊ စိတ်လေပြီး ဘာလုပ်ရမှန်းမသိတဲ့အခြေအနေနဲ့ ရင်ဆိုင် နေရပါတယ်။ သို့သော် ရွှေရောင်အနာဂတ်ရောင်ခြည်တစ်ခုကို မျှော်လင့်တဲ့ မျှော်လင့်ချက်ကိုတော့ ဆုပ်ကိုင်နေရပါတယ်။ ဒီမျှော်လင့်ချက်သာ မရှိရင် ဒီဘဝက ဘာမှအဓိပ္ပါယ်မရှိတော့ဘူးလေ။ အဲဒါနဲ့ ကံကောင်းတာတစ်ခုက အခုတစ်လော မှိုလိုပေါက်နေတဲ့ ဟိုက သင်တန်းက ကောင်းနိုးနိုး ဒီက သင်တန်းကကောင်းနိုးနိုးနဲ့ လိုက်တက်ဖြစ်ခဲ့ကြတယ်။ တကယ်တော့ အဲဒီရက်တိုသင်တန်းလေးတွေ ကလည်း သူတို့အတွက် အသုံးဝင်ရှာပါတယ်။ ပါဠိစာပေကလွဲရင် ဘာမှ မသင်ယူခဲ့ရသည့် သူတွေမို့ လက်တွေ့လူမှုနယ်ပယ်ထဲကို တိုးဝင်ဖို့ အမြင်ဖွင့်တဲ့သင်တန်းလေးတစ်ခု ဖြစ်လေနေတယ်။
အဲဒီသင်တန်းတွေထဲက သင်တန်းဆရာကောင်းကောင်း သို့မဟုတ် စီစဉ်သူကောင်းကောင်းနဲ့ တွေ့ပြီး သူတို့တကယ်စိတ်ဝင်စားပြီး တကယ်အလုပ်လုပ်နိုင်တဲ့ လမ်းစလေးတစ်ခု မတွေ့နိုင်ဘူးလို့ ပြောလို့ မရဘူးလေ။ လမ်းစလေးတွေ တွေ့ကြပါစေလို့ ဆုတောင်းပေးချင်ပါသည်။ အဲဒါမှ သူတို့ထင်တဲ့ ရွှေရောင်အနာဂတ်လိုလို အရာတွေနဲ့ နီးစပ်မယ်လေ။ ပြောရဲတယ်၊ သူတို့က အဲဒီမျှော်လင့်ချက်တစ်ခု ရှိတယ်။ ပျော်ရွှင်စရာအနာဂတ်လေးတစ်ခုခုကို တစ်စုံတစ်ဦးက သယ်ဆောင်လာမလား၊ သို့မဟုတ် သူတို့ကိုယ်တိုင်ဘဲ သွားယူရမလား၊ ဘယ်လိုပိုင်ဆိုင်ခွင့်ရှိမလဲဆိုတာကို အိပ်မက်တွေဆက်မက် ခွင့်လည်း ရှိတဲ့အရွယ်လေ။ အနှေးနဲ့အမြန်ဘဲ ကွာမှာပါ၊ သူတို့အတွက် ရောက်လာမယ်ဆိုတာ သူတို့ သိနေတယ်။ အဲဒီရွှေရောင်အနာဂတ်လေးတစ်ခုက သူတို့နဲ့ထိုက်တန်တယ်ဆိုတာ သူတို့မသိဘဲ နေမလား။ ကိုရင်လေးဘဝကတည်းက အစပြုပြီး စောင့်ဆိုင်းလာခဲ့တဲ့ အိပ်မက်တွေဟာ ထုထည်တွေ က နည်းနည်းနှောနှောမှမဟုတ်တာ။ သူတို့ရဲ့ဆွေမျိုး အသိုင်းအဝိုင်း၊ သူတို့ရဲ့ဆရာသမားတွေက ထုဆစ်ပေးခဲ့တာ။ ဒီလောက်အထုအထည်တွေကြီးမားပါရဲ့နဲ့ သူတို့အတွက် ဖြစ်မလာဘူးဆိုရင် သူတို့ရဲ့ခြေလှမ်းတွေက ဘာအတွက်လှမ်းခဲ့သလဲ မေးခွန်းထုတ်စရာဖြစ်လာတော့မှာပေါ့။ သို့တစေ၊ အခုအထိတော့ စိတ်လေနေဆဲ။ စိတ်စေစားရာကို သူတို့ဦးညွန်ထားတယ်။ မြန်မာသာသနာ့ ဆင်ခြေဖုန်းပေါ်က စိတ်လေနေသည့် သာသနာ့တပ်သားတွေ များနေဆဲ။ ခြေဦးတည့်ရာ သူတို့လမ်းလျှောက်ကြတယ်။ လမ်းမမှားပါစေနဲ့လို့ ဆုတောင်းပေးပါတယ်။ စိုးရိမ်နေရင်တော့ ရပ်ကြည့်မနေဘဲ လမ်းတည့်ပေးသင့်ပါတယ်။
၂၀၁၉ -မှာ ရဟန်းအိုများ အထီးကျန်ခြင်းအကြောင်းကို လေ့လာခဲ့ပြီး ၂၀၂၀ မှာ ရဟန်းပျိုများ စိတ်လေ ခြင်းအကြောင်းအရာတွေ လေ့လာရှာဖွေကြည့်မယ်လို့ စိတ်ကူးထားပေမယ့် အခွင့်မသာခဲ့ပါဘူး။ မြန်မာရဟန်းပျိုများအကြောင်းကို စိတ်ဝင်စားတဲ့သူအတွက် လေ့လာလို့ကောင်းတဲ့အချိန်ဘဲလို့လည်း မြင်မိပါတယ်။ မြန်မာရဟန်းတော်များအတွက် တွေးစရာလမ်းစတစ်ခုဖြစ်ပါစေလို့ ဆုတောင်းပါတယ်။
အားလုံးကိုကျေးဇူးတင်ပါသည်။
အရှင်နန္ဒိယ (ဖယ်ခုံ) 14.03.2020 02:48:00 PM
စိတျစစေားရာ
အရှငျနန်ဒိယ (ဖယျခုံ) 14.03.2020 02:48:00 PM
Zawgyi
No comments:
Post a Comment