Friday, January 3, 2025

၂၀၂၅ ကို နှုတ်ခွန်းဆက်

 

နှစ်သစ် နှုတ်ခွန်းဆက်

သတိလေးဘာလေးရရင် စာလေးဘာလေးတော့ ရေးလိုက်ချင်တယ်။ တစ်ခါတစ်လေသတိရတဲ့စိတ်ကလည်း ရှည်တယ်။ သတိရကြောင်းရေးတဲ့စာ ရှည်တတ်တယ်။ နှစ်သစ်မင်္ဂလာမှာ ရေးတဲ့စာကလည်း ရှည်ချင်ရှည်ဦးမယ်။ သတိရတဲ့အခါတိုင်းရေးထားတဲ့စာတွေကို လူကြုံမရှိလို့ မပို့ဖြစ်ခဲ့တာတွေလည်း အများကြီးရယ်။ အဲဒီထဲက လူကြုံရှိလို့ ပို့လိုက်တဲ့စာအိပ်တွေကို တံဆိပ်ခေါင်းလှလှလေးတွေရွေးကပ်ပြီး ဖြစ်ကဆန်ပို့တဲ့စာမျိုးမဟုတ်ဘူးလို့ စာပို့သူတွေထင်သွားရင်တော့ အရေးတယူလုပ်ပြီး ရောက်အောင်ပို့ပေးလိမ့်မယ်လို့ မျှော်လင့်ရတာပေါ့။ ဒါကတော့ အခုမဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ဆယ်ကျော်တုန်းက စာတိုက်ထဲစာသွားပို့တဲ့အချိန်တုန်းက မျှော်လင့်ချက်လေးပါ။ အခုမှာတော့လေ ဖေ့စ်ဘုတ်ခ်ပေါ်မှာက အကြောင်းကြားလိုက်ရုံဘဲ။ တော်တော်လွယ်သွားပြီ။ တစ်ခုတော့ရှိတယ်၊ ခင်လို့ဆိုပြီး ညီမလေးအကြောင်းတွေ ဘာတွေထည့်မရေးနဲ့၊ အကုန်လုံးသိကုန်မှာနော်။

 

နှုတ်ခွန်းဆက်စာဆိုတာကလဲ တစ်ခါတစ်လေမှ ရေးဖြစ်တာပါ။ တစ်ခါတစ်လေရေးဖို့ကြံထားပေမယ့် မရေးဖြစ် တာလည်း ရှိတာပေါ့။ သူများရေးတဲ့စာတွေဖတ်ပြီး အားကျ၊ ငါလည်းရေးမယ်လို့ အားခဲ၊ စာအုပ်လှန် ဘောပင်ကိုင်ပြီး ဘာရေးရမလဲ စဉ်းစား၊ အချိန်ကကုန်သွား ရေးစရာက မရှိသေး။ အဲလိုနဲ့ နှစ်သစ်နှုတ်ခွန်း ဆက်တဲ့စာက ဘာရေးရမှန်းသိဖြစ်နေပြန်ရော။ ဘာရေးရမှန်းမသိတဲ့နှစ်တွေက များတယ်၊ ဖြစ်ချင်တော့ ဒီနှစ်လည်း အဲဒီထဲက တစ်နှစ်ဖြစ်နေပြန်ရော။ ရေရောရော မရောရော ဆားထည့်မထားတဲ့ဟင်းမို့ ပေါ့မြဲပေါ့နေတာပဲ။

ဘယ်ရေးဖြစ်မလဲ၊ ဘာရေးမယ် ညာရေးမယ်စဉ်းစားတိုင်း စစ်ဘေးရှောင်တာကိုဘဲ မြင်ရောင်နေတာကိုး။ ဒီဇင်ဘာလစာဖြေရမယ်ဆိုလို့ စာသွားဖြေတာ၊ ခေါင်းထဲမှာ ဘာစာမှမရှိဘဲ သွားဖြေရတာမျိုး။ မိဘတွေကအစ စစ်ဘေးရှောင်ရတာလေ၊ ဘယ်သွားနေမှန်းမသိ၊ သတင်းကမရနဲ့ဆိုတော့ ဒီဘက်က ဘယ်လိုလုပ်ပြီး စာကြည့်နိုင်မလဲ။ စာဖတ်တယ်၊ တစ်နေကုန်ထိုင်ဖတ်တယ်၊ နေ့တာကုန်သွားတာ ပထမစာမျက်နှာက မပြောင်းသေးဘူး။ မျက်စိက စာအုပ်ကိုကြည့်ပြီး စိတ်ထဲက စစ်ဘေးရှောင်တွေ ဘယ်ဘက်ကိုပြေးကြတာလဲလို့ စဉ်းစားနေတာ။ တစ်ဆွေလုံးတစ်မျိုးလုံး သတင်းမရ၊ တစ်ရွာလုံးလည်း ပြေးရတယ်၊ တစ်ရွာထဲလားဆိုတော့ လည်း ဘယ်ဟုတ်မလဲ၊ ဘေးကရွားတွေလည်း ပြေးတာပဲ။ အဲလိုနဲ့ဘဲ နှစ်သစ်မှာ နေကောင်းကျန်းမာ စိတ်ချမ်းသာကြောင်း နှုတ်ဆက်တာမျိုးမလုပ်ဖြစ်ခဲ့ဘူး။ ဒီနှစ်တော့ ဆုမွန်းကောင်းလေး တောင်းကြည့်လိုက်မယ် စဉ်းစားတော့လည်း အဲဒီအကြောင်းတွေဘဲ ထပ်ပေါ်လာတယ်။

တစ်ရွာလုံးကပြေး၊ သူများရွာမှာ ကပ်နေ၊ စစ်ဘေးရှောင်စခန်းမှာ ဘာတွေဝေမလဲ လို့စုံစမ်း၊ တစ်နှစ်ကျော်လာပြီ အခုထိ ရွာပြန်လို့ကမရသေး၊ ပြီးတော့ တစ်အိမ်ဘယ်လောက်ဘယ်လောက်ဆိုတဲ့ကောက်ကြေးတွေကတစ်မျိုး၊ စစ်ထဲဝင်ရမယ်ဆိုတာကတစ်မျိုး မိဘကအိုနေပြီ ဘာလုပ်ရမှန်းမသိတော့ဘူး၊ အဘိုးအဘွားတွေကတော့ ပြောစရာမရှိတော့ဘူး။ ရွာမပြန်ခင်အထိတော့ ဘေးမထိ ရန်မငြိပါစေနဲ့လို့ဘဲ ဆုတောင်းနေတာ။ အမျိုးထဲက တစ်ယောက်ယောက်က တစ်ရွာနဲ့တစ်ရွာကူးလို့ ဒလန်လို့ဆိုပြီး ဖမ်းသွားတယ်လို့ ကြားတိုင်း ဘာဆက်လုပ်ကြမလဲ၊ သူများရွာရောက် နေတဲ့ မိဘနဲ့ အဘိုးအဘွားတွေကို ဘယ်သူတွေကြည့်ကြမလဲ လို့ တွေးပူရတာ။ သုံးလေးရက်လောက်ကြာပြီး ပြန်လွတ်လာမှ တော်သေးတယ်လို့ စိတ်ဖြေရတယ်။ အဲဒီစိတ်တွေကြောင့် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားလေးက ဘာပြောရမှန်း မသိဖြစ်နေတာ တစ်နှစ်ပြီး တစ်နှစ်ဘဲ။

သတိရသေးတယ် ရွာသားများ ရွာကထွက်ပြီး လေးငါးလလောက်မှာ သယ်လာတဲ့အစားအစာကုန်သွားလို့ ဘယ်ရောက်ကြပြီလဲ ဘယ်မှာနေတာလဲ လို့ မေးခွန်းထုတ်ကြတုန်းကဆိုရင် “နေဖို့ကနောက်မှစဉ်းစားပါ၊ အခု ဘာစားရမှန်း မသိဘူးဖြစ်နေတယ်”လို့ ပြန်ပြောတာ ကြားရတော့ ရန်ပုံငွေတကူးတကလိုက်ရှာခဲ့ကြတာ မှတ်မိသေးတယ်။ အဲဒီထဲက ဗီယနမ်က ဆရားလေး ဒေါ်ဓမ္မရတီ နဲ့ အလှူ့ရှင်တွေက သိန်းပေါင်းရာနဲ့ချီပြီး လှူဒါန်းပေးခဲ့တာ အခုထိ ကျေးဇူးတင်လို့ မဆုံးဘူး။ စစ်ဘေးရှောင်ရွာသားများ အကူအညီတွေ အများကြီး ရခဲ့ကြတယ်။ နိုင်ငံခြားရောက်ရွာသူရွာသားများရဲ့ စုပေါင်းလှူဒါန်းတဲ့ ရန်ပုံငွေအလှူတွေကိုလည်း အများကြီး ရရှိခဲ့ကြတယ်။ အခုအချိန်မှာ နိုင်ငံခြားသွားပြီး လူငယ်တွေအလုပ်မလုပ်ကြရင် နောက်ကလှူတွေဘယ်လို ရပ်တည်ကြမလဲ ဆိုတာမျိုး မတွေးဝံ့စရာ။ ဘာဘဲပြောပြော၊ အခုအချိန်မှာတော့ နိုင်ငံခြားမှာ အလုပ်သွားလုပ် တာကို ဝမ်းသားရမှာ။ နှစ်သစ်မှာနှုတ်ခွန်းဆက်သဖို့ ဝမ်းသာစရာတွေကို အဲဒါလေးတွေနဲ့ ဖြေသိမ့်နေရတယ်။

လူတွေသတိမထားမိကြတဲ့ အခြားတစ်ဘက်က အခြေအနေကလည်း ရှိသေးတယ်။ နိုင်ငံခြားကပို့တဲ့ငွေနဲ့ စစ်‌ဘေးရှောင်တွေအကြား အဆင်ပြေအောင်လုပ်အားပေးတဲ့အဖွဲ့တွေကို ဟိုအဖွဲ့ ဒီအဖွဲ့ အစစ်ခံရတယ်လို့ ကြားတိုင်း အဝေးကနေရင်တမမနဲ့ ဘာမှမဖြစ်ပါစေနဲ့လို့ ဆုတောင်းနေရတယ်။ အဲဒီအကြားထဲ တစ်ခါတစ်လေ ကေပေအကောင့်က တစ်ရက်ကို ငါးသိန်းအထက် ထုတ်လို့မရဘူး ဆိုတာခဏဖြစ်လိုက် နေတယ်။ နည်းနည်းပဲထုတ်လို့ရတဲ့ငွေတွေကို နေ့တိုင်းသွားထုတ်နေရပြီး လက်နက်ကိုင်ထားတဲ့သူတွေနဲ့ နေ့တိုင်း တွေ့နေရတဲ့ ကြားထဲက ပရဟိတသမားတွေဆိုရင် အလှူ့ရှင်နဲ့ အလှူခံတွေထက် ဆယ်ဆလောက် ခေါင်းပူနေရတာ တွေ့ရတယ်။ ရာသီဥတုပြောင်းလို့ ဝမ်းရောဂါဖြစ်လိုက်၊ ဗုံးထိလို့ ဆေးရုံတက်လိုက်နဲ့ နေစရာ စားစရာမရှိလို့ ဒုက္ခရောက်နေတဲ့ကြားထဲမှာ အဆစ်ပါထပ်ရလိုက်သေးတာ။ အပိုဒုက္ခတွေက ခံစားနေရတာကို မြင်ရကြားရတာ သိပ်များနေတော့ နှုတ်ခွန်းဆက်သဖို့ သတိရပေမယ့် ဘာပြောရမှန်းမသိတာ ကိုယ့်ကိုယ်ကိုလည်း မအံ့သြတော့ဘူး။

ဖယ်ခုံ လွယ်ကော်တစ်ကျောမှာ ရှိတဲ့ဘုန်းကြီးကျောင်းတွေဆိုရင် စာသင်တိုက်ကြီးတွေအပါအဝင် အခုထိပြန်မလာရသေးလို့ ဘယ်ရောက်သွားမှန်းမသိတော့ဘူးလို့ကြားတိုင်း ကိုယ်တို့ဆရာသမားအပါအဝင် အားလုံးဘေးရန်မခဘဲ ကိုယ်ကျန်းမာစိတ်ချမ်းသာရှိပါစေလို့ ဆုတောင်းပေးရုံကလွဲပြီး ဘာမှ မတတ်နိုင်ဘူး။ ဒါတော့ပြောရင် ဒရမ်မာခင်းတာ၊ ဇာတ်ဝင်နာတာတို့ ဖြစ်နေမလားမသိဘူး။ အခြားလူတွေဘယ်လိုထင်မှန်း မသိပေမယ့် အခုလိုဆောင်းရာသီမှာ အနွေးထည်မရှိရင်၊ အိမ်တွေလေမလုံရင် ဘာလိုဖြစ်မယ်ဆိုတာ ရှမ်းပြည်မှာနေဖူးရင်တော့ သိမှာပါ။ ဆောင်းရာသီမှာ စစ်ဘေးရှောင်စခန်းများ လုံခြုံကြပါစေ၊ နွေးထွေးကြပါစေ။ ဒီစစ်ပွဲကြီးလည်း မြန်မြန်ပြီးပါစေ။

နှုတ်ခွန်းဆက်စကားကို မရေးတတ်လို့ တွေ့လိုတွေ့ငြား စစ်ဘေးရှောင်နဲ့ပတ်သက်တဲ့ စာတွေထဲက ပြန်ကြည့်ရင်း စစ်ဘေးရှောင်အလွမ်းဆိုပြီးတော့ ‌‌ရေးတဲ့စာလေးကို ပြန်ကြည့်တော့

“ဖယ်ခုံဆောင်းနဲ့ လွယ်ကော်ဆောင်းတို့ မအေးတော့လို့ ရှမ်းပြည်ဘက်ကို ခဏဆောင်းသွားခိုလိုက်တာ အခုထိ ပြန်မလာနိုင်တော့ဘူး” ဆိုပြီး တောင်ကွဲစေတီကလွမ်းနေတာမဟုတ်ဘူး။ “သတိရတယ်၊ ပြန်ဆုံချင်ပြီ၊ မြန်မြန်ပြန်လာခဲ့ပါ၊ ဒီတောဒီတောင်ကို သက်သေပြုပြီး သစ္စာဆိုပါတယ်” ‌ဆိုပြီး ကန်ခုနှစ်ဆင့်က အချစ်ရေးဆိုနေတာ မဟုတ်ပါဘူး။ ချစ်ခြင်း ကြင်နာခြင်းတွေ ဒီဖယ်ခုံအင်းလို ကျယ်ပြန့်ပြီး ဒီဘီလူးချောင်းလို့ အမြဲစီးဆင်းနေမယ် ဆိုတဲ့ပြဇာတ်မျိုးလည်း မဟုတ်ဘူး။  ဒီပြန်တွင်းစစ်က အလွမ်းဇာတ်ခင်းရာ အခင်းအကျင်းလေးတစ်ခုအတွက်သက်သက် ဖြစ်လာခဲ့တာမဟုတ်ပါဘူး။ လွမ်းဖို့လည်းမကောင်းဘူး၊ သတိရလို့လည်း မကောင်းဘူး။ ဒါဆိုရင် ဘာလုပ်ဖို့ကောင်းတာလဲဆိုတော့ ရှမ်းပြည်ဘက်ကို ထွက်ပြေးဖို့ဘဲ ကောင်းတာ။

အဲဒီစာကို ဘယ်အချိန်တုန်းက ဘာလို့ရေးဖြစ်ခဲ့မှန်းမသိဘူး။ နှုတ်ခွန်းဆက်စကားကို ဒီလိုပြောလို့ ဘယ်ဖြစ်မလဲ၊ ဟုတ်တယ်မလား။ စကားစပ်မိရာ ပြောရင်း ချဲ့ရင်းနဲ့ နှုတ်ဆက်စကားဖြစ်ချက်လည်း ဖြစ်မှာပေါ့။

ဘဝဆိုတာကလည်း ခန့်မှန်းရခက်ပါတယ်၊ ဟုတ်တယ်မလား။ ရုန်းကန်နေရတယ်။ တစ်ခါတစ်လေ နွေကိုနွေးအောင်လုပ်နေရသလိုဘဲ။ ဒီလိုခက်ခဲ ကြမ်းတမ်း ခက်ထန်လွန်းတဲ့ အခြေအနေတွေထဲက မင်္ဂလာရှိတဲ့စကားလေးတော့ ပြောချင်သေးတယ်။

နှစ်သစ်ကူးမှာတော့ နှုတ်ခွန်းဆက်သ ဆုတောင်းစကားလေးတွေကြားတိုင်း ကိုယ်လည်း ပြောကြည့်မယ်လို့ စဉ်းစားဖူးတယ်။ ဒီနှစ်တော့ ဒီဂါထာလေးနဲ့ နှစ်သစ်ကို နှုတ်ခွန်းဆက်သပါတယ်။ မရိုးနိုင်တဲ့ဂါထာလေးတစ်ပုဒ်နဲ့ပေါ့။

သဗ္ဗမင်္ဂလာဂါထာ”

ဒိဝါ တပတိ အာဒိစ္စော ၊ ရတ္တိမာ ဘာတိ စန္ဒိမာ ။

သန္နဒ္ဓေါ ခတ္တိယော တပတိ စျာယီ တပတိ ဗြဟ္မဏော။

အထ သဗ္ဗမဟောရတ္တိံ ၊ ဗုဒ္ဓေါ တပတိ တေဇသာ ။

 

နိဒါနသံယုတ် (သံယုတ္တနိကာယ်) ထဲက ဂါထာ။ ဒီဂါထာကို သဗ္ဗမင်္ဂလာဂါထာလို့လည်း ခေါ်ကြတယ်။ ပိဋကတ်သုံးပုံထဲက မင်္ဂလာအားလုံးစုပေါင်းထားတဲ့ဂါထာကို ရွတ်ပြပါဆိုတဲ့မေးခွန်းကို သီဟိုရ်ခေတ်တစ် ခေတ်မှာ ရှင်ဘုရင်က မေးခွန်းထုတ်ဖူးတယ်။ ဘယ်သူမှမဖြေနိုင်ဘဲ နောက်ဆုံးတော့ အမတ်ကြီးတစ်ယောက်က ထရွတ်ပြလိုက်တာ အသပြာတစ်ရာ ဆုချခံရတယ်လို့ကြားဖူးတယ်။

အဲဒါကို မြန်မာဆရာတော် ပညာတတ်များပေါ်ထွန်းတဲ့ခေတ်ကာလတွေထဲက ခေတ်တစ်ခေတ်မှာ တိပိဋကမင်းကွန်းဆရာတော်ခေတ်မတိုင်ခင် အရင် မင်းကွန်းဆရာတော် နဲ့ မန်လည်ဆရာတော်တို့ နာမည်ကြီးပြီး လူချင်းမမြင်ဖူးကြသေးတဲ့ ပညာတတ်ဆရာတော်နှစ်ပါးရဲ့ ပညာစမ်းမေးခွန်းတစ်ထောင်တွေထဲက တစ်ခုမှာ ဒီဂါထာလည်းပါတယ်။

ဒီမေးခွန်းကို မင်းကွန်းဆရာတော်က မေးပြီး မန်လည်ဆရာတော်က ဖြေကြားတာ။

အမေး-

တစ်ဂါထာ ၊ သဗ္ဗရယ် မင်္ဂလာလို့ ၊ မည်သညာ သရေတင့် ၊ ကျမ်းဖွင့်ထင်စွာ ၊ ငါးနိကာယ် ပင်လယ်ထဲမှာလ၊ ထူးလှတဲ့ ဒီဂါထာ၊ ဉာဏ်မဟာ ကိုင်ဖမ်း ၊ နက်ကျယ်စွာ သမုဒ်ကယ် အဏ္ဏဝါ၌၊ အာနန္ဒာမွှေလို့ နှောက်သည့်နှယ် ၊ ဘုန်းထက်အောက်စမ်း ”

 

အဖြေ-

 

တစ်ဂါထာ ၊ သဗ္ဗရယ် မင်္ဂလာလို့ ၊ မည်သညာ သရေတင့် ၊ ကျမ်းဖွင့်ထင်စွာ ၊ ငါးနိကာယ် ပင်လယ်၀မှာလ ၊ နိဒါသံယုတ်မှာ ၊ ဒိဝါစချီးကျူး ၊ နက်ကျယ်စွာ ၊ သမုဒ်ကယ် အဏ္ဏဝါ၌ ၊ အာနန္ဒာ သာလွန်ကျူးအောင် ၊ ဘုန်းဉာဏ်ကွန့်မြူး ။”

 

နှစ်သစ်မှာ ကိုယ်ကျန်းမာ စိတ်ချမ်းသာပြီး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။

 

အရှင်နန္ဒိယ (ဖယ်ခုံ)

31.12.2024

No comments:

Post a Comment