Monday, January 6, 2025

သီရိလင်္ကာနိုင်ငံတက္ကသိုလ် ဗုဒ္ဓဘာသာဌာနက MAအကြောင်း

 

သီရိလင်္ကာနိုင်ငံတက္ကသိုလ် ဗုဒ္ဓဘာသာဌာနက MAအကြောင်း

MA လို့ပြောလိုက်ရင် ဘွဲ့လွန်ဌာနက ဘွဲ့တစ်ခုဆိုတာ အားလုံးသိပြီးသားဖြစ်ပါလိမ့်မယ်။ သီရိလင်္ကာနိုင်ငံ တက္ကသိုလ်မှာ Buddhist studies ကို စိတ်ဝင်စားတဲ့သူတွေအတွက် သိတာလေးကို မျှဝေချင်ပါတယ်။

အာရှမှာ နိုင်ငံတကာအသိအမှတ်ပြုတဲ့ ဗုဒ္ဓတက္ကသိုလ်က ၁၆ ခုရှိတဲ့အထဲမှာ သီရိလင်္ကာက နှစ်ခုပါဝင်ပါတယ်။ Bhiksu University နဲ့ BPU (Buddhist and Pali University) ဘဲဖြစ်ပါတယ်။ ဒီနောက်ပိုင်းမှ ပေါ်လာတဲ့ နာဂါနန္ဒတက္ကသိုလ်က  PGIPBS လိုဘဲ University အနေနဲ့ မဟုတ်ဘဲ Institute အနေနဲ့ဘဲ စာရင်းပေါက်ပါတယ်။ ကျန်တဲ့ကေလနိယ၊ ပေရာဒနိယ၊ ကိုလံဘိုနဲ့ ‌ဂျေရတနပူရတက္ကသိုလ်တို့က ဗုဒ္ဓတက္ကသိုလ်အနေနဲ့စာရင်းပေါက်တာမဟုတ်ဘဲ Humanity Faculty အောက်က Buddhist and Pali Department တစ်ခုအနေနဲ့ဘဲ ပါဝင်တာပါ။

BA

BA အတန်းတွေလာတတ်ချင်ရင် ဘီပီယူ၊ ဘိက္ခု၊ နာဂါနန္ဒတက္ကသိုလ်မှာဆိုရင် ရိုးရိုးက သုံးနှစ်၊ အထူးက လေးနှစ်။ ကေလနိယ၊ ပေရာဒနိယ၊ ကိုလံဘို၊ ဂျေရတနပူရတို့မှာ ရိုးရိုးက လေးနှစ်၊ အထူးက ငါးနှစ် ဖြစ်ပါတယ်။ မီဒီယမ်ကတော့ စင်ဟလာမီဒီယမ်နဲ့ အင်္ဂလိပ်မီဒီယမ် နှစ်ခုရှိပါတယ်။ ဘီအေမှာတော့ ဘီပီယူ၊ ဘိက္ခု၊ ကေလနိယ၊ ဂျေရတနပူရတို့မှာ စိတ်ကြိုက်ရွေးလို့ရတဲ့ဘာသာရပ်တွေအများအပြားရှိပေမယ့် အခြားတက္ကသိုလ်မှာ optional subjects တွေက နည်းပါတယ်။ တချို့တက္ကသိုလ်တွေမှာ သင်ရတဲ့ဘာသာရပ်တွေသာများတာ စိတ်ကြိုက်ရွေးချယ်ခွင့်မရှိဘဲ တက္ကသိုလ်က ပြဌာန်းသမျှ အကုန်ယူရတာမျိုးတွေလည်း ရှိတယ်။

ကျောင်းကြေးကတော့ အခုလောလောဆယ်မှာ နာဂါနန္ဒက စျေးအချိုးဆုံးဘဲ။ သုံးနှစ်မှ ဒေါ်လာ တစ်ထောင်ငါးရာဘဲပေးရတာ။ BPU လည်း စျေးချိုတယ်ပြောရမယ်၊ နာဂါနန္ဒလောက်တော့ မနည်းဘူးပေါ့လေ။ ကေလနိယ၊ ဆီးဘား တို့မှာ တက်ချင်လည်း တက်ပေါ့။ အိတ်ကပ်သေးနေလို့တော့ မရဘူး။

MA

MA မှာတော့ Taught MA နဲ့ Research MA (သင်ကြားရေးအမ်အေ၊ သုတေသနအမ်အေ) နှစ်မျိုးလုံးရှိတယ်။ သင်ကြားရေးအမ်အေက တစ်နှစ်၊ သုတေသနအမ်အေက နှစ်နှစ်။ သင်ကြားရေးအမ်အေက စိတ်ကြိုက်ရွေးလို့ရတဲ့ ဘာသာရပ်အခွဲတွေအများအပြားရှိတယ်။ အနည်းဆုံးတော့ နှစ်ဆယ်တော့ရှိတယ်။ မယူမနေရ ဘာသာရပ်က တစ်ခု သို့မဟုတ် နှစ်ခု ပါလေ့ရှိတယ်။ ကျန်တဲ့လေးခုကိုတော့ စိတ်ကြိုက်ရွေး။ ကိုယ်မရွေးထားတဲ့ဘာသာရပ်တွေကိုလည်း ကျောင်းသားဖြစ်ရင် အတန်းထဲဝင်လို့ရတယ်၊ လေ့လာလို့ရတယ်။ သီရိလင်္ကာမှာတော့ ကေလနိယတက္ကသိုလ်ရဲ့အခွဲ  PGIPBS (Postgraduate Institute of Pali and Buddhist Studies) တစ်ခုဘဲရှိတယ်။ ဒီနောက်ပိုင်းမှာ အဲဒီတက္ကသိုလ်က နှစ်နှစ်အမ်အေတွေလည်း အခြားတက္ကသိုလ်လိုဘဲ လက်ခံနေပြီ။ အခြားတက္ကသိုလ်တွေကတော့ နှစ်နှစ်အမ်အေတွေဖြစ်ပါတယ်။ သူတို့တက္ကသိုလ်တွေလည်း သုတေသနမလုပ်နိုင်တဲ့ကျောင်းသားတွေအတွက် တစ်နှစ်အမ်အေဆိုပြီးတော့ ဘွဲ့တွေပေးကြပါတယ်။ တစ်နှစ်အမ်အေနဲ့ပြီးရင်တော့ PhD လုပ်ချင်ရင် Mphil အရင်လုပ်ရတယ်၊ ပြီးမှ PhD ဆက်သွား။ ကိုလံဘိုမှာဆိုရင် တစ်နှစ်ကျောင်းသားတွေကို Master of Art in Buddhist Studies လို့မသုံးဘဲ Master of Buddhist study လို့သုံးပြီး ကျောင်းခေါ်တာကို တွေ့ရတယ်။

 

Research MA

Research MA အထူးပြုထားတဲ့ တက္ကသိုလ်တွေမှာတော့ အကယ်ဒမစ် ဘာသာရပ်တွေကို စိတ်ကြိုက်ရွေးချယ်ခွင့်မရှိပါဘူး။ သူတို့တက္ကသိုလ်က လိုအပ်တယ်ထင်တဲ့ ဘာသာရပ်အနည်းငယ်တွေကိုဘဲ မယူမနေရ ကြိုက်ကြိုက်မကြိုက်ကြိုက် ယူရပါတယ်။ တက္ကသိုလ်ကွဲရင်ကွဲသလို ဘာသာရပ်တွေလည်း ကွဲတယ်၊ ရေးရမယ့် assignment လည်း ကွဲတယ်၊ ဖြေဆိုရမယ့် စာမေးပွဲအကြိမ်ရေတွေလည်း ကွာတယ်။ ဥပမာ- ကေလနိယမှာဆိုရင် academic subjects ခြောက်ခု၊ အဲဒီအတွက် assignment ခြောက်စောင် (ဘာသာရပ်တစ်ခုကို တစ်စောင်စီ)၊ ပထမနှစ် ကျောင်းတက်၊ တစ်နှစ်ပြည့်ရင် စာဖြေ။ စာမေးပွဲက တစ်ကြိမ်ဘဲ။ ကျန်တဲ့တစ်နှစ်ကို စူပါဗိုက်ဆာနဲ့ဘဲ နွေးဆွေးပြီး အမ်အေစာတမ်းရေးပေတော့။ ‌ပေရာဒနိယမှာကျတော့ အဲလိုမဟုတ်ပြန်ဘူး။ ပထမနှစ်မှာဘဲ စီမီစတာနှစ်ခုခွဲထားတာ။ ခြောက်လတစ်ကြိမ် စာဖြေ။ ပထမစီမီစတာနဲ့ ဒုတိယစီမီစတာမှာလည်း ဘာသာရပ်တွေမတူဘူး။ ကိုလံဘိုမှာကျတော့ အရင် ၂၀၁၉ တုန်းကဆိုရင် သုံးခါတောင် စာဖြေရတာ၊ ပထမနှစ်မှာ စီမီစတာ နှစ်ခု။ ဒုတိယနှစ်မှာ ပထမခြောက်လမှာ သုံးခုမြောက် စီမီစတာဆိုပြီး ကျောင်းထပ်တက်ပြီး စာဖြေရသေးတယ်။ ကျန်တဲ့ ခြောက်လက စာတမ်းရေးပေါ့။ ၂၀၂၀ အလွန်မှာတော့ တတိယစီမီစတာ ဆိုတာ မရှိတော့ဘူး၊ စာမဖြေရတော့ဘူး လို့ကြားတယ်။

ကျောင်းကြေးတွေကတော့ တက္ကသိုလ်တစ်ခုနဲ့တစ်ခုကမတူပါဘူး။ တစ်နှစ်အမ်အေကတော့ ဒေါ်လာ ခုနှစ်ရာကနေ တစ်ထောင်ကြားမှာရှိပြီး၊ နှစ်နှစ်အမ်အေက ဒေါ်လာ တစ်ထောင်သုံးရာနဲ့ တစ်ထောင်ငါးရာကြားမှာ ရှိပါတယ်။ နာဂါနန္ဒတက္ကသိုလ်တစ်ခုဘဲ စျေးချိုတယ်ပြောရမယ်။

တစ်နှစ်အမ်အေလက်ခံတဲ့တက္ကသိုလ်တွေမှာ လူတွေ့အင်တာဗျူးမေးလေ့မရှိပါဘူး။ တက္ကသိုလ်က တောင်းဆိုထားတဲ့အချက်တွေနဲ့ ဘီအေဘွဲ့လက်မှတ်ပါရင် လက်ခံကြပါတယ်။ နှစ်နှစ်အမ်အေလက်ခံတဲ့ တက္ကသိုလ်မှာတော့ လူတွေ့အင်တာဗျူးမေးလေ့ရှိတယ်။ အထူးသဖြင့် ဘာကို သုတေသနလုပ်မှာလဲ၊ ဘာအကြောင်းအရာလဲ၊ ဘယ်ခေါင်းစဉ်နဲ့လဲ စတဲ့မေးခွန်းမျိုးတွေပေါ့။ ရတဲ့ဘွဲ့လက်မှတ်နဲ့ စာသင်ခဲ့တဲ့နေရာ တွေကိုလည်း မေးပါတယ်။ ဘွဲ့ယူကျမ်းတစ်ခုအနေနဲ့ တစ်နှစ်ကျောင်းသား‌တွေမှာတော့ စာလုံးငါးထောင်ပါတဲ့ စာတမ်းလေးတစ်ခုနောက်ဆုံးတင်ရပြီး၊ နှစ်နှစ်ကျောင်းသားတွေကတော့ စာလုံးပေါင်းအနည်းဆုံး နှစ်သောင်းနဲ့ စာမျက်နှာ တစ်ရာအနည်းဆုံးပါတဲ့စာတမ်းတစ်စောင် ပြုစုရပါတယ်။ ကိုလံကိုမှာ တစ်သောင်းငါးထောင်လို့ ကြားတယ်။ အခြားတက္ကသိုလ်နဲ့စာရင် အနည်းဆုံးလိုဖြစ်နေတာပေါ့။ ပထမနှစ်မှာ assignment တစ်စောင်ကို စာလုံးရေ သုံးထောင်ငါးရာနဲ့ ငါးထောင်ကြားမှာ ရေးခိုင်းလေ့ရှိတယ်။

 

Postgraduate Diploma

မြန်မာနိုင်ငံကလာတဲ့ ရဟန်းတော်တွေအနေနဲ့ဆိုရင် တစ်ချို့က ဓမ္မာစရိယဘွဲ့နဲ့လာတက်ကျတာရှိတယ်။ အဲဒါကို တစ်ချို့တက္ကသိုလ်က လက်ခံပေမယ့် တစ်ချို့တက္ကသိုလ်က လက်မခံပါဘူး။ ဒီမှာတစ်ခုသတိပေးချင်တာရှိတယ်။ ဘွဲ့လွန်ဒီပလိုမာ (Postgraduate Diploma) ဘွဲ့ယူထားပါ။ Buddhist Studies ရှိတဲ့တက္ကသိုလ်တိုင်းမှာ ဘွဲ့လွန်ဒီပလိုမာဘွဲ့ရှိတယ်ဆိုရင် ဘယ်နေရာမဆို ဓမ္မာစရိယဘွဲ့နဲ့ ချိတ်ပြီးတက်လို့ရတယ်။ ဘွဲ့လွန်ဒီပလိုမာက တစ်နှစ်ဘဲ။ အဲဒီဘွဲ့လွန်ဒီပလိုမာဘွဲ့လက်မှတ်နဲ့ အမ်အေကို ပြန်ချိန်လို့ရတယ်။ အကယ်၍ အဲဒီ ဘွဲ့လွန်ဒီပလိုမာ ရတဲ့ တက္ကသိုလ်မှာ ဆက်တက်ရင်တော့ အဆင်ပြေတယ်၊ ပြဿနာမရှိဘူး။ အခြားတက္ကသိုလ်တစ်ခုခုမှာ သွားချိတ်ရင်တော့ ဓမ္မာစရိယဆိုတာ ဘယ်လို ဘာညာဆိုပြီး ရှင်းပြရလေ့ရှိတယ်။

ဘီအေ ပြီးရင် အမ်အေ လုပ်လို့ရတာဘဲ ဘာလို့ဘွဲ့လွန်ဒီပလိုမာ လိုအပ်သေးတာလဲ လို့မေးရင် ဘာသာရပ်တစ်ခုနဲ့တစ်ခုအကူးမှာ လိုအပ်တဲ့ ပေါင်းကူးတံတားတစ်ခုလို့လည်း ပြောလို့ရတယ်။ ဥပမာ- အခြားဘာသာရပ်တစ်ခုခုနဲ့ (သိပ္ပံ ဖြစ်ဖြစ်၊ ဝိဇ္ဖာဖြစ်ဖြစ်) ဘွဲ့ရထားတယ်။ Buddhist study နဲ့ မနီးစပ်ဘူး။ သို့သော် အမ်အေကို Buddhist study နဲ့လုပ်ချင်တယ်ဆိုရင် ဘွဲ့လွန်ဒီပလိုမာ ကို အရင်လုပ်ခိုင်းတယ်။ ဘွဲ့လွန်ဒီပလိုမာမှာ ဘာသင်တာလဲဆိုတော့ အမ်အေအတန်းမှာ ပါဝင်တဲ့အကြောင်းအရာတွေကိုဘဲ သင်တာပဲ။ ဘွဲ့လွန်ဒီပလိုမာပြီးတာနဲ့ အမ်အေနဲ့ နီးစပ်သွားပြီ။ အဲဒါကြောင့် ဘာသာရပ်တူနေမယ်ဆိုရင် ဘွဲ့လွန်ဒီပလိုမာဘွဲ့ပါတယ်ဆိုရင် အမ်အေလုပ်ဖို့ အကြောင်းခိုင်လုံတယ်လို့ ဆိုလို့ရတယ်။ အကယ်ဒမစ်မှာက အကြောင်းအရာတွေသာမက အသုံးအနှုန်းတွေပါ အ‌ရေးကြီးတယ်မလား။ သင်ထားတာမမှားဘူး။ အချိန်ရှိရင် ဘွဲ့တော့ယူထားလိုက်ပါ။ လိုအပ်တဲ့အချိန် ထုတ်ပြလို့ရတာပေါ့။

MA ပြီးထားတယ်ဆိုရင် Mphil နဲ့ PhD က ကြိုက်တဲ့အချိန်လုပ်။ သီးသန့်ကျောင်းခေါ်ချိန်ဆိုတာ မရှိဘူး။ ဘာတွေပြင်ဆင်ရမလဲလို့မေးရင် ကိုယ်ယူမယ့်ဘာသာရပ်ဧရိယာမှာ စာတွေဖတ်ထားပါ။ ကိုယ်ယူမယ့်မီဒီယမ်မှာ ဘာသာစကားကျွမ်းကျင်အောင် လေ့လာထားပါ။ သီရိလင်္ကာမှာ ပါဠိနဲ့တက္ကတဘာသာတွေကိုလည်း ပြောဆိုကြပါတယ်၊ သင်ယူကြပါတယ်။ စိတ်ဝင်စားရင်တော့ လေ့လာလို့ရတယ်။ နိုင်ငံခြားဘာသာများကိုတော့ အင်္ဂလိပ်အပြင် တရုတ်၊ ကိုးရီးယား၊ ဂျပန်နဲ့ ပြင်သစ်ဘာသာများကိုလည်း သင်ယူကြတယ်။ တစ်ချို့ကတော့ Faculty ဘယ်နှစ်ခုရှိသလဲ Department ဘယ်နှစ်ခုရှိသလဲ ဆိုတာမျိုးလည်း မေးကြတယ်။ တက္ကသိုလ်ရဲ့ ဝက်ဆိုက်ထဲကို ဝင်ခေါက်ကြည့်လိုက်၊ တွေ့ရလိမ့်မယ်။

 

School, Collage, Institution, University. ဘာတွေပြောနေတာပါလိမ့်။ စကားမစပ်။ သီရိလင်္ကာ အမ်အေကိုတော့ စိတ်ဝင်စားတယ်မလား။

အားလုံးအဆင်ပြေကြပါစေ။

Gracias.

 

အရှင်နန္ဒိယ (ဖယ်ခုံ)

6.1.2025 03:10AM 

 

 

No comments:

Post a Comment