Monday, January 14, 2019

သီရိလင်္ကာ ဗုဒ္ဓဘာသာ တက္ကသိုလ်များနဲ့ ပတ်သက်၍


သီရိလင်္ကာမှာ ကျောင်းလာတက်ကြတာဆိုရင် မြန်မာနိုင်ငံအနေနဲ့ အခြားဘာသာရပ်တွေထက် ဗုဒ္ဓဘာသာလာလေ့လာတဲ့မြန်မာရဟန်းတော်က ပိုများမယ်ထင်တယ်။ ထေရဝါဒဗုဒ္ဓဘာသာ နိုင်ငံချင်းတူတာရယ်၊ နိုင်ငံတကာစံချိန်မီတဲ့ ပညာရေးအဆင့်အတန်းတွေ ရှိတယ်လို့ ယုံကြည်မှု ရထားတာရယ်၊ ရှေ့က ကျောင်းသားတွေလည်းများစွာရှိနေကြလို့ သွားလာတဲ့ လမ်းကြောတွေလည်း မခက်တော့တာတွေကြောင့်ဘဲ ဖြစ်လိမ့်မယ်ထင်တယ်။ 

သီရိလင်္ကာမှာ အဆင့်မြင့်ပညာရေးတက္ကသိုလ်တွေ လေးမျိုးရှိပါတယ်။
1. Public Universities
2. တက္ကသိုလ်တစ်ခုခုရဲ့လက်အောက်ခံ Private Institutes
3. နိုင်ငံခြားတက္ကသိုလ်တွေနဲ့ လက်တွဲတဲ့ Private Institutes
4. Professional Institutes လို့ လေးမျိုးရှိပါတယ်။ 

၂၀၁၈ ရဲ့ စစ်တမ်းအရ- အဆင့်မြင့်ပညာရေး တက္ကသိုလ်တွေ ကောလိပ်တွေ ၅၀ စာရင်းထဲမှာ အရင်အတိုင်းမပြောင်းလဲသေးတာကတော့ ထိပ်ဆုံးမှာ ပေရာဒနီယတက္ကသိုလ်၊ ဒုတိယက ကိုလံဘိုတက္ကသိုလ်၊ တတိယက ကေလနိယတက္ကသိုလ်တွေဘဲ ဖြစ်ပါတယ်။ တက္ကသိုလ်တစ်ခုချင်းစီမှာ မတူတဲ့ဘာသာရပ်တွေရှိသလို၊ အားသာတဲ့ ဘာသာရပ်တွေလည်း မတူကြပါဘူး။ ဘယ်တက္ကသိုလ်ကအကောင်းဆုံးလဲလို့ ခင်တဲ့ဒီနိုင်ငံသားတွေကို မေးဖူးတယ်။ သူတို့တွေက ဘယ်ဘာသာရပ်ကိုပြောတာလဲ လို့ပြန်မေးကြပါတယ်။ တက္ကသိုလ်တစ်ခုက ကောင်းတယ်ဆိုပြီး ဘာသာရပ်အားလုံးက အကုန်လုံးကောင်းတယ်လို့ မယူဆကြပါဘူး။ သူ့ဆိုင်ရာဆိုင်ရာ တက္ကသိုလ်တွေရဲ့ အားသာတဲ့ဘာသာရပ်တွေရှိကြပါတယ်။ ဆေးကျောင်းဆိုရင် ပေရာဒနိယတက္ကသိုလ်က သီရိလင်္ကာမှာ အကောင်းဆုံးဘဲ။ ကိုလံဘိုတက္ကသိုလ်မှာက ဥပဒေ။ ကေလနိယမှာက အနုပညာ။ မိုရတူဝ မှာဆိုရင် အင်ဂျင်နီယာ။ သီရိ ဂျယေဝဒနပူရ တက္ကသိုလ်မှာဆိုရင် စာရင်းကိုင်ပညာရပ်ကအကောင်းဆုံးလို့ သတ်မှတ်ကြတယ်။ ဒီနိုင်ငံလာတဲ့ မြန်မာကျောင်းသားတွေက Buddhist study တွေဘဲယူကြတာဖြစ်လို့ ပေရာဒနိယ၊ ကေလနိယ၊ ပီဘီယူ၊ ဆီးဘားတက္ကသိုလ်တွေမှာဘဲ လာတက်ကြပြီး ဒီနောက်ပိုင်းမှာ သီရိ ဂျယေဝဒနပူရ၊ ကိုလံဘိုနဲ့ တက္ကသိုလ်အသစ်တစ်ခုဖြစ်တဲ့ နာဂါနန္ဒတက္ကသိုလ်တွေမှာလည်း တက်ကြပါတယ်။ Buddhist study နဲ့ပတ်သက်ရင် အစဉ်အလာကြီးမားပြီး နိုင်ငံတကာ PHD ကျောင်းသားပေါင်းများစွာ မွေးထုတ်ပေးနေတဲ့ ကေလနိယတက္ကသိုလ်နဲ့ ပေရာဒနိယတက္ကသိုလ်က ထိပ်ဆုံးမှာဦးဆောင်နေပါတယ်။ BA ကစမည်ဆိုရင်၊ ကေလနိယ၊ ပီဘီယူ၊ ဆီးဘား တို့မှာဘဲရှိပါတယ်။ MA ကစရင်တော့ Buddhist study ရှိတဲ့ တက္ကသိုလ်တိုင်းမှာ တက်လို့ရပါတယ်။ တစ်ချို့တက္ကသိုလ်တွေက MA ကိုတစ်ခါတည်း ချိတ်လို့ အဆင်မပြေရင် MA မတိုင်ခင် ဒီပလိုမာအတန်း တစ်နှစ်ထပ်တက်ကြရတာတွေလည်းရှိတယ်။ 

တက္ကသိုလ်ချင်းက မတူလို့ သတ်မှတ်ထားတဲ့ ငွေကြေးတွေလည်းမတူကြပါဘူး။ တစ်ချို့က ဈေးကြီးတယ်၊ တစ်ချို့ကက သက်သာတယ်။ ဘီအေတို့ ဒီမလိုမာတို့မှာတော့ တက္ကသိုလ်က ပြဌာန်းထားသည့်ဘာသာရပ်တွေ သင်ကြရပြီး၊ စိတ်ကြိုက်ရွေးချယ်ခွင့်ဘာသာရပ်တွေက နည်းပါတယ်။ MA မှာက ပိုများပါတယ်။ တက္ကသိုလ်ပေါ်မှာမူတည်ပြီး တစ်ချို့တက္ကသိုလ်က စိတ်ကြိုက်ရွေးချယ်ခွင့်ကများပြီး တစ်ချိုတက္ကသိုလ်တွေမှာက နည်းနေတာလည်း တွေ့ရပါတယ်။ MA မှာလည်း တစ်နှစ်လည်းရှိသလို၊ နှစ်နှစ်လည်း ရှိပါတယ်။ နှစ်နှစ်ယူရင်တော့ PHD လုပ်ရင် Mphil ထပ်မလုပ်ရတော့ဘဲ၊ တစ်နှစ်ဆိုရင် PHD လုပ်တဲ့အခါ Mphil အရင်လုပ်ရပါတယ်။
တက္ကသိုလ်ရဲ့ဆက်ဆံရေးတွေကတော့ အစိုးရကျောင်းနဲ့ကိုယ်ပိုင်ကျောင်းတွေကွာခြားတာ နိုင်ငံတိုင်းမှာရှိမယ်ထင်တယ်။ တစ်ချို့တက္ကသိုလ်တွေမှာ စာရင်းသွားပေးတာ၊ ဖောင်သွားဖြည့်တာကအစ အကြာကြီးစောင့်နေရတယ်။ အပြင်လူသူစိမ်းလာနေတာကို သူတို့နဲ့မဆိုင်တဲ့အတိုင်းဘဲ ပြုံးပြဖို့မပြောနဲ့ နှစ်ခါသုံးခါခေါ်နေတာတောင် မကြားသလိုလိုနေနေကြတာရှိသလို တွေ့လိုက်တာနဲ့ဖော်ရွေလွန်းလို့ ဧည့်ဝတ်ကျေလွန်းလို့ ပြန်ပြီးတောင်အားနာရတဲ့ တက္ကသိုလ်တွေလည်း ရှိပါတယ်။ 

Mphil တို့ PHD တို့လုပ်တဲ့အခါ ၂၀၁၈ ခုနှစ်မှာ MA လုပ်ရင်း ဆရာတွေပြောပြတဲ့အခြေအနေအရကတော့ အားလုံးသိကြတဲ့အတိုင်းပေါ့။ စာကြိုဖတ်ထားပါ၊ ကိုယ်ရွေးမည့် ဧရိယာတွေသေချာအောင်လုပ်ပါ၊ ဝါသနာပါတာကိုရွေးပါစသည်ပေါ့။ တချို့ကထိကတွေကဆိုရင် ခဏခဏပြောတာ “တစ်ချို့တွေက ဘာစာမှကြိုဖတ်မထားဘူး၊ ခေါင်းစဉ်ရွေးတော့လည်း ဟိုလိုလို၊ ဒီလိုလို။ ကိုယ်ဘာစိတ်ဝင်စားမှန်းမသိဘူး၊ သူများရွေးလို့သာ လိုက်ရွေးတာ၊ ရွေးပြီးစာတွေဖတ်ရပြီဟေ့ ဆိုတော့မှ ကိုယ်စိတ်မဝင်စားတဲ့အရာမှန်းသိကြတာ” စသည် စသည်ပေါ့။ “မင်းတို့ MA ပြီးလို့ Mphil လုပ်ရင်လည်း မလောနဲ့၊ စာတွေအရင်ဖတ်ထား၊ ကိုယ်ရွေးမယ့်ဧရိယာမှာ ဘာတွေရှိတယ်ဆိုတာကို ကြိုသိဖို့လိုတယ်” လို့ ခဏခဏ သတိပေးခံရတာပေါ့။ 

Mphil လုပ်ဖို့ တက္ကသိုလ်ရွေးပြီဟေ့ ဆိုတော့လည်း ဘယ်တက္ကသိုလ်ရွေးရမလဲ စဉ်းစားရပြန်တယ်။ တစ်ချို့တက္ကသိုလ်တွေက သုတေသနပညာရပ်နဲ့ပတ်သတ်ပြီး သေသေချာချာလုပ်ပေးပြီး ဖိဖိစီးစီးလုပ်ရတဲ့တက္ကသိုလ်တွေလည်းရှိတယ်။ တစ်ချို့တက္ကသိုလ်တွေမှာက တက္ကသိုလ်က ပံပိုးပေးတာ၊ တွန်းအားပေးတာထက် ကိုယ်တိုင်ပိုရုန်းရတဲ့တက္ကသိုလ်တွေရှိတယ်။ တစ်ချို့ တက္ကသိုလ်မှာ ဆရာတွေနည်းတာတွေရှိတယ်။ တစ်ချို့တက္ကသိုလ်တွေက ကျောင်းသားတွေများလွန်းတော့ Supervisor တွေမလုံလောက်တာတွေလည်း ရှိတယ်။ တစ်ချို့တက္ကသိုလ်မှာကျတော့ တစ်ချို့ Supervisor တွေမှာ ကျောင်းသားတွေ ပိုများနေတာမျိုးတွေရှိတယ်။ ဥပမာ- psychology ဆရာကတစ်ဦးဘဲရှိတယ်ဆိုပါစို့။ Mphil ကျောင်းသားတွေတော်တော်များများကလည်း psychology field ထဲမှာဘဲ ယူကြတယ်ဆိုရင် အဲဒီ Psychology ဆရာကို Supervisor ရွေးကြတာဘဲ။ ကျန်တဲ့ဆရာတွေလည်း မရှိဘူးလားဆိုတော့ ရှိတာပေါ့။ ကျန်တဲ့ဆရာတွေလည်း သူကျွမ်းကျင်တဲ့ subject မဟုတ်ရင် Supervisor မလုပ်ချင်ကြတာများတယ်။ သူကျွှမ်းကျင်တဲ့ဘာသာရပ်နဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေဘဲ ကြီးကြပ်သူလုပ်ကြတာများပါတယ်။ အဲလိုမျိုး ကျောင်းသားများတဲ့ဆရာတွေနဲ့ တိုးရင်တော့ တွေ့ဆုံချိန်၊ ဆွေးနွေးချိန်တွေကအစ အခက်အခဲများရှိနိုင်လိမ့်မယ်။ 

တစ်ချို့ ဆရာတွေဆိုရင် အလုပ်များတာတွေရှိတယ်။ နာမည်ကြီးတာနဲ့ ဟိုကဖိတ်ဒီကဖိတ်လို့ ဟိုသွားဒီသွားတွေလည်း ပါတာပေါ့။ ဆရာကမအားသေးလို့၊ သွားစရာရှိလို့ တင်ထားတဲ့ကျမ်းကို မကြည့်ရသေးလို့ ဆိုပြီးတော့ အချိန်တွေဆွဲဆန့်ပြီး နှစ်တွေကြာသွားတဲ့ကျောင်းသားတွေလည်း ရှိတယ်လို့ ပြောကြတယ်။ တစ်ချို့တက္ကသိုလ်တွေမှာ အဲဒီလို ဆရာမလုံလောက်တာ၊ အလုပ်များတာစတဲ့စိတ်ခေါ်မှုတွေရှိသလို့ တစ်ချို့တက္ကသိုလ်ကျတော့ အဆမတန် ဈေးကြီးလွန်းတာတွေလည်းရှိတယ်။ ကျောင်းသားများနဲ့အဆင်ပြေတဲ့ဆရာတွေရှိသလို အဆင်မပြေတဲ့ဆရာတွေလည်း ရှိတယ်လို့ ကြားနေရတယ်။ တစ်ချို့ဆရာတွေက အရမ်းကိုဖြစ်စေချင်တာနဲ့ ဟိုဟာလုပ်လိုက်ဦး၊ ဒီဟာလုပ်လိုက်ဦး၊ ဟိုလောက်နဲ့မရ၊ ဒီလောက်နဲ့မရလို့ ခိုင်းရာကနေ ကျောင်းသားတွေစိတ်ကုန်သွားတာတွေလည်း ရှိတယ်။ တစ်ချို့ဆရာကျတော့ ရတယ်၊ ရတယ်နဲ့ လုပ်ရင်း presentation မှာအဆင်မပြေတာ၊ ဘုတ်အဖွဲ့တွေ သဘောမတူတာကနေ အထက်ကို မတက်နိုင်တဲ့ကျောင်းသားတွေလည်း ရှိတယ်။ Supervisor ရဲ့အခန်းကဏ္ဍကလည်း တက္ကသိုလ်ကျောင်းသားများအတွက် မဖြစ်မနေထည့်စဉ်းစားရမည့်အရာပါ။ အဲဒါကြောင့်မို့ supervisor နဲ့ communication gap တွေ မရှိဖို့လိုတယ်လို့ စီနီယာတွေသတိပေးကြတာပေါ့။ ကျောင်းမအပ်ခင်မှာ ကိုယ်ရွေးမယ့် ဘာသာရပ်နဲ့ သင့်လျှော်တဲ့တက္ကသိုလ်ရွေးချယ်ဖို့ဆိုတာကလည်း စိန်ခေါ်မှုတစ်ရပ်ဘဲ မဟုတ်လား။ 

တစ်ချို့တက္ကသိုလ်တွေမှာ ကြားရတဲ့သတင်းကတစ်မျိုး အထဲကပေးတဲ့သတင်းက တစ်မျိုးဆိုတာမျိုးတွေလည်း ရှိတယ်။ သေသေချာချာလေးသိချင်ရင် တစ်ချို့ Information တွေက အပြင်ကပြောစကားထက် တက္ကသိုလ်အထိသွားပြီး သက်ဆိုင်ရာသူတွေနဲ့ စကားပြောတာ ဆွေးနွေးတာ ပိုသေချာပါတယ်။ ရှေ့ကစီနီယာတွေရဲ့ အကြံပြုချက်တွေလည်း လိုအပ်သလို ကိုယ်ကိုယ်တိုင်လေ့လာရမယ့်အရာတွေလည်း ရှိတာပေါ့။ အခုလည်း ဘာလုပ်ရမှန်းမသိတာနဲ့ တက္ကသိုလ်ထိသွားကြည့်လိုက် တွေ့တဲ့လူတွေနဲ့ ဒီအကြောင်းတွေပြောလိုက်နဲ့ ပြီးကို မပြီးနိုင်သေးဘူး။
မသိတာရှိရင် မေးဦးမယ်နော်။ အခုလည်း လိုတာရှိရင် ပြန်ဖြည့်စွက်ပေးပါဦးလို့။ 


အရှင်နန္ဒိယ (ဖယ်ခုံ)
13.1.2019 8:58:00 PM

No comments:

Post a Comment