လက်ရှိအခြေအနေ
“ဘွဲ့ရပြီလား”
“ရပြီ”
“ဘယ်မှာအလုပ်လျှောက်မှာလဲ”
“မသိသေးဘူး”
“ကြည့်လည်းလုပ်ဦးနော်၊ ဟိုကောင်လေးလို ဘွဲ့ရပြီး အလုပ်မရှိဖြစ်နေဦးမယ်။ ပညာတတ်ပြီး အလုပ်လည်း မရှိဘူး”
ဒါက အလုပ်နဲ့ပတ်သက်ပြီးပြောကြတဲ့စကားတွေပေါ့။ ပညာသင်တာအလုပ်လျှောက်လို့ရဖို့ သင်တာဖြစ်လိမ့်မယ်။
“ဦးဇင်း ကျမ်းပြီးပြီလားဘုရား”
“ပြီးပြီ”
“အခု ဘာတွေလုပ်နေတာလဲဘုရား”
“ဘာမှမလုပ်ပါဘူး၊ လုပ်စရာလည်း မရှိဘူး၊ ဘာလုပ်ရမှန်းလည်း မသိဘူး”
ကျမ်းပြီးတော့ အလုပ်လက်မဲ့ဖြစ်သွားတဲ့ အခြေအနေမျိုးဖြစ်လာတာ။ စာသင်တာ ဘာလုပ်သင်ခဲ့ တာလဲ ဆိုတာကို စဉ်းစားလို့မရသလို ဖြစ်နေတယ်ပေါ့။ ပညာရေး လေ့လာသင်ယူမှု ဖြစ်စဉ်တွေက ဘွဲ့ရရင်၊ စာမေးပွဲအောင်ရင် လမ်းဆုံးသွားပြီလား။
ပညာရေးနဲ့ပတ်သက်ပြီးတော့ ပြောနေကြတဲ့စကားတွေထဲမှာ၊ ကလေးတွေကို စာကြိုးစားအောင် အားပေးတဲ့စကားတွေထဲမှာ ဘွဲ့ရမှ လူရာဝင်မယ်၊ စာမေးပွဲအောင်မှ လူတကာလေးစားမယ်ဆိုတဲ့ စကားမျိုးတွေ ဇောင်းပေးပြီး ပြောနေလွန်းတဲ့ ခေတ်ကြီးထဲမှာ ပညာရေးလို့ပြောလိုက်ရင် စာမေးပွဲအောင်ဖို့ ဘွဲ့ရဖို့ကို စာသင်သားတိုင်းလိုလို ပြေးမြင်နေတော့တာပဲ။ မန္တလေးမှာနေတုန်းက သီတင်းသုံးဖော်ဦးဇင်းတွေနဲ့ စကားဝိုင်းထဲမှာ ဒီအကြောင်းကို ခဏခဏပြောခဲ့သလိုဘဲ၊ သီရိလင်္ကာရောက်တော့လည်း ဒီမေးခွန်းတွေနဲ့ ပတ်သက်နေရတုန်းပါဘဲ။ ခမ်းရတနာ စာဖတ်ပရိသတ်တွေအတွက် ဒီအကြောင်းကို တင်ပြချင်ပါတယ်။
(၂) ဘာလို့စာသင်ကြတာလဲ
သီရိလင်္ကာမှာ Phd ကျောင်းသားဖြစ်တဲ့ သီတင်းသုံးဖော် (သူငယ်ချင်း) ဦးသုမင်္ဂလသာမိ (ရမည်းသင်း) ရေးတဲ့ “ပါဠိဟာ တကယ်ပဲ သေဆုံးနေတဲ့ ဘာသာတစ်ခု (Dead Language) ဖြစ်သွားပြီလား: (သီရိလင်္ကာ၊ မြန်မာနှင့် ပါဠိဘာသာ ပြောဆို ရေးသားမှု အခြေအနေ၊ အလားအလာ)” ဆောင်းပါးနဲ့ “မြန်မာရဟန်းတော်တွေ အနာဂတ်မှာ တွေ့ကြုံရမည့် အခက်အခဲတွေကို ဖြတ်ကျော်ဖို့ အဆင်သင့်ဖြစ်နေပြီလား” ဆောင်းပါး နှစ်ပုဒ်ကို ဖတ်ပြီးတော့ ပညာရေးနဲ့ပတ်သက်တဲ့ ကိုယ်ခံယူထားတဲ့ အယူအဆတွေကို ပြန်လည်စဉ်းစားကြည့်စေချင်တယ်။
စာသင်တာ၊ ဘွဲ့ရတာ အလုပ်ရဖို့အတွက်ဘဲလား၊ အလုပ်လျှောက်တဲ့လျှောက်လွှာမှာ ဘွဲ့ရမှ လက်ခံမှာလား၊ ဒီမေးခွန်းကို ဟုတ်တယ်လို့ အဖြေပေးရင် ဘာလို့အပန်းခံပြီး စာသင်နေမှာလဲ၊ ပိုက်ဆံနဲ့ဝယ်လိုက်မှာပေါ့။ နောက်ဆုံး Phd ဘွဲ့အထိ ပိုက်ဆံရှိရင် ဝယ်လို့ရတယ်ဆိုတဲ့ နေရာတွေရှိတယ်။ ဘွဲ့လက်မှတ်ကို ပိုက်ဆံနဲ့ ပစ်ပေါက်ပြီးမှ အလုပ်လုပ်လိုက်တော့မယ်လေ။
မဟုတ်ဘူး၊ စာသင်တယ်ဆိုတာ ပညာရေးကပေးတဲ့ အသိဉာဏ်တွေ၊ ကျွမ်းကျင်မှုတွေ၊ တန်ဖိုးတွေကို ရဖို့သင်တာဆိုရင် အရည်အချင်းပြည့်မီအောင် လုပ်ကြရမှာပေါ့။ အရည်အချင်းပြည့်အောင် ကြိုးစားကြတယ်။ အချိန်တွေအကြာကြီးပေးပြီးတော့ လေ့လာပါတယ်၊ အရည်အချင်းရှိပါတယ်လို့ ပြောရင်ဘယ်လိုမြင်မလဲ။ မှန်တယ်လို့ ထောက်ခံမလား။ အင်္ဂလိပ်စာကို နှစ်ပေါင်းများစွာသင်ပြီး အင်္ဂလိပ်စကားမပြောတတ်တာ၊ ကိုယ်တိုင်မပြောတတ်တာထား၊ သူများပြောတာနားလည်သလားဆိုတော့၊ နားမလည်။ ပါဠိစာကို နှစ်ပေါင်းများစွာသင်ပြီး ပါဠိလိုမပြောတတ်။ သီရိလင်္ကာနိုင်ငံမှာ ပါဠိညီလာခံတွေလုပ်ရင် တို့မြန်မာတွေ ဝင်ဆွေးနွေးတာ ရှားမှရှား။ ရှိမှ အနိုင်နိုင်၊ တစ်ပါး၊ နှစ်ပါး။ စားတမ်းဝင်ဖတ်ဖို့ဆိုရင် ဝေးနေသေး။ အဲဒီညီလာခံတွေက ပြန်လာရင် မြန်မာရဟန်းတော်တွေက မြန်မာနိုင်ငံ ပါဠိစာပေလေ့လာပုံတွေကို အားမလို့ အားမရဖြစ်ပြီး ဘယ်လိုလုပ်သင့်တယ်၊ ညာလိုလုပ်သင့်တယ်လို့ ပြောတော့တာပေါ့။
နိုင်ငံတကာက သတ်မှတ်ထားတဲ့ ပညာရေးစံနှုန်းနဲ့ ငါတို့သတ်မှတ်တဲ့စံနှုန်းတွေက မတူတာတွေ ရှိတယ်ဆိုတာ အားလုံးကသိပြီးသားဖြစ်မှာပါ။ ဒါကို ဘယ်ဟာက ပိုကောင်းတယ်၊ မကောင်းဘူးလို့ မပြောချင်ပါ။ သူဟာနဲ့သူတော့ ကောင်းနေကြမှာပါ။ အမြင်ချင်းမတူတာဘဲဖြစ်ပါလိမ့်မယ်။ ဆိုလိုချင်တာက ပညာသင်ခြင်းရဲ့ ရည်ရွယ်ချက်နဲ့ ပညာရေးအပေါ်အမြင်တွေကိုဘဲ ပြောချင်တာပါ။ တကယ်တော့ ပညာသင်တယ်ဆိုတာ အလုပ်လျှောက်လို့ရရုံ၊ စာမေးပွဲအောင်ရုံ၊ ဘွဲ့ရရုံလေးတင် မကပါဘူး။ မိမိရဲ့ဘဝတစ်ခုလုံးအတွက် အရေးပါတဲ့အဓိကပညာရပ်တစ်ခုဖြစ်သလို မိမိရဲ့ပတ်ဝန်းကျင်အတွက် မျိုးဆက်တစ်ဆက်အတွက် အရေးပါတဲ့အမွေတစ်ခုလည်းဖြစ်ပါတယ်။ ရေတိုအတွက်မကဘဲ ရေရှည်အတွက်ပါ အလေးထားစဉ်းစားပြီး ထည့်တွက်ရမည့် အရာတစ်ခုပါ။
(၃) စီးပွားရေးဆန်တဲ့ ပညာရေးမြုပ်နှံမှု
အခုနိုင်ငံခြားမှာ ပညာသင်သွားတော့ တစ်ချို့ကပြောကြတယ်၊ ဟိုကပညာသင်ပြီးပြန်လာတော့ ဘယ်လုပ်မလဲ၊ ဦးဇင်းထက်အရင်စောပြီး နိုင်ငံခြားပညာတော်သင်တဲ့သူတွေလည်း အများကြီးပါဘဲ။ ဘာမှသိပ်ကြီးထူးမလာဘူး။ ပြည်တွင်းမှာနေတဲ့သူတွေလောက် နာမည်လည်း ပိုမကြီးဘူး။ ပိုက်ဆံလည်းပိုမရဘူးလို့ ရင်းနှီးလို့ ပွင့်ပွင့်လင်းလင်းပြောတတ်တဲ့သူတွေရှိပါတယ်။ ပညာတွေသင်ယူ ဆည်းပူတယ်ဆိုတာ နာမည်ကြီးဖို့၊ ဝင်ငွေကောင်းဖို့ဆိုတဲ့ ရည်ရွယ်ချက် တစ်ခုတည်း ရှိတာမဟုတ်ဘူးဆိုတာကို သိစေချင်ပါတယ်။ တစ်ချို့ကပြောကြတယ်၊ တစ်ချို့ဦးဇင်းတွေဆိုရင် တရားပွဲတစ်ပွဲ၊ နှစ်ပွဲဟောပြီး နာမည်ခဏကြီးပြီးတော့ ပြန်ပျောက်သွားတယ်လို့ ဆိုကြတာပေါ့။ တရားဟောဖို့၊ နာမည်ကို ရေရှည်ထိန်းထားနိုင်ဖို့ ပညာသင်နေတာလည်း မဟုတ်ဘူးဆိုတာ သိစေချင်ပါတယ်။
ဒါဆိုဘာအတွက် ပညာသင်တာလဲလို့ မေးစရာရှိတာပေါ့။ ပညာရေးနဲ့ နိုင်ငံတစ်ခု ပြုပြင်ပြောင်းလဲလို့ရတယ်၊ ပညာရေးနဲ့ အမျိုးဂုဏ်ဇာတိဂုဏ်တွေ မြင့်မားအောင် လုပ်ဆောင်နိုင်တယ်။ ကိုးရီးယားနိုင်ငံ ပြန်လည်ထူထောင်တဲ့ ကာလတွေကို ကြည့်လေ လူငယ်တွေကို နိုင်ငံတကာမှာ ပညာတော်သင်လွတ်ကြတယ်။ ပညာရပ်အမျိုးမျိုးဆည်းပူးခိုင်းတယ်။ ထောက်ပံ့ပေးတယ်၊ ပံ့ပိုးပေးတယ်။ နိုင်ငံတကာပညာတော်သင်လူငယ်တွေအားလုံးပြန်လာပြီး သက်ဆိုင်ရာကဏ္ဍတွေမှာ အလုပ်ပေးလိုက်ကြတယ်။ နိုင်ငံက တစ်ဆင့်ပြီးတစ်ဆင့် တစ်ဟုတ်ထိုးတိုးတက်သွားတယ်။
သီရိလင်္ကာလိုနိုင်ငံသေးသေးကလေးတစ်နိုင်ငံက တရုတ်လို၊ ကိုးရီးယားလို ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံမဟုတ်ဘူး။ ဒါပေမယ့် ကမ္ဘာကအထင်မသေးရဲဘူး။ သူ့ရဲ့ရိုးရာ၊ ယဉ်ကျေးမှုတွေကိုလည်း ကောင်းကောင်းထိန်းသိမ်းနိုင်တယ်။ သီရိလင်္ကာဆိုရင် ကမ္ဘာကပါလေးစားရတဲ့နိုင်ငံဖြစ်တယ်။ ဘာဖြစ်လို့လဲ၊ သက်ဆိုင်ရာကဏ္ဍအသီးသီးက ပညာရှင်တွေရှိလို့။ သူ့တို့လူမျိုး၊ သူတို့ဂုဏ်သိက္ခာတွေကို ပညာနဲ့ မြင့်တင်ပေးနိုင်တယ်။
ငါတို့စာတွေသင်နေတာကော ဘာအတွက်လဲ။ အထက်ကပြောခဲ့တဲ့ ပါဠိလိုပြောတတ်ဖို့၊ ပါဠိညီလာခံတွေမှာ စာတမ်းဝင်ဖတ်နိုင်ဖို့ (ပါဠိလိုကျမ်းပြုနိုင်တဲ့ မျိုးဆက်တစ်ခုကို အမွေပေးထားခဲ့ထင်လို့)၊ ကမ္ဘာ့စာမျက်နှာပေါ်မှာ မြန်မာလို့ချပြနိုင်ဖို့ စတဲ့ ရည်ရွယ်ချက်မျိုးနဲ့ စာသင်ရင်တော့ ဒီလိုဝင်ငွေရဖို့၊ နာမည်ကြီးဖို့ ဆိုတဲ့ ပေတံတွေလိုက်တိုင်းနေတာမျိုးကို ရပ်တန့်သင့်ပြီထင်ပါတယ်။ ပညာရေးကို စီးပွားရေးပုံစံနဲ့ ဆည်းကပ်တာကတော့ မှားတာပေါ့။ ပညာရေးကို ဘယ်လိုထောက်ပံ့ကြမလဲ ဆိုတဲ့အစီအစဉ်တွေလည်း ရှိရပါမယ်။ ပညာရေးကို ထောက်ပံ့တဲ့နေရာမှာ စီးပွားရေးမျက်စိနဲ့လည်း မကြည့်သင့်ပါဘူး။ ဘယ်လိုပေးရင် ဘယ်လောက်ပြန်ရရမယ်ဆိုတဲ့ရည်ရွယ်ချက်မျိုးတွေ မရှိရပါဘူး။ ပညာရေးအတွက် သုံးတဲ့ငွေတွေဟာ ဖြုန်းတာမဟုတ်ဘူး၊ မြုပ်နှံတာလို့ မြင်နိုင်ရပါမယ်။ ပညာရပ်တစ်ခုရဲ့ အကျိုးရလဒ်တွေဟာ ငွေကြေးနဲ့တန်ဖိုးဖြတ်လို့ရတဲ့ ကိစ္စတွေမဟုတ်ပါဘူး။ ပညာရေးကို စီးပွားရေးတစ်ခု မြုပ်နှံသလို အကျိုးအမြတ်တွေ တွက်နေရင် ရေတိုဆန်တဲ့စီမံကိန်းတွေဘဲ ဖြစ်လာပါတယ်။ ရေရှည်လုပ်ရမယ့်အလုပ်ကို အချိန်ပေးပြီးမလုပ်နိုင်ရင် အရည်အသွေးတွေ ကျဆင်းပါတယ်။ ဘွဲ့တွေ၊ အောင်လက်မှတ်တွေက ပညာရေးရဲ့ကိုယ်စားဘဲ ဖြစ်ပြီး ပညာရေးမဟုတ်ဘူးဆိုတာကို နားလည်သင့်ပါတယ်။
(၄)ပတ်ဝန်းကျင်ပူးပေါင်းပါဝင်မှု
မြန်မာနိုင်ငံမှာ ပါဠိစာကို နှစ်ပေါင်းများစွာအချိန်ပေးပြီး ပါဠိစကားမပြောတတ်ဘူး၊ ပြောတတ်အောင် ဘယ်လိုသင်ကြမလဲ လို့စီမံကိန်းချတဲ့အခါမှာ တစ်နှစ်၊ နှစ်နှစ်ထဲနဲ့ လုပ်လို့ရတဲ့ကိစ္စမျိုးမဟုတ်ဘူး။ တစ်ပါးနှစ်ပါးထဲ ထလုပ်လို့လဲ ရတဲ့ကိစ္စမျိုးမဟုတ်ဘူး။ မျိုးဆက် တစ်ဆက်လား၊ နှစ်ဆက်လား အချိန်ပေးလုပ်ရတဲ့ကိစ္စပါ။ ပတ်ဝန်းကျင်က အသိအမှတ်မပြုလို့လဲ ရတဲ့ကိစ္စမဟုတ်ဘူး။ သူများမလုပ်ချင်နေ၊ ကိုယ်ဘဲ လုပ်မယ်ဆိုပြီးတော့ ကိုယ့်ကျောင်းနဲ့ကိုယ်ဘဲ သင်ပေးတဲ့ ဘုန်းကြီးကျောင်းတွေ အများကြီးရှိပါတယ်။ ပတ်ဝန်းကျင်က မပါဝင်တာရယ်၊ ပါဝင်လာအောင်လည်း မကြိုးစားတာရယ်၊ အစကတော့ ဟုတ်သလိုလိုရှိပေမယ့် ကြာတော့ တောင့်မခံနိုင်ဘဲ ပျက်စီးနေရတာဘဲ။
အားလုံးပါဝင်နိုင်ဖို့လိုမယ်၊ ပါဝင်နိုင်အောင်လည်း ကြိုးစားရလိမ့်မယ်။ သီရိလင်္ကာမှာ ပါဠိစကားတွေပြောကြတယ်ဆိုတာက ဘေးက ပံ့ပိုးကူညီမှုတွေ၊ ပူးပေါင်းပါဝင်မှုတွေ၊ နေရာပေးမှုတွေလည်း အများကြီးပါတယ်။
သူတို့ရဲ့ပညာရေးတွေကလည်း မြန်မာနိုင်ငံလိုဘဲ၊ အစိုးရကျောင်းပညာရေး၊ ဘုန်းတော်ကြီးကျောင်းပညာရေးလို့ နှစ်မျိုးရှိပါတယ်။ ဘုန်းတော်ကြီးကျောင်း ပညာရေးကတော့ ပါဠိနဲ့ တက္ကတဘာသာရပ်က မသင်မနေရ ပြဌာန်းစာထဲမှာပါတယ်။ သူတို့သတ်မှတ်ထားတဲ့ Level တစ်ခုမှာ အောင်သွားရင် တစ်ခုကနေ တစ်ခုကို ပြောင်းသွားလို့ ရပါတယ်။ မြန်မာနိုင်ငံမှာကတော့ သိတဲ့အတိုင်း ဓမ္မာစရိယဘဲ အောင်အောင်၊ အစိုးရစာသင်ကျောင်းစာပြောင်းချင်ရင် သူငယ်တန်းမအောင်သေးရင် သူငယ်တန်းကနေစရတာပဲ။ အစိုးရတက္ကသိုလ်မှာ ဘွဲ့ဘယ်လောက်ရရ၊ ဘုန်းကြီးစာမေးပွဲလိုင်းဘက် ပြောင်းလာရင် မူလတန်းကနေ စရတာပဲ။ ဒါလည်း မတူတာတွေထဲက တစ်ခုပေါ့။ သီရိလင်္ကာမှာ ပါဠိစာနဲ့ပတ်သက်ပြီးတော့ တက္ကသိုလ်တွေမှာ ဘွဲ့တစ်ခုအနေနဲ့လည်း ပြဌာန်းပေးတယ်။ စာတမ်းဖတ်ပွဲညီလာခံတွေ ကျင်းပပေးတယ်။ မျိုးဆက်သစ်လူငယ်တွေကိုလည်း ကောင်းကောင်းလေး ပျိုးထောင်ပေးကြတယ်။ ပါဠိစာပေပညာရှင်တွေကိုလည်း နေရာတွေပေးကြတယ်။ ပါဠိကျမ်းစာ စာအုပ်တွေလည်း ပြုစုကြတယ်။
ဒီလိုပြောလို့ သူတစ်ပါးနိုင်ငံကို လိုက်တုကြပါလုိ့ပြောတာတော့ မဟုတ်ပါဘူး။ ပြောရင်လည်း ခံမှာမဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာလည်း ရှိတာပဲ၊ ရွာမဆရာတော်တို့လည်း ပါဠိစာအုပ်ထုပ်တာပဲလို့ ပြောလို့ရတာပေါ့။ ရှိတာတော့ ရှိပါတယ်။ နှစ်ပေါင်းရာချီမှ တစ်ပါးစ၊ နှစ်ပါးစ ပေါ်လာတာပါ။ အဲဒါတောင် အများကြီး မရှိပါဘူး။ ထုတ်ထားတဲ့စာအုပ်တွေကိုရော ဖတ်တဲ့သူ ဘယ်နှစ်ဦးရှိသလဲ ဆိုတာမျိုးလိုက်ကြည့်ရင်ကော ပါဠိစာသင်တဲ့သူအရေအတွက်နဲ့ အဲဒီစာအုပ်ဖတ်တဲ့သူ အရေးအတွက်က ရာခိုင်နှုန်းဘယ်လောက်ကွာမလဲ။ ဒီလိုလေး စဉ်းစားရင်ကို အရမ်းကို အားနည်းနေတာကို သိသာပါတယ်။ ပတ်ဝန်းကျင်ရဲ့ ပူးပေါင်းပါဝင်မှုတွေမရသေးသမျှတော့ ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုရဲ့အကျိုးဆက် အရှိုန်တစ်ခုမသေသေးခင်အထိဘဲ လည်ပတ်နိုိင်မှာဘဲ၊ ကိုယ်မစွမ်းနိုင်တော့တဲ့တစ်နေ့ လည်ပတ်မှုအရှိုင်တွေလည်း ရပ်တန့်သွားမှာဘဲ။ အားလုံးပြောင်းလဲစေချင်တယ်ဆိုရင် အားလုံးရဲ့ပူးပေါင်းပါဝင်မှုတွေကို အကူအညီယူရပါမယ်။ အားလုံးအတူတူဝိုင်းကြိုးစားမှ ဖြစ်မယ့်အရာလေးတစ်ခုကို ကိုယ်တစ်ဦးတည်း၊ တစ်ဖွဲ့တည်းအားနဲ့ အတင်းရုန်းကန်နေရတာက ပိုလည်းပင်ပန်းသလို အရာရောက်မှုမှာလည်း အားနည်းပါတယ်။
(၅) သူရဲကောင်းတစ်ဦးကိုဘဲ မှီခိုလွန်းခြင်း
ပညာရေးပြုပြင်ပြောင်းလဲရေးကို ပြောကြဆိုကြတဲ့အခါမှာဆိုရင် အမြဲလိုလိုကြားနေရတဲ့ အကြောင်းပြချက်ကတော့ မင်းကွန်းဆရာတော်လည်း ဒီလိုဘဲသင်လာခဲ့တာပဲ၊ တောင်မြို့ဆရာတော်လည်း ဒီလိုဘဲ သင်လာခဲ့တာပဲ၊ ပါချုပ်ဆရာတော်လည်း ဒီလိုဘဲသင်လာခဲ့တာပဲ လို့ ပြောနေကြတာတယ်။ သူရဲကောင်းတစ်ဦး၊ နှစ်ဦးအပေါ်ကို အရမ်းမှီခိုလွန်းအားကြီးတယ်လို့ မြင်ပါတယ်။ ပါချုပ်ဆရာတော် တစ်ပါးလောက်ကို ဦးတည်တာမျိုး၊ မင်းကွန်းဆရာတော်တစ်ပါးတည်းကို အားထားတာမျိုး အရမ်းမှီငြမ်းလွန်းတယ်။ ပါချုပ်ဆရာတော်ကိုဘဲ အားကိုးမလား၊ ပါချုပ်ဆရာတော်နဲ့အတူ ကြိုးစားမလား၊ မင်းကွန်းဆရာတော်တစ်ပါးကိုဘဲ မှီခိုမလား၊ မင်းကွန်းဆရာတော်နဲ့အတူ လက်တွဲပြီး လုပ်ကြမလား ဆိုတာမျိုးကို စဉ်းစားရမည့် အချိန်ရောက်နေပါပြီ။
ဒါက စောစောကပြောခဲ့တဲ့ဆောင်းပါးနှစ်ပုဒ်ကို အခြေခံပြီးပြောတာမို့ ဒီပါဠိစာအကြောင်းကိုဘဲ အဓိကပြောတာပါ။ တခြားကဏ္ဍတွေမှာလဲ အများကြီးရှိတာပဲ၊ တွေးတတ်ခေါ်တတ်အောင် ပညာသင်ကြမလား၊ ခေတ်နဲ့ရင်ပေါင်တန်းနိုင်အောင် ပညာသင်မလားဆိုတာတဲ့မေးခွန်းတွေလည်း ပြောစရာတွေအများကြီးရှိပါတယ်။
မြန်မာနိုင်ငံမှာ ငွေတွေမီလီယံပေါင်းများစွာ အကုန်ခံပြီးဝယ်ထားတဲ့ ရထား၊ လေးငါးလဘဲ သုံးလိုက်ရပြီး ရပ်လိုက်ရတဲ့နေရာတွေရှိတယ်။ လေယာဉ်လည်းမဆင်းသက်၊ စီးတဲ့လူတွေလည်း မရှိဘဲ ဘယ်သူမှအသုံးမပြုဘဲ ဆောက်လုပ်ထားတဲ့ လေယာဉ်ကွင်းတွေရှိတယ်။ ရထားအသွားအလာမရှိ၊ ရထားလည်းမရှိ၊ ရထားစီးတဲ့ခရီးသည်တွေလည်းမရှိဘဲ ဆောက်လုပ်ထားတဲ့ရထားလမ်းတွေရှိတယ်။ အဆောက်အဦးအကြီးကြီးတွေဆောက်ပြီးတော့ အဆောက်အဦးမခိုင်ခန့်လို့ ရောင်းလို့လည်းမရ၊ နေတဲ့လူလည်းမရှိဘဲ အသုံးပြုမရလို့ အလှကြည့်ဖို့အတွက်သက်သက်ဘဲ ဖြစ်နေတဲ့အဆောက်အဦးတွေရှိတယ်။ ဒါတွေဘယ်လိုပြင်မလဲ၊ ဒီပညာရပ်တွေကို ဘယ်လိုသင်ယူမလဲ၊ ပညာရှင်တွေကို ဘယ်လိုနေရာပေးမလဲ၊ ဒီပညာရေးအတွက် ဘယ်လောက်မြုပ်နှံရမလဲ ဆိုတာမျိုးစဉ်းစားဖို့ မလိုဘူးလား။
ဒီလိုကိစ္စမျိုးတွေမှာ သူရဲကောင်းတစ်ဦးတည်းကိုဘဲ ပုံအပ်လို့ရမလား။ သူရဲကောင်းတစ်ဦးတည်းကို ပုံအပ်နေရတဲ့ခေတ်လည်း မဟုတ်တော့ဘူး။ အားလုံးအတူတူရုန်းပြီး အတူတူဖေးမကူညီမှ အောင်မြင်နိုင်မယ့် အချိန်ဖြစ်ပါတယ်။ ဒါတွေကို ပြုပြင်ပြောင်းလဲဖို့အတွက် ပညာရေးရဲ့ အခန်းကဏ္ဍက အရေးကြီးပါတယ်။ ဒီပညာရေးကိုလည်း အားလုံးက ဖေးမရပါမယ်။ ပံ့ပိုးပေးနိုင်ရပါမယ်။ ဒါမှ အတူတူကြိုးစားတယ်လို့ ဆိုနိုင်ပါမယ်။
(၆) နိဂုံး
အချုပ်အားဖြင့် ဆိုလိုချင်တာကတော့ ပညာသင်တယ်ဆိုတာ ဘွဲ့ရရုံသက်သက်၊ အလုပ်လျှောက်ရရုံသက်သက်မဟုတ်ဘဲ၊ အရည်အသွေးပြည့်မီတဲ့ပညာရေးက ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံအတွက် အရေးပါတဲ့အမွေအနှစ်တစ်ခုဆိုတာကို မြင်စေချင်ပါတယ်။ ပညာရေးအတွက်က ငွေကြေးကုန်ကျမှု များချင်လည်းများမယ်။ ပညာရေးအတွက် လေ့လာသင်ယူတဲ့ကာလ ကြာချင်လည်းကြာမယ်။ ကောင်းမွန်တဲ့အပြောင်းအလဲတစ်ခုအတွက် မျိုးဆက်တစ်ခုလုံးအနှစ်နာခံရတာမျိုးလည်း ဖြစ်ချင်ဖြစ်မယ်။ ပညာရေးက အကောင်းဆုံးလက်နက်တစ်ခု။ ကောင်းမွန်တဲ့ ပညာရေးစနစ်တစ်ခုနဲ့ နောက်မျိုးဆက်တစ်ဆက်ကို လက်ဆင့်ကမ်းသင့်တဲ့ အမွေတစ်ခုဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ ပညာသင်သင့်ပါတယ်။
နောက်မျိုးဆက်တစ်ခုကို လက်ဆင့်ကမ်းတဲ့အချိန်မှာ အရည်အသွေးပြည့်မှီတဲ့အမွေဖြစ်ဖို့လိုတယ်။ အဲဒီအတွက် လက်ဆင့်ကမ်းမယ့်သူတွေ အရည်အသွေးပြည့်မီဖို့လိုတယ်။ အရည်အသွေးပြည့်မှီအောင် ကြိုးစားကြစို့ကွယ်။
ပညာသင်တာက တစ်စုံတစ်ဦးအတွက်တင်မကဘဲ တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့အရေးကိစ္စတစ်ခု ဖြစ်လို့ သူသင်ရင်သူတတ်မယ်၊ ငါသင်ရင်ငါတတ်မယ်ဆိုတဲ့ အယူအဆမျိုးထက် အားလုံး ပညာတတ်ဖြစ်အောင် ဘယ်လိုလုပ်ကြမလဲ၊ ဘယ်လိုပါဝင်ကြမလဲ၊ ဘယ်လိုပံ့ပိုးကြမလဲ ဆိုတဲ့အသိစိတ်မျိုးတွေရှိဖို့ လိုမယ်လို့ တင်ပြရင်း ---------
အရှင်နန္ဒိယ (ဖယ်ခုံ) 23.1.2019 4:50:00 PM
(၁) လက်ရှိအခြေအနေ
“ဘွဲ့ရပြီလား”
“ရပြီ”
“မသိသေးဘူး”
“ပြီးပြီ”
“အခု ဘာတွေလုပ်နေတာလဲဘုရား”“ပြီးပြီ”
(၂) ဘာလို့စာသင်ကြတာလဲ