Monday, February 22, 2021

စစ်အာဏာရှင်စနစ်အောက်က ရဟန်းသံဃာ


အခုလောလောဆယ်မှာတော့ အာဏာရှင်လို့ ပြောလိုက်ရင် စစ်တပ်ကိုဘဲ ပြေးမြင်နေမယ်ဆိုရင် လူတိုင်းသိတယ်။ အာဏာရှင်ဆန်တဲ့အုပ်ချုပ်မှုကို လူတိုင်းလိုလိုမကြိုက်တော့တဲ့ ဒီခေတ်ကြီးထဲမှာ အမှီအခိုကင်းရပ်တည်နိုင်ဖို့၊ လွတ်လပ်စွာပြောဆိုခွင့်စတဲ့ နိုင်ငံသားအခွင့်အရေးတွေကို နိုင်ငံတိုင်းလိုလို တောင်းဆိုနေကြပါတယ်။ စစ်တပ်လိုအာဏာရှင်ဆန်ဆန်အုပ်ချုပ်ပြီး နိုင်ငံရေးလောကမှာလည်း နေရာဝင်ယူ၊ စီးပွားရေးကိုလည်း ကြီးကြီးမားမားသိမ်းပိုက်နေတာမျိုးကို ဒီခေတ်ထဲမှာ လက်ခံလို့မရတဲ့ အခြေအနေတွေ ဖြစ်လာပါတော့တယ်။ အာဏာရှင်စနစ်ကို မြန်မာအပါအဝင်ကမ္ဘာနိုင်ငံ‌တော်တော်များများ ဆန့်ကျင်နေကြပါတယ်။ မြန်မာနိုင်ငံလို ရဟန်းသံဃာအရေအတွက်များတဲ့နေရာမျိုးမှာ အာဏာရှင်စနစ်ရဲ့  ကောင်းကျိုးဆိုးကျိုး အကျိုးသက်ရောက်မှုကလည်း ရဟန်းသံဃာအပေါ်လွှမ်းမိုးမှုတွေ ရှိလာပါတယ်။ 


နိုင်ငံရေးနဲ့ပတ်သက်ပြီးရဟန်းသံဃာတွေရဲ့ရပ်တည်ချက်ကို မေးရင် အဖြေကရှုပ်ထွေးပါတယ်။ ဘာလို့လဲဆိုတော့ ရပ်တည်ချက်ကမတူလို့။ မြန်မာနိုင်ငံမှာ ရဟန်းသံဃာအရေအတွက် သိပ်များလွန်းတဲ့အတွက် ထိန်းချုပ်ရတာသိပ်ခက်ပါတယ်။ တူညီတဲ့သဘောထားတွေကို ပြောဖို့က တကယ်ခက်ပါတယ်။ ရဟန်းတစ်ပါးပါးက နိုင်ငံရေးမှာ ထင်ပေါ်လာတာနဲ့ တချို့အမြင်တွေက ထင်ပေါ်တဲ့ရဟန်းတစ်ပါးကိုအကြောင်းပြုပြီး မြန်မာရဟန်းတော်က အဲလိုဘဲလို့ မြင်ကြပေမယ့် အပြင်မှာအဲလိုတွေမဟုတ်ကြပါဘူး။ ဒီနေ့ဘဲ သီရိလင်္ကာသတင်းစာတစ်ခုမှာ တပ်မတော်ဘက်ကို ထောက်ခံတဲ့ရဟန်းတွေပုံပါ ပါလာတယ်။ နီးစပ်ရာ စင်ဟလာဦးဇင်းတွေက မြန်မာရဟန်းတော်တွေက စစ်တပ်ဘက်မှာလို့ပြောကြတယ်။ အားလုံးမဟုတ်ဘူး။ အနည်းစုသာလို့ဘဲ ပြန်ပြောလိုက်ရတယ်။ 

သံဃာတော်တွေထဲမှာလည်း ဒီမိုကရေစီကိုနှစ်သက်တဲ့ရဟန်းတော်တွေရှိသလို အာဏာရှင်စနစ်ကို နှစ်သက်ကြတဲ့သူတွေလည်း ရှိနေပါတယ်။ အင်အားကြီးပါတီနှစ်ခုဖြစ်တဲ့ ပြည်သူကနေတက်လာတဲ့ အန်အလ်ဒီပါတီနဲ့ အာဏာရှင်စစ်အစိုးရကနေ ဆင်းသက်လာတဲ့ ကြံခိုင်ရေးပါတီတို့အပေါ် ယုံကြည်မှုတွေကလည်း မတူကြဘူး။ အန်အလ်ဒီပါတီကို ကြိုက်နှစ်သက်တဲ့ရဟန်းတွေကလည်း အန်အလ်ဒီ။ ကြံ့ခိုင်ရေးကို နှစ်သက်တဲ့သူကလည်း ကြံ့ခိုင်‌ရေးဘက်ကနေ ပြောကြ၊ ဆိုကြ၊ ‌ရေးသားကြတယ်။ မြန်မာနိုင်ငံမှာ ရဟန်းသံဃာအနေနဲ့ နိုင်ငံရေးမှာ ပါဝင်နိုင်ဖို့ အခွင့်အလမ်းသိပ်မရှိတာမို့ နိုင်ငံရေးဆိုရင် စိတ်လည်းမဝင်စား၊ ဝင်လည်းမပါ၊ ခပ်ကင်းကင်းဘဲနေတဲ့ ရဟန်းသံဃာတွေလည်း အများကြီးရှိပါတယ်။ သို့သော် ဘေးကအမြင်မှာတော့ ဘုန်းကြီးတွေက ဟိုပါတီ၊ ဒီပါတီလို့ အပေါ်ယံမြင်တာမျိုးလည်း ရှိတာပေါ့။


နိုင်ငံရေးနဲ့ခပ်ကင်းကင်းဘဲနေတဲ့ ရဟန်းသံဃာတွေကတော့ ကိုယ့်တရားဘဲ ကိုယ်အာရုံစိုက်ချင်တာ၊ ကိုယ့်စာပေကိုဘဲ စိတ်ဝင်စားတာမျိုးတွေများပါတယ်။ ဘုန်းကြီးစကားနဲ့ ပြောရင် “ဓိုရ်ကြီး”တွေပေါ့။ နောက်တစ်ခုက စာဂျမ်းပိုး တွေပေါ့။ အပြင်လောကကိုငြီးငွေ့တာရယ်၊ ပြဿနာတွေကြားမှာ မနေချင်တော့တာရယ်၊ နိုင်ငံရေးနဲ့စပ်ရင် စကားတောင်မပြောချင်တော့တာမျိုး။ မပြောချင်လို့ မပြောတာရှိသလို၊ နားမလည်လို့ စိတ်မဝင်စားလို့ မပြောတာလည်း ဖြစ်နိုင်တယ်။ 


အန်အလ်ဒီကို နှစ်သက်တဲ့ဘုန်းကြီးတွေအများစုက ခေတ်မီတယ်လို့ ပြောရမလား၊ ပညာတတ်တယ်လို့ဆိုရမလား၊ အပြောင်းအလဲကို ကြိုက်တယ်လို့ ပြောရမလား၊ ဒီစကားလုံးတွေကို ထင်ဟပ်‌နေတဲ့ စကားလုံးလေးတော့ ရှိမှာပါ၊ မခေါ်တတ်ဘူး။ ဘုန်းကြီးပညာရေးကို ပြုပြင်ပြောင်းလဲဖို့လိုတယ် လို့ ပြောကြဆိုကြရေးသားကြတဲ့အထဲမှာလည်း ဒီအဖွဲ့ထဲကအများဆုံးဘဲ။ ပညာရေးဘက်လောက်နောက်ကျနေပြီ၊ စီးပွားရေးဘယ်လိုဖြစ်တယ်၊ နိုင်ငံရေးဘယ်လောက်ဆိုးတယ်၊ ဘာသာရေးကဘယ်လို၊ အဲဒါကြောင့် ဘာလုပ်သင့်တယ်စသည် သိချင်ရင် သူတို့ကိုဆည်းကပ်။ 


ကြံ့ခိုင်ရေးကို ထောက်ခံနေတဲ့သူတွေကြတော့ သူတို့ကိုသူတို့ ဗုဒ္ဓဘာသာရဲ့အဓိကခံတပ်လို့မြင်တယ်။ သူတို့မရှိရင် ဘာသာခြားတွေလွှမ်းမိုးပြီး မြန်မာမြေပေါ်ဗုဒ္ဓဘာသာတွေကွယ်ပျောက်သွားတော့မယ်လို့ ပြောကြတယ်။ တပ်မတော်ကိုလည်း အင်အားကြီးတဲ့အသင်းအဖွဲ့လို့မြင်ပြီး တပ်မတော်ကဗုဒ္ဓဘာသာရဲ့ အဓိကကျတဲ့ အထောက်အပံ့ပေးနိုင်တဲ့အဖွဲ့ဖြစ်စေချင်တယ်။ စစ်ဗိုလ်ကြီးတွေရဲ့ ဂုဏ်ပုဒ်တွေချီးမွှမ်းပြီး ဘုရားတည်၊ ကျောင်းဆောက်၊ လမ်းခင်းပေးတာကိုလည်း ပြောလို့မဆုံးဖြစ်နေကြတယ်။ ဒီအဖွဲ့ဆိုရင် အန်အလ်ဒီကို ပြိုင်ဘက်လို့မြင်ပြီး ဘာသာခြားလွှမ်းမိုးမှာ သေမလောက်ကြောက်နေကြတဲ့အဖွဲ့ပေါ့။ ဗုဒ္ဓဘာသာအစစ်ကမြန်မာနိုင်ငံမှာဘဲ ကျန်နေပြီး ထိုင်းတို့ ကမ္ဘောဒီးယားနဲ့တခြားတိုင်းပြည်တွေမှာ ဝိနည်းကို သိပ်မလိုက်နာကြတော့ဘူး၊ ဗုဒ္ဓဘာသာအစစ်အမှန်မကျန်တော့ဘူး စတဲ့စကားတွေကို ပြောကြတာ ဒီအဖွဲ့ထဲက အများဆုံးပါတယ်ဆိုပါဆို့။ အခုလောလောဆယ်မှာတော့ ဂိုဏ်းကိုးဂိုဏ်းက ပြဿနာမရှိဘူး။ ဒီဂိုဏ်းတွေဘဲ ပြဿနာဖြစ်နေတာ။ 


အခုလိုမျိုးရော၊ နောက်အခြားတစ်မျိုးမျိုးပါ မြန်မာနိုင်ငံမှာ တစ်ခုခုဖြစ်ပြီဆိုရင် ဘုန်းကြီးတွေကပါလေ့ ရှိတယ်။ ဘုန်းကြီးပါလာပြီဆိုရင် နောက်ကနေအားပေးအားမြောက်လုပ်တဲ့သူတွေကလည်းအသင့်ရှိပြီးသား။ နောက်တစ်ဘက်မှာ ဘုန်းကြီးပါလာတာကို မကြိုက်တဲ့ရဟန်းသံဃာတွေ လူတွေကလည်း ရှိနေနှင့်ပြီးသား။ ဒါတွေကို သိပေမယ့် သူ့တို့ဝင်ပါချင်တဲ့နေရာ ဝင်ပါကြတာဘဲ၊ ဘာလို့လဲဆိုတော့ သူတို့ကလည်း မြန်မာနိုင်ငံသားဖြစ်နေတာကိုး။ အခုဆိုရင် စစ်တပ်ကို ရှုပ်ချတဲ့စာတွေကလည်း အများကြီး၊ တစ်ဘက်မှာ စစ်တပ်ကို ချီးမွမ်းနေကြတာလည်း မနည်းဘူးရယ်။ ဒီကြားထဲ ကြားနေတွေလည်းရှိသလို၊ ဘယ်ဘက်မှမနေတဲ့ ဝစီပိတ်ကျင့်နေတာလည်း ရှိတာဘဲ။ ဒါကတော့ သူတို့အခွင့်အရေးမို့ တားခွင့်မရှိပါဘူး။ 


ပြောလို့ရတဲ့ဘက်ကနေ ပြောကြည့်ရရင် သူတို့က ဘာကိုစိုးရိမ်နေတာလဲ၊ ဘယ်သူ့ကိုစိုးရိမ်နေတာလဲ၊ ဘယ်သူ့အတွက်စိုးရိမ်နေတာလဲ၊ နောက်တစ်ခုက ဘာလို့ သူတို့ဝင်ပါနေရတာလဲ ဆိုတာကို မေးခွန်းတော့ ထုတ်ရပါမယ်။ အမှန်အတိုင်းပြောရရင် ကိုယ့်ကိုယ်ကို ဘာမှန်းမသိဘဲ ဝင်ပါနေတာအများကြီးဘဲ၊ ဘာမှရေရေရာရာနားမလည်ဘဲ ဖင်ပိတ်ငြင်းတာတွေလည်း အများကြီးဘဲ။ တစ်ခါတစ်လေ သူတို့ပြောတဲ့ အကြောင်းပြချက်လေးတွေက ကလေးအရမ်းဆန်နေတာတွေ၊ အပေါ်ယံအရမ်းဆန်နေတာတွေလည်း အများကြီးဘဲ။ တစ်ခုခုဆိုရင် ဟိုဆရာတော်ကြီးက ဘယ်လိုပြောလို့၊ ဘယ်ဆရာတော်က ဘယ်လိုမလို့ ဆိုပြီး သူတို့ကိုယ်တိုင်နားမလည်တဲ့အရာကို ဟိုဆရာတော်ဒီဆရာတော်ကို ပုံအပ်နေတာတွေရှိတယ်။ အဲဒါကတော့သေးတယ်လို့ပြောရမလား၊ တစ်ချို့ဆိုရင် ဟိုဒကာကဟိုလိုပြောလို့ စတဲ့ကိုယ်တော်တွေလည်း ရှိသေးတာ။ 


ပညာရေးပြုပြင်ပြောင်းချင်၊ နိုင်ငံတကာနဲ့ရင်ဘောင်တန်းချင်၊ သာသနာပြုချင်တဲ့ရဟန်းသံဃာတွေကတော့ ဒီမိုကရေစီကိုပိုမိုနှစ်သက်ကြမယ်ထင်ပါတယ်။ အာဏာရှင်ဆန်ဆန်အုပ်ချုပ်ခံခဲ့ရလို့ အကြောက်တရားတွေ ဘယ်လောက်ထိစိုးမိုးနေသလဲဆိုတာ အခြားလူတွေနဲ့တွေ့ရင် သိသာလာတယ်။ တစ်ချို့ဆိုရင် အသက်သာကြီးသွားတာ ဘာဝါသနာပါလဲဆိုတဲ့ မေးခွန်းတောင် ရေရောရာရာမဖြေတတ်တာတွေ၊ ဖြေရင်တောင်မှန်းဆပြီးဖြေနေရတာတွေရှိတယ်။ အဲဒါက ဒါဘဲလုပ်၊ မသွားနဲ့ဆိုမသွားနဲ့၊ မလုပ်နဲ့ဆိုမလုပ်နဲ့ ဆိုတဲ့အမိန့်အာဏာအောက်မှာ လူလိမ္မာအဖြစ်ကို ကျေနပ်စွာခံယူခဲရပေမယ့် ကိုယ်တိုင်ဖန်တီးတီထွင်မှုနဲ့ ပညာရပ်အသစ်လေ့လာရှာဖွေမှုအပိုင်းမှာ အားနည်းလွန်းတာကို မြင်သာနေပါတယ်။ အဲဒါကြောင့် အတွေးအခေါ်အသစ်၊ လေ့လာရှာဖွေမှုအသစ်တွေကို ပျိုးထောင်ပေးဖို့က ဒီမိုကရေစီစနစ်က အထောက်အကူပြုကြလိမ့်မယ်လို့ယူဆကြတယ်။ သက်ဦးဆံပိုက်စနစ်ဆန်လွန်းတဲ့ တစ်ချို့ဆရာတော်တို့ရဲ့ အုပ်ချုပ်မှုတွေကိုလည်း မျိုးဆက်သစ်တွေအတွက် ပြစ်မှုတစ်ခုကျူးလွန်သလို မြင်လာတယ်။ အားလုံးသဘောတူမှ ပညတ်တဲ့ဝိနည်းသိက္ခာပုဒ်လို စည်းကမ်းကို တစ်ဦးဦးကပြဌာန်းတာမျိုးမဟုတ်ဘဲ အများရဲ့ဆန္ဒကို ပိုဦးစားပေးစေချင်တယ်။ ဒီရှုထောင့်တွေကြောင့် လက်ရှိအခြေအနေမှာ စစ်တပ်ရဲ့ အာဏာရှင်ဆန်မှုကို မကြိုက်ပေး အန်အလ်ဒီဘက်မှာ ရပ်တည်နေကြတာပါ။ ဒါကတော့ အများက အန်အလ်ဒီမို့ ကိုယ်လည်း အန်အလ်ဒီ လိုလူမဟုတ်ဘဲ ကိုယ့်ဆန္ဒနဲ့တစ်ထပ်တည်းကျလို့ အန်အလ်ဒီကို ရွေးချယ်ကြတယ်လို့ ယူဆပါတယ်။ 


အနော်ရထာမင်းကိုအားကျလို့လား၊ အသောကမင်းလိုဖြစ်စေချင်လွန်းလို့လားမပြောတတ်ဘူး ဗုဒ္ဓဘာသာ တစ်ခုတည်းကို ဦးစားပေးဖို့ဆန္ဒရှိလို့ထင်ပါတယ် အမျိုးဘာသာသာသနာလို့ အော်နေသည့်သူတွေအပါအဝင် တစ်ချို့ရဟန်းတော်တွေကတော့ စစ်တပ်ဆိုရင် အမျိုးဂုဏ်ဇာတိဂုဏ်ကို ထိန်းသိမ်းတဲ့သူလို့ မြင်ကြတယ်။ စစ်တပ်တွေဆိုးတာ ကြမ်းတာတွေက လုပ်သင့်လို့လုပ်တယ်လို့ ထင်ကြတယ်။ ကျောင်းသားတွေကို မရိုက်ရဆိုတဲ့ခေတ်ထဲမှာ နာနာရိုက်မှ ချစ်ကြောက်ရိုသေမှာလို့ ပြောနေတဲ့သူအဖွဲ့ပေါ့။ လူမျိုးဘဲဖြစ်ဖြစ်၊ ဘာသာဘဲဖြစ်ဖြစ် ထိန်းသိမ်းထားနိုင်မှ တည်တံ့နိုင်မှာလို့ ခံယူကြတယ်။ နေတာထိုင်တာခေတ်ဆန်သွားရင် ယဉ်ကျေးမှုပျက်စီးတယ်လို့ မြင်ကြတယ်။ အဲဒါကြောင့် ပြုပြင်ပြောင်းလဲရေးအမျိုးမျိုး လုပ်လာကြတော့ မယ့် ဒီမိုကရေစီကို သူတို့ကြောက်တယ်။ တစ်ခုခုဖြစ်ရင် ဝင်ထိန်းပေးမယ့်စစ်တပ်ကို သူတို့အားကိုးကြ တယ်။ စစ်တပ်လည်း အထာသိစွာဘဲ အမျိုးဘာသာသာသနာ ထိန်းသိမ်းမယ်ဆိုတဲ့စကားကို မဆီမဆိုင် ဝင်ပြောနေတာတွေ ကြားရမှာပါ။ အဲဒီလိုနဲ့ သူတို့က စစ်တပ်ရဲ့ အမာခံပရိတ်သတ်တွေဖြစ်လို့။ ဒါက စစ်တပ်ကို အားပေးတဲ့သူတွေရဲ့အကြောင်းပေါ့။ ဒေါ်စုကို ကုလားမယားဖြစ်လို့တို့ အန်အလ်ဒီက ကုလားအားပေးပါတီတို့ အခြေအမြစ်မရှိ စကားရိုင်းရိုင်းသုံးပြီး ပြောနေတာတွေကိုတော့ ဘာဖြစ်လို့ အန်အလ်ဒီကို မုန်းနေမှန်း မသိပါ။ ဘာဖြစ်လို့ စစ်တပ်ကို အားပေးနေမှန်း စဉ်းစားမရပါ။ လယ်တီသိမ်ပျက်စီးသွားတာလည်း စစ်တပ်ကိုအပြစ်မတင်ဘူး၊ ဆန္ဒပြတာကို အကြမ်းဖက်တဲ့စစ်သားတွေလည်း ချစ်ရှာတယ်။ 


အန်အလ်ဒီကိုအားပေးရင် ဘာလို့အားပေးတယ်၊ အားမပေးရင် ဘာလို့ အားမပေးတာ၊ စစ်တပ်ကို ထောက်ခံရင် ဘာလို့ထောက်ခံတယ်၊ မထောက်ခံရင် ဘာလို့မထောက်ခံဘူး ဆိုတဲ့ အကြောင်းပြချက်တွေ မယ်မယ်ရရမတွေ့ရ၊ သူတို့ခံယူချက်တွေ သဘောထားတွေကလည်း ဘာတွေမှန်းမသိဘဲ တစ်ဘက်သတ်ဖင်ပိတ်ငြင်းတာတွေကလည်း အများကြီးရှိတယ်။ ဘာမှမဟုတ်တဲ့အကြောင်းကလေးတစ်ခု ဖြစ်လာရင် ဗုဒ္ဓဘာသာက နောက်ချန်ထားခံလိုက်ရပြီဆိုတာမျိုး ဘာသာတရားတစ်ခုလုံး အရှက်ခွဲခံလိုက်ရ သလိုလို အဆင့်တစ်ဆင့်ကျသွားသလိုလို ဟိုဘက်ပါတီခေါင်းဆောင်က ရွှေတိဂုံနှစ်ပတ်လည်ပွဲမတက်လို့၊ ကထိန်ပွဲမလာလို့ ဘာသာတရားကွယ်ပျောက်တော့မှာလိုလိုနဲ့ သူတို့မှာ ကြေကွဲရှာတယ်။ အဲဒါကိုတော့ ဘာကြောင့်လဲဆိုတာကိုတော့ မသိသေးပါ၊ သိရင်အကြောင်းလေးကြားကြပါဦး။ တစ်ချို့က သူတို့ကို ထောက်ပံ့တဲ့သူက အဖြူဆိုရင် လိုက်ဖြူတာ၊ အမဲဆိုရင် လိုက်မဲတာမျိုးလည်း ရှိတယ်။ အဲဒါဆိုရင် ရှင်းတယ်။ သီးသန့်မေးခွန်းထုတ်စရာမရှိဘူး။ အထက်ကပြောတဲ့ အမျိုးအစားတွေထဲက ဓိုရ်ကြီး၊ စာဂျမ်းပိုး အမျိုးအစားကတော့ နိုင်ငံရေးမှာ ပြဿနာမရှိပါ။ အခြားအတွင်းရေး ပြဿနာတစ်ချို့ ရှိကောင်းရှိမယ်။ 


လက်ရှိရှိနေတဲ့ လူတွေအားလုံးက အာဏာရှင်စနစ်အောက်က ကြီးပျင်းလာတဲ့လူတွေချဉ်းပါဘဲ။ အာဏာရှင်ကို ကြိုက်တဲ့သူနဲ့ မကြိုက်တဲ့သူနဲ့ လူတွေလည်း ကွဲသလို ရဟန်းသံဃာတွေလည်း နိုင်ငံရေးအယူအဆတွေ ကွဲကြတယ်။ နိုင်ငံအရေးမှာတော့ ရဟန်းသံဃာနဲ့တင်ပြီးတဲ့ကိစ္စမှမဟုတ်တာ စိုးရိမ်စရာမရှိပါဘူး။ ဘယ်သူနိုင်တယ်၊ မနှိုင်ဘူး၊ သာတယ်၊ မသာဘူးဆိုတာကတော့ ပြည်သူလူထုတွေရဲ့ ကျိုးစားအားထုတ်မှုအား၊ ပူးပေါင်းပါဝင်မှုအားပေါ်မှာဘဲ မူတည်ပါတယ်။ မကြာခင်သိရမှာပါ။ အမှားပါရင် ခွင့်လွတ်ပါ။ အားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ။ 


အရှင်နန္ဒိယ (ဖယ်ခုံ) 

04.02.2021 04:48:00 PM

သီရိလင်္ကာနိုင်ငံရဲ့ လွတ်လပ်ရေးနေ့

No comments:

Post a Comment