#
ဒီအချိန်ပြောရင် လူမုန်းပိုများမလား မသိဘူး၊ ဒါပေမယ့်နားလည်ပေးရမည့်သူတွေရှိသလို ကိုယ်ကိုယ်တိုင်နားလည်အောင် ထပ်ကြိုးစားရမည့်အရာတွေလည်း ရှိတယ်ဆိုတာကို သတိပြုမိလို့ပါ။ ကိုယ်မြင်သလို မြင်စေချင်၊ ကိုယ့်ကို သဘောတူစေချင်၊ ကိုယ့်ဆန္ဒအတိုင်း ဖြစ်စေချင်တာကတော့ သာမာန်လူသားပုထုဇဉ်တိုင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ဆန္ဒတစ်ခုပါ။ တစ်ခါတစ်လေ ကိုယ်ထင်သလို မဟုတ်တာတွေလည်း ရှိတယ်ဆိုတာ သတိပြုစေချင်ပါတယ်။
မနှစ်က ရသေ့တောင်မှာ ပြည်တွင်းစစ်ဖြစ်လို့ ရွာနှစ်ရွာသုံးရွာမီးလောင်သွားပါတယ်။ ဘယ်သူရှို့သလဲ မေးရင် ရခိုင်ပြည်သူတွေက တပ်မတော်ရှို့တယ်လို့ ဆိုပါတယ်။ သတင်းတွေတော်တော်များများကတော့ အေအေတွေမီးရှို့တယ်လို့ ဆိုကြပါတယ်။ အဲဒီထဲမှာ သီရိလင်္ကာက သူငယ်ချင်းဦးဇင်းတစ်ပါးထောင်ထားတဲ့ စာကြည့်တိုက်လည်း မီးထဲပါသွားပါတယ်။ သီရိလင်္ကာကနေ တကူးတကသယ်ခဲ့ရတဲ့စာအုပ်တွေရော၊ ရန်ကုန်မှာ မရှိမဲ့ရှိမဲ့ပိုက်ဆံနဲ့ ဝယ်စုထားတဲ့စာအုပ်တွေရော မီးထဲရောက်သွားပြီ။ သူများကိုအကူအညီတောင်းရလောက်အောင်လည်း သူ့တစ်ဦးထဲကွက်ဖြစ်နေတာမျိုးမဟုတ်၊ တစ်ရွာလုံးမီးလောင်လို့ ရွားသားတွေတောင်နေစရာတောင်မရှိတာ၊ စာကြည်တိုက်အတွက် ဝမ်းနည်းရုံကလွဲလို့ ဘာမှမတတ်နိုင်။ မီးရှို့တဲ့သူကို ကိုယ်တိုင်မြင်ရတဲ့ရွားသားတွေ ကိုယ်တိုင် ဘယ်လောက်ထဲ ကြေကွဲရမလဲ။
ကရင်မှာ တပ်မြေဆိုပြီး တပ်မတော်ကဝင်သိမ်းတော့ အဲဒီမြေထဲရှိတဲ့အိမ်တွေကို စစ်တပ်တွေက ဖြိုလိုက်တယ်၊ မီးရှို့လို့ရတာတွေမီးရှို့လိုက်တယ်။ မတရားမှန်းသိပေမယ့် တပ်မတော်ကို တရားပြန်ဆွဲရလောက်အောင် အဖျက်ဆီးခံလိုက်ရတဲ့ အိမ်ပိုင်ရှင် ရွာသားတွေက ဘယ်လောက်စွမ်းနိုင်မှာ မို့လို့လဲ။ ပြိုသွားတဲ့အိမ်ကို လက်ပိုက်ကြည့်ပြီး အသိတွေကို ပြောပြရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး။ အဲဒီထဲက သီရိလင်္ကာမှာ ရောက်နေတဲ့ သူငယ်ချင်းဦးဇင်းတစ်ပါးရဲ့ အမျိုးအိမ်တွေလည်းပါတယ်။ သူပြောပြတယ်၊ အဲဒီအိမ်တစ်လုံးကို ဆောက်တာ သုံးနှစ်ကျော်ကြာတယ်တဲ့၊ ထိုင်းသွားပြီးအလုပ်လုပ်ရတာ၊ ထိုင်းကနေပိုက်ဆံတွေ ကုတ်ကတ်စုပြီး ရွာကိုလှမ်းပို့၊ ရွာကအမျိုးတွေ ကူညီပေးလို့အဲဒီတိုက်ကြီး ပြီးသွားတာတဲ့။ အိမ်လည်းပြီးပြီ၊ ပိုက်ဆံလည်းနည်းနည်းပါးပါးစုမိပြီမို့ ရွာပြန်လာတော့မယ်လုပ်မှဘဲ အိမ်ကပြိုသွားပြီတဲ့။
ရွာသားတွေကတော့ တပ်မတော်ကို မုန်းရုံတင်မကဘူး၊ ရွံ့လွန်းလို့ အနားကိုမကပ်ချင်တာ။ မြို့ကြီးပြကြီးမှာရော၊ နိုင်ငံခြားမှာရော သတင်းတွေတင်လာတာက လက်နက်ကိုင်တိုင်းရင်းသားတွေက သူတို့ပြည်သူအိမ်ကိုမီးပြည်ရှို့တယ်တဲ့။ တို့ခေတ်ပညာတတ် ငနဲအဖွဲ့တွေတောင် တိုင်းရင်းသားလက်နက်ကိုင်တွေက ဘယ်အဖွဲ့မှမကောင်းဘူး၊ ပြည်သူကိုဒုက္ခပေးတဲ့သူလို့တောင် ပြောကြသေးတယ်လေ။ အဲလိုပြောတဲ့အထဲမှာ ဒေသခံရခိုင်တွေ၊ ကရင်တွေပါသလား။ သူတို့က သူတို့လက်နက်ကိုင်တွေက ပြည်သူတွေနိုပ်စက်တယ်လို့ မပြောဘဲ၊ အဝေးကနေပြီး အဲဒီဒေသကို မရောက်ဖူးတဲ့သူတွေက ဘာလို့ လက်နက်ကိုင်တိုင်းရင်းသားတပ်က ပြည်သူကို ဒုက္ခပေးတယ်လို့ ပြောရတာလဲ။ ပညာတတ်မို့ ပိုသိတယ်လို့ ဆိုချင်တာလား။
နောက်တစ်ခုက အဲဒီလက်နက်ကိုင်တိုင်းရင်းသားတွေက ရန်ကုန် မန္တလေးမှာ စစ်လာတိုက်နေတာမဟုတ်ဘူး၊ သူ့နေရာသူနေနေတာ။ အဲဒီဒေသမှာနေတဲ့ ပြည်သူတွေက လက်နက်ကိုင်တိုင်းရင်းသားတွေက သူတို့ကိုနိုပ်စက်ကြတယ်၊ တပ်မတော်လာတိုက်ပေးပါလို့ စစ်ကူတောင်းနေတာလဲ မဟုတ်ဘူး။ တပ်မတော်က သူပုန်ဆိုပြီးသွားတိုက်တာပဲ။ အနုပညာရှင်တစ်ချို့တေွတောင် ရှေ့တန်းထွက်စစ်သားတွေ ဘေးကင်းပါစေ၊ အောင်မြင်ပါစေ စတဲ့ဆုတွေတောင်းပေးသေးတာ။ သူတို့ရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ တင်ပြီး နိုင်ငံချစ်အနုပညာရှင်တွေဆိုတာ ကြွားချင်သေးတာ။ အဲဒီစာတွေကို ဟိုအဖျက်ဆီးခံရွာကလူတွေ ဖတ်မိရင် ဘယ်လောက်စိတ်တိုလိုက်မလဲ လို့တွေးမိသေးတယ်။
ဒါနဲ့ပတ်သတ်ပြီး ပြောချင်တာက သူတို့မှာ အဲကဒဏ်ရာတွေမကျက်သေးတာ အများကြီးရှိတယ်။ မျက်ရည်တွေမခမ်းသေးတာလည်း အများကြီးရှိတယ်။ တပ်မတော်ကတစ်မျိုး နိုပ်စက်၊ သတင်းမီဒီယာတွေက တစ်မျိုးဖော်ပြ၊ ဟိုအဝေးကပညာတတ်ဆိုတဲ့သူတွေကလည်း တစ်မျိုးပြော။ သူတို့ကိုယ်တိုင်လည်း ခံနေရတယ်၊ သူတို့ချစ်တဲ့ သူတို့လက်နက်ကိုင်တွေကိုလည်း သူပုန်တွေ၊ အကြမ်းဖက်တွေဆိုပြီး အစွပ်ဆွဲခံရတယ်။ မလိုတော့ သူပုန်၊ လိုရင်သွေးချင်းပြန်ဖြစ်နေတာမျိုး စတဲ့ မလိုတစ်မျိုး လိုတစ်မျိုးဆက်ဆံခံရနေသလို ခံစားနေရတာတွေရှိတယ်။ ဒါလေးကို ဒီအချိန်မှာ ထည့်တွက်ဖို့တော့ လိုလိမ့်မယ်ထင်တယ်။
အခုလောလောဆယ်မှာ အရေးကြီးတဲ့အချိန်မို့ အားလုံးပါဝင်မှဖြစ်မှာမို့ အားလုံးပါဝင်ဖို့ နှိုးဆော်ကြပါတယ်။ အားလုံးလိုလိုပါဝင်နိုင်ပေမယ့် မပါဝင်နိုင်တဲ့သူတစ်ချို့တွေရှိပါတယ်။ စစ်တပ်မိသားစုကလည်း မဟုတ်၊ စစ်တပ်ကို အားပေးအားမြှောက်လုပ်နေတဲ့သူလည်း မဟုတ်တဲ့သူတွေ။ သူတို့ကို မပါဝင်လို့ ဝိုင်းဆဲကြတာမျိုး မလုပ်မိဖို့တော့ လိုလိမ့်မယ်ထင်တယ်။ ပညာတတ်ဆိုသူတွေတစ်ချို့က စစ်တပ်ကိုကန့်ကွက်တဲ့အထဲမပါလို့၊ ဘေးမှာနေနေလို့ဆိုပြီး အသိတရားမရှိတဲ့သူလိုလို၊ နိုင်ငံသစ္စာဖောက်လိုလို၊ ရန်သူလိုပြောနေကြတာတွေရှိတယ်။ ကိုယ်ပြောတဲ့သူတွေထဲမှာ စစ်ဘေးဒဏ်ကြောင့် ဒဏ်ရာမကျက်သေးတဲ့ ပြည်သူတွေမပါစေနဲ့လို့ ပြောချင်ပါတယ်။ ဒဏ်ရာဟောင်းပေါ် ဒဏ်ရာအသစ်တွေ ထပ်မပေးစေချင်ဘူး။ ပြည်တွင်းစစ်ဘေးဒဏ်မခံစားဖူးတဲ့ မြို့ကြီးသားတွေနဲ့ နိုင်ငံတကာပညာတတ်တွေကိုတော့ မဆိုလိုဘူး။
အခုလို တပ်မတော်ကို ရှုံချတယ်ဆိုတာ သူတို့လုပ်ခဲ့တာကြာလှပေါ့၊ သူတို့အသံကို နားမထောင်လို့ပါ၊ မြို့ကြီးသား ပညာတတ်တွေရဲ့ နိုင်ငံရေး ထင်မြင်ချက် သုံးသပ်ချက်တွေက လွှမ်းမိုးနေလို့ ငါတို့ မကြားလိုက်တာပါ။ Civil Disobedience Movement စည်းရုံးရေးမှာရော Social Punishment စည်းရုံးရေးမှာပါ ပြောကြဆိုကြ ရေးကြသားကြတဲ့အချိန်မှာ သူတို့အနာဟောင်းကိုထပ်မဆွမိဖို့ သို့မဟုတ် ရေနစ်သူကို ဝါးလုံးနဲ့ထပ်မထိုးမိဖို့ လိုလိမ့်မယ်။ တစ်ချို့အရေးအသားတွေက ကိုယ့်ထင်မြင်ချက်သက် သက်သာဖြစ်ပြီး ဆန္ဒပြတဲ့ဦးတည်ရာ လမ်းကြောင်းနဲ့ သိပ်မဆိုင်တဲ့အရာတွေ။ ဥပမာ- တိုင်းရင်းသား လက်နက်ကိုင်တွေက တပ်နဲ့ပေါင်းပြီး လုပ်စားနေကြတာ စတဲ့စကားမျိုး။ ကိုယ်ထင်တဲ့အတိုင်းမဟုတ်ရင် အလကားနေရင်း အမုန်းပိုပွားစေပါတယ်။ သေချာပြောလို့ရတာတစ်ခုက အဲဒီလိုစကားပြောတဲ့သူက အဲဒီဒေသကလူတွေ မဟုတ်တာသေချာတယ်။
ဆိုလိုရင်းကတော့ တက်ညီလက်ညီဆန္ဒပြတဲ့ ဒီလိုအရေးအခင်းကာလမှာ ကိုယ့်ထင်မြင်ချက်တစ်ခုတည်းနဲ့ အချင်းချင်း အမုန်းထပ်မပွားစေဖို့ပါ။ ပြည်တွင်းစစ်ထပ်မဖြစ်အောင်လည်း ဂရုစိုက်ကြပါလို့ဆိုချင်ပါတယ်။
လိုရာဆန္ဒပြည့်ဝကြပါစေ။ အန္တရာယ်ကင်း ရန်စွယ်ရှင်းပြီး လွတ်လပ်တဲ့အခွင့်အရေး မျှတတဲ့ အခွင့်ရေးများ ပိုင်ဆိုင်နိုင်ကြပါစေ။
အရှင်နန္ဒိယ (ဖယ်ခုံ)
20.02.2021 06:26:00 PM
No comments:
Post a Comment