Monday, February 22, 2021

မြန်မာရဟန်းတော်ပုံရိပ်

 #

ဆက်စပ်နေတဲ့အကြောင်းအရာတွေက များစွာရှိတယ်။ ၂၀၁၂ ကတည်းကစတယ်လို့ ပြောလို့တောင်ရမယ်ထင်တယ်။ ပုံရိပ်ကတော့ မြင်တဲ့အတိုင်းဘဲ။ ၂၀၁၉ - ခုနှစ်က သီရိလင်္ကာမှာ အော်စတေးရီးယားက ဆရာတော် သုဇာတအာဂျင်ချမ် တရားလာဟောတော့ သွားနာယူဖြစ်ခဲ့တယ်။ အဲဒီမှာ ဟောတရားအပြီး အမေးအဖြေလုပ်တော့ တရားနာပရိသတ်တစ်ဦးရဲ့ အမေးအဖြေကိုဖြေတဲ့အထဲမှာ ဆရာတော်ရဲ့အတွေ့အကြုံတစ်ခုကို မျှဝေခဲ့တယ်။ အင်္ဂလန်ရောက်တုန်းက အင်္ဂလန်ကခရစ်ယာန်ဘာသာဝင် သူငယ်ချင်းတစ်ယောက်နဲ့တွေ့တော့ မေးတယ်တဲ့။ သင်္ကန်းဝတ်တာကိုကြည့်ပြီး ဘာလို့ အဲဒီလိုဝတ်တာလဲလို့ မေးတယ်တဲ့။ ဗုဒ္ဓဘာသာရဟန်းမို့ လို့ဖြေလိုက်တယ်တဲ့။ ချက်ချင်းဘဲ ဟာ ဗုဒ္ဓဘာသာရဟန်းက သူသတ်သမားဘဲ လို့ပြောလိုက်တယ်တဲ့။ အဲဒါက မြန်မာမှာဖြစ်သွားတဲ့ ရခိုင်အရေးခင်း၊ မိတ္ထိလာအရေးခင်းတွေရဲ့ နောက်ပိုင်းမှာ ကမ္ဘာ့သတင်းစာမျက်နှာပေါ်ရောက်သွားတဲ့ မြန်မာရဟန်းတော်တွေရဲ့ ပုံရိပ်တွေပေါ့။ အဲဒါနဲ့ ဆရာတော်ကလည်း သူ့သူငယ်ချင်းဟောင်းကြီးကို ဗုဒ္ဓရဟန်းတော်အကြောင်း တော်တော်ရှင်းပြလိုက်ရတယ်တဲ့။ ဒီနိဒါန်းလေးဖတ်ပြီးရင် ဘာဆိုလိုချင်တာလဲ ဆိုတာ သိလောက်ပြီထင်ပါတယ်နော်။ 


ဒီမနက်ကရုပ်ပျက်ဆင်းပျက်ဖြစ်ရပ်၊ ကားလမ်းထဲရပ်ထားတဲ့ လူတွေရဲ့ကားမှန်ကို ရိုက်ခွဲတဲ့မြန်မာရဟန်း တော်တွေရဲ့ပုံရိပ်။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရှိနေတဲ့ဗုဒ္ဓဘာသာရဟန်းတွေ ဒီလိုလုပ်ရပ်တွေလုပ်ကြမယ် ထင်သလား။ ဘယ်နိုင်ငံဘဲရောက်ရောက်ဗုဒ္ဓဘာသာကို အစွန်းရောက်တဲ့ဘာသာလို့ ဘယ်သူမှမပြောကြဘူး။ အကြမ်းဖက်တဲ့ဘာသာဝင်တွေလို့လဲ မပြောကြပါဘူး။ အနောက်တိုင်းဖြစ်ဖြစ်၊ အရှေ့အလယ်ပိုင်းဖြစ်ဖြစ်၊ အရှေ့တိုင်းမှာဘဲဖြစ်ဖြစ် ဗုဒ္ဓဘာသာက ‌မေတ္တာစိတ်၊ ကရုဏာစိတ်တွေ တိုးပွားလာအောင် ဟောပြပေး၊ ညွန်ပြပေးတယ်ဆိုတာ သိကြတယ်။ ဗုဒ္ဓဘာသာကို ဌာနတစ်ခုအနေနဲ့ကို တက္ကသိုလ်မှာသင်ယူလေ့လာလို့ ရအောင် စီစဉ်ထားပေးတယ်။ မိတ္ထိလာအရေးခင်းမှာ သတင်းသမားတွေရဲ့ မှတ်တမ်းတစ်ချို့မှာ ထွက်ပြေးတဲ့လူတစ်ချို့ကိုလိုက်ရိုက်တဲ့ လူအုပ်ကြီးထဲမှာ ရဟန်းတွေပါလာတာကို တွေ့ရတယ်။ ဘုန်းကြီးအတုပြောပြော၊ အစစ်ဆိုဆို နိုင်ငံတကာမှာတော့ မြန်မာနိုင်ငံကအရေးအခင်းဖြစ်လို့ မြန်မာနိုင်ငံကရဟန်းတော်တွေလို့ဘဲ မြင်မှာဘဲ။ ဘယ်လိုပြောပြော ပုံရိပ်ကတော့ လူလိုက်ရိုက်နေတဲ့အထဲက ပါတဲ့သူဘဲ။ အဲဒါကြောင့် ဗုဒ္ဓဘာသာရဟန်းတွေက အကြမ်းဖက်တတ်တဲ့သူတွေဖြစ်သွားပြီနော်။ အဲဒီပုံရိပ်ကို ဘယ်မှာတွေ့တယ်လို့ထင်လို့လဲ။ 


လူတိုင်းလိုလိုသိနေတဲ့ကိစ္စတစ်ခုဘဲဖြစ်မယ်ထင်တယ်၊ ရွှေဝါရောင်အရေးခင်းမပေါ်ခင် စစ်အာဏာရှင် လက်အောက်မှာ‌နေခဲ့ရစဉ်တုန်းက ကုလားမုန်းတီးရေးတရားနဲ့‌ဟော့နေတဲ့ ကိုယ်တော်တစ်ပါးရဲ့ ဟောပြောချက်ထဲမှာ ကုလားကိုသတ်ရင် ပါရာဇိကမကျဘူး၊ ဘာဖြစ်လို့လဲဆိုတော့ လူသတ်မှ ပါရာဇိကကျတာ၊ ဒီကောင်တွေက လူတွေမှ မဟုတ်တာ လို့ ပြောသွားတယ်။ ပရိတ်သတ်တွေကလည်း လက်ခုပ်တွေတီးလို့။ ရယ်စရာလို့ပြောပြော၊ စတာဘဲဆိုဆို ရဟန်းတစ်ပါးအနေနဲ့ လူကိုလူလို မမြင်တတ်တဲ့ဟောပြောချက်တွေက ဗုဒ္ဓဘာသာရဟန်းတွေရဲ့ပုံရိပ်ကို ထိခိုက်တာဘဲ။ ဒါကအရင်က ဖြစ်ခဲ့တာ၊ မကြာခင်နှစ်လေးတင် ဖြစ်သွားတဲ့ကိစ္စလေးတစ်ခုလည်းရှိပါသေးတယ်။ တစ်နိုင်ငံလုံးက ဝိုင်းဆဲကြသေးတယ်လေ၊ ဒီဟောပြောချက်နဲ့ဆင်တူရိုးမားလေး။ နိုင်ငံတကာဗုဒ္ဓဘာသာဘုန်းကြီးတွေက စင်ပေါ်မှာဒီလိုစကားတွေ ပြောကြမယ်ထင်လား။ သေချာတာကတော့ နိုင်ငံတကာမှာဒီဟောပြောချက်တွေ‌ ရောက်သွားရင် နိုင်ငံတကာဗုဒ္ဓဘာသာအသိုင်းအဝိုင်းတွေက ကန့်ကွက်ကြမှာ သေချာတယ်။ ဒါပေမဲ့ တို့နိုင်ငံမှာတော့ လက်ခုပ်တီးပေးမယ့်သူက အများကြီးရှိသေးတယ်။ အဲဒါတောင် မပြောသင့်ဘူးလို့ ပြောရင် ဘေးကနေ ကာပြောပေးကြသေးတာ။ 


ဘာလို့ နိုင်ငံတကာ ဆိုတဲ့စကားလုံးကို ထည့်ပြောနေရတာလည်းဆိုရင် မြန်မာမှာဘဲ သာသနာအစစ်အမှန် ကျန်တော့တယ်၊ အခြားနိုင်ငံတွေမှာ သာသနာအစစ်အမှန်မရှိတော့ဘူး ဆိုတဲ့ စကားမျိုးကြားနေရလို့။ ကိုယ့်ဟာကိုယ် ဘာလဲဆိုတာ ပြန်မြင်ဖို့လိုနေပြီထင်တယ်။ အနေအထိုင်တွေက သူတစ်ပါးကိုဂရုမစိုက်၊ အပြောအဆိုက သူတစ်ပါးကို မလေးစား၊ အမူအရာကလည်း အထက်စီး၊ (ရိုင်းတယ်လို့ပြောရင် လိုက်ခံမလားမသိဘူး)။ ဒီမနက်လို ကားမှန်ရိုက်ခွဲတဲ့ကိစ္စအပါအဝင် မေတ္တာ၊ ကရုဏာ ခေါင်းပါးနေတဲ့ ပုံရိပ်တွေအများကြီး မြင်တွေ့နေရပါတယ်။  ကိုယ့်အကြောင်းကို ကိုယ်မသိ၊ ဘယ်လိုဖြစ်နေတယ်၊ ဘာလုပ်ရမယ်ဆိုတာကိုမသိဘဲနဲ့ အားအားရှိ ဘယ်သူကဘာမလုပ်ပေးလို့ ညာမလုပ်ပေးလို့လို့ ပြောနေတဲ့သူကရှိသေးတာ။ တစ်ချို့ကရှိသေးတယ်၊ သီရိလင်္ကာမှာဆို ရဟန်းတွေကို ဘယ်လိုလေးစားတာ၊ ထိုင်းမှာဆို ဘယ်လိုရိုသေတာ ဆိုတာမျိုးတွေပြောကြတယ်။ မြန်မာမှာ အဲဒါတွေမရှိဘူးလို့ စကားပြောရင် အဆစ်ကပါသေးတာ။ သီဟိုဠ်ရဟန်းလို အကြည်ညိုခံချင်ရင် သီဟိုဠ်ရဟန်းလိုနေ၊ ထိုင်းဘုန်းကြီးကို အကြည်ညိုခံချင်ရင် ထိုင်းဘုန်းကြီးလိုနေ။ ဘာဘုန်းပေးမလဲဘုရားလို့ မမေးလိုက်နဲ့ ကြက်သား၊ ဝက်သား၊ အမဲသား ဆိုတာမျိုးဘဲကြားရမယ်။ သက်သတ်လွတ်တောင်မြင်ဖူးလားမသိဘူးလို့ တွေးမိတဲ့အထိဘဲ။ သူများတွေ ၁၂ နာရီကျော်ရင် စျေးဆိုင်တွေမှာ မတွေ့တော့ဘူး။ သူ့နေရာနဲ့သူနေကြတယ်လေ။ ပွင့်လင်းတယ်လို့ပြောပြော၊ ရိုးသားတယ်လို့ဘဲဆိုဆို စံသတ်မှတ်ချက်လေးတွေက ရှိသေးတယ်။ ရဟန်းတို့ရဲ့ စံသတ်မှတ်ချက်က လူတွေနဲ့မတူတာ သိရမှာပါ။ သက်ဆိုင်ရာတာဝန်ရှိသူတွေကတစ်ဆင့်ဘဲဖြစ်ဖြစ်၊ ကိုယ့်အချင်းချင်းထဲကဘဲ ဖြစ်ဖြစ်၊ ကိုယ့်ဆရာသမားတွေကဘဲဖြစ်ဖြစ် မပြုပြင်ဘူး၊ ဒီတိုင်းဘဲ ဆက်ရှိနေမယ်ဆိုရင် ပုံရိပ်ကတော့ အဆိုးတွေဘဲ ပိုထွက်လာမယ်ထင်တယ်။ အဲလိုပြောလိုက်လို့ တရားစခန်းမှာ တရားအားထုတ်နေတဲ့ရဟန်းတွေရှိတယ်၊ စာသင်တိုက်မှာ စာလိုက်နေတဲ့သံဃာတွေရှိတယ် ပြောကြဦးမလား၊ ကိုယ့်အထင်နဲ့ပြောရရင်တော့ အဲဒါတွေက ကားမှန်ရိုက်ခွဲတဲ့ ပုံရိပ်ကို မဖုံးအုပ်နိုင်ဘူး။ ထင်တိုင်းကျဲနေတဲ့ ရဟန်းဆိုးလေးတွေကို ထိန်းသိမ်းဖို့ အရေးယူဖို့ ဆုံးမဖို့ သက်ဆိုင်သူတွေက တာဝန်မယူကြသေးဘူးလား၊ ဘယ်သူကမှ တာဝန်မရှိကြဘူးလား။ မြန်မာရဟန်းတွေရဲ့ ပုံရိပ်ကို ဘယ်လိုအကောင်အထည်ဖော်ကြမလဲ။ 


ဒီမနက်ဖြစ်သွားတဲ့ကိစ္စမျိုးဆိုရင် သာသနာ့ပုံရိပ်အနေနဲ့ကြည့်ရင် စိတ်မကောင်းဘူး။ လက်ရှိမြန်မာ့နိုင်ငံရေး အခင်းအကျင်းတစ်ခုအနေနဲ့ကြည့်ရင်တော့ ဘာမှမဖြစ်ဘူး။ အေးဆေးဘဲ။ သာသနာတော်မှာ လူမိုက်တွေမွေးတဲ့နေရာမဟုတ်တာတော့ လူတိုင်းသိတယ်။ သို့ပေမယ့် မြန်မာ့ဗုဒ္ဓဘာသာရဟန်းတော် တွေက အခြားနိုင်ငံကရဟန်းတွေနဲ့ယှဉ်ရင် အဆုံးအမနဲ့ ကင်းကွာနေပြီး လောဘ ဒေါသကိုရှေ့တန်းတင်ပြီး လိုချင်တာကိုရအောင်ယူ၊ မရတဲ့အဆုံး မထူးဇာတ်ခင်းတတ်တဲ့ ခပ်မိုက်မိုက်ဇာတ်ကောင်တွေ ဖြစ်နေသလား ထင်ရတယ်လေ။ အများစုက မဟုတ်ပေမယ့် ဆိုးတဲ့လူတစ်စုက အများစုကိုပါ ထိခိုက်စေတယ်။ တစ်ခုခုဖြစ်ရင် ဘာသာရေးမှိုင်းတိုက်တတ်လေ့ရှိတဲ့ မြန်မာ့နိုင်ငံရေးကြားမှာတော့ ပြည်သူတွေက ရိုးနေလောက်ပြီ။ နိုင်ငံရေးအပြောင်းအလဲ အရွေ့တစ်ခုမှာတော့ ဒီအကွက်ကအရမ်းပျော့သွားပါပြီ။ ရခိုင်အရေးခင်း၊ မိတ္ထိလာအရေးခင်းတုန်းကလို လူတွေအစုလိုက်ထလာမယ်မထင်နဲ့။ အဲဒီဘုန်းကြီးတွေကို လူတွေတစ်ခုခုလုပ်လိုက်လို့ ဘုန်းကြီးတွေ အုံကြွလာမယ်မထင်နဲ့။ ဆယ်နှစ်လုံးလုံးအဲဒီအကွက်တွေကို ကြုံလာခဲ့ပြီးပြီ။ မြန်မာပြည်သူလူထုကြားမှာ ဆရာ ဒကာဆက်ဆံရေးကို မထိခိုက်နိုင်ပါဘူး။ ထိခိုက်တာက သံဃာပုံရိပ်။ မြန်မာရဟန်းတော်တွေက ဒီလိုလားဆိုတဲ့အမြင်။ 


၂၀၂၁ အရေးခင်းတုန်းက ရွှေတိဂုံအရှေ့ဘက်မုခ်၊ မီးပွိုင့်မှာ ရပ်ထားတဲ့ကားတွေကို ဘုန်းကြီးတွေက သံတုတ်ကြီးနဲ့ ကားမှန်ရိုက်ခွဲတယ်၊ ကားထဲကလူတွေကိုလည်း ဒဏ်ရာရအောင်ရိုက်တယ် ဆိုတဲ့ သမိုင်း။ ဒီလိုသမိုင်းမျိုးကို ၈၈ အ‌ရေးခင်းမှာလည်း မရှိခဲ့ဘူး၊ ၂၀၀၇ အရေးခင်းမှာလည်း မရှိခဲ့ဘူး။ အခုကြမှ ဘာလို့ဒီလိုပေါ်လာတာလဲ။ ၈၈ နဲ့ ၂၀၀၇ တုန်းက စစ်အာဏာရှင်က တစ်ဘက်၊ ပြည်သူနဲ့ရဟန်းတွေကတစ်ဘက်၊ အားလုံးကပြည်သူနဲ့တစ်သားတည်းရှိတယ်။ ၂၀၂၁ မှာ ပြည်သူဘက်ကရဟန်းတွေနဲ့ စစ်တပ်ဘက်ကရဟန်းတွေလို့ နှစ်မျိုးကွဲနေလို့ ဒီလိုဖြစ်ရတယ်လို့ ယူဆတယ်။ 


ဆိုလိုချင်တာက ဒီမနက်ကားမှန်ရိုက်ခွဲတဲ့ကိစ္စမှာ နိုင်ငံရေးအသုံးချခံဖြစ်ပေမယ့် ထင်တိုင်းအရာမရောက်ခဲ့လို့ နိုင်ငံရေးအခင်းအကျင်းမှာတော့ ဘာမှမဖြစ်ဘူးလို့ ‌ပြောလို့ရတယ်။ အေးဆေးဘဲ။ နှစ်ဘက်လုံးနာတာက မြန်မာရဟန်းတော်တွေရဲ့ပုံရိပ်။ တစ်ခုက ကမ္ဘာမှာ မြန်မာရဟန်းတော်တွေက လူရမ်းကား။ နောက်တစ်ခုက နိုင်ငံအတွက်အပြောင်းအလဲပြုလုပ်တဲ့အရေးအခင်းကာလမှာ ဘုန်းကြီးတွေရဲ့အမဲစက်လုပ်ရပ်တစ်ခု ထင်ကျန်ခဲ့ပြီ။ ပုံရိပ်ကောင်းလေးတွေရချင်ရင် ဘယ်လိုပုံဖော်ကြမလဲဆိုတာကို စဉ်းစားသင့်ပြီထင်ပါတယ်။ 

မြန်မာရဟန်းတော်ပုံရိပ်ကောင်းများ ပေါ်ထွက်လာပါစေ။ အားလုံးကို ကျေးဇူးတင်ပါသည်။ 


အရှင်နန္ဒိယ (ဖယ်ခုံ) 

18.02.2021 11:31:00 PM

No comments:

Post a Comment