Saturday, December 29, 2018
သာမညဖလသုတ်ကို စိတ်ရောဂါကုစားခြင်းပညာရှုထောင့်မှ သုံးသပ်ကြည့်ခြင်း
အဖကိုသတ်ပြီး စိတ်နှလုံးမသာမယာဖြစ်နေသော အဇာတသတ်မင်းကို မြတ်စွာဘုရား တရားဓမ္မဆေးနဲ့ ဖြေဖျောက်ပေးလိုက်ပါသည်။ တရားရေအေးတိုက်ကျွေးပြီး အဇာတသတ်မင်း စိတ်နှလုံးကြည်လင်အေးချမ်းခွင့်ရခဲ့ပါသည်။ အဇာတသတ်မင်း၏စိတ်နှလုံးကို အေးချမ်းကြည်လင်သွားစေသော တရားတော်သည် ရဟန်းဝတ်ခြင်း၏ အကျိုးကျေးဇူးကိုဟောကြားထားသောတရားတော်ပင်ဖြစ်ပါသည်။ ထိုတရားတော်ကို သာမညဖလသုတ်အဖြစ် မှတ်တမ်းတင်ကျန်ရစ်ခဲ့ပါသည်။ ထိုသာမညဖလသုတ်ကို စိတ်ရောဂါကုစားခြင်း ရှုထောင့်မှ လေ့လာကြည့်သောအခါ မြတ်စွာဘုရား၏ အာသာယာနုသယဉာဏ်၊ ဣန္ဒြိယပရောပရိယတ္တိဉာဏ်ကို ပို၍ပင်ကြည်ညိုခွင့်ရရှိခဲ့ပါသည်။ ဗုဒ္ဓဘာသာစိတ်ရောဂါကုထုံးကို နားလည်လာလေလေ မြတ်စွာဘုရားသည် စိတ်ရောဂါကုစားသူဟူသောစကားကို လက်ခံလာလေလေဖြစ်ပါသည်။
မြတ်စွာဘုရားဆီရောက်မလာခင် စိတ်သက်သာရာရစေဖို့ နာမည်ကြီး တိတ္ထိဆရာခြောက်ယောက်ထံသွားပြီး တွေ့ဆုံခဲ့ပြီးဖြစ်သည်။ စိတ်နှလုံးသက်သာရာမရသည့်အပြင် ပို၍ပင်စိတ်ရှုပ်သွားပါသည်။ နောက်ဆုံးတော့ ဆရာဇီဝကရဲ့ အကူအညီနဲ့ မြတ်စွာဘုရားထံရောက်သွားခဲ့ပါသည်။ မြတ်စွာဘုရားတပည့် ဖခင်ဗိမ္ဗိသာရမင်းကိုသတ်ခဲ့သည့်အမှား၊ မြတ်စွာဘုရားကိုသတ်ဖို့ကြိုးစားခဲ့သောဆရာဒေဝဒတ်စကားကိုနားထောင်ခဲ့မိသောအမှားတွေကြောင့် မြတ်စွာဘုရားထံသွားသည့် လမ်းတစ်လျှောက်မှာပင် အဇာတသတ်မင်းကြောက်လှန့်နေခဲ့ပါသည်။ ထိုကြောက်စိတ်တွေကိုဖြောင့်ဖို့ ဆရာဇီဝက အတန်တန်နှစ်သိမ့်ခဲ့ရပါသည်။ မြတ်စွာဘုရားနှင့် ၁၂၅၀ သောရဟန်းတို့ သီတင်းသုံးရာနေရာကိုရောက်သွားခဲ့တော့လည်း ပို၍ပင်ကြောက်စိတ်တွေဝင်လာခဲ့သည်။ အရေအတွက်များပြားလှသည့်ရဟန်းတော်တို့သီတင်းသုံးရာနေရာမှာ ဘာသံမှမကြားဘဲ တိတ်ဆိတ်နေသောကြောင့်ဖြစ်သည်။ မကောင်းမှုပြုထားသောသူများသည် တိတ်ဆိတ်ရာကိုကြောက်လန့်နေလေ့ရှိပါသည်။ မကြောက်ပါနဲ့မင်းကြီး၊ ရှေ့ဆက်သွားပါ၊ မြတ်စွာဘုရားနဲ့ ရဟန်းတော်များသီတင်းသုံးနေပါသည်ဟု ဆရာဇီဝက လျှောက်ထားရပါသည်။
ရဟန်းတော်များစွာကိုခြံရံ၍ သီတင်းသုံးနေတောမူသောမြတ်စွာဘုရားကို ဖူးမြင်ရသောအခါ အဇာတသတ်မင်းသည် စိတ်သက်သာရာရသွားပါတော့သည်။ ရဟန်းပေါင်းများစွာ သီတင်းသုံးထိုင်တောမူရာအရပ်မှာ အပ်ကျသံလောက်အသံလေးပင်မကြားရအောင် ငြိမ်သက်နေနိုင်သည့် မြင်ကွင်းကိုဖူးမြင်ရသောအခါ အံ့သြလို့မဆုံးဖြစ်ခဲ့ရသည်။ ထိုအရာသည် စိတ်ရှုပ်ထွေးနေသော အဇာတသတ်မင်းအတွက် အားကိုးရာပတ်ဝန်းကျင်တစ်ခုအဖြစ် ယုံကြည်မှုကိုဖြစ်စေပါသည်။ ရှုပ်ထွေးခြင်းနဲ့ငြိမ်သက်ခြင်းသည် လုံးလုံး ဆန့်ကျင်နေပါသည်။ ရှုပ်ထွေးနေသောစိတ်သည် ဂနာမငြိမ်ဘဲ ယောင်ယပ်ခတ်နေသည်။ စိတ်တွေယောင်ယပ်ခတ်နေလျှင် လူလည်းယောင်ယပ်ခတ်နေမည်။ အားလုံးငြိမ်သက်နေသော ရဟန်းတော်များသည် ယောင်ယပ်ခတ်သည့်ပုံရိပ်မတွေ့ရပါ။ ငြိမ်းအောင်ကျင့်နေသောသူများပင်ဖြစ်ပါသည်။ ငြိမ်းချမ်းသောသူတို့ရဲ့ငြိမ်သက်သောအရိပ်အယောင်သည် မြင်ရသူတို့ စိတ်နှလုံးကိုကြည်နူးစေပါသည်။ အဇာတသတ်မင်း၏နားလည်သွားသည်မှာ ငြိမ်သောသောရဟန်းများနဲ့ ရှုပ်ထွေးနေသောသူ့စိတ်တို့ ကွာခြားပုံကို ပိုပြီးနားလည်လာသည်။ ထိုကြောင့်ပင် မြတ်စွာဘုရားနဲ့ရဟန်းတော်များကို လက်အုပ်ချီကြည်ညိုနေပါလျက် ဘာစကားမှ မပြောရဲဘဲ တိတ်ဆိတ်နေပါသည်။
အဇာတသတ်မင်း၏အခြေအနေကိုသိသောမြတ်စွာဘုရားသည် စတင်နှုတ်ဆက်လိုက်ပါသည်။ ထိုစတင်နှုတ်ဆက်ခြင်းသည် စိတ်ဒဏ်ရာကုစားခြင်းအတွက် အစပျိုးခြင်းပင်ဖြစ်သည်။ ကိုယ့်ဆီမှာ သူ့ရဲ့စိတ်ဒဏ်ရာတွေကို ဖွင့်အန်ချဖို့ (သို့မဟုတ်) ကိုယ့်ကိုအားကိုးဖို့ ရောက်လာခဲ့သော သူတစ်ယောက် စကားမပြောရဲ၍ ငြိမ်သက်နေသည်ကို စကားစတင်ပြောသောအခါ သူ့အတွက် နွေးထွေးမှုတစ်ခု ဖြစ်လာပါသည်။ ဘာတွေတွေးနေတာလဲမေးသော် သူ့သားကလေးလည်း ဒီရဟန်းတွေလိုငြိမ်သက်နေလျှင် ကောင်းမှာပဲလို့တွေးမိတဲ့အကြောင်း လျှောက်ထားပါသည်။ ဒီလိုနဲ့ပင် စကားတွေပြောရဲလာပြီး တွေ့ဆုံမေးမြန်းခဲ့ကြသည်။
ဤနေရာမှာ သတိထားရမည့်အရာတစ်ခုရှိသည်။ အဇာတသတ်မင်းသည် ဖခင်ကိုသတ်ပြီး နှလုံးမသာမယာဖြစ်သည်။ နှလုံးမသာမယာဖြစ်နေသည်ကို ဖြေဖျောက်ဖို့ မြတ်စွာဘုရားထံရောက်လာသည်။ ထိုအကြောင်းကိုမြတ်စွာဘုရားလည်းသိသည်။ သို့သော် ဖခင်ကိုသတ်ခဲ့သည့်အကြောင်းကို မပြောပါ။ မြတ်စွာဘုရားလည်း မမေးပါ။ ဤအချိန်မှာ ဒီအကြောင်းကိုပြောလျှင် အဇာတသတ်မင်း ပို၍စိတ်ဆင်းရဲရမည်။ မည်သည့်သူမှ ကိုယ့်မကောင်းကြောင်းကို ကိုယ်မပြောချင်ကြပါ။ တွေ့တွေ့ချင်း နောက်ခံမကောင်းကြောင်း သို့မဟုတ် လုပ်ခဲ့ဖူးသည့်အမှား၊ အပြစ်တွေကိုပြောနေလျှင် မနေနိုင်၊ မထိုင်နိုင်ဖြစ်ပြီး ပြန်ချင်သည့်စိတ်တွေဖြစ်လာပါလိမ့်မည်။ စိတ်ဒဏ်ရာ၊ စိတ်ရောဂါကိုကုသောဆရာများအတွက် သတိထားရမည့်အချက်ပင်ဖြစ်သည်။ ဒဏ်ရာတွေကို ခဏဘေးဖယ်ထားပြီး ဆရာနဲ့လူနာတွေကြား ရင်းနှီးမှုတစ်ခု အရင်တည်ဆောက်ရပါမည်။
နှုတ်ဆက်စကားတွေပြီး နှစ်ဦးနှစ်ဘက်မှာလည်း ရင်းနှီး၊ ပြောရဲဆိုရဲလည်းရှိ၊ သက်တောင့်သက်သာဖြစ်ပြီးသောအခါ မြတ်စွာဘုရားက လာခြင်းရဲ့အကြောင်းရင်းကို မေးပါတော့သည်။ အဇာတသတ်မင်းလည်း မေးပါတော့သည်။ စိတ်ဒဏ်ရာ၊ စိတ်ရောဂါ ကုစားပုံအမျိုးမျိုး အမျိုးမျိုးကို သာမညဖလသုတ်က သက်သေအဖြစ်ရှိနေပါသည် - စသည်စသည်ဖြင့် ဒီနေ့သင်ယူခဲ့ရတဲ့ Buddhist Psychotherapy အကြောင်းကို ဆက်ပြီးဆက်ပြီးရေးချင်မိသည်။ မအားသေးလို့။ နောက်မှ တွေ့ကြသေးတာပေါ့။ 
အရှင်နန္ဒိယ (ဖယ်ခုံ) 6.4.2018  8:42:00 PM
Friday, December 28, 2018
လက္ခဏာတွေကဘာလဲ
နားလည်မှုလွဲနေတဲ့ ပတ်သက်ဆက်နွှယ်ခြင်း၊ အခွင့်ထပ်မသာတော့တဲ့ နောက်ထပ်တွေဆုံခြင်းတွေကြောင့် ပြန်ဆုံခွင့်လေးကိုစောင့်နေရင်း တစ်ဖြေးဖြေးဝေးနေရပေမယ့် တသသဖြစ်နေရတဲ့ ရင်ထဲက ဖော်မပြချင်တဲ့ ခံစားမှုမျိုးတွေက ဘဝမှာ ဒဏ်ရာလို့ဖွင့်မပြောချင်တာ အကြောင်းပြချက် မပေးလည်းဘဲ နားလည်ပေးလို့ရပါတယ်။
ဒဏ်ရာမဟုတ်ပေမယ့် ဝေဒနာတစ်ခုအဖြစ်တော့ လက်ခံရမယ်။ တစ်ချို့ဝေဒနာတွေက မမျှော်လင့်ဘဲ နာကျင်စွာခံစားနေရတာမျိုးတွေရှိသလို တစ်ချို့ဝေဒနာတွေကျတော့ အလုပ်ဖြစ်ဖို့သက်သက် မပျောက်ပျက်အောင် တမင်မွေးမြူထားတာမျိုးလည်းရှိတယ်။
တစ်ချို့တစ်စုံတစ်ရာအကြောင်းတိုက်ဆိုင်မှုတွေကြောင့် ပြန်ဖြစ်ပေါ်လာတဲ့ဝေဒနာတွေကို မပြောဘဲ ထိန်ချန်ထားခဲ့ရတဲ့ တသသဝေဒနာမျိုးကျတော့ အလုပ်ဖြစ်ဖို့မွေးမြူထားတဲ့ဝေဒနာမဟုတ်မှန်း ပေါ်လွင်လို့နေပါတယ်။
ဒီဝေဒနာတွေကို ကုစားဖို့အတွက် ပစ္စုပ္ပန်ရဲ့ခံစားချက်တွေကို ငါလေ့လာရဦးမယ်။
(တစ်မျိုးမထင်နဲ့ Thesis ထဲက symptoms of mental illness အခန်းအတွက် စဉ်းစားနေတာပါ)
ဖြတ်လျှောက်ရုံလေးပါ
နားလည်လိုက်မိတာက ဖြတ်လျှောက်ရုံလေးပါပဲ။
တိုက်ခတ်လာတဲ့ လေပြေလေးကိုလည်း မတွယ်တာချင်တော့ဘူး
သူပြန်မလာမှာကိုလည်း မစိုးရိမ်ချင်တော့ပါ၊ သူခဏလေးဖြတ်လျှောက်ရုံလေးဘဲလို့ နားလည်လိုက်လို့။
အရှိုင်နဲ့စီးဆင်းနေတဲ့ စမ်းချောင်းထဲကရေလေးတွေလိုဘ
ခဏလေးဖြတ်လျှောက်ခွင့်သာရလိုက်ပြီး ချန်ထားခဲ့ရမယ့် ကမ်းပါးတွေကိုလည်း မတွယ်တာချင်တော့ဘူး။ ပြုံးပြုံးလေးဘဲ နှုတ်ဆက်လိုက်ချင်တယ်။
အတူတူစီးဆင်းခွင့်ခဏလေးရလိုက်တဲ့ ရေတွေကိုလည်း မတွက်တာချင်တော့ပြီ၊ ပင်လယ်ထဲရောက်လို့ လှိုင်းတွေရှိုက်ခတ်ရင် ကွဲသွားကြမှာ ကြိုသိနေလို့။
နှစ်တစ်ရာကြာမှဘဲဖြစ်ဖြစ်၊ ဗြဟ္မပြည်ကအပ်တစ်စင်းနဲ့ လူ့ပြည်ကအပ်တစ်စင်း ဆုံတာထက်ပိုခက်တဲ့ ပြန်တွေ့မှုမျိုးနဲ့ဘဲဖြစ်ဖြစ် ပင်လယ်ထဲ သမုဒ္ဒရာထဲ ပြန်တွေ့တဲ့အခါမှာ ပျော်ပျော်ရွှင်ရွှင်ပြန်ဆုံချင်ရုံကလွဲလို့ တွယ်တာနေရတာမျိုး မဖြစ်ချင်တော့ပါ။ ခဏလေးဖြတ်လျှောက်ရုံလေးပဲလို့ နားလည်ခွင့်လေးရချင်တယ်။
အားလုံးကဖြတ်လျှောက်သွားခဲ့ကြတဲ့ ဒီမျက်နှာကိုလည်း မတွက်တာစေချင်ပါ၊ တစ်ချို့က လှည့်ကြည့်ကြတယ်၊ တစ်ချို့က မေ့သွားကြတယ်၊ တစ်ချို့က ပြုံးပြခဲ့တယ်၊ တစ်ချို့က တစ်ခုခု ချန်ထားပေးတယ်။ ခဏလေးပေမယ့် အားလုံးကို ပြုံးပြချင်တယ်၊ ခဏလေးဖြတ်လျှောက်ရခိုက်မှာ ဒဏ်ရာတွေမထားခဲ့ချင်ပါ။
နာကျင်စွာခံစားနေတာတာမျိုး မဖြစ်ချင်ရင် လွတ်လွတ်ကျွတ်ကျွတ် ထွက်သွားကြပါ။ ခဏလေးဖြတ်လျှောက်ရုံလေးမို့ မခံစားချင်တော့လို့ မတွယ်တာချင်တော့ပါ။
မတူညီသော ရပ်တည်ခြင်း
မြေမှာခသည့် ပန်းချင်းတူတာတောင် တချို့ပန်းက အနာအဆာတွေကင်းမဲ့နေပေမယ့် တစ်ချို့ပန်းက အနာတွေနဲ့ ဒဏ်ရာတွေနဲ့။
ပန်းပင်ပေါ်ကကြွေမယ့်ပန်းချင်းတူတာတောင် တစ်ချို့ပန်းပွင့်တွေက ကြွေဖို့အတွက် အားယူ ရုန်းကန်နေရပြီး တစ်ချို့ပန်းပွင့်တွေက တိုက်ခတ်လာသည့်လေနောက်ကို အလိုက်သင့်ရွက်လင့်လိုက်ရုံသာ။
သဘာဝတွေချင်းတူတာတောင် မတူသည့်သဘာဝတွေလည်း ရှိနေကြတာဘဲ။ ဘဝတစ်ခုကို ပန်းကလေးတစ်ပွင့်လိုဘဲဖြစ်ဖြစ်၊ သစ်သီးတစ်လုံးလိုဘဲဖြစ်ဖြစ် ခိုင်းနှိုင်းဖို့က လွယ်သရောင်ရောင်နဲ့ ခက်လိုလိုတော့ရှိသား။
ဘဝတစ်ခုကိုတောင့်တရာမှာလည်း မတူသည့်ဆန္ဒတွေနဲ့ အရင်းခံခဲ့ကြတာဘဲ၊ တစ်ချို့က ဘဝကို သာသာယာယာ ပြည့်ပြည့်စုံစုံ၊ ချိုချိုမြိန်မြိန်နဲ့တောင့်တကြပြီး တစ်ချို့တွေက ဘဝကို စွန့်စွန့်စားစားနဲ့ ရုန်းကန်ပြီး အောင်မြင်မှုကို ရယူချင်သည့် ဘဝမျိုး။
မတူတာတွေ ရှိနေကြတဲ့အထဲ စိတ်မတူတာလေးလည်း ဆန်းကြယ်လိုက်တာ။ ရန်သူနဲ့တိုက်ခိုက်သည့် နေရာမှာတောင် တစ်ချို့က ဒုတ်ကိုင်၊ ဓားကိုင်ပြီး သူသေငါသေရင်ဆိုင်ချင်ကြပြီး တစ်ချို့လူတွေက လူယုံတော်လိုခစားပြီးမှ အဆိပ်ခပ်သတ်ချင်ကြတာလည်းရှိပ။
ဘဝကို ရုန်းကန်လှုပ်ရှားနေရသည့် အခြေအနေတစ်ခုလို့ တင်စားရင် အပြိုင်အဆိုင်ရုန်းနေကြတာမှန်ပေမယ့် တစ်ချို့က တစ်ကိုယ်ကောင်း ရုန်းတယ်၊ တစ်ချို့က အများအတွက် ရုန်းတယ်။ တစ်ချို့က ရေရှည်အတွက်ရုန်းတယ်၊ တစ်ချို့က ရေတိုအတွက်ရုန်းတယ်။ တစ်ချို့က အနာဂတ်အတွက်ရုန်းတယ်၊ တစ်ချို့က ပစ္စုပ္ပန်အတွက် ရုန်းတယ်။ တစ်ချို့ကသက်သက်သာသာလေး ရုန်းတယ်။ တစ်ချို့က အနာတရတွေနဲ့ရုန်းတယ်။ လက်ရှိအခြေအနေအတွက် ငါတို့အားလုံး ရုန်းကြတယ်။
အရှင်နန္ဒိယ (ဖယ်ခုံ)
12.12.2018 2:14:00 PM
(thesis မပြီးသေးခြင်း အမှတ်တရ)
Photo credit to Nang Khae Mu (Naung Taung) 
နုတ်ဆက်ရသော ဆုံဆည်းခြင်း
ကိုယ်တို့ကအချိန်တွေကို တိုက်စားနေတာမဟုတ်ဘူး၊ အချိန်တွေနဲ့ရောပြီး ကိုယ်တို့ကအတိုက်စားခံနေရတာပါ။ ငါတို့ရဲ့နုပျိုမှုတွေကို တူးဖြိုကြတယ်၊ ငယ်ရွယ်မှုတွေကို တိုက်စားပြီး ကြီးရင့်မှုဆီ တွန်းပို့သွားကြတယ်။
အခွင့်အရေးတွေကို ကိုယ်တို့ အလဟဿ ဖြုန်းနေတာ မဟုတ်ဘူး၊ အသုံးပြုဖို့ အခွင့်ကို မသာခဲ့တာ။ နောက်ထပ်အခွင့်မရအောင် ငါတို့ရဲ့နောက်ခံအခြေအနေတွေက ငါတို့အခွင့်အရေးကို လုယူနေကြတာလေ။
ကိုယ်တို့ကအခြေအနေကို မဖန်တီးတာမဟုတ်ဘူး၊ အခြေအနေတွေက ကိုယ်တို့ဘက်မှာ မရှိတာ။ မတူညီမှုတွေနဲ့ ငါတို့တွေ့ဆုံနေကြတာ၊ ဝါသနာချင်းရော၊ ရည်ရွယ်ချက်ခြင်းရော အားလုံးကို သိသိသာသာကြီးကွဲပြားပြီးမှ ငါတို့ကိုတွေ့ဆုံပေးကြတာလေ။ တူညီမှုတွေညှိယူဖို့ အခြေအနေတွေ မပေးတော့ဘူးလေ။
အချိန်တန်လို့ကိုယ်တို့က လမ်းခွဲကြတာ မဟုတ်ဘူး။ အချိန်တန်ပြီဆိုပြီး ကိုယ်တို့ကို လမ်းခွဲပလိုက်ကြတာ။ နှစ်အရေအတွက် အချိန်အကန့်အသတ်နဲ့ ငါတို့ကို တွေ့ပေးနေကြတာ။ ဒီအချိန်၊ ဒီအခြေအနေ၊ ဒီပတ်ဝန်းကျင်တွေကို ကိုယ်တို့က ကစားနေတာ မဟုတ်ပါဘူး၊ ကိုယ်တို့က ဒီအခြေအနေတွေနဲ့အကြောင်းပြပြီး ကစားခံနေရသူတွေပါ။
ပညာရေးတက္ကသိုလ်မှာ အတူတူသင်ယူခွင့်ရတဲ့အချိန်က သိပ်နည်းလွန်းလှပါတယ်။ ဒီအချိန်တွေရဲ့ စီးဆင်းမှုတွေက ရေတံခွန်ထက်အရှိုန်ပျင်းနေသလိုဘဲ။ ဒါပေမယ့် ကိုယ်တို့က ရေတွေလို ပင်လယ်ထိ၊ သမုဒ္ဒရာထိ အတူတူ စီးဆင်းခွင့် မရခဲ့ပါဘူး။ ခဏလေးဘဲ တွေ့ဆုံခွင့်ပေးတယ်။
ရှိစေဦးတော့။ ငါတို့သံသရာကိုတော့ ငါတို့ဘဲပိုင်တာပါ။ ဘဝတွေ မဆုံးသေးသရွေ့တော့ ငါတို့တတွေ ပြန်ဆုံဆည်းဖို့ မျှော်လင့်လို့ရပါသေးတယ်။ တွေ့ဆုံခြင်းကို ခွဲခွာခြင်းနဲ့ ပေါင်းစပ်ပေးထားပေမယ့် ယုံကြည်မှုတွေကိုတော့ ငါတို့တည်ဆောက်ထားနိုင်ခဲ့ကြတယ်။
ငါတို့ရဲ့ မိတ်ကောင်းဆွေမွန်စိတ်ဓာတ်၊ ညီအစ်ကိုလိုချစ်ခင်မှု၊ အချင်းချင်းရိုင်းပင်းကူညီတတ်တဲ့ အကျင့်လေးတွေကိုတော့ ဆက်လက်ဆုပ်ကိုင်ထားကြတာပေါ့။ ဒါတွေကို ဆုပ်ကိုင်ပြီး လမ်းခွဲခွင့်ရလိုက်တဲ့အတွက် ဘယ်တော့မှနောင်ရမှာ မဟုတ်ပါဘူး။
ကံမကုန်လို့ ပြန်ဆုံမယ့်တစ်နေ့ကြရင် အသစ်ပျိုးပြန်ပျိုးထောင်နေစရာမလိုတော့တဲ့ ကလျာဏမိတ္တစိတ်ဓာတ်တွေနဲ့ ဘဝတက္ကသိုလ်ထဲ ပညာတွေအတူတူ ထပ်သင်ယူကြတာပေါ့။ အခုတော့ သွားနှင့်ဦးတော့ ကိုယ့်လူရာ။ ဆန္ဒတွေမပြည့်သေးတော့ ကိုယ်ဘဲ ပညာရေးတက္ကသိုလ်မှာ နေရစ်ခဲ့ဦးမယ်။ အပြောကျယ်တဲ့ အပြင်လောကကြီးထဲ ဘဝတက္ကသိုလ်မှာ အတူတူထပ်ဆုံဖို့ မျှော်လင့်ရင်း-------။ ။
အရှင်နန္ဒိယ (ဖယ်ခုံ) 27.12.2018 2:30:00 PM
(2018, MA အတန်းဖော်များနဲ့ လမ်းခွဲခြင်း အမှတ်တရ) 
နှုတ်ဆက်ရသောဆုံဆည်းခွင့် 
Wednesday, March 7, 2018
ဖိနပ်စင်နဲ့တံမြက်စည်းက ပြောပြသောအမှိုက်
ဖိနပ်စင်နဲ့တံမြက်စည်းက ပြောပြသောအမှိုက်
အချိန်ကာလအားဖြင့် ဆေးပန်းချီရေးမမီနိုင်တဲ့ ဟန်ရေးပြင်တဲ့မိန်ရာသီ။ ဆောင်းရာသီနဲ့နွေရာသီတို့ကို တစ်ဆယ့်ငါးရက်စီ အချိုးကျကျပေါင်းစပ်ထားတဲ့ တပေါင်းလ။ ဆောင်းအကုန်နွေအကူးမှာ အစိုးမရတဲ့ မိုးကလည်း တစ်ခါတစ်လေရွာချတတ်တဲ့အချိန်။ ဖက်စွတ်မိုး။ တစ်ပေါင်းလပြည့်နေ့တုန်းက ပအိုဝ်းအမျိုးသားနေ့ ဆွမ်းကပ်ပွဲသွားတော့ BPU မှာ ပိတောက်ပန်းတွေပွင့်နေတာလည်း တွေ့ခဲ့ရသေးသည်။ စာရေးသူတို့နေထိုင်ရာ ပိတ်ပလိယာန မှာက နာမည်မသိတဲ့ အရောင်မှိန်မှိန် စက္ကူပန်းပွင့်လို ပန်းတွေ အများကြီးပွင့်နေသည်။ ဤအတောအတွင်းတွင် မကုဋာရာမမြန်မာကျောင်းရောက်တိုင်း ဥသြတွန်သံ အမြဲကြားနေရသည်။ နောက်ထပ်တစ်ခုထပ်ပြောရလျှင် အဆောင်အပေါ်ထပ်မှာ လေတဖျူးဖျူးတိုက်နေတဲ့ ညတွေဆိုရင် နွေလား၊ မိုးလား၊ ဆောင်းလား မသိရတော့ဘဲ လေပြေတွေသယ်ဆောင်ပေးတဲ့ အေးမြခြင်းအရသာတစ်ခုကိုဘဲ ပိုင်ဆိုင်နေရတဲ့ကာလတစ်ခုဖြစ်ပါသည်။ ထိုကာလတစ်ခုထဲမှာ ကိုယ်က အမှိုက်ကို သတိရမိသည်။
ကိုလံဘိုမြို့ရောက်တာ တစ်လရှိနေပါပြီ။ လင်္ကာသားတွေရဲ့နေရာတွေကိုရောက်တိုင်း အမြဲတွေ့နေရတဲ့အဆောက်အဦးတွေမှာ ကျောက်ပြားတွေခင်းပြီး နံရံတွေမှာလည်း တော်တော်များများ ကြွေပြားတွေကပ်ထားလေ့ရှိပါသည်။ တွေ့တဲ့သူတွေကိုမေးကြည့်တော့ အဆောက်အဦးတိုင်းမှာ ကျောက်ပြားခင်းထားကြတယ်လို့ဆိုပါသည်။ သစ်တွေရှားပါးလာလို့ သစ်သားစျေးကြီးလာတဲ့ ရာစုတွေမှာ သာမာန်လူတန်းစားတွေအတွက်လည်း ပိုအဆင်ပြေလိမ့်မယ်လို့လည်း ယူဆပါသည်။ ကျောက်ပြားပေါ်မှာရှိတဲ့အမှိုက်တွေကိုလှည်းဖို့အတွက်လည်း တို့ရွာက တံမြက်စည်းလို ဝါးလုံးသေးသေးနဲ့ထိုးထားတဲ့မြက်တံမြက်စည်းလို မဟုတ်တော့ဘဲ ပလက်စတစ်တံမျက်စည်းတွေသုံးရပါသည်။ တံမြက်စည်းက သေးသည်မို့လှည်းရင် စိတ်ရှည်ရပါသည်။
လင်္ကာမှာလည်း နေရာဒေသအလိုက်၊ အနံ့အသက်အပေါ်မူတည်ပြီး ခြင်တွေယင်တွေလည်း ရှိပါသည်။ တစ်ချို့ညတွေမှာ ခြင်တွေရှိချင်မှရှိသည်၊ တစ်ချို့ညတွေမှာ ခြင်တွေရောက်လာသည်လည်းရှိသည်။ ထို့ကြောင့် လင်္ကာမှာ ခြင်ထောင်တွေဆောင်ထားကြပါသည်။ ခြင်ထောင်ဆိုသည်မှာ မြန်မာနိုင်ငံလိုလေးထောင့်ခြင်ထောင်မဟုတ်ဘဲ တရားထိုင်ခြင်ထောင်လို ကွင်းဖြစ်နေပါသည်။ ကွင်းရဲ့အကျည်းအကျယ်က တရားထိုင်ခြင်ထောင်နဲ့အတူတူပင်။ သို့သော် အလျားကရှည်သည်။ အောက်ဘက်မှာက ကျယ်သည်။ ခြင်ထောင်ထောင်လျှင် ခြင်ထောင်ကို ကုဋင်ရဲ့ အပေါ်၊ အလယ်တည့်တည့်မှာ ချီထားသည်။ ခြင်ထောင်ကို ကုဋင်တစ်ခုလုံးဖုံးထားသည်။ မြန်မာနိုင်ငံလို အိပ်ရာခင်းကိုပင် ဖုံးထားယုံ မဟုတ်။ မြန်မာနိုင်ငံမှာ ခြင်ထောင်ကိုမသိမ်းဘဲ ခြင်ထောင်စကို အပေါ်ပင့်တင်ထားလိုက်လျှင် အပေါ်ကကျလာသည့်အမှိုက်တွေကို အိပ်ရာပေါ်မကျဘဲ ခြင်ထောင်ပေါ်မှာပင် ကျသည်။ ဒီမှာကမရပါ၊ ကွင်းကသေးသည်မို့ အပေါ်ကအမှိုက်တွေကျလျှင် ကုဋင်ပေါ်ကျမည်။ ထို့ကြောင့် ကုဋင်ပေါ်မှာ အမှိုက်ရှိ၊ မရှိ ပိုပြီးသတိထားရသလို ဖြစ်ပါတော့သည်။
သူတို့ရဲ့တစ်ခါးပေါက်တို့၊ ပြတင်းပေါက်တို့ အများစုက ကြိတ်တွေဆိုရင် မြန်မာနိုင်ငံမှာသုံးလေ့မရှိတဲ့ ကြိတ်တွေပဲ တွေ့ရပါသည်။ အများစုက လေတိုက်လို့ပြုတ်သွားမယ့်ကြိတ်သိပ်မရှိသလောက် ခိုင်သည်။ တံခါးကြိတ်သုံးတာမတူတာက စိတ်ကူး၊ ယူဆပုံ မတူတာကနေ စလိုက်တာလို့ထင်ပါသည်။ တံခါးပေါက်ကြားကအမှိုက်တွေကိုတော့ ရှင်းရလွယ်သည်။
နောက်တစ်ခုက ဖိနပ်ခုံပေါ်က အမှိုက်ဖြစ်သည်။ ဒီနိုင်ငံကလူတွေက ဖိနပ်ကိုတစ်နေရာမှာ စုပုံထားတာထက် ခုံပေါ်တင်ထားတာ၊ စင်ပေါ်တင်ထားတာတွေပိုများသည်။ အိမ်သုံးပရိဘောဂတွေထဲမှာလည်း ဖိနပ်စင်သေးသေးလေးကို ထည့်သွင်းစဉ်းစားပေးကြသည်ကို တွေ့ရသည်။ ဖိနပ်စင်ပေါ်မှာတော့ အမှိုက်တွေမတွေ့ရပါ။ မြေမှုန်တွေပေတဲ့ဖိနပ်တွေဆိုရင် စင်ပေါ်မတင်ခင် ဖိနပ်တိုက်ဘရပ်တွေနဲ့တိုက်လိုက်တာဆိုတော့ စင်ပေါ်မှာ အမှိုက်မရှိတော့ပါ။ ဖိနပ်ကစီးတာကြာလို့ ဖားကျောကုန်းလို ပုံပေါက်နေတဲ့ ပေါက်ပြဲနေတဲ့ဖိနပ်တွေတောင် မညစ်ပတ်တာတွေ့ရပါတယ်။ ဖိနပ်ကိုဘယ်တုန်းကမှ ဂရုမစိုက်ခဲ့သည့် စာရေးသူတို့ဆိုလျှင် ခြေနင်းတဲ့နေရာကလွဲရင် ဖိနပ်ထိပ်ကနေရာတို့၊ ဘေးပတ်ပတ်လည်တို့မှာဆိုရင် မြေမှုန်တွေအမြဲကပ်လေ့ရှိသည်။ ဒီရောက်မှဘဲ သူတို့တည်ထားပေးတဲ့ဖိနပ်စင်ပေါ်မှာတင်ရမှာမို့ မတင်ခင် ဖိနပ်တိုက်ဘရပ်နဲ့တိုက်လိုက်ရတော့ ဖိနပ်သန့်ရှင်းရေးလေးတောင် လုပ်တတ်လာပါတော့သည်။ ဒီလိုဖိနပ်တိုက်ပြီး ဖိနပ်စင်ပေါ်တင်တာ ဘာဖြစ်လာလဲ၊ ဘာတွေထူးသလဲ ဆိုတော့ အိမ်အဝင်ပေါက် ဖိနပ်ချွတ်တဲ့နေရာတွေမှာ အမှိုက်တွေသိပ်မရှိတော့ပါ။ အထူးသဖြင့် မြေမှုန်တွေ၊ အမှိုက်တွေသိပ်မရှိတဲ့အတွက် ဖိနပ်ချွတ်တဲ့နေရာက ညစ်ပတ်တဲ့နေရာ မဟုတ်တော့ပါ။
အိမ်အဝင်ပေါက်လေးမှာ ကြည့်ကောင်းရှုကောင်းတဲ့ အဝင်ပေါက်လေးဖြစ်ဖို့ ဖိနပ်ကို သန့်ရှင်းရေးလေးလုပ်ပြီး ဖိနပ်စင်လေးပေါ်မှာ သေသေသပ်သပ်လေးစီထားတတ်တဲ့ အကျင့်လေးတွေ ရှိကြရင်ကောင်းမည် ထင်ပါသည်။ အိမ်သန့်ရှင်းရေးလုပ်တဲ့သူဘက်ကို စဉ်းစားကြည့်တော့ အခြားနေရာမှာ ထုတ်ရသိမ်းရ၊ သန့်ရှင်းရေးလုပ်ရတာ မပျင်းပေမယ့် သူတစ်ပါးစီးတဲ့ဖိနပ်ကို လက်နဲ့ကိုင်ပြီး သန့်ရှင်းရေးလုပ်ပေးရသည့် နေရာမှာတော့ နည်းနည်းတော့ လက်တွန့်ကြလိမ့်မည်ထင်ပါသည်။ ကိုယ်စီးတဲ့ဖိနပ်လေးကိုကိုယ်တိုင်တာဝန်ယူလိုက်ရင်တော့ သူတို့အတွက်လည်း အဆင်ပြေသွားမည်ထင်ပါသည်။ စာရေးသူတို့နေတဲ့နေရာမှာတော့ ဖိနပ်တွေရှိပေမယ့် ဖိနပ်စင်ပေါ်မှာအမှိုက်မရှိတာကိုကြည့်ပြီး ဖိနပ်စင်လုပ်ထားပေးသည့်သူကို ကျေးဇူးတင်မိသည်။ အဆောင်တစ်ဆောင်လုံးကို သန့်ရှင်းရေးလိုက်လုပ်နေရသည့် တံမြက်စည်းက ဘယ်နေရာမှာ ဘယ်လိုအမှိုက်ရှိတတ်သည်ဆိုသည်ကို သိသလို ဖိနပ်စင်ပေါ်မှာ အမှိုက်မရှိဘူးဆိုတာကိုလည်း သိပါလိမ့်မည် ထင်ပါသည်။
ဖိနပ်စင်နဲ့တံမြက်စည်းတို့ပြောပြတဲ့အမှိုက်အကြောင်းကို ကိုယ်ကြားရတာလေး ရေးကြည့်ခြင်းသာဖြစ်ပါသည်။
အရှင်နန္ဒိယ (ဖယ်ခုံ) 6.3.2018 9:39:00 PM