Saturday, December 29, 2018

သာမညဖလသုတ်ကို စိတ်ရောဂါကုစားခြင်းပညာရှုထောင့်မှ သုံးသပ်ကြည့်ခြင်း




အဖကိုသတ်ပြီး စိတ်နှလုံးမသာမယာဖြစ်နေသော အဇာတသတ်မင်းကို မြတ်စွာဘုရား တရားဓမ္မဆေးနဲ့ ဖြေဖျောက်ပေးလိုက်ပါသည်။ တရားရေအေးတိုက်ကျွေးပြီး အဇာတသတ်မင်း စိတ်နှလုံးကြည်လင်အေးချမ်းခွင့်ရခဲ့ပါသည်။ အဇာတသတ်မင်း၏စိတ်နှလုံးကို အေးချမ်းကြည်လင်သွားစေသော တရားတော်သည် ရဟန်းဝတ်ခြင်း၏ အကျိုးကျေးဇူးကိုဟောကြားထားသောတရားတော်ပင်ဖြစ်ပါသည်။ ထိုတရားတော်ကို သာမညဖလသုတ်အဖြစ် မှတ်တမ်းတင်ကျန်ရစ်ခဲ့ပါသည်။ ထိုသာမညဖလသုတ်ကို စိတ်ရောဂါကုစားခြင်း ရှုထောင့်မှ လေ့လာကြည့်သောအခါ မြတ်စွာဘုရား၏ အာသာယာနုသယဉာဏ်၊ ဣန္ဒြိယပရောပရိယတ္တိဉာဏ်ကို ပို၍ပင်ကြည်ညိုခွင့်ရရှိခဲ့ပါသည်။ ဗုဒ္ဓဘာသာစိတ်ရောဂါကုထုံးကို နားလည်လာလေလေ မြတ်စွာဘုရားသည် စိတ်ရောဂါကုစားသူဟူသောစကားကို လက်ခံလာလေလေဖြစ်ပါသည်။

မြတ်စွာဘုရားဆီရောက်မလာခင် စိတ်သက်သာရာရစေဖို့ နာမည်ကြီး တိတ္ထိဆရာခြောက်ယောက်ထံသွားပြီး တွေ့ဆုံခဲ့ပြီးဖြစ်သည်။ စိတ်နှလုံးသက်သာရာမရသည့်အပြင် ပို၍ပင်စိတ်ရှုပ်သွားပါသည်။ နောက်ဆုံးတော့ ဆရာဇီဝကရဲ့ အကူအညီနဲ့ မြတ်စွာဘုရားထံရောက်သွားခဲ့ပါသည်။ မြတ်စွာဘုရားတပည့် ဖခင်ဗိမ္ဗိသာရမင်းကိုသတ်ခဲ့သည့်အမှား၊ မြတ်စွာဘုရားကိုသတ်ဖို့ကြိုးစားခဲ့သောဆရာဒေဝဒတ်စကားကိုနားထောင်ခဲ့မိသောအမှားတွေကြောင့် မြတ်စွာဘုရားထံသွားသည့် လမ်းတစ်လျှောက်မှာပင် အဇာတသတ်မင်းကြောက်လှန့်နေခဲ့ပါသည်။ ထိုကြောက်စိတ်တွေကိုဖြောင့်ဖို့ ဆရာဇီဝက အတန်တန်နှစ်သိမ့်ခဲ့ရပါသည်။ မြတ်စွာဘုရားနှင့် ၁၂၅၀ သောရဟန်းတို့ သီတင်းသုံးရာနေရာကိုရောက်သွားခဲ့တော့လည်း ပို၍ပင်ကြောက်စိတ်တွေဝင်လာခဲ့သည်။ အရေအတွက်များပြားလှသည့်ရဟန်းတော်တို့သီတင်းသုံးရာနေရာမှာ ဘာသံမှမကြားဘဲ တိတ်ဆိတ်နေသောကြောင့်ဖြစ်သည်။ မကောင်းမှုပြုထားသောသူများသည် တိတ်ဆိတ်ရာကိုကြောက်လန့်နေလေ့ရှိပါသည်။ မကြောက်ပါနဲ့မင်းကြီး၊ ရှေ့ဆက်သွားပါ၊ မြတ်စွာဘုရားနဲ့ ရဟန်းတော်များသီတင်းသုံးနေပါသည်ဟု ဆရာဇီဝက လျှောက်ထားရပါသည်။

ရဟန်းတော်များစွာကိုခြံရံ၍ သီတင်းသုံးနေတောမူသောမြတ်စွာဘုရားကို ဖူးမြင်ရသောအခါ အဇာတသတ်မင်းသည် စိတ်သက်သာရာရသွားပါတော့သည်။ ရဟန်းပေါင်းများစွာ သီတင်းသုံးထိုင်တောမူရာအရပ်မှာ အပ်ကျသံလောက်အသံလေးပင်မကြားရအောင် ငြိမ်သက်နေနိုင်သည့် မြင်ကွင်းကိုဖူးမြင်ရသောအခါ အံ့သြလို့မဆုံးဖြစ်ခဲ့ရသည်။ ထိုအရာသည် စိတ်ရှုပ်ထွေးနေသော အဇာတသတ်မင်းအတွက် အားကိုးရာပတ်ဝန်းကျင်တစ်ခုအဖြစ် ယုံကြည်မှုကိုဖြစ်စေပါသည်။ ရှုပ်ထွေးခြင်းနဲ့ငြိမ်သက်ခြင်းသည် လုံးလုံး ဆန့်ကျင်နေပါသည်။ ရှုပ်ထွေးနေသောစိတ်သည် ဂနာမငြိမ်ဘဲ ယောင်ယပ်ခတ်နေသည်။ စိတ်တွေယောင်ယပ်ခတ်နေလျှင် လူလည်းယောင်ယပ်ခတ်နေမည်။ အားလုံးငြိမ်သက်နေသော ရဟန်းတော်များသည် ယောင်ယပ်ခတ်သည့်ပုံရိပ်မတွေ့ရပါ။ ငြိမ်းအောင်ကျင့်နေသောသူများပင်ဖြစ်ပါသည်။ ငြိမ်းချမ်းသောသူတို့ရဲ့ငြိမ်သက်သောအရိပ်အယောင်သည် မြင်ရသူတို့ စိတ်နှလုံးကိုကြည်နူးစေပါသည်။ အဇာတသတ်မင်း၏နားလည်သွားသည်မှာ ငြိမ်သောသောရဟန်းများနဲ့ ရှုပ်ထွေးနေသောသူ့စိတ်တို့ ကွာခြားပုံကို ပိုပြီးနားလည်လာသည်။ ထိုကြောင့်ပင် မြတ်စွာဘုရားနဲ့ရဟန်းတော်များကို လက်အုပ်ချီကြည်ညိုနေပါလျက် ဘာစကားမှ မပြောရဲဘဲ တိတ်ဆိတ်နေပါသည်။

အဇာတသတ်မင်း၏အခြေအနေကိုသိသောမြတ်စွာဘုရားသည် စတင်နှုတ်ဆက်လိုက်ပါသည်။ ထိုစတင်နှုတ်ဆက်ခြင်းသည် စိတ်ဒဏ်ရာကုစားခြင်းအတွက် အစပျိုးခြင်းပင်ဖြစ်သည်။ ကိုယ့်ဆီမှာ သူ့ရဲ့စိတ်ဒဏ်ရာတွေကို ဖွင့်အန်ချဖို့ (သို့မဟုတ်) ကိုယ့်ကိုအားကိုးဖို့ ရောက်လာခဲ့သော သူတစ်ယောက် စကားမပြောရဲ၍ ငြိမ်သက်နေသည်ကို စကားစတင်ပြောသောအခါ သူ့အတွက် နွေးထွေးမှုတစ်ခု ဖြစ်လာပါသည်။ ဘာတွေတွေးနေတာလဲမေးသော် သူ့သားကလေးလည်း ဒီရဟန်းတွေလိုငြိမ်သက်နေလျှင် ကောင်းမှာပဲလို့တွေးမိတဲ့အကြောင်း လျှောက်ထားပါသည်။ ဒီလိုနဲ့ပင် စကားတွေပြောရဲလာပြီး တွေ့ဆုံမေးမြန်းခဲ့ကြသည်။

ဤနေရာမှာ သတိထားရမည့်အရာတစ်ခုရှိသည်။ အဇာတသတ်မင်းသည် ဖခင်ကိုသတ်ပြီး နှလုံးမသာမယာဖြစ်သည်။ နှလုံးမသာမယာဖြစ်နေသည်ကို ဖြေဖျောက်ဖို့ မြတ်စွာဘုရားထံရောက်လာသည်။ ထိုအကြောင်းကိုမြတ်စွာဘုရားလည်းသိသည်။ သို့သော် ဖခင်ကိုသတ်ခဲ့သည့်အကြောင်းကို မပြောပါ။ မြတ်စွာဘုရားလည်း မမေးပါ။ ဤအချိန်မှာ ဒီအကြောင်းကိုပြောလျှင် အဇာတသတ်မင်း ပို၍စိတ်ဆင်းရဲရမည်။ မည်သည့်သူမှ ကိုယ့်မကောင်းကြောင်းကို ကိုယ်မပြောချင်ကြပါ။ တွေ့တွေ့ချင်း နောက်ခံမကောင်းကြောင်း သို့မဟုတ် လုပ်ခဲ့ဖူးသည့်အမှား၊ အပြစ်တွေကိုပြောနေလျှင် မနေနိုင်၊ မထိုင်နိုင်ဖြစ်ပြီး ပြန်ချင်သည့်စိတ်တွေဖြစ်လာပါလိမ့်မည်။ စိတ်ဒဏ်ရာ၊ စိတ်ရောဂါကိုကုသောဆရာများအတွက် သတိထားရမည့်အချက်ပင်ဖြစ်သည်။ ဒဏ်ရာတွေကို ခဏဘေးဖယ်ထားပြီး ဆရာနဲ့လူနာတွေကြား ရင်းနှီးမှုတစ်ခု အရင်တည်ဆောက်ရပါမည်။

နှုတ်ဆက်စကားတွေပြီး နှစ်ဦးနှစ်ဘက်မှာလည်း ရင်းနှီး၊ ပြောရဲဆိုရဲလည်းရှိ၊ သက်တောင့်သက်သာဖြစ်ပြီးသောအခါ မြတ်စွာဘုရားက လာခြင်းရဲ့အကြောင်းရင်းကို မေးပါတော့သည်။ အဇာတသတ်မင်းလည်း မေးပါတော့သည်။ စိတ်ဒဏ်ရာ၊ စိတ်ရောဂါ ကုစားပုံအမျိုးမျိုး အမျိုးမျိုးကို သာမညဖလသုတ်က သက်သေအဖြစ်ရှိနေပါသည် - စသည်စသည်ဖြင့် ဒီနေ့သင်ယူခဲ့ရတဲ့ Buddhist Psychotherapy အကြောင်းကို ဆက်ပြီးဆက်ပြီးရေးချင်မိသည်။ မအားသေးလို့။ နောက်မှ တွေ့ကြသေးတာပေါ့။ 


အရှင်နန္ဒိယ (ဖယ်ခုံ) 6.4.2018  8:42:00 PM

No comments:

Post a Comment