Friday, December 28, 2018

မတူညီသော ရပ်တည်ခြင်း



မြေမှာခသည့် ပန်းချင်းတူတာတောင် တချို့ပန်းက အနာအဆာတွေကင်းမဲ့နေပေမယ့် တစ်ချို့ပန်းက အနာတွေနဲ့ ဒဏ်ရာတွေနဲ့။
ပန်းပင်ပေါ်ကကြွေမယ့်ပန်းချင်းတူတာတောင် တစ်ချို့ပန်းပွင့်တွေက ကြွေဖို့အတွက် အားယူ ရုန်းကန်နေရပြီး တစ်ချို့ပန်းပွင့်တွေက တိုက်ခတ်လာသည့်လေနောက်ကို အလိုက်သင့်ရွက်လင့်လိုက်ရုံသာ။

သဘာဝတွေချင်းတူတာတောင် မတူသည့်သဘာဝတွေလည်း ရှိနေကြတာဘဲ။ ဘဝတစ်ခုကို ပန်းကလေးတစ်ပွင့်လိုဘဲဖြစ်ဖြစ်၊ သစ်သီးတစ်လုံးလိုဘဲဖြစ်ဖြစ် ခိုင်းနှိုင်းဖို့က လွယ်သရောင်ရောင်နဲ့ ခက်လိုလိုတော့ရှိသား။

ဘဝတစ်ခုကိုတောင့်တရာမှာလည်း မတူသည့်ဆန္ဒတွေနဲ့ အရင်းခံခဲ့ကြတာဘဲ၊ တစ်ချို့က ဘဝကို သာသာယာယာ ပြည့်ပြည့်စုံစုံ၊ ချိုချိုမြိန်မြိန်နဲ့တောင့်တကြပြီး တစ်ချို့တွေက ဘဝကို စွန့်စွန့်စားစားနဲ့ ရုန်းကန်ပြီး အောင်မြင်မှုကို ရယူချင်သည့် ဘဝမျိုး။

မတူတာတွေ ရှိနေကြတဲ့အထဲ စိတ်မတူတာလေးလည်း ဆန်းကြယ်လိုက်တာ။ ရန်သူနဲ့တိုက်ခိုက်သည့် နေရာမှာတောင် တစ်ချို့က ဒုတ်ကိုင်၊ ဓားကိုင်ပြီး သူသေငါသေရင်ဆိုင်ချင်ကြပြီး တစ်ချို့လူတွေက လူယုံတော်လိုခစားပြီးမှ အဆိပ်ခပ်သတ်ချင်ကြတာလည်းရှိပ။


ဘဝကို ရုန်းကန်လှုပ်ရှားနေရသည့် အခြေအနေတစ်ခုလို့ တင်စားရင် အပြိုင်အဆိုင်ရုန်းနေကြတာမှန်ပေမယ့် တစ်ချို့က တစ်ကိုယ်ကောင်း ရုန်းတယ်၊ တစ်ချို့က အများအတွက် ရုန်းတယ်။ တစ်ချို့က ရေရှည်အတွက်ရုန်းတယ်၊ တစ်ချို့က ရေတိုအတွက်ရုန်းတယ်။ တစ်ချို့က အနာဂတ်အတွက်ရုန်းတယ်၊ တစ်ချို့က ပစ္စုပ္ပန်အတွက် ရုန်းတယ်။ တစ်ချို့ကသက်သက်သာသာလေး ရုန်းတယ်။ တစ်ချို့က အနာတရတွေနဲ့ရုန်းတယ်။ လက်ရှိအခြေအနေအတွက် ငါတို့အားလုံး ရုန်းကြတယ်။


အရှင်နန္ဒိယ (ဖယ်ခုံ)
12.12.2018 2:14:00 PM
(thesis မပြီးသေးခြင်း အမှတ်တရ)

Photo credit to Nang Khae Mu (Naung Taung) 

No comments:

Post a Comment