Saturday, December 29, 2018
သာမညဖလသုတ်ကို စိတ်ရောဂါကုစားခြင်းပညာရှုထောင့်မှ သုံးသပ်ကြည့်ခြင်း
အဖကိုသတ်ပြီး စိတ်နှလုံးမသာမယာဖြစ်နေသော အဇာတသတ်မင်းကို မြတ်စွာဘုရား တရားဓမ္မဆေးနဲ့ ဖြေဖျောက်ပေးလိုက်ပါသည်။ တရားရေအေးတိုက်ကျွေးပြီး အဇာတသတ်မင်း စိတ်နှလုံးကြည်လင်အေးချမ်းခွင့်ရခဲ့ပါသည်။ အဇာတသတ်မင်း၏စိတ်နှလုံးကို အေးချမ်းကြည်လင်သွားစေသော တရားတော်သည် ရဟန်းဝတ်ခြင်း၏ အကျိုးကျေးဇူးကိုဟောကြားထားသောတရားတော်ပင်ဖြစ်ပါသည်။ ထိုတရားတော်ကို သာမညဖလသုတ်အဖြစ် မှတ်တမ်းတင်ကျန်ရစ်ခဲ့ပါသည်။ ထိုသာမညဖလသုတ်ကို စိတ်ရောဂါကုစားခြင်း ရှုထောင့်မှ လေ့လာကြည့်သောအခါ မြတ်စွာဘုရား၏ အာသာယာနုသယဉာဏ်၊ ဣန္ဒြိယပရောပရိယတ္တိဉာဏ်ကို ပို၍ပင်ကြည်ညိုခွင့်ရရှိခဲ့ပါသည်။ ဗုဒ္ဓဘာသာစိတ်ရောဂါကုထုံးကို နားလည်လာလေလေ မြတ်စွာဘုရားသည် စိတ်ရောဂါကုစားသူဟူသောစကားကို လက်ခံလာလေလေဖြစ်ပါသည်။
မြတ်စွာဘုရားဆီရောက်မလာခင် စိတ်သက်သာရာရစေဖို့ နာမည်ကြီး တိတ္ထိဆရာခြောက်ယောက်ထံသွားပြီး တွေ့ဆုံခဲ့ပြီးဖြစ်သည်။ စိတ်နှလုံးသက်သာရာမရသည့်အပြင် ပို၍ပင်စိတ်ရှုပ်သွားပါသည်။ နောက်ဆုံးတော့ ဆရာဇီဝကရဲ့ အကူအညီနဲ့ မြတ်စွာဘုရားထံရောက်သွားခဲ့ပါသည်။ မြတ်စွာဘုရားတပည့် ဖခင်ဗိမ္ဗိသာရမင်းကိုသတ်ခဲ့သည့်အမှား၊ မြတ်စွာဘုရားကိုသတ်ဖို့ကြိုးစားခဲ့သောဆရာဒေဝဒတ်စကားကိုနားထောင်ခဲ့မိသောအမှားတွေကြောင့် မြတ်စွာဘုရားထံသွားသည့် လမ်းတစ်လျှောက်မှာပင် အဇာတသတ်မင်းကြောက်လှန့်နေခဲ့ပါသည်။ ထိုကြောက်စိတ်တွေကိုဖြောင့်ဖို့ ဆရာဇီဝက အတန်တန်နှစ်သိမ့်ခဲ့ရပါသည်။ မြတ်စွာဘုရားနှင့် ၁၂၅၀ သောရဟန်းတို့ သီတင်းသုံးရာနေရာကိုရောက်သွားခဲ့တော့လည်း ပို၍ပင်ကြောက်စိတ်တွေဝင်လာခဲ့သည်။ အရေအတွက်များပြားလှသည့်ရဟန်းတော်တို့သီတင်းသုံးရာနေရာမှာ ဘာသံမှမကြားဘဲ တိတ်ဆိတ်နေသောကြောင့်ဖြစ်သည်။ မကောင်းမှုပြုထားသောသူများသည် တိတ်ဆိတ်ရာကိုကြောက်လန့်နေလေ့ရှိပါသည်။ မကြောက်ပါနဲ့မင်းကြီး၊ ရှေ့ဆက်သွားပါ၊ မြတ်စွာဘုရားနဲ့ ရဟန်းတော်များသီတင်းသုံးနေပါသည်ဟု ဆရာဇီဝက လျှောက်ထားရပါသည်။
ရဟန်းတော်များစွာကိုခြံရံ၍ သီတင်းသုံးနေတောမူသောမြတ်စွာဘုရားကို ဖူးမြင်ရသောအခါ အဇာတသတ်မင်းသည် စိတ်သက်သာရာရသွားပါတော့သည်။ ရဟန်းပေါင်းများစွာ သီတင်းသုံးထိုင်တောမူရာအရပ်မှာ အပ်ကျသံလောက်အသံလေးပင်မကြားရအောင် ငြိမ်သက်နေနိုင်သည့် မြင်ကွင်းကိုဖူးမြင်ရသောအခါ အံ့သြလို့မဆုံးဖြစ်ခဲ့ရသည်။ ထိုအရာသည် စိတ်ရှုပ်ထွေးနေသော အဇာတသတ်မင်းအတွက် အားကိုးရာပတ်ဝန်းကျင်တစ်ခုအဖြစ် ယုံကြည်မှုကိုဖြစ်စေပါသည်။ ရှုပ်ထွေးခြင်းနဲ့ငြိမ်သက်ခြင်းသည် လုံးလုံး ဆန့်ကျင်နေပါသည်။ ရှုပ်ထွေးနေသောစိတ်သည် ဂနာမငြိမ်ဘဲ ယောင်ယပ်ခတ်နေသည်။ စိတ်တွေယောင်ယပ်ခတ်နေလျှင် လူလည်းယောင်ယပ်ခတ်နေမည်။ အားလုံးငြိမ်သက်နေသော ရဟန်းတော်များသည် ယောင်ယပ်ခတ်သည့်ပုံရိပ်မတွေ့ရပါ။ ငြိမ်းအောင်ကျင့်နေသောသူများပင်ဖြစ်ပါသည်။ ငြိမ်းချမ်းသောသူတို့ရဲ့ငြိမ်သက်သောအရိပ်အယောင်သည် မြင်ရသူတို့ စိတ်နှလုံးကိုကြည်နူးစေပါသည်။ အဇာတသတ်မင်း၏နားလည်သွားသည်မှာ ငြိမ်သောသောရဟန်းများနဲ့ ရှုပ်ထွေးနေသောသူ့စိတ်တို့ ကွာခြားပုံကို ပိုပြီးနားလည်လာသည်။ ထိုကြောင့်ပင် မြတ်စွာဘုရားနဲ့ရဟန်းတော်များကို လက်အုပ်ချီကြည်ညိုနေပါလျက် ဘာစကားမှ မပြောရဲဘဲ တိတ်ဆိတ်နေပါသည်။
အဇာတသတ်မင်း၏အခြေအနေကိုသိသောမြတ်စွာဘုရားသည် စတင်နှုတ်ဆက်လိုက်ပါသည်။ ထိုစတင်နှုတ်ဆက်ခြင်းသည် စိတ်ဒဏ်ရာကုစားခြင်းအတွက် အစပျိုးခြင်းပင်ဖြစ်သည်။ ကိုယ့်ဆီမှာ သူ့ရဲ့စိတ်ဒဏ်ရာတွေကို ဖွင့်အန်ချဖို့ (သို့မဟုတ်) ကိုယ့်ကိုအားကိုးဖို့ ရောက်လာခဲ့သော သူတစ်ယောက် စကားမပြောရဲ၍ ငြိမ်သက်နေသည်ကို စကားစတင်ပြောသောအခါ သူ့အတွက် နွေးထွေးမှုတစ်ခု ဖြစ်လာပါသည်။ ဘာတွေတွေးနေတာလဲမေးသော် သူ့သားကလေးလည်း ဒီရဟန်းတွေလိုငြိမ်သက်နေလျှင် ကောင်းမှာပဲလို့တွေးမိတဲ့အကြောင်း လျှောက်ထားပါသည်။ ဒီလိုနဲ့ပင် စကားတွေပြောရဲလာပြီး တွေ့ဆုံမေးမြန်းခဲ့ကြသည်။
ဤနေရာမှာ သတိထားရမည့်အရာတစ်ခုရှိသည်။ အဇာတသတ်မင်းသည် ဖခင်ကိုသတ်ပြီး နှလုံးမသာမယာဖြစ်သည်။ နှလုံးမသာမယာဖြစ်နေသည်ကို ဖြေဖျောက်ဖို့ မြတ်စွာဘုရားထံရောက်လာသည်။ ထိုအကြောင်းကိုမြတ်စွာဘုရားလည်းသိသည်။ သို့သော် ဖခင်ကိုသတ်ခဲ့သည့်အကြောင်းကို မပြောပါ။ မြတ်စွာဘုရားလည်း မမေးပါ။ ဤအချိန်မှာ ဒီအကြောင်းကိုပြောလျှင် အဇာတသတ်မင်း ပို၍စိတ်ဆင်းရဲရမည်။ မည်သည့်သူမှ ကိုယ့်မကောင်းကြောင်းကို ကိုယ်မပြောချင်ကြပါ။ တွေ့တွေ့ချင်း နောက်ခံမကောင်းကြောင်း သို့မဟုတ် လုပ်ခဲ့ဖူးသည့်အမှား၊ အပြစ်တွေကိုပြောနေလျှင် မနေနိုင်၊ မထိုင်နိုင်ဖြစ်ပြီး ပြန်ချင်သည့်စိတ်တွေဖြစ်လာပါလိမ့်မည်။ စိတ်ဒဏ်ရာ၊ စိတ်ရောဂါကိုကုသောဆရာများအတွက် သတိထားရမည့်အချက်ပင်ဖြစ်သည်။ ဒဏ်ရာတွေကို ခဏဘေးဖယ်ထားပြီး ဆရာနဲ့လူနာတွေကြား ရင်းနှီးမှုတစ်ခု အရင်တည်ဆောက်ရပါမည်။
နှုတ်ဆက်စကားတွေပြီး နှစ်ဦးနှစ်ဘက်မှာလည်း ရင်းနှီး၊ ပြောရဲဆိုရဲလည်းရှိ၊ သက်တောင့်သက်သာဖြစ်ပြီးသောအခါ မြတ်စွာဘုရားက လာခြင်းရဲ့အကြောင်းရင်းကို မေးပါတော့သည်။ အဇာတသတ်မင်းလည်း မေးပါတော့သည်။ စိတ်ဒဏ်ရာ၊ စိတ်ရောဂါ ကုစားပုံအမျိုးမျိုး အမျိုးမျိုးကို သာမညဖလသုတ်က သက်သေအဖြစ်ရှိနေပါသည် - စသည်စသည်ဖြင့် ဒီနေ့သင်ယူခဲ့ရတဲ့ Buddhist Psychotherapy အကြောင်းကို ဆက်ပြီးဆက်ပြီးရေးချင်မိသည်။ မအားသေးလို့။ နောက်မှ တွေ့ကြသေးတာပေါ့။ 
အရှင်နန္ဒိယ (ဖယ်ခုံ) 6.4.2018  8:42:00 PM
Friday, December 28, 2018
လက္ခဏာတွေကဘာလဲ
နားလည်မှုလွဲနေတဲ့ ပတ်သက်ဆက်နွှယ်ခြင်း၊ အခွင့်ထပ်မသာတော့တဲ့ နောက်ထပ်တွေဆုံခြင်းတွေကြောင့် ပြန်ဆုံခွင့်လေးကိုစောင့်နေရင်း တစ်ဖြေးဖြေးဝေးနေရပေမယ့် တသသဖြစ်နေရတဲ့ ရင်ထဲက ဖော်မပြချင်တဲ့ ခံစားမှုမျိုးတွေက ဘဝမှာ ဒဏ်ရာလို့ဖွင့်မပြောချင်တာ အကြောင်းပြချက် မပေးလည်းဘဲ နားလည်ပေးလို့ရပါတယ်။
ဒဏ်ရာမဟုတ်ပေမယ့် ဝေဒနာတစ်ခုအဖြစ်တော့ လက်ခံရမယ်။ တစ်ချို့ဝေဒနာတွေက မမျှော်လင့်ဘဲ နာကျင်စွာခံစားနေရတာမျိုးတွေရှိသလို တစ်ချို့ဝေဒနာတွေကျတော့ အလုပ်ဖြစ်ဖို့သက်သက် မပျောက်ပျက်အောင် တမင်မွေးမြူထားတာမျိုးလည်းရှိတယ်။
တစ်ချို့တစ်စုံတစ်ရာအကြောင်းတိုက်ဆိုင်မှုတွေကြောင့် ပြန်ဖြစ်ပေါ်လာတဲ့ဝေဒနာတွေကို မပြောဘဲ ထိန်ချန်ထားခဲ့ရတဲ့ တသသဝေဒနာမျိုးကျတော့ အလုပ်ဖြစ်ဖို့မွေးမြူထားတဲ့ဝေဒနာမဟုတ်မှန်း ပေါ်လွင်လို့နေပါတယ်။
ဒီဝေဒနာတွေကို ကုစားဖို့အတွက် ပစ္စုပ္ပန်ရဲ့ခံစားချက်တွေကို ငါလေ့လာရဦးမယ်။
(တစ်မျိုးမထင်နဲ့ Thesis ထဲက symptoms of mental illness အခန်းအတွက် စဉ်းစားနေတာပါ)
ဖြတ်လျှောက်ရုံလေးပါ
နားလည်လိုက်မိတာက ဖြတ်လျှောက်ရုံလေးပါပဲ။
တိုက်ခတ်လာတဲ့ လေပြေလေးကိုလည်း မတွယ်တာချင်တော့ဘူး
သူပြန်မလာမှာကိုလည်း မစိုးရိမ်ချင်တော့ပါ၊ သူခဏလေးဖြတ်လျှောက်ရုံလေးဘဲလို့ နားလည်လိုက်လို့။
အရှိုင်နဲ့စီးဆင်းနေတဲ့ စမ်းချောင်းထဲကရေလေးတွေလိုဘ
ခဏလေးဖြတ်လျှောက်ခွင့်သာရလိုက်ပြီး ချန်ထားခဲ့ရမယ့် ကမ်းပါးတွေကိုလည်း မတွယ်တာချင်တော့ဘူး။ ပြုံးပြုံးလေးဘဲ နှုတ်ဆက်လိုက်ချင်တယ်။
အတူတူစီးဆင်းခွင့်ခဏလေးရလိုက်တဲ့ ရေတွေကိုလည်း မတွက်တာချင်တော့ပြီ၊ ပင်လယ်ထဲရောက်လို့ လှိုင်းတွေရှိုက်ခတ်ရင် ကွဲသွားကြမှာ ကြိုသိနေလို့။
နှစ်တစ်ရာကြာမှဘဲဖြစ်ဖြစ်၊ ဗြဟ္မပြည်ကအပ်တစ်စင်းနဲ့ လူ့ပြည်ကအပ်တစ်စင်း ဆုံတာထက်ပိုခက်တဲ့ ပြန်တွေ့မှုမျိုးနဲ့ဘဲဖြစ်ဖြစ် ပင်လယ်ထဲ သမုဒ္ဒရာထဲ ပြန်တွေ့တဲ့အခါမှာ ပျော်ပျော်ရွှင်ရွှင်ပြန်ဆုံချင်ရုံကလွဲလို့ တွယ်တာနေရတာမျိုး မဖြစ်ချင်တော့ပါ။ ခဏလေးဖြတ်လျှောက်ရုံလေးပဲလို့ နားလည်ခွင့်လေးရချင်တယ်။
အားလုံးကဖြတ်လျှောက်သွားခဲ့ကြတဲ့ ဒီမျက်နှာကိုလည်း မတွက်တာစေချင်ပါ၊ တစ်ချို့က လှည့်ကြည့်ကြတယ်၊ တစ်ချို့က မေ့သွားကြတယ်၊ တစ်ချို့က ပြုံးပြခဲ့တယ်၊ တစ်ချို့က တစ်ခုခု ချန်ထားပေးတယ်။ ခဏလေးပေမယ့် အားလုံးကို ပြုံးပြချင်တယ်၊ ခဏလေးဖြတ်လျှောက်ရခိုက်မှာ ဒဏ်ရာတွေမထားခဲ့ချင်ပါ။
နာကျင်စွာခံစားနေတာတာမျိုး မဖြစ်ချင်ရင် လွတ်လွတ်ကျွတ်ကျွတ် ထွက်သွားကြပါ။ ခဏလေးဖြတ်လျှောက်ရုံလေးမို့ မခံစားချင်တော့လို့ မတွယ်တာချင်တော့ပါ။
မတူညီသော ရပ်တည်ခြင်း
မြေမှာခသည့် ပန်းချင်းတူတာတောင် တချို့ပန်းက အနာအဆာတွေကင်းမဲ့နေပေမယ့် တစ်ချို့ပန်းက အနာတွေနဲ့ ဒဏ်ရာတွေနဲ့။
ပန်းပင်ပေါ်ကကြွေမယ့်ပန်းချင်းတူတာတောင် တစ်ချို့ပန်းပွင့်တွေက ကြွေဖို့အတွက် အားယူ ရုန်းကန်နေရပြီး တစ်ချို့ပန်းပွင့်တွေက တိုက်ခတ်လာသည့်လေနောက်ကို အလိုက်သင့်ရွက်လင့်လိုက်ရုံသာ။
သဘာဝတွေချင်းတူတာတောင် မတူသည့်သဘာဝတွေလည်း ရှိနေကြတာဘဲ။ ဘဝတစ်ခုကို ပန်းကလေးတစ်ပွင့်လိုဘဲဖြစ်ဖြစ်၊ သစ်သီးတစ်လုံးလိုဘဲဖြစ်ဖြစ် ခိုင်းနှိုင်းဖို့က လွယ်သရောင်ရောင်နဲ့ ခက်လိုလိုတော့ရှိသား။
ဘဝတစ်ခုကိုတောင့်တရာမှာလည်း မတူသည့်ဆန္ဒတွေနဲ့ အရင်းခံခဲ့ကြတာဘဲ၊ တစ်ချို့က ဘဝကို သာသာယာယာ ပြည့်ပြည့်စုံစုံ၊ ချိုချိုမြိန်မြိန်နဲ့တောင့်တကြပြီး တစ်ချို့တွေက ဘဝကို စွန့်စွန့်စားစားနဲ့ ရုန်းကန်ပြီး အောင်မြင်မှုကို ရယူချင်သည့် ဘဝမျိုး။
မတူတာတွေ ရှိနေကြတဲ့အထဲ စိတ်မတူတာလေးလည်း ဆန်းကြယ်လိုက်တာ။ ရန်သူနဲ့တိုက်ခိုက်သည့် နေရာမှာတောင် တစ်ချို့က ဒုတ်ကိုင်၊ ဓားကိုင်ပြီး သူသေငါသေရင်ဆိုင်ချင်ကြပြီး တစ်ချို့လူတွေက လူယုံတော်လိုခစားပြီးမှ အဆိပ်ခပ်သတ်ချင်ကြတာလည်းရှိပ။
ဘဝကို ရုန်းကန်လှုပ်ရှားနေရသည့် အခြေအနေတစ်ခုလို့ တင်စားရင် အပြိုင်အဆိုင်ရုန်းနေကြတာမှန်ပေမယ့် တစ်ချို့က တစ်ကိုယ်ကောင်း ရုန်းတယ်၊ တစ်ချို့က အများအတွက် ရုန်းတယ်။ တစ်ချို့က ရေရှည်အတွက်ရုန်းတယ်၊ တစ်ချို့က ရေတိုအတွက်ရုန်းတယ်။ တစ်ချို့က အနာဂတ်အတွက်ရုန်းတယ်၊ တစ်ချို့က ပစ္စုပ္ပန်အတွက် ရုန်းတယ်။ တစ်ချို့ကသက်သက်သာသာလေး ရုန်းတယ်။ တစ်ချို့က အနာတရတွေနဲ့ရုန်းတယ်။ လက်ရှိအခြေအနေအတွက် ငါတို့အားလုံး ရုန်းကြတယ်။
အရှင်နန္ဒိယ (ဖယ်ခုံ)
12.12.2018 2:14:00 PM
(thesis မပြီးသေးခြင်း အမှတ်တရ)
Photo credit to Nang Khae Mu (Naung Taung) 
နုတ်ဆက်ရသော ဆုံဆည်းခြင်း
ကိုယ်တို့ကအချိန်တွေကို တိုက်စားနေတာမဟုတ်ဘူး၊ အချိန်တွေနဲ့ရောပြီး ကိုယ်တို့ကအတိုက်စားခံနေရတာပါ။ ငါတို့ရဲ့နုပျိုမှုတွေကို တူးဖြိုကြတယ်၊ ငယ်ရွယ်မှုတွေကို တိုက်စားပြီး ကြီးရင့်မှုဆီ တွန်းပို့သွားကြတယ်။
အခွင့်အရေးတွေကို ကိုယ်တို့ အလဟဿ ဖြုန်းနေတာ မဟုတ်ဘူး၊ အသုံးပြုဖို့ အခွင့်ကို မသာခဲ့တာ။ နောက်ထပ်အခွင့်မရအောင် ငါတို့ရဲ့နောက်ခံအခြေအနေတွေက ငါတို့အခွင့်အရေးကို လုယူနေကြတာလေ။
ကိုယ်တို့ကအခြေအနေကို မဖန်တီးတာမဟုတ်ဘူး၊ အခြေအနေတွေက ကိုယ်တို့ဘက်မှာ မရှိတာ။ မတူညီမှုတွေနဲ့ ငါတို့တွေ့ဆုံနေကြတာ၊ ဝါသနာချင်းရော၊ ရည်ရွယ်ချက်ခြင်းရော အားလုံးကို သိသိသာသာကြီးကွဲပြားပြီးမှ ငါတို့ကိုတွေ့ဆုံပေးကြတာလေ။ တူညီမှုတွေညှိယူဖို့ အခြေအနေတွေ မပေးတော့ဘူးလေ။
အချိန်တန်လို့ကိုယ်တို့က လမ်းခွဲကြတာ မဟုတ်ဘူး။ အချိန်တန်ပြီဆိုပြီး ကိုယ်တို့ကို လမ်းခွဲပလိုက်ကြတာ။ နှစ်အရေအတွက် အချိန်အကန့်အသတ်နဲ့ ငါတို့ကို တွေ့ပေးနေကြတာ။ ဒီအချိန်၊ ဒီအခြေအနေ၊ ဒီပတ်ဝန်းကျင်တွေကို ကိုယ်တို့က ကစားနေတာ မဟုတ်ပါဘူး၊ ကိုယ်တို့က ဒီအခြေအနေတွေနဲ့အကြောင်းပြပြီး ကစားခံနေရသူတွေပါ။
ပညာရေးတက္ကသိုလ်မှာ အတူတူသင်ယူခွင့်ရတဲ့အချိန်က သိပ်နည်းလွန်းလှပါတယ်။ ဒီအချိန်တွေရဲ့ စီးဆင်းမှုတွေက ရေတံခွန်ထက်အရှိုန်ပျင်းနေသလိုဘဲ။ ဒါပေမယ့် ကိုယ်တို့က ရေတွေလို ပင်လယ်ထိ၊ သမုဒ္ဒရာထိ အတူတူ စီးဆင်းခွင့် မရခဲ့ပါဘူး။ ခဏလေးဘဲ တွေ့ဆုံခွင့်ပေးတယ်။
ရှိစေဦးတော့။ ငါတို့သံသရာကိုတော့ ငါတို့ဘဲပိုင်တာပါ။ ဘဝတွေ မဆုံးသေးသရွေ့တော့ ငါတို့တတွေ ပြန်ဆုံဆည်းဖို့ မျှော်လင့်လို့ရပါသေးတယ်။ တွေ့ဆုံခြင်းကို ခွဲခွာခြင်းနဲ့ ပေါင်းစပ်ပေးထားပေမယ့် ယုံကြည်မှုတွေကိုတော့ ငါတို့တည်ဆောက်ထားနိုင်ခဲ့ကြတယ်။
ငါတို့ရဲ့ မိတ်ကောင်းဆွေမွန်စိတ်ဓာတ်၊ ညီအစ်ကိုလိုချစ်ခင်မှု၊ အချင်းချင်းရိုင်းပင်းကူညီတတ်တဲ့ အကျင့်လေးတွေကိုတော့ ဆက်လက်ဆုပ်ကိုင်ထားကြတာပေါ့။ ဒါတွေကို ဆုပ်ကိုင်ပြီး လမ်းခွဲခွင့်ရလိုက်တဲ့အတွက် ဘယ်တော့မှနောင်ရမှာ မဟုတ်ပါဘူး။
ကံမကုန်လို့ ပြန်ဆုံမယ့်တစ်နေ့ကြရင် အသစ်ပျိုးပြန်ပျိုးထောင်နေစရာမလိုတော့တဲ့ ကလျာဏမိတ္တစိတ်ဓာတ်တွေနဲ့ ဘဝတက္ကသိုလ်ထဲ ပညာတွေအတူတူ ထပ်သင်ယူကြတာပေါ့။ အခုတော့ သွားနှင့်ဦးတော့ ကိုယ့်လူရာ။ ဆန္ဒတွေမပြည့်သေးတော့ ကိုယ်ဘဲ ပညာရေးတက္ကသိုလ်မှာ နေရစ်ခဲ့ဦးမယ်။ အပြောကျယ်တဲ့ အပြင်လောကကြီးထဲ ဘဝတက္ကသိုလ်မှာ အတူတူထပ်ဆုံဖို့ မျှော်လင့်ရင်း-------။ ။
အရှင်နန္ဒိယ (ဖယ်ခုံ) 27.12.2018 2:30:00 PM
(2018, MA အတန်းဖော်များနဲ့ လမ်းခွဲခြင်း အမှတ်တရ) 
နှုတ်ဆက်ရသောဆုံဆည်းခွင့် 