ခေတ်ကာလတောင်းဆိုမှု
(သို့မဟုတ်)
ဘုန်းကြီးကျောင်းကကျန်းမာရေးနဲ့ပညာရေး
လွန်ခဲ့သည့် နှစ်ဆယ်ရာစုနဲ့ ယခုနှစ်ဆယ့်တစ်ရာစုကြားမှာ သက်တမ်းအားဖြင့် ဆယ်နှစ်ကျော်ကျော်၊ အနှစ်နှစ်ဆယ်သာသာ ရှိသေးတယ်ဆိုပေမယ့် မတူတော့သည့် ခေတ်ကာလအပြောင်းအလဲတွေ ကြောင့် တာဝန်ယူမှု တာဝန်ခံမှု အယူအဆတွေလည်း ပြောင်းလဲလာတယ်လို့ ပြောရပါလိမ့်မယ်။ စာရေးသူကိုယ်တိုင်က အသက်သုံးဆယ်ကျော်မို့ နှစ်ဆယ်ရာစုကိုလည်း ဆယ်နှစ်ကျော်ကျော် မှီခဲ့ပါတယ်။ မိဘနဲ့ သားသမီး၊ ဆရာနဲ့ တပည့်တို့ကအစ မိတ်ဆွေနှစ်ဦးနှစ်ဘက်ကြားက ယဉ်ကျေးမှုတွေလည်း ပြောင်းလဲလာတယ်လို့ ယူဆပါတယ်။ ရဟန်းသံဃာတွေကြားမှာလည်း တချို့သော အပြောင်းအလဲတွေရှိတယ်။ အဲဒီထဲက စာသင်တိုက်တို့ ဗုဒ္ဓတက္ကသိုလ်စတဲ့ ပညာရေးကျောင်းများနဲ့ တရားခန်းစတဲ့ တရားရိပ်သာတွေမှာလည်း ပတ်ဝန်းကျင်ရဲ့ အပြောင်းအလဲတွေကြောင့် တာဝန်ယူမှု တာဝန်ခံမှုအပိုင်းမှာ ပိုပြီးလုပ်ပေးရ၊ အလေးထားရမည့် အခန်းကဏ္ဍတွေရှိလာပါတယ်။ ဝန်ဆောင်မှုလို့ ဆိုချင်ဆိုပေါ့။ အဲဒါတွေက ဘာတွေလဲ။
ခေတ်ကာလအခြေအနေ
ကလေးတိုင်းမှာ ပညာသင်ခွင့်ရှိတယ်၊ နိုင်ငံသားတိုင်းပညာရေးအခမဲ့သင်ကြားခွင့်ရှိရမယ် ဆိုတဲ့ အယူအဆကို တစ်ကမ္ဘာလုံးဆိုင်ရာ ကျင့်သုံးလာတဲ့စနစ်တစ်ခု။ နောက် ကလေးတိုင်းမဖြစ်မနေ ပညာသင်ဖို့ အားပေးလာကြတဲ့ခေတ် ဖြစ်လာတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေတင်မကဘူး၊ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာလည်း ကလေးတိုင်းပညာသင်ကြားနိုင်ဖို့ အားပေးလာပြီ။ ဒါတွေလည်း ပြောင်းလဲလာတဲ့ ယဉ်ကျေးမှုတစ်ခုဘဲ။ ခေတ်အလိုက် ပတ်ဝန်းကျင်တွေက ပြောင်းလဲလာလေလေ၊ လူတွေရဲ့ တန်ဖိုးထားမှုနဲ့ အလေးပေးမှု၊ ဦးစားပေးမှုတွေကလည်း ပြောင်းလဲလာတာပဲ။ ဒါက ဖြစ်ရိုးဖြစ်စဉ် လူမှုအသွင်ပြောင်းခြင်း (Social transformation) တစ်ခုဘဲလို့ ထင်ပါတယ်။ ဒီလူမှုအသွင်ပြောင်းမှုအောက်မှာ အထိုက်အလျောက် စီးမျှောသွားနိုင်တာကိုဘဲ ခေတ်မီတယ် လို့ခေါ်ကြပြီး အသွင်ပြောင်းသွားသည့် ခေတ်ကာလနောက်ကို မလိုက်နိုင်ခြင်းကိုဘဲ ခေတ်နောက်ကျတယ် လို့ ဆိုကြခြင်းဘဲ ဖြစ်ပါတယ်။
ဒီခေတ်ကာလ လူမှုအသွင်ပြောင်းလဲမှုနောက်မှာ ရဟန်းသံဃာတွေလည်း အလိုက်သင့် စီးမျှောသွား ရမယ့် အရာတွေရှိပါတယ်။ နေရာတိုင်းမှာ အရင်ကခေတ်ကာလနဲ့ နှိုင်းယှဉ်နေလို့ မရပါဘူး။ အရင် ကိုလိုနီခေတ်မတိုင်ခင်ကလို လူတိုင်းကိုဘုန်းကြီးထဲသွားပြီး ပညာသင်ခိုင်းလို့ မရပါဘူး။ လူတိုင်းလည်း မသင်ချင်ပါဘူး။ သူတို့လိုချင်တဲ့ ပညာတွေအကုန်လုံး ဘုန်းကြီးကျောင်းကလည်း မပေးနိုင်ပါဘူး။ အခုခေတ်မှာ ဘာသာရပ်တွေများသလို သင်ယူရမည့် နေရာတွေလည်း ပေါလာပါတယ်။ အရင်ခေတ်လို ဘုန်းကြီးကျောင်းသွားမှ ပညာသင်ရမည့် ခေတ်လည်း မဟုတ်တော့ပါဘူး။ ဒါကဘာကိုဆိုလိုချင်လည်း ဆိုတော့ ပညာသင်ကြားမှုနဲ့ ပတ်သတ်ပြီးတော့ ကျောင်းသားတွေ ကိုယ်တိုင် ရွေးချယ်ပိုင်ခွင့်ရှိတဲ့ ခေတ်ကာလတစ်ခု ရောက်နေပြီ ဆိုတာပဲ။ ဒါပဲသင်၊ ဒါမသင်နဲ့၊ ဒါပဲလုပ်၊ ဒါမလုပ်နဲ့ လို့ပြောလို့ရတဲ့ခေတ် မဟုတ်တော့ဘူး ဆိုတာကို နားလည်ရပါမယ်။ ဒါကို အရင်တုန်းကဆိုရင် ဆရာတစ်ခွန်းပြောရင် ဘုန်းကြီးတစ်ခွန်းမိန့်ရင် အားလုံးငြိမ်တယ်ဆိုပြီး အရင်ကလူတွေ ပိုပြီးလိမ္မာတယ်ဆိုတဲ့ အယူအဆမျိုးပြောရင်တော့ ခေတ်အပြောင်းအလဲကို နားမလည်ခြင်းဘဲ ဖြစ်လိမ့်မယ်။
စာသင်သားများအတွက်လိုအပ်ချက်
နောက်တစ်ခုက ကျောင်းသားတွေအတွက် ပညာရေးနဲ့ကျန်းမာရေး။ ကျောင်းသားတွေကို ပညာသင်ပေးရုံတင်မကဘူး၊ ကျန်းမာရေးဝန်ဆောင်မှုပါ ပေးသင့်နေပြီဆိုတဲ့ ခေတ်ကာလထဲမှာ ရောက်နေပါပြီ။ ရဟန်းသံဃာလောကမှာဆိုရင် ပိုလို့တောင်အရေးကြီးလာသေးတယ်။ ရဟန်းသံဃာတော်တွေဆိုတာက လူတွေလိုအိမ်ကနေကျောင်းသွားတက်၊ အတန်းသွားတက်တာမျိုး မဟုတ်ပါဘူး။ ကျောင်းအိပ်၊ ကျောင်းစား၊ တစ်နေရာတည်း၊ တစ်ကျောင်းတည်းမှာနေပြီး ဆိုးအတူ၊ ကောင်းအတူ အေးအတူပူအမျှ နေကြရတဲ့ဘုရားသားတော်တွေပါ။ ဒီလိုအေးအတူပူအမျှ နေခဲ့ကြပေ မယ့် ပညာရေးဘဲတာဝန်ယူပြီး ကျန်းမာရေးအတွက် တာဝန်မယူပေမဲ့လည်း နှစ်ဆယ်ရာစုနှစ်အတွင်း မှာတော့ အဆင်ပြေတယ်။ သို့သော် နှစ်ဆယ့်တစ်ရာစုမှာတော့ ကျန်းမာရေးဝန်ဆောင်မှုမပေးရင်တော့ အားနည်းချက်တစ်ခုဖြစ်လာတော့မှာပါ။ နိုင်ငံရေးအခြေအနေ၊ ပြည်သူလူထုတွေရဲ့ စီးပွားရေးအကြပ် အတည်း၊ ပညာသင်ယူရာနေရာရှားပါးမှုတွေရှိနေတာကြောင့် ပညာသင်ပေးတာတစ်ခုနဲ့တင် ကျေးဇူး ကြီးမားလှပါပြီ။ အဘက်ဘက်ကတိုးတက်လာတဲ့ နှစ်ဆယ့်တစ်ရာစုမှာတော့ လူတိုင်းအတွက် အခြေခံကျတဲ့ လိုအပ်ချက်တစ်ခု ဖြစ်နေတာကြောင့် ကျန်းမာရေးဝန်ဆောင်မှု ပေးရတော့မယ် ဖြစ်ပါတယ်။
လက်ရှိခေတ်နဲ့ လက်ရှိအခြေအနေ
စာရေးသူတို့ ငယ်စဉ်ကာလ မူလ၊ ငယ်၊ လတ်၊ ကြီး စာသင်ချိန်ကာလက နှစ်ဆယ့်တစ်ရာစုရဲ့ ပထမဆယ်စုနှစ်တစ်ခုတိုင်အထိ ည တစ်ဆယ့်တစ်နာရီအထိ စာအံကျောင်းတက်နေရပြီး မနက်ဆိုရင် တစ်ခါတစ်လေ လေးနာရီ၊ တစ်ခါတစ်လေ သုံးနာရီထပြီး ပင့်ထားတဲ့ ဘုံဆွမ်းလောင်းအသင်းဆီကြွဖို့ ပြင်ဆင်နေရတာတွေကို ပြန်စဉ်းစားရင် ကလေးတစ်ဦးအတွက် အိပ်ချိန်မလုံလောက်တာ၊ ပင်ပန်းလွန်းတာတွေကြောင့် စာအံကျောင်းမှာအိပ်ငိုက်တာ၊ ကျက်မှတ်ထားသည့်စာပေတွေလည်း မေ့လွယ်တာ၊ အချင်းချင်းဆက်ဆံရေးတွေမှာလည်း တစ်ဘက်နဲ့တစ်ဘက်နားမလည်နိုင်လို့ ပြဿနာဖြစ်တာတွေ ခဏခဏကြုံရတယ်။ ကျောင်းသားဗဟိုရ်ပြုပညာရေးစနစ်ဘက်ကို ဦးတည်လာတဲ့ အခုနောက်ပိုင်းခေတ်တွေမှာဆိုရင် ကျောင်းသားတွေဘက်ကို ညှင်းဆဲရာကျလွန်းပြီး ပညာရေးမျက်စိနဲ့ကြည့်ရင် ကျောင်းသားတွေဘက်ကို ဆရာတွေက အထက်စီးလွန်းရာကျလွန်းလို့ ပြောင်းလဲသင့်တဲ့ယဉ်ကျေးမှုတစ်ခု ဖြစ်လာပါပြီ။ နေ့ရောညပါ တစ်စာစာ၊ အံရှာလေတဲ့ မောင်ပဉ္ဇင်း ဆိုပြီးတော့ ဂုဏ်ယူနေရတဲ့ ခေတ်မဟုတ်တော့ဘဲ ကျောင်းသားတွေအတွက် အနားယူချိန်၊ သီးသန့်စာဖတ်ချိန် စာတာတွေလည်း စဉ်းစားပေးရမယ့်ကာလ။ ဒါကိုလုပ်၊ ဒါကိုမလုပ်နဲ့လို့ အမိန့်ပေးရမယ့်ခေတ်မဟုတ်ဘဲ သူတို့ဘာတွေစိတ်ဝင်စားလဲ၊ သူတို့ကဘာအားသာချက်၊ အားနည်းချက်တွေရှိတာလဲ၊ သူတို့အတွက်သင့်တော်မည့် သင်ကြားချက်ကို ဘယ်လိုလုပ်ရမလဲ ဆိုပြီး လေ့လာရမယ့်ခေတ်ဘဲ ဖြစ်ပါတယ်။ ပြဌာန်းစာတွေတင်မကဘဲ ပြင်ပစာတွေဖတ်တာကိုပါ အားပေးရပါတယ်။ အဲဒါမှ သူတို့ဘာစိတ်ဝင်စားတယ်၊ ဘာဝါသနာပါတယ်၊ ဘာလုပ်ရင်အောင်မြင်မယ်၊ အဲဒီအတွက် ဆရာတွေဘက်က ဘယ်လိုပံ့ပိုးသင့်တယ်ဆိုတာကို နားလည်ရမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ သင်ကြားရေးနည်းစနစ်ကို အဓိကဆိုလိုတာ မဟုတ်ပါ၊ ပညာရေးမှာ ကိုယ်ဖြစ်ချင်တာထက် ကျောင်းသားလိုအပ်ချက်ကို ဖြည့်ဆည်းပေးရမယ့် အယူအဆကို လက်ခံစေလိုခြင်းပင် ဖြစ်ပါတယ်။ ဒါကလည်း ခေတ်ရဲ့တောင်းဆိုမှုထဲက တစ်ခု ဖြစ်ပါတယ်။
သင်္ခန်းစာအနေနဲ့ ဖြစ်ရပ်မှန်လေးတစ်ခုကို ပြောပြချင်ပါတယ်။ စာရေးသူ နေခဲ့ဖူးသည့် စာသင်တိုက် တစ်ခုဆိုရင် ကျောင်းထိုင်ဘုန်းကြီးက သူဖြစ်ချင်တာတွေဘဲ လုပ်တာ၊ စာသင်သားတွေအတွက် လှည့်ကြည့်လေ့မရှိဘူး။ အခန့်မသင့်ရင် အပြောအဆိုကလည်း ကြမ်းလိုက်သေးတာ။ သူအော်လိုက်ရင် တစ်ကျောင်းလုံးကြားတယ်။ သူ့အသံကြားတာနဲ့ ကိုယ်တော်လေးတွေ ရှောင်ပုန်းကြတာများတယ်။ မတွေ့ချင်လို့၊ တွေ့ရင် ဘာတွေလုပ်မလဲ မသိလို့။ သူခိုင်းတဲ့ကိစ္စတစ်ခုခု မှားမှားယွင်းယွင်းမလုပ် လိုက်နဲ့၊ တစ်ခုခုမှားပြီဆိုတာနဲ့ သံဃာဆုံတဲ့အချိန် တစ်ကျောင်းလုံးကြားအောင် ပြောပြီ။ အသုံးကိုမကျဘူး ဆိုတဲ့စကားကလည်း အဆစ်ပါလိုက်သေးတာ။ စာမေးပွဲ အောင်ဖို့ဘဲ အဓိကဖြစ်ပြီး စာမေးပွဲအောင်ရင် ဟိုဟာပေးဒီဟာပေး၊ စာမေးပွဲမအောင်ရင် လှည့်ကို မကြည့်ဘူးဆိုတဲ့အထာမျိုး။ တပည့်ချင်းတူတာတောင် စာတော်တဲ့သူနဲ့ မတော်တဲ့သူအပေါ်မူတည်ပြီး ဆက်ဆံရေးကကွာတယ်။ ငါလောက်တောင် အသုံးမကျတဲ့ကောင်တွေဆိုတာမျိုး ပြောတာခဏခဏဘဲ။ သူကတော့ တကယ်တော်တာ၊ ခက်ခက်ခဲခဲစာမေးပွဲတွေလည်း အောင်တယ်။ စာမြင်တယ်။ စာနဲ့ပတ်သက်ရင် နှံ့စပ်တယ်။ အခြားကျောင်းမှာ မေးခွန်းမေးတာကအစ လေ့လာတယ်။ ကိုယ်တိုင်လည်း အပင်ပန်းခံပြီးလုပ်ပေးတယ်။ တတ်စေလိုတဲ့ စေတနာနဲ့ ပြောတာ ဖြစ်မှာပါ။ သို့သော် အပြောအဆိုကြမ်းတော့ ခါးသက်တယ်။ မေတ္တာမပြတတ်တော့ ပူလောင်တယ်။ အဲဒီကျောင်းမှာနေတုန်းက နွေးဆွေးမှု၊ ပျော်ရွှင်မှုတွေ မခံစားလိုက်ရဘူး။ သူလာတော့မယ်၊ ဘာတွေလာစစ်မလဲ၊ ဒဏ်ထမ်းခိုင်းလေမလား စိုးရိမ်နေရတာတွေများတယ်။ စာသင်သားတွေက ဆယ်ကျော်သက်တွေဆိုတော့ ဘယ်ရမလဲ။ သူတို့ကအဲလိုလုပ်လေ၊ ကလေးတွေကလည်း လစ်ရင်လစ်သလို လျိုဝှက်ချက်တွေ၊ ခိုးကြောင်ခိုးဝှက်အကျင့်တွေကို မသင်ဘဲ တတ်ခဲ့တာတွေ ရှိတယ်။ အဲဒါဘာကြောင့်လို့ထင်လဲ။ ပညာရေးကျောင်းမှာ ဆရာနဲ့တပည့်ကြား အပေးအယူတွေလွဲနေတာကတော့ တစ်ခုခုတော့ မှားတာဘဲ။ လွန်ခဲ့သည့် တစ်ဆယ့်လေးနှစ်တုန်းက အဲဒီကျောင်းမှာ သံဃာ တစ်ရာသုံးဆယ်ဝန်းကျင်ရှိတယ်။ လွန်ခဲ့သည့် ခုနှစ်နှစ်လောက်တုန်းက အဲဒီကျောင်းမှာအတူနေဖူးတဲ့ကိုယ်တော်တစ်ပါးနဲ့တွေ့တော့ သတင်းလေးမေးကြည့်တယ်။ ကိုရင်တွေမရှိတော့ဘူးတဲ့။ အကုန် ထွက်ကုန်ပြီတဲ့။ လွန်ခဲ့တဲ့ တစ်ဆယ့်တစ်နှစ်၊ တစ်ဆယ့်နှစ်နှစ်လောက်တုန်းက ရောက်ဖြစ်ခဲ့ပေမယ့် နောက်တော့ အနေဝေးတာနဲ့ မရောက်ဖြစ်တော့ဘူး၊ အဲကတည်းက သံဃာတွေ ရော့နေတာလို့ ကြားတယ်။ ဒီလိုကျောင်းတွေလည်း အများကြီးရှိမယ်ထင်တာပဲ။ အကြောင်းပြချက်တွေအမျိုးမျိုးပြောကြပေမယ့် အဒီထဲက ခေတ်နဲ့လျှော်ညီတဲ့ အမြင်တွေမရှိတာလည်း ပါမယ်လို့ ယူဆပါတယ်။
နောက်အဖြစ်အပျက်တစ်ခုက လွန်ခဲ့သည့် ခုနှစ်နှစ်၊ ရှစ်နှစ်က စာရေးသူဇာတိရွာက ကလေးမလေး ခြောက်တန်းကျောင်းသူ ငါးဦး သီလရှင်ဝတ်ပြီး မြို့ကြီးတစ်မြို့က ဆရာလေးတည်ထောင်ထားတဲ့ ဘကကျောင်းတစ်ကျောင်းမှာနေပြီး စာသင်တယ်။ ပထမနှစ်မှာ အဆင်ပြေလားမေးတော့ ပြေတယ်လို့ ဖြေပါတယ်။ ဒုတိယနှစ်၊ ခုနှစ်တန်းနှစ်မှာ ရွာသူဆရာလေးတစ်ယောက်က ဖျားနေတာ။ ကျောင်းက လည်း ပြုစုမပေးဘူး။ ဆရာလည်းခေါ်မပေး။ ဆေးရုံလည်းမပြ။ နောက်ဆုံးအစာစားလို့မရတဲ့အထိ ဖြစ်လာတယ်။ ကလေးကမိဘကိုဖုန်းဆက်မယ်ပြောတော့ ဆရာကြီးကလက်မခံဘူးလို့ ဆိုတယ်။ နောက်ဆုံးသေးမယ့်နေ့မှာ မိဘကိုကျောင်းဆရာကြီးက အကြောင်းကြားတယ်။ မိဘတွေနောက်တစ်နေ့ရောက်လာတယ်။ သို့သော် သူတို့မရောက်ခင်နေ့ကတည်းက ကလေးမဆုံးပြီးနေပြီ။ အဲဒီအကြောင်းကို ကျန်တဲ့ရွာသူတွေ ပြောပြမှ သိလိုက်ရတာ၊ ဆရာကြီးတွေကတော့ ဒီလိုဖြစ်မယ်တောင်မထင်ဘူးလို့ဘဲ ဖြေကြသတဲ့။ အဲဒီအသုဘပွဲပြီးတဲ့ မကြာဘူး၊ ကျန်တဲ့ကလေးတွေအားလုံး မိဘတွေအကုန်ပြန်ခေါ်ကြပြီး လူထွက်ခိုင်းလိုက်ကြတယ်။ အဲဒီနှစ်စာမေးပွဲ မဖြေတော့ဘဲ နားလိုက်တယ်။ ရက်လည်ဆွမ်းကို ရွာမြှပန်လုပ်တာ၊ မိဘတွေကို အဲဒီအကြောင်းကို ငိုသံကြီးနဲ့ စကားအပ်ကြောင်းထပ်နေအောင် ပြောတာ နားထောင်နေရင်းနဲ့ ဘာမှ မတတ်နိုင်ရှာဘူး။ ဒါက ဖြစ်ရပ်မှန်တစ်ခုကို ထုတ်ပြခြင်းသာ။ မည့်သူ့ကိုမှ အပြစ်ပြောလိုခြင်းမရှိပါ။ ဆိုလိုချင်တာက ကလေးတွေကို ခေါ်မွေးထားသည့် ပညာရေးကျောင်းတွေမှာ ပညာရေးတင်မကဘဲ၊ ကျန်းမာရေးအတွက်ပါ အလေးထား ဂရုစိုက်ပေးဖို့ လိုအပ်နေပြီ။
ဘယ်လိုပြင်ကြမလဲ
အထူးသဖြင့်ပရိယတ္တိစာသင်တိုက်က ပိုလိုအပ်မယ်လို့ယူဆပါတယ်။ မိမိအထင်ပြောရရင်တော့ လာဘသက္ကာရတွေကလည်း အရင်လိုမျိုး သိပ်မရှားတော့ဘူးလို့ ယူဆတယ်။ ကျောင်းတိုက်အနေနဲ့ ကျန်းမာရေးရန်ပုံငွေရှိထားဖို့လိုလိမ့်မယ်။ စာသင်သားတွေဆိုတာကလည်း လာဘ်လာဘရဖို့ အခွင့်အ လမ်းက နည်းပါတယ်။ မိမိကျန်းမာရေးကို ပြန်ပြီးတာဝန်ယူနိုင်လောက်အောင် ငွေမရှိတာများပါတယ်။ အဲဒါကို ကျောင်းတိုက်က တာဝန်ယူပေးနိုင်ရင် ကျောင်းသား(ကလေး)အခွင့်အရေး ရှုထောင့်ကကြည့် ကြည့်၊ သာသနာတော်အတွက်ဘဲ ကြည့်ကြည့် လိုအပ်နေတဲ့ ကွက်လပ်လေးတစ်ခုပါ။ သံဃာ့ဘဏ္ဍာ ငွေကို သံဃာတော်တွေအတွက်သုံးတာ သဘာဝလည်းကျပါတယ်။ အလွဲသုံးစားလုပ်တာလည်း မဟုတ်ပါဘူး။ နာမည်ကြီးတဲ့စာသင်တိုက်တွေဆိုရင် ပိုလုပ်နိုင်လိမ့်မယ်ထင်တယ်။ အလှူ့ရှင်တွေလည်း ရှိလာမှာပါ။ ကျောင်းဆေးခန်းမှာ ရှိတဲ့ နှာစည်း၊ ခေါင်းဆိုး၊ ခေါင်းကိုက်ပျောက်ဆေးလောက်နဲ့တော့ မလုံလောက်ပါဘူး။ ခေတ်ကာလအခြေအနေကလည်း ရောဂါတွေသိပ်များလာပြီ။ ရဟန်းတစ်ပါးရဲ့ ကျန်းမာရေးက ကျောင်းတိုက်အတွက်ကျန်းမာရေးလည်းဖြစ်သလို သာသနာတော်အတွက် ကျန်းမာရေးလည်း ဖြစ်ပါတယ်။ ရေရှည်သာသနာပြုနိုင်ဖို့အတွက် ကျန်းမာရေးစောင့်ရှောက်မှုက မဖြစ်မနေထည့်သွင်းသင့်သည့် ကိစ္စတစ်ခုပါ။ “ငါတို့လည်း ဒီလိုဘဲနေလာပါဘဲ” ဆိုတဲ့စကားမျိုး မပြောသင့်တော့ပါ။ အရင်ကအခက်အခဲရှိလို့၊ မလိုအပ်သေးလို့ မလုပ်ဖြစ်ခဲ့ကြပေမယ့် အခုမှာတော့ လိုအပ်နေပြီ၊ လုပ်သင့်တယ်ဆိုတာကိုလည်း အားလုံးက လက်ခံနေပြီဖြစ်လို့ လုပ်ရမယ့်အချိန်ဘဲ ဖြစ်ပါတယ်။
ဘုရားရှင်သက်တော်ထင်ရှားရှိနေတဲ့အချိန်တုန်းက ရဟန်းတော်တွေရောဂါထူပြောလို့ သမားတော် ဇီဝကတောင် ရဟန်းဝတ်ပြီး ကုသခဲ့ရသေးတာပဲ။ ကိုရင်တွေ၊ ဦးဇင်းလေးတွေရောဂါပြင်းထန်နေလို့ ရွာပြန်ပို့တာတို့က အရင်ကလုပ်ခဲ့ကြပေမယ့် အခုအချိန်မှာတော့ မလုပ်သင့်တော့ပါ။ ရွာပြန်ပို့တော့ ရော ကောင်းလာမှာ မို့လို့လား၊ ပိုတောင်ဆိုးသွားနိုင်သေးတယ်။ ရွာကမိဘတွေက မတတ်နိုင်ရင် ဘယ်လိုလုပ်ပြီးကုမလဲ။ အကယ်၍ကျောင်းတိုက်က တာဝန်ယူလိုက်ရင် (ရံပုံငွေရှိထားရင်) ဂိလာန ရဟန်းတော်အတွက်လည်း အဆင်ပြေတယ်၊ သာသနာတော်အတွက်လည်း မဆုံးရှုံးရတော့ဘူး။ မတတ်နိုင်တဲ့မိဘတွေအတွက်လည်း တွေးပူစရာမလိုတော့ဘူး။ တာဝန်ပိုယူလိုက်လို့၊ ငွေပိုသုံးလိုက်လို့ ကျောင်းတိုက်အတွက်ထိခိုက်တယ်လို့ မမြင်နဲ့၊ ဂုဏ်တောင်တက်သွားသေးတယ်၊ ဒါက ဝမ်းသာရမည့် ကိစ္စ၊ စာသင်သားတွေယုံကြည်စိတ်ချမှုတွေတောင် ပိုရလာမယ်။ လာဘ်လာဘကတော့ ပြန်လာပါလိမ့်မယ်။
အခုခေတ်မှာ ရောဂါတွေစုံသလို၊ ဂိလာနရဟန်းတွေလည်း များစွာတွေ့ရပါတယ်။ “ဘယ်ကျောင်းက ဘယ်ကိုယ်တော်က ဘယ်လိုရောဂါဝေဒနာခံစားနေပါသဖြင့် မိဘမတတ်နိုင်လို့ ဆေးကုဖို့ အလှူငွေ လိုအပ်နေပါသည်၊ စေတနာရှိသလောက် လှူဒါန်းစေလိုပါသည်” စတဲ့ကြော်ကြာတွေဖတ်မိတိုင်း စိတ်မကောင်းဖြစ်မိသလို အကယ်၍ကျောင်းတိုက်က တာဝန်ယူပေးလိုက်ရင် ဆိုတဲ့ အတွေးတွေလည်း ရှိတာပေါ့။ အပြစ်ဆိုသည် မဟုတ်ပါ။ ကျောင်းကလည်း နှစ်ကျောင်းသုံးကျောင်း၊ ကျောင်းတိုက်က လည်း ခန့်ခန့်ငြားငြား၊ အဆောက်အဦးအကောင်းစားတွေဆောက်ပြီး ကျောင်းတိုက်တွင်း ရဟန်း တစ်ပါးရဲ့ ကျန်းမာရေးကိစ္စကို တာဝန်မယူပေးနိုင်တာကတော့ စဉ်းစားစရာတွေ ဖြစ်လာပါပြီ။ ဝိနည်း မဟာဝါမှာ ရဟန်းတွေမှာ ဆရာနဲ့တပည့်၊ သီတင်းသုံးဖော်အချင်းချင်း ဖေးမစောင့်ရှောက်ကြဖို့ ပညတ် ထားတာပဲ မဟုတ်လား။ ရဟန်းတော်တစ်ပါးရဲ့ တာဝန်ဝတ္တရားအနေနဲ့ရော၊ လူသားချင်းကိုယ်ချင်း စာတဲ့ စိတ်နဲ့ရော အဖွဲ့အစည်းတစ်ခုရဲ့ စည်းလုံးညီညွတ်မှုကို သက်သေပြတဲ့အနေနဲ့ရော ကျန်းမာရေး အကူအညီပေးဖို့ ကိစ္စက မဖြစ်မနေပြုလုပ်ရတော့မယ့်အရာတစ်ခုပဲ ဖြစ်ပါတယ်။
ကျန်းမာရေးအတွက် အလွယ်တကူထိခိုက်နိုင်တဲ့ခေတ်ထဲမှာ ကျန်းမာရေးတာဝန်မယူပေးနိုင်ရင် ယုံကြည်မှုတွေ ရသင့်သလောက်မရဘူး။ တပည့်အပေါ်ကြည့်ရှုစောင့်ရှောက်မှုမရှိဘူးလို့ ထင်စရာ ရှိတယ်။ စာသင်တိုက်ဆိုရင် စာသင်သားတွေနည်းလာမယ်။ ပညာရေးကို အခမဲ့ ဝန်ဆောင်မှုပေး နေတဲ့ခေတ်ထဲမှာ ကျန်းမာရေးစောင့်ရှောက်မှု ထပ်မပေးနိုင်ရင် ဒီကျောင်းမှာနေလို့ ပိုလုံခြုံတယ်၊ စိတ်ပိုချရတယ် ဆိုတဲ့ ခံစားချက်မျိုးမရှိဘူး။ ရဟန်းသံဃာတော်တွေ လိုအပ်နေတာက ဒီကျန်းမာရေးစောင့်ရှောက်မှုတွေလည်း ပါတယ်။
အချုပ်အနေနဲ့ပြောချင်တာက ရဟန်းသံဃာတွေရဲ့သီတင်းသုံးရာနေရာဖြစ်တဲ့ စာသင်တိုက်စတဲ့ ပညာရေးကျောင်း၊ တရားရိပ်သာ၊ တောင်တန်းသာသနာပြု၊ ပရဟိတကျောင်း၊ သီးသန့်နေအပြင်ကျောင်းတွေအားလုံး ပညာရေးအပြင် ကျန်းမာရေးအတွက် ရန်ပုံငွေတွေလိုအပ်နေပြီ။ ကူးစက်ရောဂါတွေတားဆီးနိုင်ဖို့၊ ဖြစ်နေတဲ့ရောဂါတွေကို ကုပေးဖို့၊ မဖြစ်သေးတဲ့ရောဂါတွေကို ကာကွယ်ဖို့၊ ရဟန်းတော်တစ်ပါးချင်းစီရဲ့ ကျန်းကျန်းမာမာ အသက်ရှင်နိုင်ဖို့၊ သာသနာပြုနိုင်ဖို့ ကျန်းမာရေးစောင့်ရှောက်မှုများ ပံ့ပိုးပေးနိင်ရန်အတွက် လိုအပ်နေပါကြောင်း သက်ဆိုင်ရာ ကဏ္ဍအသီးအသီးကတာဝန်ရှိသူများကို လျှောက်ထားရင်း
---------------------------------------------။ ။
အရှင်နန္ဒိယ (ဖယ်ခုံ)
21.03.2020 09:19:00 PM
---------------------------------------------။ ။
အရှငျနန်ဒိယ (ဖယျခုံ)
21.03.2020 09:19:00 PM
Zawgyi