အခုလိုအချိန်မျိုးမှာ အထူးသဖြင့် မြန်မာနိုင်ငံမှာဆိုရင် ဘုန်းကြီးကျောင်းတွေမှာ ခေတ္တခိုလှုံသူတွေအများအပြား ရှိနေမယ်။ နိုင်ငံရေးအခြေအနေနဲ့ စီးပွားရေးအကြပ်အသည်းတွေကြောင့် အခြားတည်းခိုရာနေရာအပြင် ဘုန်းကြီးကျောင်းတွေမှာလည်း တည်းခိုသူတွေများပြားပါတယ်။ လူတွေနဲ့ခပ်ကင်းကင်းနေဖို့ဆိုတာ မလွယ်တဲ့ အချိန်လို့ပြောလို့ရပါတယ်။ ခေတ်ကောင်းကာလမှာတော့ တရားပိုအားချင်လို့ဖြစ်စေ စာပိုလုပ်ချင်လို့ ဖြစ်စေ လူမှုရေးတွေနည်းနိုင်သမျှနည်းအောင် ရှောင်လို့ရပေမယ့် တစ်နိုင်ငံလုံးဒုက္ခရောက်နေတဲ့ အခုလိုကာလမှာတော့ ရှောင်နိုင်ဖို့မလွယ်သလို၊ ရှောင်နေလို့လည်း မကောင်းဘူးလို့ ယူဆတဲ့ဆရာတော်တွေလည်း ရှိမှာဘဲ။ အဲဒါကြောင့် ဘုန်းကြီးကျောင်းနဲ့ လူမှုရေးပြဿနာဆိုတာ မကြာခဏ ပွတ်တိုက်တတ်လေ့ရှိတယ်။ ဒီဆောင်းပါးလေးက အဲဒီပြဿနာတွေကို ဖော်ပြသွာမှာပါ။ ဒီဆောင်းပါးကို အပြုသဘောဆောင်တဲ့အမြင်နဲ့ဘဲ ဖတ်စေချင်တယ်။ အဲဒါမှ တည်းခိုသူရော လက်ခံသူပါ နှစ်ဘက်လုံး အကျိုးရှိမှာ။ အပြစ်တင်တယ်လို့ မြင်ရင်တော့ ပြန်ငြင်းခုံနေရတာနဲ့ ပြီးမှာမဟုတ်ဘူး။
ဘုန်းကြီးကျောင်းမှာ
ဝိနည်းစည်းကမ်းကို ဦးစာပေးတဲ့ကျောင်းနဲ့ လူမှုရေးကိုဦးစာပေးတဲ့ကျောင်းလို့
နှစ်မျိုး အကြမ်းဖျင်းပြောလို့ရမယ်။ ဒီးဆောင်းပါးနဲ့ဆီလျှော်တဲ့အမျိုးအစားကို
ခွဲကြည့်တာ။ တကယ်တော့ ဒီနှစ်မျိုးတည်း ဘယ်ကမလဲ။ အများကြီးပေါ့။ ဝိနည်းကို
ဦးစားပေးတဲ့ကျောင်းမှာဆိုရင် အထူးသဖြင့် ကုသဒူသနအမှု (သိက္ခာပုဒ်) မငြိစွန်းအောင်
ဂရုစိုက်ကြတယ်။ သံဃိကပစ္စည်းကို အလဟဿသုံးတာမျိုး မဖြစ်အောင်ဂရုစိုက်ကြတယ်။
ဘုန်းကြီးနဲ့ လူတွေအကြားမသင့်လျှော်တာ မဖြစ်ရလေအောင် သင့်လျှော်တဲ့
စည်းကမ်းတွေထုတ်ထားရတယ်။ သံဃာတွေအတွက် လှူထားတဲ့သံဃိကပစ္စည်းကို သံဃာမဟုတ်တဲ့လူတွေ
သုံးစွဲရင် အပြစ်ရှိတာမို့ ဝေယျာဝါစ္စလုပ်ခိုင်းတာမျိုး၊ ကျောင်းကိစ္စကို
တစ်ခုခုတာဝန်ယူခိုင်းတာမျိုး စတဲ့စည်းကမ်းတွေထုတ်ရတယ်။ ဒုက္ခရောက်လို့
ကိုယ့်ဆီမှာလာတည်းတာကို လက်ခံလိုက်တာမျိုးက ဘာမှအပြစ်မရှိပေမယ့်
ဒုက္ခသည်ရှိတဲ့နေရာကို တမင်သွားပြီးသွားပေးတာမျိုးဆိုရင် ဝိနည်းတော်အရက
မအပ်စပ်သလိုဖြစ်တာမို့ တစ်ချို့က မလုပ်ကြဘူး။ ကိုယ့်ကျောင်းမှာ လာတည်းတာဆိုတော့
ဝိနည်းအရ ပြောစရာမရှိပေမယ့် ကျောင်းမှာရှိတဲ့အသုံးအဆောင်တွေကို အသုံးပြုတဲ့အခါ
ကျောင်းသံဃာတွေလိုက်နာရတဲ့ စည်းကမ်းတွေကို လိုက်နာရတော့
တစ်ချို့အဆင်မပြေတာတွေများစွာရှိတယ်။ အဲဒါက ဝိနည်းကိုဂရုစိုက်တဲ့ကျောင်းမှာ
တွေ့ရတဲ့ပြဿနာတွေပေါ့။
လူမှုရေးကို
ဦးစားပေးတဲ့ကျောင်းတွေကြတော့ ရင်းနှီးတဲ့သူတွေကို ဦးစားပေးလေ့ရှိတယ်။
မျက်နှာမပျက်အောင် လည်းဂရုစိုက်ရတယ်။ ဘုန်းကြီးဘက်ရော လူတွေဘက်ရော
နှစ်ဘက်လုံးအဆင်ပြေအောင် ဂရုစိုက်ရတယ်။ ဘုန်းကြီးဘက်မှာ ဘာတွေရှိတယ်၊
ဘာတွေကူညီပေးနိုင်တယ် စတာတွေပြောပြလေ့ရှိတယ်။ လူတွေဘက်ကလည်း
လိုအပ်သလောက်တည်းခိုကြဖို့နဲ့ ကိုယ့်ကျောင်းလိုသဘောထားပြီး ကျောင်းမှာလိုအပ်တာ တွေရှိရင်
ကူညီကြဖို့ လှူဒါန်းကြဖို့ တတ်တွန်းလေ့ရှိတယ်။ အဲလိုကျောင်းမှာ
လူမျိုးပေါင်းစုံလာတည်းကြပြီး ဝင်လိုက်ထွက်လိုက်နဲ့ တစ်ခါတစ်လေ ဘယ်သူတွေလာသွာပြီး
ဘယ်သူတွေပြန်သွားပြီဆိုတာမျိုးတောင် မမှတ်မိတော့တာမျိုးတွေ အများအပြားတွေ့ရတယ်။
အဲဒီနှစ်ကျောင်းကို လာတည်းရင်
ဝိနည်းကျောင်းက လူနည်းပြီး ဘယ်သူတွေလာပြီး ဘယ်သူတွေထွက်သွားတာ ဆိုတာမျိုးတွေ
သိဖို့လွယ်တယ်။ စည်းကမ်းတွေလည်း လိုက်နာရသလို ဖြစ်သလိုနေတာမျိုးလည်း မရှိတဲ့အတွက်
ပစ္စည်းပျောက်တာတွေလည်း နည်းသလို သူခိုးတွေကလည်း နည်းတယ်လို့ ဆိုရမည်။
ကျောင်းတိုက်ကပစ္စည်းတွေကို အသုံးပြုကြတဲ့အခါမှာလည်း
ဂရုတစ်စိုက်သုံးဖို့ညွန်ကြားလေ့ရှိတယ်။ ဥပမာ- ပန်းကန်ကိုဘယ်မှာဆေးကြောမယ်၊
ဘယ်နေရာပြန်ထားရမယ်။ အိမ်သာရေးကို ဘယ်လိုသုံးမယ်၊ ဘယ်လိုပြန်သန့်ရှင်းရမယ်ဆိုတာကအစ
သတိပေးတယ်။ တစ်ကိုယ်ရည်သုံးပစ္စည်းကို ဘယ်လိုသိမ်းထားပြီး အများသုံးပစ္စည်းကို
ဘယ်လောက်ဘဲ သုံးရမယ်စသည်ဖြင့် သတိပေးလေ့ရှိတယ်။
လူမှုရေးကျောင်းမှာက
ကိုယ်အဆင်ပြေသလိုနေပြီး ကိုယ်စားတတ်သလိုစားပါ။ တစ်ခုခုဖြစ်ရင် ကိုယ့်ဟာကိုယ်
တာဝန်ယူ။ အိမ်ရာထနောက်ကျလို့ အပြစ်ပြောမယ့်သူမရှိသလို အိပ်ရာမသိမ်းလို့လည်း
သတိလာပေးမည့်သူလည်း မရှိပါဘူး။ ပိုက်ဆံရှိရင် ကြိုက်သလောက်ဝယ်စားနိုင်သလို
ညမိုးချုပ်ရုံတင်မကဘဲ မနက်မိုးလင်းမှ ကျောင်းပြန်ရောက်လည်း ဘယ်သူမှ
အပြစ်မတင်ပါဘူး။ သို့သော် လူပေါင်းစုံတော့ သူခိုးတွေပေါမယ်၊ မထင်ရင်မထင်သလို
ပစ္စည်းပျောက်တာတွေ ခဏခဏကြားရမယ်။ ကျောင်းကလိုအပ်ရင် မီတာခလည်း ကောက်ချင်ကောက်မယ်။
လူများလွန်းတော့ ဘုန်းကြီးလည်း ဘယ်တတ်နိုင်မလဲ။ ဟိုဟာလုပ် ဒီဟာလုပ်ဆိုတာ
စည်းကမ်းတွေမရှိတော့ တံမျက်စည်းလှည်းတဲ့သူတွေ ရှိချင်မှရှိမယ်၊ အိမ်သာလည်းသန့်ချင်မှသန့်မယ်။
အသန့်ကြိုက်တဲ့သူနဲ့
စည်းကမ်းကြိုက်တဲ့သူတွေက ဝိနည်းကျောင်းမှာ တည်းရတာစိတ်ချမ်းသာပြီး လွတ်လွတ်လပ်လပ်
နေထိုင်ရ သွားလာရတာကြိုက်တဲ့သူတွေက လူမှုရေးကျောင်းမှာကြိုက်ကြမှာပါ။ ဝိနည်းကျောင်းမှာနေတဲ့သူတွေထဲက
ပိုက်ဆံကိုစိတ်ကြိုက်သုံးခဲ့တဲ့သူတွေနဲ့ ကိုယ်တိုင်လွတ်လပ်ခွင့်ဆိုတဲ့
စကားမျိုးပြောတတ်လေ့ရှိတဲ့သူတွေကလည်း ပြဿနာတွေရှိလာတတ်တယ်။
ကိုယ့်အိမ်မှာဘယ်လိုဘဲနေခဲ့နေခဲ့ ဒီမှာက ကျောင်းတိုက်ပိုင်ပစ္စည်းဖြစ်သည့်အတွက်
မကုန်နိုင်တဲ့ထမင်းကို အများကြီးယူတာတို့ မလိုအပ်ဘဲ
ရေဖွင့်ထားတာတို့မလုပ်နဲ့လို့ပြောလေ့ရှိတယ်။ ဥပမာ-ခေါင်းရိပ်ဖို့
ခေါင်းရိပ်ဓာတ်ပါးလာတောင်းရင် တစ်ခုလုံးမပေးဘဲ
တစ်ခြမ်းချိုးပြီးပေးလိုက်တာမျိုးဆိုရင် လူတွေသာမကဘူး၊ ခဏလာဝတ်တဲ့ဒုလ္လဘ တွေတောင်
ဒီလောက်တောင်ကပ်စည်းနည်းရသလားလို့ ပြောတတ်လေ့ရှိတယ်။ တို့ကဧည့်သည်တွေ
ဒီကျောင်းကကလေးတွေမဟုတ်ဘူးလို့ လည်း ပြောတတ်တယ်။ လူတိုင်းတော့ မဟုတ်ပါဘူး။
တချို့ကြတော့ အဲလိုနေရတာကိုကြိုက်တာ။ စောစောထရတာ၊ ဘုန်းကြီးဝေယျာဝါစ္စလုပ်ရတာကို
ကြိုက်တာ။
လူမှုရေးကျောင်းမှာနေတဲ့သူတွေထဲကဆိုရင်
သူများကိုဂရုစိုက်လွန်းသူနဲ့ ပိုက်ဆံလိုက်ချေးတတ်လွန်းတဲ့ သူတွေက
ပြဿနာတက်လေ့ရှိတယ်။ အိမ်သာက ငါဘဲဆေးနေရတာ ဟိုကောင်တွေက ဘာမှမလုပ်ဘူး။
အလိုက်မသိတဲ့သူတွေ ဘာညာ စသည်ပေါ့။ ညအိပ်ချိန်မှာ စကားအကျယ်ကြီးတွေပြောနေတာ၊
ဟောက်သံတွေကလည်း အကျယ်ကြီးဘဲ သူများတွေကို အားမနာဘူး။ ဘုန်းကြီးကို သွားတိုင်ဦးမှ။
ဟေ့ကောင် ဘယ်သွားမလဲ၊ ဆိုင်ရောက်လား၊ ငါ့ကို ဆပ်ပြာလေးတစ်တုံးလောက်ဝယ်ခဲ့ကွာ၊
ပြီးမှ မနေ့က ဆေးလိပ်ဖိုးနဲ့ ပေါင်းရှင်းလိုက်မယ်။ စျေးသွားရင် အဲလူမမြင်အောင်
ရှောင်နေရတာကလည်း တစ်ဒုက္ခ။ အဲဒါက လူတွေအချင်းချင်းကြားကဖြစ်တဲ့ပြဿနာ။
ဘုန်းကြီးနဲ့ကျတော့ သူများတွေလှူထားတဲ့ကျောင်းမှာနေပြီး ဘာလို့မီတာခတောင်းတာလဲ။
သူများလှူထာတဲ့ ဆန်တွေရှိတာဘဲ ဘာမှ အလကားချက်မပေးတာလဲ။ ကျောင်းကလည်း ညစ်ပတ်လိုက်တာ
ဘုန်းကြီးတွေ ဘာလုပ်ကြတာလဲ၊ အဲဒါတွေလည်း ရှိတယ်။ တစ်ချို့ကျတော့ ငါတို့တည်းတော့
ငါတို့ကျောင်းဘဲလေ၊ သန့်ရှင်းရေးလေးတော့ လုပ်ပေးရမှာပေါ့။ ဟိုဘက်အခန်းက
ကိုရင်လေးတစ်ပါးနေမကောင်းဘူးလို့ကြားတယ်။ ဆန်ပြုတ်လေး သွားကပ်ဦးမှ ဆိုတာမျိုးလည်း
ရှိတယ်။ ပြန်သွားရင်တောင် တပည့်တော်တို့ဆီ ရောက်အောင်လာခဲ့ပါဦးဘုရား
ဆိုတာမျိုးပေါ့။
အထက်ပါဖော်ပြချက်တွေက
ဘုန်းကြီးကျောင်းကို ဝိနည်းကျောင်းနဲ့ လူမှုရေးကျောင်း နှစ်မျိုးခွဲထားတာပေါ့။
နောက်တစ်မျိုးထပ်ခွဲကြည့်မယ်၊ အများနေဘုန်းကြီးကျောင်းနဲ့
အပြင်ဘုန်းကြီးကျောင်းလို့ နှစ်မျိုးထပ်ခွဲလို့ရတယ်။ အများနေဘုန်းကြီးကျောင်းက
ပရိသတ်အများအပြားနဲ့နေကြပြီး စည်းကမ်းနဲ့ နေ့စဉ်လည်ပတ်နေတဲ့ကျောင်းမျိုး။ အဲဒါတွေက
စာသင်တိုက်တို့၊ တရားစခန်းတို့ နဲ့ ဘကကျောင်းတို့။ အဲလိုကျောင်းမျိုးကို သွားတည်းရင်
သူတို့ရဲ့နေ့စဉ်လည်ပတ်နေတဲ့ စည်းကမ်းတွေ လုပ်ငန်းတွေကို မထိခိုက်အောင် သတိထားရမယ်။
အဲလိုနေရာမျိုးကို လူတွေအများကြီး သွားတည်းရင် အားနာရတယ်။ ကိုယ့်အတွက်တော့
တည်းရလို့ ကောင်းတာပေါ့။ ဒါပေမယ့် ဟိုများ လုပ်ငန်းတစ်ခုရပ်သွားရင် ဒါမှမဟုတ်
စည်းကမ်းတစ်ခုခုများ ပြောင်းလဲလိုက်ရရင် အထဲက သံဃာတွေ၊ ယောဂီတွေ၊ ကျောင်းသားတွေ
အများကြီး ကိုယ့်အတွက်နဲ့ တစ်ခုခု နောက်ကျသွားမယ်၊ ကြန့်ကြာသွားမယ်ဆိုတာမျိုးတွေရှိတတ်တယ်။
အကယ်၍ ရောက်သွားရင်တောင် သူတို့အနှောက်အယှက်မဖြစ်အောင်၊ ဖြစ်ရင်တောင် အနည်းဆုံးဖြစ်အောင်
သူတို့လိုအပ်တာလိုက်ကူတာတို့ လုပ်ဖို့ကောင်းတယ်။ အချိန်မီ စားသုံးရအောင်
မီးဖိုဆောင်မှာ သွားကူညီတာမျိုး၊ ရေခပ်တာ၊ ပစ္စည်းသယ်တာ စတဲ့နေရာတွေမှာ
ဝေယျာဝါစ္စဝင်ကူပေးနိုင်ရင် သူတို့လည်း အကူအညီရမယ်၊ ကိုယ့်အတွက်နဲ့
ကျောင်းတိုက်ကလည်း ဝန်မပိတော့ဘူး။ အိမ်မှာ အချိန်တန်ရင် ထစားရုံဘဲ ဆိုတဲ့
သူဌေးသားလို နေလာခဲ့တဲ့သူ ဆိုရင်တော့ အဲလိုနေရာမျိုး မရောက်ပါစေနဲ့
ဆုတောင်းရမှာပါ။
နောက်တစ်ခုက အပြင်ကျောင်းပေါ့။
စာသင်တိုက်လည်းမဟုတ်၊ တရားစခန်းလည်းမဟုတ်၊ ဘကကျောင်းလည်း မဟုတ်တဲ့နေရာတွေပေါ့။
အဲလိုနေရာမျိုးကြတော့ ဘုန်းကြီးလက်ခံသလောက်တည်းလို့ကောင်းပါတယ်။ အထူးသဖြင့် အခုလို
စစ်ဘေးရှောင်ကာလတွေမှာ တည်းလို့ကောင်းတာပေါ့။ တစ်ခုတော့ရှိတယ်။
လူစည်တဲ့နေရာတိုင်းမှာ ဗုံးလာကြဲတတ်တဲ့နေရာမှာတော့ ဘုန်းကြီးကျောင်းမှာလည်း
အများကြီး တည်းလို့ မကောင်းပါဘူး။ ဘုန်းကြီးကျောင်းပါ မီးလောက်သွားမှာမို့လို့ပါ။
ဒါဆိုဘယ်မှာတည်းရမလဲ လို့မေးရင် နေရာဒေသအလိုက် အခြေအနေက ကွဲပြားပါလိမ့်မည်။ တစ်ချို့နေရာမှာ
ဘုန်းကြီးကျောင်းမှာ အဆင်ပြေတယ်။ တစ်ချို့နေရာမှာ စေတီမှာလည်း အဆင်ပြေတယ်။ တစ်ချို့မှာတော့
အခြားရွာထဲမှာ။ တစ်ချို့နေရာမှာ ရွာအပြင်မှာ တဲထိုးပြီးနေကြတယ်။ အဲဒါရော
အဆင်ပြေသလားဆိုတော့လည်း မပြေပါဘူး။ အခြေအနေက အမျိုးမျိုးဖြစ်သွားနိုင်တယ်။
အခုစာရေးသူရဲ့ ရွာသားတွေကလည်း စစ်ဘေးရှောင်တဲ့ရွာအထိ ဘာအကြောင်းပြချက်မှ မပေးဘဲ
ဗုံးလာကြဲလို့ တစ်ရွာပြီးတစ်ရွာ ထပ်ပြီး ထွက်ပြေးနေရတာပါ။
ဒီဆောင်းပါးမှာပေါ့
ဘုန်းကြီးကျောင်းထဲက တည်းခိုရေးနဲ့ပတ်သက်တာလေးဘဲ ပြောချင်တာပါ။ ဒီလိုပြောတော့
အရေးထဲမှာ ဘုန်းကြီးတွေလည်း ဆရာလာလုပ်နေတယ်ပြောချင်တဲ့သူလည်း ရှိမှာပါ။
ဒီလိုကာလမှာ ဘာလုပ်တယ် ညာလုပ်တယ်ဆိုတာမျိုး လာမပြောနဲ့ လို့ ပြောနေတဲ့လူတွေလည်း
ရှိချင်ရှိမယ်။ လူတွေထဲမှာလည်း ဒီဆောင်းပါးအလို နှစ်မျိုးခွဲလို့ရတယ်။
ကျေးဇူတင်သင့်တယ်လို့ ထင်တဲ့လူနဲ့ ကျေးဇူးတင်စရာ မလိုဘူးလို့ထင်တဲ့သူ။
ကျေးဇူးတင်တဲ့လူတွေကတော့ ဘယ်နေရာရောက်ရောက် ကျေးဇူးတင်မစကားမပြောရရင်
တာဝန်မကျေဘူးလို့ ခံယူနေရတဲ့ လူယဉ်ကျေးတွေလည်းရှိတယ်။ တို့အကူအညီလိုနေတဲ့အချိန်မှာ
တည်းခိုခွင့်ပေးတဲ့ ဘုန်းကြီးတွေကိုလည်း ကျေးဇူးတင်တယ်။
လမ်းညွန်ပေးတဲ့လူကြီးတွေကိုလည်း ကျေးဇူးတင်တယ်။ အစားအသောက်လာပေးတဲ့
ဟိုအဖွဲ့ကိုလည်း ကျေးဇူးတင်တယ်။ ကိစ္စပြီးလို့ ပြန်သွားရင်တောင်
ကျေးဇူးတင်သင့်တဲ့လူတွေကို တကူတက ကျေးဇူးတင်ကြောင်းသွားပြောပြီးမှ
ပြန်သွားလေ့ရှိတယ်။ အဲဒီလူတွေဆိုရင် အခြားလူတွေနဲ့ အဆင်ပြေအောင် နေလေ့ရှိတယ်။
အလိုက်တသိရှိတယ်။ စည်းကမ်းထုတ်ထားရင်တောင် လိုက်နာဖို့ကျိုးစားကြတယ်။ အဲလိုလူနဲ့
တွေ့ရင် တို့တော့ မိတ်ဆွေတွေတိုးပြီဟေ့လို့ ကြုံးဝါးပေတော့။
ကျေးဇူးတင်စရာမလိုဘူးဆိုတဲ့လူလည်း
သက်သက်ရှိတယ်၊ မယုံမရှိနဲ့။ ဘုန်းကြီးကျောင်းဆိုတာ ပြည်သူတွေရဲ့ ပိုက်ဆံနဲ့
လုပ်ထားတာ၊ ပြည်သူတွေမနေတော့ ဘယ်သူနေမလဲ။ လက်မခံရင် နောက်တစ်ခါ လှူစရာမလိုဘူး။
အစားအသောက်လာပံ့ပိုးတဲ့သူတွေကလည်း သူတို့လစာရတယ်၊ အဲဒါမှမလုပ်ရင် လစာဘယ်သွားယူမလဲ။
တစ်ခါတစ်လေ သူတို့ရှိလို့သာ သူများတွေက အလုပ်လုပ်လို့ရတာ ပြောတာမျိုး၊ သူ့ကို
အားလုံးက ကျေးဇူးတင်ဖို့ တာဝန်ရှိတာပေါ့နော်။ (တမင်အပြစ်ပြောတယ်မထင်နဲ့။ အစားအသောက်လာဝေတဲ့အဖွဲ့ကို
ကူညီပေးတဲ့ ဒေသခံအဖွဲ့တစ်ဖွဲ့က ပြောပြတာတစ်ခု မျှဝေပေးမယ်။ ပရဟိတလုပ်နေတဲ့ ညီမလေးတစ်ယောက်က
ပြောပြတယ်။ တစ်နေ့ ဟိုဘက်ရွာကို ပစ္စည်းသွားသယ်တော့ လမ်းမှာ လက်နက်ကိုင် အဖွဲ့က
သူ့ကို ဒလံ ဆိုပြီးသတင်းရလို့ လာဖမ်းကြတယ်။ သူ့ကိုစစ်ဆေးတော့ သက်သေမယ်မယ်ရရ
မတွေ့လို့ အသတ်မခံရဘဲ ပြန်လွတ်လာတာတယ်။ နောက်မှဘယ်သူဘယ်ဝါတိုင်သလဲ ဆိုတာသိရတယ်တဲ့။
သူတို့အစားအသောက်သွားဝေတဲ့နေရာက ပစ္စည်းမလောက်လို့ တစ်ခါလည်းမရ၊ နှစ်ခါလည်းမရ
ဖြစ်နေတော့ အငြိုးခံလိုက်ရတာလို့ ဆိုတယ်။ ) ဒါကတော့ ဘုန်းကြီးကျောင်းနဲ့တော့
မဆိုင်ပါဘူး။ ကျေးဇူးတင်စရာမလိုဘူးလို့ ထင်တဲ့သူတွေလည်း ရှိတယ်လို့ ဆိုလိုတာပါ။
တစ်ခုတော့ရှိတယ်၊ သူတို့မတည်းရရင်တော့ ကျောင်းခံက နာမည်ကြီးမှာ မပူနဲ့။ အဲကျောင်းက
ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုတာမျိုး။ လိုင်းပေါ်မှာလည်း တင်မှာ၊ နာမည်မဖော်ရုံတမယ်ဘဲ၊
အကောင့်အတုနဲ့တင်ပြီး ရှဲမှာ။ အဲဒီကြားထဲ ကျောင်းဘုန်းကြီးက ချဲသွားမထိုးမိစေနဲ့၊
ဟိုလူဒီလူနဲ့ ဘာဘာညာညာ မဖြစ်မိလေနဲ့။ လိုင်းပေါ်မှာ မင်းသားဖြစ်သွာမယ်မှတ်။ အဲဒီလို
လူတွေဆိုရင် လူတွေအလေးအမြတ်ထားတဲ့နေရာတို့၊ စေတီတို့ သိမ်ကျောင်းတို့ဆိုလည်း
မရှောင်ဘူး၊ သူ့ဘောင်းဘီတို လှန်းချင်လည်း လှန်းတယ်။ သောက်ရေခွက်လည်း သောက်ပြီး
ထားချင်တဲ့နေရာထားတယ်။ အဲလိုမျိုး အသေးအဖွဲကိစ္စတွေမလို့ မပြောကောင်းလို့သာ
မပြောဖြစ်တာ။ အတူတူနေရတာ အောင့်သက်သက်ကြီးရယ်။ သူသွားချင်တဲ့အချိန်ထသွားတာ၊
ဘယ်သူကိုမှ အကြောင်းမကြားဘူး။ ကျောင်းက ပစ္စည်းအတိုအထွာတွေ ခပ်တည်တည်နဲ့ ယူမသွားရင်
ကျောင်းက ကံကောင်းတယ်လို့ ပြောရမယ်။
စာကရှည်သွားပြီ နှစ်ဘက်လုံး
သူ့ဘက်ကိုယ့်ဘက် အပြန်အလှန် နားလည်မှုရှိရင်တော့ ဒီလိုကိစ္စတွေက
ပြဿနာကြီးကြီးမားမားဖြစ်မလာပါဘူး။ အပြန်အလှန် အငြိုးအတေးနဲ့ ရန်ဖြစ်နေရတာက
ဒီလိုအသေးအမွှားကိစ္စက ဖြစ်လာတာပါ။ ဘုန်းကြီးကျောင်းက လူမှုရေးပြဿနာတွေကလည်း
လိုအပ်တာထက် ချဲ့ကားနေတာတွေ လိုင်းပေါ်မှာ တွေ့ရတယ်။ ဒီစာကိုဖတ်ပြီး
အပြန်အလှန်နားလည်နိုင်ပါစေလို့ ဆုတောင်းပါတယ်။ ခေတ်ကောင်းမှ မျက်နှာပန်းလှလှလေးတွေနဲ့
ပြန်တွေ့ကြတာပေါ့။
အရှင်နန္ဒိယ (ဖယ်ခုံ)
08.08.2024
8:00PM
No comments:
Post a Comment