သီဟိုရ်ကျွန်းမှာ ဘွဲ့လွန်ကျောင်းသားများအတွက် ပညာရေးစာတမ်းခေါ်စာတွေအများအပြားထွက်လာသလို စာတမ်းရေးကြတဲ့ကျောင်းသားတွေလည်း အများအပြားရှိပါသည်။ ထိုအထဲတွင် အချို့တက္ကသိုလ်တွေဆိုလျှင် ပညာရေးစောင်းပါးနှစ်ပုဒ်ရေးပြီးမှ ဘွဲ့တင်ကျမ်းစာတွေလက်ခံမယ်ဆိုတဲ့ ပြဌာန်းချက်မျိုးတွေတောင် ရှိလာပါသည်။ စာတမ်းမရေးတဲ့ကျောင်းသားများလည်း များစွာရှိသလို စာတမ်းကိုအလုအယပ်ရေးနေကြတဲ့ ကျောင်းသားတွေလည်း အများအပြားရှိပါသည်။ ဒီစာလေးက သီဟိုရ်ကျွန်းက ပညာရေးစာတမ်းဖတ်ပွဲ အတွေ့အကြုံကို မျှဝေတဲ့ စာလေးဘဲ ဖြစ်ပါသည်။
ဘွဲ့လွန်ကျောင်းသားများနဲ့
သုတေသီများအတွက်
အထူသဖြင့်
ဘွဲ့လွန်ကျောင်းသားများအတွက် အခွင့်အရေးတွေများစွာရှိပါတယ်။ နိုင်ငံရဲ့ထပ်တန်း စာရင်းဝင်
တက္ကသိုလ် တိုင်းလိုလို အကယ်ဒမစ်ဂျာနယ်တွေနှစ်တိုင်းထုတ်ပါတယ်။
အဲဒီဂျာနယ်တွေကတစ်ဆင့် ပညာရေးဆောင်းပါး အတွက် ကျောင်းသားတွေကို နှစ်တိုင်းခေါ်စာတွေပို့ပါတယ်။
ကြော်ငြာစာလည်း ထုတ်ပါတယ်။ ဌာနအလိုက်ထုတ်တဲ့မဂ္ဂဇင်းတွေရှိပါတယ်။ ဥပမာ-
စာရေးသူတက်တဲ့ ကေလနိယတက္ကသိုလ်ဆိုရင် စာရေးသူက ဗုဒ္ဓဘာသာဌာနက
ကျောင်းသားဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာဆောင်းပါးထုတ်တဲ့မဂ္ဂဇင်းအပါအဝင် ဘွဲ့လွန်ဌာနက
ခေါ်တဲ့ဆောင်းပါး၊ ဝိဇ္ဇာဌာနက ထုတ်တဲ့မဂ္ဂဇင်း၊
လူမှုရေးသိပ္ပံဌာနကထုတ်တဲ့မဂ္ဂဇင်း၊ အယုဝေဓဆေးပညာဌာနကထုတ်တဲ့မဂ္ဂဇင်း၊
ရှေးဟောင်းသုတေသန ဌာနက ထုတ်တဲ့မဂ္ဂဇင်းစတဲ့ ဆက်စပ်တဲ့ ဌာနက
ထုတ်တဲ့မဂ္ဂဇင်းတွေကလည်း ခေါ်စာတွေပို့ပါတယ်။ တစ်ချို့မဂ္ဂဇင်းက တစ်နှစ်တစ်ခါ၊
တစ်ချို့က တစ်နှစ်နှစ်ခါ ထုတ်ပါတယ်။ သုတေသနစာတမ်း အသေးစားရေးချင်တဲ့ကျောင်းသားတွေအတွက်
အခွင့်အရေးတွေများစွာရှိပါတယ်။ ကိုယ်တက်နေတဲ့တက္ကသိုလ် အပြင် အခြားတက္ကသိုလ်က
ခေါ်တဲ့ဆောင်းပါးတွေကိုလည်း ရေးလို့ရတယ်။ ကိုယ့်ကျောင်းသားနဲ့ကိုယ်ဆိုရင် မေးလ်
နဲ့ပို့လိုက်တယ်။ အခြားသူဖြစ်တဲ့ ပြည်တွင်းပြည်ပက စကော်လာတွေကိုတော့
ကြော်ငြာစာနဲ့ပို့ပါတယ်။ တက္ကသိုလ်တိုင်းမှာ အွန်လိုင်းပေ့ဂျ်
ဝက်ဆိုက်တွေဆိုရှိတယ်။ တက္ကသိုလ်အွန်လိုင်းပေ့ဂျ်မှာလည်း ကြော်ငြာထားပါတယ်။
ဘယ်တက္ကသိုလ်ဆောင်းပါးခေါ်စာမဆို တစ်ကမ္ဘာလုံးမှာရှိတဲ့ သုတေသီတွေကို ဖိတ်ခေါ်ပါတယ်။
သို့သော် သီးသန့်အခွင့်အရေးအနေနဲ့ ငွေသွင်းရတဲ့စာတမ်းတွေဆိုရင် သူတို့တက္ကသိုလ်က ကျောင်းသားနဲ့
သုတေသီတွေ ဆိုရင် အခကြေးလျှော့ကောက်တာမျိုးတော့ရှိတယ်။ ထို့အပြင် တက္ကသိုလ်ဌာနတစ်ခုခုက
တာဝန်ခံတာမျိုး မဟုတ်ဘဲ အပြင်ကဝါရင့် သုတေသီတွေပေါင်းပြီး ဘာသာရပ်အလိုက်၊
နယ်ပယ်အလိုက် ထုတ်တဲ့မဂ္ဂဇင်း တွေလည်း ရှိပါတယ်။ မေးလ်တစ်ခါလောက်ပေးထားရင် ခေါ်စာချိန်ရောက်တိုင်း
သူတို့လည်း မေးလ်ပို့ပါတယ်။ ဘွဲ့ရချင်တာတစ်ခုတည်းမဟုတ်ဘဲ သုတေသနနယ်ပယ်ထဲမှာ
ပျော်နေတယ်ဆိုရင် သုတေသီတွေအတွက် အခွင့်အရေးတွေ များစွာရှိပါတယ်။ စကားမစပ်၊
ငါတို့ခေတ်တော့လွန်ပြီ၊ နောက်လူတွေကိုဘဲ အားကိုးရမှာဘဲ ဆိုတဲ့စကားမျိုး
မပြောနဲ့တော့။ စတာပါ၊ စိတ်မခုနဲ့။
ကိုယ်ပို့မယ့်
မဂ္ဂဇင်းကို အရင်လေ့လာ
အမှားနည်းချင်ရင်တော့
အရင်လေ့လာပေါ့။ မဂ္ဂဇင်းတစ်ခုနဲ့တစ်ခုက ခေါ်စာတွေမတူပါဘူး။ စာလုံးရေ သတ်မှတ်ချက်လည်းမတူဘူး။
ကျမ်းကိုးကားနည်းစတိုင်လည်း မတူဘူး။ သူတို့တောင်းဆိုတဲ့ ကျမ်းဖွဲ့စည်းပုံ
လည်းမတူဘူး။ သူတို့သတ်မှတ်ထားတဲ့ရက်စွဲလည်းမတူဘူး။ နောက်တစ်ခုက တစ်ချို့စာတမ်းတွေမှာ
ငွေပါသွင်းရတယ်။ တစ်ချို့က ငွေသွင်းစရာမလိုဘူး။ ဒီနှစ်ထဲမှာစာရေးသူ
ပို့ထားတဲ့မဂ္ဂဇင်းလေးခုက ငွေသွင်းရတယ်။ တစ်ခုက ဒေါ်လာ ၃၀။ ကျန်တဲ့ သုံးခုက ဒေါ်လာ
၅၀ ဆီ။ နောက်ထပ် မဂ္ဂဇင်းနှစ်ခုကျတော့ အခမဲ့။ နောက်စာတမ်းဖတ်တဲ့နေ့မှာလည်း
သွားခလာခစရိတ်တွေက ရှိသေးတယ်။ ကိုယ်နေတဲ့နေရာနဲ့ ဝေးရင်ဝေးသလို ကုန်ကျစရိတ်တွေကွာမယ်။
ဥပမာ- နေတာ ကိုလံဘို၊ စာတမ်းက ကေလနိယ၊ ဂျေယတနပူရ၊ ဘိချု၊ ပေရာဒနိယ
တက္ကသိုလ်လေးခုကခေါ်တဲ့ဆောင်းပါးမှာ ကိုယ့်ဆောင်းပါးအရွေးခံရတယ်ဆိုရင် ဆောင်းပါးခ
ဒေါ်လာငါးဆယ်။ ကိုလံဘိုကနေ ပေရာဒနိယကို တစ်ရက်ကြိုသွား၊ စာတမ်းဖတ်ပြီး နောက်ရက်မှ
ပြန်လာမယ်ဆိုရင် လမ်းစရိတ်၊ နေစရိတ်ကကုန်မယ်။ တစ်ချို့တက္ကသိုလ်တွေကျတော့
တည်းဖို့နေရာပေးတယ်၊ တစ်ချို့က မပေးဘူး။ တက္ကသိုလ်တွေက မြို့ချင်းမတူတဲ့အတွက်
ပေးရတဲ့အချိန်တွေလည်း ကွာတယ်။
နောက်တစ်ခု ရွေးလို့ရတာက
အခကြေးသွင်းရတဲ့ မဂ္ဂဇင်းတွေမှာ Keynote
Speaker နဲ့
Guest of Honor တို့ကို ကြော်ငြာစာမှာပါ တစ်ခါတည်းဖော်ပြလေ့ရှိတယ်။ ကိုယ့်စာကို
ဆုံးဖြတ်မယ့်ပေးမယ့်သူရဲ့ အရည်အချင်း ကိုလည်း ခန့်မှန်းလို့ရတာပေါ့။ ကိုယ့်ကြိုက်နှစ်သက်တဲ့စကော်လာ
ဟုတ်၊ မဟုတ် တစ်ခါတည်းသိရတာပေါ့။ ကိုယ်ပေးဆပ်ထားတဲ့အချိန်နဲ့ တန်သလား၊ မတန်ဘူးလား
စဉ်းစားပြီးမှ ပို့ပေါ့။ စာတမ်းအကျဉ်းချုပ်ကိုဘဲ စာအုပ်နဲ့ပြန်ထုတ်ဝေပေးပြီး
စာတမ်းအပြည့်အစုံကို တော့ သူတို့အွန်လိုင်းပေ့ဂျ်မှာဘဲ ထုတ်ပြန်ပါတယ်။
စာတမ်းဖော်ပြမယ့်နေ့ရောက် ရင်တော့ စာတမ်းရှင်ကို မေးလ်ပို့ပြီး အကြောင်းကြားပါတယ်။
အဲဒီထဲက ကြုံခဲ့ရတဲ့ အခက်အခဲ
တစ်ခုကို ပြောရမယ်ဆိုရင် စာမူတစ်ခုမှာ ဇူလိုင်လ ၁၅ ရက်မှာ
စာတမ်းအပြည့်အစုံပို့ပါလို့ ပြောလို့ အဲဒီနေ့ပို့လိုက်တယ်။ ပြီးတော့
မေးလ်ပြန်လာတယ်။ ဘာပြောလဲဆိုတော့ တက္ကသိုလ်က သတ်မှတ်ထားတဲ့
စာတမ်းဖွဲ့စည်းပုံအတိုင်း ရေးရမယ်။ အဲဒီဖွဲ့စည်းပုံကို ဆွေးနွေးနေတာ
ဒီနေ့မှအတည်ပြုလို့ အတည်ပြုထားတဲ့မူအတိုင်း ပြန်ရေးပါဦး။ စာလုံးရေကလည်း
အနည်းဆုံးလေးထောင် မဟုတ်တော့ဘူး၊ အများဆုံး လေးထောင်လို့ သတ်မှတ်လိုက်ပြီ။ နောက်ထပ်
၁၅ ရက်အချိန်ပြန်ပေးမယ်။ ၁၅ ရက်အတွင်း မူအသစ်အတိုင်းပြန်ရေးပေးပါ လို့
ပြန်ပြောတယ်။ အဲလိုလည်း ရှိတယ်။ တစ်ခါတစ်လေကိုယ်မှားလို့ ကိုယ်ခံရတာမဟုတ်ဘဲ၊ သူတို့နောက်ကျလို့
ကိုယ်ပါနောက်ထပ်အချိန်ပြန်ပေးရတာမျိုး။ အခြားကိစ္စ ကြီးကြီးမားမား မရှိရင်
ကိစ္စမရှိပေမယ့် ကိစ္စရှိရင် ဒုက္ခရောက်ပြီ။ စာသင်သားမဟုတ်လား၊
အခြားရေးစရာတွေလည်းရှိသေးတာလေ။
သုတေသီတွေအတွက်
အကျိုးရလဒ်
ပညာရေးစာတမ်းတွေရေးတော့
စာမူခရသလားဆိုတော့၊ မရဘူး။ မရတဲ့အပြင် ငွေတောင်ကုန်သွားသေးတယ်။ ဆိုတော့
ဘာလို့ရေးကြသလဲ ဆိုတော့၊ ရေးချင်လို့ကို ရေးတာဆိုပါတော့။ ပထမတစ်ခု အကျိုးရလဒ်ကတော့
ကိုယ့်ရဲ့သုတေသနကို စကော်လာတွေရှေ့မှာ တင်ပြခွင့်ရသွားတယ်။
စကော်လာတွေအချင်းတွေ့ဆုံဖြစ်ပြီး ဘယ်သူက ဘယ်နယ်ပယ်က ဆိုတာမျိုးကို သိရတယ်။ စုပေါင်းပြီးလုပ်ရမယ့်အလုပ်တွေဆိုရင်
ဘယ်သူက ဘယ်နေရာမှာဆိုတာမျိုးကို နေရာပေးလို့ရတယ်။ နောက်ပြီးတော့
တက္ကသိုလ်နဲ့ပညာရေးနယ်ပယ်က အလုပ်တစ်ခုခုရှိရင် ဘယ်သူက ဘာတွေလုပ်ထားတယ်ဆိုတာကို
သိရတယ်။ စာတမ်းတွေက အွန်လိုင်းမှာရှိနေတဲ့အတွက် ဒီနယ်ပယ်မှာ
သူကဘယ်လောက်ထိလုပ်ထားတယ်၊ သူက ဘယ်လိုအမြင်ရှိတယ်။ သူဘယ်လောက်ထိမြင်နိုင်တယ်ဆိုတာကို
သူရေးထားတဲ့စာတမ်းကို ဖတ်ပြီး အကဲဖြတ်ကြတယ်။ သူကဘာဘွဲ့ရထားလို့ ဘယ်ရာထူးပေး
အဲလိုတွေမဟုတ်ဘူး။ သူက ဒီလိုစာတွေရေးထားတယ် ဘယ်လောက်အရည်အချင်းရှိတယ်၊
ဘယ်လိုနေရာမှာ သူဝင်လို့ရတယ်လို့ အကဲဖြတ်ပြီး နေရာပေးကြတာ။ ဘွဲ့ရထားရုံနဲ့တစ်ခုနဲ့တင်
စကော်လာလို့ မသတ်မှတ်ကြဘူး။ ဆိုတော့ သူတို့မှာ ကထိကဖြစ်လေလေ၊ စာပိုရေးလေလေ၊
အမြင်သစ်တွေ ပိုထုတ်ပြလေလေဘဲ။ အဲဒါကြောင့် ကိုယ့်နယ်ပယ်မှာ ဘယ်သူတွေဘာလုပ်နေသလဲ
သိချင်ရင် စာတမ်းပွဲကို လာခဲ့ပါ။
ဒါက ကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့
သီဟိုရ်ကျွန်းက ပညာရေးစာတမ်းဖတ်ပွဲ အကြောင်းဘဲ ဖြစ်ပါတယ်။ အချိန်ရရင်
ပညာရေးဆောင်းပါးလေး ရေးထားပါဦး။ တည်းဖြတ်ပြီးရင် ပညာရေးမဂ္ဂဇင်းတွေက
ဆောင်းပါးအသစ်ကို စောင့်နေပါတယ်။ အားလုံးကိုယ်ကျန်းမာ စိတ်ချမ်းသာရှိကြပါစေ။
အရှင်နန္ဒိယ (ဖယ်ခုံ)
03.10.2024
2:35:00PM
No comments:
Post a Comment