တက္ကသိုလ်ဆိုတဲ့နေရာက ပညာရေးနယ်မြေလို့ မြင်သလို နိုင်ငံရဲ့အနာဂတ်ခေါင်းဆောင်များ မွေးဖွားရာနယ်မြေလို့လည်း မြင်ကြလိမ့်မယ်ထင်ပါတယ်။ အဲဒါကြောင့် အဲဒီနေရာကို ရောက်လာဖို့အတွက် လူငယ်တွေရဲ့ အိပ်မက်တစ်ခုဖြစ်သလို ပညာရေးတက္ကသိုလ်မှာ ဘာတွေလုပ်ထားခဲ့တယ်ဆိုတဲ့ ခြေရာလက်ရာတွေ ချန်ထားဖို့အတွက် လူကြီးပိုင်းပညာရှင်တွေရဲ့ အိပ်မက်တစ်ခုလို့လည်း ဟုတ်ပါတယ်။ အဲဒီနေရာကိုရောက်ရင် သင်မြင်ရလိမ့်မယ်၊ everyone is a star in their field ဆိုတာမျိုး။ မြင်တွေ့ခဲ့ရတဲ့ တက္ကသိုလ်နယ်မြေက အကြောင်းတွေကို အနည်းငယ် ပြောပါချင်ပါတယ်။ ဒီစာလေးတွေ ဆုံးအောင် ဖတ်မယ်လို့ ဂတိပေးမှာမလား။
တက္ကသိုလ်ထဲ
တစ်ခုခုဖြစ်ရင်
တက္ကသိုလ်တွေမှာလည်း
လုပ်ငန်းစဉ်မပျက် လည်ပတ်နိုင်အောင်ကျိုးစားရတယ်။ ပညာရေးဝန်ထမ်းများ(Non-academic
staff) နှင့် သင်ကြားရေးတာဝန်ခံများ (Academic staff) အမြဲတမ်းညှိနှိုင်းပြီး အလုပ်လုပ်ကြရပါတယ်။
တစ်ဘက်ဘက်က ယိုင်သွားရင်လည်း ကျန်တဲ့တစ်ဘက်ကို ထိခိုက်လာတယ်။
တစ်ခုခုအရေးခင်းဖြစ်လို့ ပညာရေးဝန်ထမ်းများ ဆန္ဒပြပြီဆိုရင် ကျောင်းသားတွေကို
ကျောင်းလက်ခံတာ၊ စာသင်ခန်းအတွက် ပြင်ဆင်တာကအစ လုပ်ငန်းတွေ ရပ်ဆိုင်းသွားတာပဲ။ ဆရာတွေက
ဆန္ဒပြတယ်ဆိုရင် စာသင်ခန်းက ဟာလာဟင်းလင်းဖြစ်သွားပြီး ကျောင်းသားတွေအတန်းမရှိဘဲ သင်ကြားရေးတွေ
ခဏရပ်ဆိုင်းသွားတာပဲ။ ဆန္ဒပြတာကို အကြောင်းပြပြီး စာကြည့်တိုက်တွေပါ
ပိတ်ထားတဲ့နေ့တွေဆိုရင် ကျောင်းသားတွေ ကျောင်းဝင်းထဲ ဟိုတစ်စု ဒီတစ်စုနဲ့
ထိုင်နေရတာတွေ တွေ့ရလိမ့်မယ်။ ဒါမှမဟုတ် ကန်တင်းမှာ အချိန်အကြာကြီးထိုင်နေတာလည်း
ရှိမယ်။ ကျောင်းသားတွေဆန္ဒပြရင်လည်း တက္ကသိုလ်က ရုံးခန်းနဲ့ စာသင်ခန်းပါ
ရပ်ဆိုင်းထားရပါတယ်။ မြင်ဖူးသမျှထဲမှာတော့ ပညာရေးဝန်ထမ်းများနှင့်ဆရာများဆန္ဒပြရင်
လစာငွေနည်းပါးတာ၊ အခွန်တွေများပြားတာ၊ ဝန်းထမ်းတစ်ဦးဦးက အနှိပ်စက်ခံရတာနှင့်
နားချိန်လိုအပ်တာတွေ ပြလေ့ရှိပြီး ကျောင်းသားတွေဆန္ဒပြရင်တော့
ကျောင်းသားတစ်ယောက်ယောက်ကို လုံခြုံရေးက အတင်းအကြပ်ဖမ်းစီးတာ၊ ရိုက်နှက်တာ၊
ကျန်းမာရေးကိစ္စတစ်ခုခုဖြစ်ရင် အရေးပေါ်ကားတွေအချိန်မီရောက်မလာဘဲ ကျောင်းသားက
သေဆုံးသွားတာစတဲ့ ကိစ္စတွေများပါတယ်။
တက္ကသိုလ်ထဲမှာ အရေးခင်းတစ်ခုခုဖြစ်ရင် သို့မဟုတ် ဆန္ဒပြပွဲတစ်ခုခုဖြစ်ရင်တော့
ရုံးလုပ်ငန်းနဲ့ သင်ကြားရေးကဏ္ဍမှာ ခဏရပ်ဆိုင်းထားလေ့ရှိတယ်။ ဆန္ဒပြပွဲ
အကြီးအသေးမှာမူတည်ပြီး ရပ်ဆိုင်းပါတယ်။ ဥပမာ- သက်ဆိုင်ရာ ဌာနတစ်ခုခုမှာဘဲ
ရပ်ဆိုင်းတာတို့၊ တက္ကသိုလ်တစ်ခုလုံး ရပ်ဆိုင်းတာတို့စသည်ပေါ့။
ခေတ်ပေါ်ပညာရေးနှင့်
ငွေကြေးအခက်အခဲများ
မာစတာက ဘယ်လောက်ကုန်မယ်၊ ဘီအေ၊
ဘီအက်စ်စီဆိုရင်ဘယ်ရောက်ကျမယ်၊ ပီအတ်ဂျ်ဒီဆိုရင်တော့ ဘယ်လောက်ရှိမှရမယ်၊ ဒါက
ခေတ်ပေါ်ပညာရေးလမ်းကြောင်းထဲက တွက်ချက်ရတဲ့ ကုန်စျေးနှုန်းတွေဘဲ ဖြစ်ပါတယ်။ အဒီလောက်လိုအပ်တဲ့
အထောက်အပံ့တွေရမှဘဲ ကျောင်းတက်နိုင်ကြတာပါ။ ဆိုတော့
ကိုယ်တိုင်ငွေစိုက်ထုပ်နိုင်ရင် ကိုယ်ပိုင်ငွေနဲ့ကျောင်းတက်၊ မတတ်နိုင်ရင်
ထောက်ပံ့တဲ့သူရှိရင် ထောက်ပံ့ငွေနဲ့ တက်။ ထောက်ပံ့တဲ့သူမရှိရင် စကော်လားရှစ်ပ်
ရအောင်လျှော်၊ စကော်လားရှစ်ပ်ရဖို့ လိုအပ်တဲ့ စကေးလ်တွေ ဖြည့်။ တက်မယ့်တက္ကသိုလ်က
တောင်းဆိုထားတဲ့အရာတွေ အောင်လက်မှတ်တွေရအောင် သင်တန်းတွေတက်။ တစ်ချို့ကျတော့
ချောချောချူချူနဲ့ တက္ကသိုလ်ရောက်သွားကြပြီး တစ်ချို့ကျတော့
ခြေကုန်လက်ပန်းကျပြီးမှ တက္ကသိုလ်ရောက်သွားကြတယ်။ တစ်ချို့ကျတော့ ကြိုးမကလို့
ပလက်စတစ်တွေပါ စားတာတောင် ရောက်မလာနိုင်တဲ့သူတွေလည်းရှိတယ်။ အဲဒီကြားထဲ
ကိုယ့်ဟာကိုယ် ကံမကောင်းလို့ မရောက်တာပါလို့ ဖြေတွေးပြီးနေနေတာတောင် ဘေးက
အလိုက်မသိ အသုံးမကျလို့ မရောက်တာလို့ လာပြောတဲ့သူက ရှိသေးတာ။
ငွေကြေးက ကျောင်းသားတွေတင်မကဘူး၊
တက္ကသိုလ်တွေကိုယ်တိုင်မှာလည်း ရုန်းကန်နေရပါတယ်။ တက္ကသိုလ်ကို အဆက်မပျက်
လည်ပတ်နိုင်ဖို့ နောက်ခံအထောက်အပံ့အများကြီး အကြီးကြီးတွေ လိုအပ်ပါတယ်။ တစ်ခါတစ်လေ
စဉ်းစားမိတယ်။ တက္ကသိုလ်နဲ့ ကျောင်းသားတွေကြားမှာ ပရောဖက်ရှင်နယ်ဆန်နေရတဲ့
ပရောဂျက်တစ်ခုကို ရန်းနေရသလိုဘဲ။ တက္ကသိုလ်မှာ အရေအသွေးရှိကြောင်း ကျမ်းစာကောင်းကောင်းရေးနိုင်တဲ့ကျောင်းသားတွေကို
မွေးထုတ်ရပါတယ်။ တစ်ဘက်မှာလည်း တက္ကသိုလ်အရှိုန်အဝါကြီးတဲ့အကြောင်းကို ပြဖို့အတွက်
နာမည်ရတဲ့ဆရာတွေကိုလည်း ခေါ်ရပါတယ်။ ကျောင်းသားတွေ အရေအတွက်များအောင်လည်း
ကျိုးစားရပါတယ်။ အခုခေတ်မှာ စီးပွားရေးဆန်ဆန် ကမ်ပိန်းတွေလုပ်နေတာတွေ တွေ့ရမှာပါ။
စကော်လားရှစ်ပ် ထောက်ပံ့ပေးနိုင်တဲ့သူတွေကိုလည်း ရှာနေရပါတယ်။ ကြုံဖူးတဲ့
တက္ကသိုလ်တစ်ခုဆိုရင် မဟာယာနအဖွဲ့တစ်ဖွဲ့က ထောက်ပံ့ထားတော့ ကျမ်းစာရေးဖို့
အဆိုပြုလွှာသွားတင်တော့ မဟာယာနကျမ်းစာနဲ့ဆိုင်တဲ့ Chapter တစ်ခုလောက်တော့ ရေးရမယ်လို့ ဟိုက
ဆရာကိုယ်တိုင်က ပြောပါတယ်။ အဲဒါနဲ့ ကျမ်းစာနဲ့မဆိုင်တဲ့အကြောင်းကို အကြာကြီး
စကားတွေများခဲ့ရသေး တယ်။ အထောက်အပံ့က စီးပွားရေးမေဂျာတွေတင်ဘယ်ကမလဲ
ဘာသာရေးမေဂျာတွေမှာပါ စကားပြောတယ်။ တကယ်တော့ တက္ကသိုလ်ဘက်က အဘက်ဘက်ကြည့်ရတာ၊
ကျောင်းသားမျက်နှာ၊ ပညာရှင်မျက်နှာ၊ စီးပွားရေးသမားမျက်နှာ။ အဲဒီပြောမှာမူတည်ပြီး
ထွက်လာတဲ့ကျမ်းတွေကလည်း ကွာတာပေါ့။ တက္ကသိုလ်ကအားကိုးရတဲ့ကျမ်းစာ၊
မဖြစ်မနေအောင်ပေးရတဲ့ ကျမ်းစာ။ အဲဒါကြောင့်ဘဲ ထင်ပါတယ်၊ တက္ကသိုလ်က ကျမ်းစာတွေထက် အထင်ကရ
သြဇာရှိတဲ့ ပညာရေးဂျာနယ်က ဆောင်းပါးတွေကို ပိုဖတ်လာကြတာ။
တက္ကသိုလ်ဆိုတဲ့နေရာကိုရောက်ဖို့
ငွေကြေးက အဓိကစကားပြောနေရတယ်။ ငွေလမ်းခင်းပြီးလာရတယ် ဆိုပါဆို့။ စကားလုံးသုံးတာ
အဖျက်သဘောဆန်လွန်းတယ်နော်။ တကယ်လည်း ဟုတ်တယ်။ ခေတ်ပေါ်ပစ္စည်းတွေကိုပါ
အသုံးပြုနေရတဲ့ ယခုလိုခေတ်မျိုးဆိုရင် ပိုဆိုးတာပေါ့။ သို့သော်
ခေတ်ရေစီးကြောင်းကို ဘယ်လိုတွန်းလန်မလဲ။
ကျမ်းစာအတွက်
လိုအပ်ချက်။
ဘယ်အတန်းမှာ
ငွေကြေးဘယ်လောက်လိုတယ်ဆိုတာကို မပြောချင်ပေမယ့် တက္ကသိုလ်ရောက်ပြီးမှ မထင်မှတ်ဘဲ
ထပ်ကုန်ကြမယ့်အရာတွေရှိသေးတယ်ဆိုတာကိုလည်း ပြောချင်ပါတယ်။ အထူးသဖြင့်
ကျမ်းစာရေးတော့မယ်ဆိုရင်ပေါ့။ ကျမ်းစာကို ကိုယ်မရေးနိုင်လို့ သူများကို
ရေးခိုင်းတာ တစ်မျိုး။ အဲဒါကို မဆိုလိုပါ။ ကိုယ်တိုင်ရေးမယ့်ကျမ်းစာထဲက
ထပ်လိုအပ်တဲ့ Research Methodology အကူတွေကို ပြောချင်ပါတယ်။ ကျမ်းစာအတွက် အသုံးပြုမယ့်
နည်းလမ်းတွေကွဲရင်ကွဲသလို ကျမ်းစာရေးသားပုံတွေက မတူညီကြပါဘူး။ အခုခေတ်နောက်ပိုင်းမှာ
သုတေသနဧရိယာတွေများပြားလာတာနဲ့အမျှ သုတေသနပြုပုံ နည်းလမ်းတွေကိုလည်း
ကျယ်ပြန့်လာပါတယ်။ ကျောင်းမှာပေးတဲ့ သုတေသနသင်တန်းတွေကလည်း
ကျောင်းသားတွေအားလုံးအတွက် မကာမိတော့ပါဘူး။ ကျောင်းကပေးတဲ့သင်တန်းအများစုက
မသိမဖြစ် သိထားရမယ့် အခြေခံသဘောတရားတွေဘဲ ပေးကြတာများတယ်။ ဘာဖြစ်လို့လဲဆိုတော့
တစ်နှစ်ပြီးတစ်နှစ် ကျောင်းသားအသစ်တွေထပ်ရောက်လာတာမို့လို့၊
ပေးနေတဲ့ပုံစံအတိုင်းပေးကြတာများတယ်။ တစ်ချို့ကျောင်းသားတွေဆို
နှစ်နှစ်သုံးနှစ်လောက်လိုက်တက်တော့ အဲဒီဆရာပေးတဲ့ ပါဝါပွိုင့်ဆလိုက် တွေကအစ
ရပြီးသား အဟောင်းကြီးကို နှစ်ခါသုံးခါ ပြန်ယူနေရတယ်။ ကျောင်းကပေးတဲ့ Research
Methodology ပို့ချချက်တွေထဲမှာ ကိုယ့်ကျမ်းစာအတွက်လုံလောက်တယ်ဆိုရင် ကိစ္စမရှိပေမယ့်
မလုံလောက်ရင် ကျောင်းသားတွေကိုယ်တိုင် ထပ်လေ့လာရတယ်။ အချိန်လည်း ထပ်ပေးရတယ်။
Research
Methodology တွေပေးတဲ့နေရာမှာ သူ့ ဌာန နဲ့ သူ့မေဂျာနဲ့ အသင့်တော်ဆုံးဖြစ်တဲ့ သင်ခန်းစာ တွေ၊
ပိုချချက်တွေကိုဘဲ ပေးလေ့ရှိပါတယ်။ သူတို့ဌာနအတွက် လုပ်နေကြဖြစ်တဲ့
သုတေသနပုံစံအတိုင်း သင်ကြားပေးကြတာများပါတယ်။ အချိန်ထပ်မကုန်ချင်ရင် အဲဒီဌာနက
လမ်းကြောင်းအတိုင်းသွားလိုက် မေးမြန်းရတာလည်းလွယ်တယ်။ လမ်းကြောင်းတွေကလည်း
ရိုးရှင်းတယ်။ ကျမ်းလည်း မြန်မြန်ပြီးမယ်။ Research Methodology အတွက် အချိန်လည်း
ထပ်မကုန်တော့ဘူး၊ ငွေလည်း ထပ်မကုန်တော့ဘူး။ ဥပမာ- ဗုဒ္ဓဘာသာဌာနက လုပ်နေတဲ့အများစု
သုတေသနက ကျမ်းစာတွေကို စိစစ်တာ၊ ဘာသာပြန်တာ၊ အခြားဘာသာရဲ့အယူအဆတွေနဲ့
နှိုင်းယှဉ်လေ့လာတာ၊ ခေတ်ပေါ်လူမှုရေးအတွေးအခေါ်တွေနဲ့ နှိုင်းယှဉ်လေ့လာတာ၊
ရှေးဟောင်းယဉ်ကျေးမှုနဲ့ လူမှုရေးအကြောင်းကို စိစစ်တာ၊ တရားထိုင်ခြင်းအကြောင်းနဲ့
ဘာသာရေးအယူအဆကို ချပြတာ စတာတွေလုပ်တယ်ပေါ့။ ဒါကို အများစုက
စာကြည့်တိုက်ထဲထိုင်ပြီး ရေးရတဲ့ကျမ်းလို့ခေါ်ကြတယ်။
သို့သော် ဒီနောက်ပိုင်းမှာက
ကွင်းဆင်းတဲ့အလုပ်ကိုလည်း အများအပြားလုပ်လာကြတယ်။ ဥပမာ- ဗုဒ္ဓဘာသာပညာရေးအကြောင်း၊
စိတ်ပညာအကြောင်းနဲ့ အခြားသဘာဝပတ်ဝန်းကျင်နဲ့ဆက်စပ်တဲ့ ကျမ်းတွေမှာ အင်တာဗျူးတို့
ဆာဘေးတို့ ပါလာကြတယ်။ ဗုဒ္ဓဘာသာဌာနတွေအများစုက ဆာဘေးနဲ့ အရေအတွက်ဦးစားပေး နည်းလမ်းများကို
သိပ်မသုံးဖြစ်တဲ့အတွက် ကျောင်းကပေးတဲ့ Research Methodology ပို့ချချက်ထဲမှာ မပါတာများတယ်။ အဲလိုကျောင်းက
ဦးစားပေးသင်ကြားမထားတဲ့ဧရိယာတွေမှာ ကျမ်းရေးဖို့ စကုတ် ယူထားတဲ့
ကျောင်းသားတွေမရှိဘူးလား၊ ရှိတယ်။ အဲဒီအတွက် ကျောင်းသားက ကိုယ့်ဟာကိုယ်ရှုန်းရတယ်။
ဥပမာ တစ်ခုပြောရရင် စာရေးသူ ကျမ်းတစ်ခုမှာ အင်တာဗျူးကို
မှီနေတဲ့ကျမ်းတစ်ခုရေးခဲ့ဖူးတယ်။ ကျမ်းနာမည်က သက်တော်ကြီ
မြန်မာရဟန်းတော်များအကြားတွင် အထီးကျန်ခြင်းကို ရှာဖွေလေ့လာခြင်း။ အဲဒီကျမ်းအတွက် သက်တော်ကြီးမြန်မာရဟန်းတော်များကို
အင်တာဗျူးရတယ်။ အဲဒီအင်တာဗျူးကနေ ကျမ်းစာကို အဖြေထုတ်ရမှာ။ ကျမ်းစာက အရေအသွေးစစ်
ကျမ်းစာ။ အဲဒီကျမ်းစာအတွက် Research Methodology အမျိုးအစားထဲက စာရေးသူမသိသေးတဲ့
Qualitative Coding ကို လေ့လာရမယ်။ အဲဒီအကြောင်းကို ကျောင်းကပေးတဲ့ Research
Methodology ပို့ချချက်ထဲမှာလည်းမပါဘူး။ ဖြစ်ချင်တော့ အဲဒီနည်းလမ်းကို စူပါဗိုက်ဆာကအစ
မသိဘူး။ အနီးနေ အတန်းဖော်နဲ့ သီတင်းသုံးဖော်တွေလည်း မသိဘူးလို့ဘဲ ပြောကြတယ်။
ဆိုတော့ စာရေးသူကိုယ်တိုင်ဘဲ လိုင်းပေါ်တက်လိုက် ဟိုအဝေးရောက်နေတဲ့သူကို
မေးလိုက်လုပ်ပြီး သီးသန့်အချိန်ယူပြီးထပ်လေ့လာရတယ်။
နောက်တစ်ခုက ကိုယ်ရွေးတဲ့
စူပါဗိုက်ဆာရဲ့ field သိဖို့လိုတယ်။ အဲဒါကလည်း ပြောတာလွယ်သလောက် လက်တွေ့မှာ
မလွယ်ဘူး။ ကျောင်းကပေးတဲ့စူပါဗိုက်ဆာစာရင်းတွေထဲက ကိုယ့်ကျမ်းစာဧရိယာနဲ့ အဆင်ပြေတယ်ဆိုရင်
ကိစ္စမရှိဘူး။ ကျောင်းထဲမရရင် ဘာလုပ်ရမလဲဆိုတော့ အပြင်က ခေါ်ချင်ခေါ်။ အပြင်ကခေါ်ရင်
ကျောင်းကလက်ခံလေ့ရှိပေမယ့် ကျောင်းကလခမပေးနိုင်တာလည်းရှိတယ်။ အဲဒီလိုဆိုရင်
ပိုက်ဆံကစကားပြောပြန်တယ်။ ကျောင်းကပေးတဲ့ စူပါဗိုက်ဆာစာရင်းတွေထဲကဘဲ
အဆင်ပြေမယ်ထင်တဲ့သူဘဲ ရွေးကြတာများတယ်။ စာရေးသူလည်းကြုံဖူးတယ်၊ ရေးထားတဲ့စာကို
စိစစ်ဖို့ပေးလိုက်တော့ သူဧရိယာမဟုတ်တဲ့အတွက် Research Methodology နဲ့ Data တွေကို မစစ်ဘဲ Grammar တွေကိုဘဲ စစ်ပြီး
ပြန်ပေးတာ ကြုံခဲ့ဖူးတယ်။ ကျမ်းစာကောင်းတစ်ခုလိုချင်ရင်တော့ အဲဒါကို
သတိထားရပါလိမ့်မယ်။
ကိုယ့်ကျမ်းစာကို စိစစ်ပေးဖို့ သို့မဟုတ်
လိုအပ်တဲ့ ကွင်းဆင်းစတဲ့အကူအညီတွေ ပေးဖို့ အပြင်ကလူခေါ်ရင် ဒေါ်လာဘယ်လောက်
ဘာညာဆိုတာတွေလည်း ရှိတယ်။ ပိုက်ဆံယူထားတာဖြစ်တဲ့အတွက် သူတို့ကတော့
ပရောဖက်ရှင်နယ်ပီသအောင် လုပ်ပေးပါတယ်။ ကျမ်းပြီးတဲ့အထိ ကူညီတယ်။ တစ်ခုတော့ ရှိတယ်၊
သတိထားပေါ့၊ လိုအပ်တာတွေ အကုန်လုပ်ပေးနေရင် ကိုယ်ကျမ်းကကိုယ်ရေးတာမဟုတ်ဘဲ
သူများကို ပိုက်ဆံပေးပြီး ရေးခိုင်းသလို ဖြစ်သွားတတ်တယ်။ ဘွဲ့ရပြီး ဘာမှမလုပ်တတ်
ဖြစ်သွားမယ်နော်။ အထူးသဖြင့် အရေအတွက်ဦးစားပေးတဲ့ကျမ်းစာဆိုရင်
ကွင်းဆင်းပြီးကုန်ကျမယ့် စားရိတ်နဲ့ ဧည့်ခံကျွေးမွေးရမယ့် စားရိတ်ပါ ကုန်ကျနိုင်မယ်ထင်တယ်။
သုတေသနကျောင်းသားအချင်းချင်း အရေအတွက်ဦးစားပေး နဲ့ အရည်အသွေးဦးစားပေးသမားတွေ
အင်တာဗျူးမှာ စကားများကြတာကိုလည်း တွေ့ဖူးတယ်။ အချိန်မကုန်သင့်တာ မကုန်အောင်
လူမရွေးခင် အရင်လေ့လာထားတာပိုကောင်းတယ်။
စာလည်းရှည်ပြီ။
ပိုက်ဆံအကြောင်းပြောနေတဲ့အတွက် လက်တွေလည်း နည်းနည်းခါးလာပြီ။ အဆုံးထိ
ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မနေ့ညက ဒီပဲယင်းဘုန်းကြီး
ဦးဉာဏိကနဲ့ဖုန်းပြောပြီး အတွေးရလို့ ဒီစာကို ရေးဖြစ်တာပဲ။ ဆရာတော်ဘုရား
ကျန်းမာပါစေဘုရား။ မြန်မာပြီ အမြန်ငြိမ်းချမ်းပါစေ။
အရှင်နန္ဒိယ (ဖယ်ခုံ)
31.08.2024
6:50 PM
No comments:
Post a Comment