Friday, March 20, 2020
စိတ်စေစားရာ (သို့မဟုတ်) သာသနာတော်ထဲကခြေဦးတည့်ရာလမ်းလျှောက်နေသောသူများ
Unicode
စိတ်စေစားရာ
(သို့မဟုတ်)
သာသနာတော်ထဲကခြေဦးတည့်ရာလမ်းလျှောက်နေသောသူများ
ဘယ်သွားမလဲ လို့မေးရင် ဖြေစရာက မရှိ။
ဘာလုပ်ချင်လည်း မေးရင်လည်း စိတ်ကူးသက်သက်ဖြစ်တဲ့အရာတွေကို မပြောရဲတော့ပြီ။
ဘာဝါသနာပါသလဲ မေးလိုက်ရင် စိတ်မပါတဲ့အဖြေတွေဘဲပြောရမှာမို့ မပြောချင်။
ဒါတွေကို မြန်မာနိုင်ငံက ရဟန်းပျိုတွေကြားမှာ အများစု ရင်ဆိုင်နေရတဲ့ ဖြစ်ရပ်တစ်ခု။ ဝတ္ထုထဲကလည်း မဟုတ်၊ ရုပ်ရှင်ထဲကလည်း မဟုတ်၊ လက်တွေ့အပြင်လောက ရဟန်းဘဝမှာ ရင်ဆိုင်နေရသည့် လောကဓမ္မ။ စိတ်လေနေသည့် သာသနာ့ဆင်ခြေဖုံးက ခြေလှမ်းတွေအကြောင်းကို အနည်းငယ် ပြောပြချင်ပါတယ်။  အားလုံးဝိုင်းစဉ်းစားပေးလို့ရအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပါ။
အထူးသဖြင့် အသက်၂၅ နှစ်အထက်နဲ့ အသက် ၃၆ အောက် မြန်မာရဟန်းပျိုတွေရဲ့  ဘဝဖြစ်တည်မှု တွေက စိတ်လေစရာ၊ အထီးကျန်စရာ၊ တွေဝေစရာကောင်းသလို ဘဝအချိုးအကွေ့တစ်ခုအတွက် အရေးပါတဲ့ကာလတစ်ခုလို့လည်း ပြောလို့ရပါတယ်။ အဲဒီအရွယ်က ရဟန်းတွေက ဘာလုပ်မလဲ၊ ဘယ်သွားမလဲ စတဲ့မေးခွန်းတွေကို ခက်ခက်ခဲခဲရင်ဆိုင်နေရတဲ့ ကာလလို့ ပြောရင်လည်း မှားမယ်မထင်။ ပြန်မဖြေချင်သည့်မေးခွန်းတွေက သိပ်များနေပြီ။ မဖြေလို့ကလည်း မရ။ တစ်ခုခုတော့ ပြောမှရမည်။ နေရေးအတွက်၊ ရှင်သန်ရေးအတွက် တစ်ဦးတည်းနေလို့ကလည်း မဖြစ်သေးဘူးလေ။ တစ်ခုခုကိုတော့ အပီအပြင် ရွေးချယ်လိုက်ချင်ပြီ။ ရွေးချယ်စရာကလည်း များနေလို့ မရွေးနိုင်စရာတွေ ဖြစ်လာပြီ။ သေချာတဲ့တစ်ခုခုကို ရွေးဖို့ဆိုတော့လည်း သေချာတဲ့အရာက မရြှိပန်၊ မရွေးချယ်လို့က လည်း မရ၊ ရွေးချယ်လိုက်ရပြန်ပြီ။ ရွေးချယ်သည့်လမ်းကို လျှောက်ပြန်တော့လည်း စမ်းတဝါးဝါးနဲ့။ ဒီလိုနဲ့ပဲ အဆင်ပြေသည်ထင်သည့်အလုပ်တစ်ခုခုကို လုပ်ရင်း ပျော်စရာအရာလေးတစ်ခုခု မကြာခင် ရောက်လာတော့မှာလိုလို၊ မထင်မှတ်သည့် ရွှေရောင်အနာဂတ်လေးတစ်ခု ပိုင်ဆိုင်ရတော့မှာလိုလို အိပ်မက်ဆန်ဆန် မျှော်လင့်ချက်တွေ ပေးနေသည့်သူကလည်း ရှိနေတယ်၊ မျှော်လင့် စောင့်စားနေသည့်သူကလည်း ရှိနေတယ်။
၂၀၁၉ - ခုနှစ်မှာ မြန်မာရဟန်းအိုတွေရဲ့ အထီးကျန်ခြင်းဝေဒနာကို လေ့လာရင်းနဲ့ ဒေါ်တင်တင်စန်း၊ ဒေါ်မီမီ နဲ့ မနိုင်နိုင်ဆွေ စတဲ့ ဘုန်းကြီးတွေနဲ့ နီးစပ်တဲ့ အမျိုးသမီးတစ်ချို့တွေကိုလည်း ဆွေးနွေးမေးမြန်းခဲ့ရပါတယ်။ အဲဒီထဲက သတိထားမိတာတစ်ခုကတော့ သူတို့တွေဘာပြောကြလဲ ဆိုရင် မြန်မာရဟန်းတွေထဲမှာ ရဟန်းအိုတွေထက် ရဟန်းပျိုတွေက ပိုပြီးအထီးကျန်တယ်၊ စိတ်လည်းပိုလေတယ်။ ဟိုဟာလုပ်ရမလိုလို၊ ဒီဟာလုပ်ရမလိုလိုနဲ့ တွေဝေနေကြတာပိုများတယ်တဲ့။ ရဟန်းအိုတွေက သူ့အသက်အရွယ်အရ သူအခြေချတဲ့အလုပ်တွေရှိနေကြတာများတယ်၊ ဟိုဟာလိုလို ဒီဟာလိုလို ဆိုတဲ့ မရေမရာ မသေမချာတဲ့ မပြတ်မသားစိတ်တွေ သိပ်မတွေ့ရဘူး။ အတွေ့များတာက အသက်သုံးဆယ်ဝန်းကျင်ရဟန်းတွေဆိုတာကို ပြောဆိုဖြစ်ခဲ့ကြပါတယ်။
အခြေအနေကနေရာမပေးတော့ ရှိတဲ့နေရာလေးကို ဝင်ခိုနေရသည့်သဘော။ အသက်နှစ်ဆယ် ကျော်သွားသည့် ငယ်ဖြူရဟန်းများတွေက ဓမ္မာစရိယတန်းတွေပြီးသွားကြတာများပါတယ်။ မပြီးရင်တောင် တစ်ကျမ်းကျန် သို့ မဟုတ် နှစ်ကျမ်းကျန်နဲ့ စာဆက်လုပ်နေကြတာပေါ့။ ဓမ္မာစရိယမလုပ်နိုင်သည့်သူတွေဆိုရင်လည်း အကြီးတန်းအောင်ပြီးနောက် ဗုဒ္ဓတက္ကသိုလ်တွေတက်ပြီး ဘီအေဘွဲ့တွေ ရခဲ့ကြတာများပါတယ်။ အဲဒီဘွဲ့ရတဲ့ကိုယ်တော်လေးတွေဘဲ ဘယ်မှာနေရမှန်းမသိဘူး ဖြစ်နေတယ်။ စာချဘုန်းကြီးဖြစ်ရင်ဖြစ်။ တစ်ချို့က ဓမ္မကထိက ဆရာတော်လေးလိုလိုနဲ့ ဟိုဟိုဒီဒီ ဟောပြောနေတာတွေလည်း ရှိတာပေါ့။ တစ်ချို့အနည်းအကျဉ်းလေးတွေကတော့ ဖားအောက်တို့လို တရားစခန်းဝင်ပြီး တရားဆက်အားထုတ်တဲ့အလုပ်တွေ ဆက်လုပ်ကြတာရှိသလို တစ်ချို့ကြတော့ အခြားတရားစခန်းမှာဝင်နေပြီး တရားဟော၊ တရားပြအလုပ်ဆက်လုပ်ကြတာလည်း အနည်းအကျဉ်း ရှိပါတယ်။ သို့သော် အများစုက ဘယ်သွားရမှန်းမသိတာတစ်ခုဘဲ။
အရွယ်က အသက်သုံးဆယ်ဝန်းကျင်ဆိုတော့ အရွယ်ကောင်း။ ပညာဆက်သင်မလား၊ ပရဟိတလုပ်မလား၊ စာချဘုန်းကြီးလုပ်မလား၊ တရားဓမ္မကထိကလုပ်မလား၊ တက္ကသိုလ်လိုင်းသို့ ဝင်မလား၊ နောက်တစ်ခုက လူထွက်မလား အားလုံးကို ရွေးချယ်လို့ရနေတဲ့အချိန်။ အရွယ်လည်း ခပ်ကောင်းကောင်း၊ တစ်ခုခုလုပ်မယ်ဆိုရင်လည်း လုပ်နိုင်ကိုင်နိုင်တဲ့အရွယ်၊ ရဟန်းသံဃာတွေကြားမှာ ဆိုရင် “ဦးဇင်းလေး၊ ဦးဇင်းလေး”နဲ့ လူကြီးတွေ အားကိုးရတဲ့ အရွယ်၊ တကာ တကာမနဲ့ဆက်စပ်တဲ့ အလုပ်တွေလုပ်ရင်လည်း “ဘုန်းဘုန်းလေး၊ ဘုန်းဘုန်းလေး”နဲ့ မျက်နှာရနေတဲ့အချိန်။ ဟိုဘက်လှည့် ရင်လည်း ကြိုဆိုမည့်သူကအသင့်၊ ဒီဘက်လှည့်ရင်လည်း ဧည့်ခံမည့်သူကအသင့်ရှိနေသည့် ကိုယ်တော်လေးတွေရှိသလို သူတို့နဲ့ပြောင်းပြန်လို့ပြောရ လောက်အောင် ဘာလုပ်ရ ဘာကိုင်ရမှန်း မသိသည့်သူတွေလည်း အများအပြားရှိနေပါတယ်။ သို့သော် နှစ်မျိုးလုံး စိတ်တွေ လေနေပါတယ်။ မရှိတဲ့ ရွှေရောင်အနာဂတ်အိပ်မက်တွေကို အရဲစွန့်ပြီး အိပ်မက်နေကြလေတယ်။
ဘာလုပ်ရမှန်းမသိတဲ့အကြောင်းရင်းက ဓမ္မာစရိယပြီးတော့ စာသင်တိုက်မှာ စာချဘုန်းကြီး မဟုတ်တဲ့အတွက် ဆက်နေလို့လည်း မဖြစ်။ လူပိုကြီးဖြစ်နေလာလေ။ ရွာပြန်တော့လည်း ရွာက ဘုန်းကြီးက လက်မခံ။ အသက်အရွယ်ကြီးလွန်းသည့်ဘုန်းကြီးတွေကဘဲ လက်ခံတာ။ ဆရာတော် အသက်အရွယ်က လူလတ်ပိုင်းသာသာရှိနေသေးရင် ဘွဲ့ရတပည့်တွေနဲ့ အတူမနေချင်တာများပါတယ်။ သူတို့ခများ ဘယ်သွားရမှန်းမသိတာနဲ့ ခေတ်စားနေတဲ့ နိုင်ငံခြားခရီးကိုဘဲ ရွေးလိုက်ကြတာ။ နိုင်ငံခြားမှာ ဘွဲ့ရဖို့စာသွားသင်ရင်း တစ်နှစ် နှစ်နှစ်နဲ့ ဘွဲ့ရတဲ့ တက္ကသိုလ်တွေမှာ အလွယ်တကူရွေးချယ်။ ဘွဲ့ရပြီး ရှေ့ဆက်လို့ရရင် ကိစ္စကမရှိ။ တစ်ချို့က ရှေ့မဆက်နိုင်ဘဲ ပြန်သွားပြီး ဟိုရောက်တော့ ဘာဆက်လုပ်ရမှန်းမသိ ဖြစ်နေပြန်ရော။ တက္ကသိုလ်မှာ ကထိကခန့်ပြန်တော့လည်း အရည်အချင်း ပိုင်းက စကားပြောစရာ ဖြစ်လာပြန်တယ်။ ကျောင်းထိုင်မလား၊ ဘယ်သွားထိုင်ရမှန်းမသိ။ မြို့ကြီးပြကြီးတွေမှာ တစ်ပါး နှစ်ပါးတည်းဘဲ ဘုန်းကြီးတွေရှိတဲ့ကျောင်းတွေ များပေမယ့် သူတို့နဲ့က ဘာမှမဆိုင်၊ လက်လည်း မခံဘူးလေ။ စာသွားသင်ပြီဆိုတာနဲ့ ဘာဘွဲ့အတွက် ညာဘွဲ့အတွက်ဆိုပြီး ပြောမှ အထောက်အပံ့ရကြတာလေ။ ဘွဲ့ရပြီးဘာဆက်လုပ်ရမှန်းကိုတော့ ဘယ်သူမှလည်း တာဝန်မယူတော့ သူတို့ခများ ဗျာများသွားရှာတယ်။ ဆိုတော့ အသက်သုံးဆယ်ဝန်းကျင်အရွယ်မှာ မြန်မာရဟန်းတွေက စိတ်လေလို့ အကောင်းဆုံးအချိန် ဖြစ်လာပါတော့တယ်။ အလုပ်အတည်အကျ လုပ်ရမယ့်အရွယ်မှာ စမ်းတဝါးဝါးနဲ့ လမ်းလျှောက်နေရပါတယ်။
မြန်မာရဟန်းတော်တွေရဲ့အလုပ်တွေက များလွန်းတာလဲပါမယ်ထင်တယ်။ အများကြီးလုပ်ပြီးတော့ ဘယ်အလုပ်မှ စူးစူးစိုက်စိုက် ကောင်းကောင်းမလုပ်ဖြစ်ခဲ့ကြဘူး။ ဘုန်းကြီးတစ်ပါးဆိုရင် ဓမ္မကထိကလည်း လုပ်တယ်၊ စာချဘုန်းကြီးလည်း လုပ်တယ်။ တရားလည်း ပြလိုက်သေးတယ်။ ပရဟိတလည်း လုပ်လိုက်သေးတယ်။ အဲဒီထဲက ဘကကျောင်းလည်း ထဖွင့်ရင်ဖွင့်လိုက်သေးတာ။ အများကြီးလုပ်နိုင်တာကိုဘဲ ဂုဏ်ယူနေကြတယ်။ ဟိုလည်းပါ ဒီလည်းပါနိုင်တာကို ဘေးကလည်း အားကျနေကျတာပေါ့။ တစ်ချို့ဆိုရင် စာအုပ်ပါထုတ်လိုက်သေးတာ။ ပိုက်ဆံရှိလို့ ထလုပ်လိုက်တာ။ ကောင်းတာမှန်သမျှ အကုန်လုပ်တယ်ဆိုတဲ့သဘော။ ဘယ်အရာက သူရဲ့ စားကျက်ဆိုတာကို ပြောရဖို့ သိပ်ခက်တာ။ အကုန်လုံးနဲ့ ဆိုင်နေတာ။ အဆင်ပြေနေတဲ့ ဘုန်းဘုန်းလေးတွေက အလုပ်များပြီး အရာမရောက်ဘဲ စိတ်တွေလေ၊ စိတ်တွေပျက်နေကြရတဲ့ အခြေအနေအဖြစ် အသွင်ပြောင်းလာလေတော့တာပဲ။
ဓမ္မကထိကတွေပေါသလောက် ပြည်သူတွေဗုဒ္ဓဘာသာပိုပီသစေတယ် ဆိုတာမျိုးလည်း ကောက်ချက် ချဖို့ သိပ်ခက်တာ။ စာအုပ်ထုတ်တဲ့သူပေါသလောက် ပြည်သူတွေ စာပိုဖတ်ကြတယ်၊ ဗုဒ္ဓဘာသာ အကြောင်းပိုသိကြတယ်လို့ ပြောဖို့ခက်ပါတယ်။ အတန်းတွေတစ်နှစ်ပြီးတစ်နှစ်အောင်လာ၊ ဘွဲ့ တစ်ခုပြီးတစ်ခုရလာပေမယ့် ရှေးရိုးဆန်းတဲ့ ဘာသာပြန်စာအုပ်တွေကို ပြန်ရေးဖို့ကအစ အခုလက်ရှိ ပြဿနာကို ဗုဒ္ဓဘာသာနည်းလမ်းနဲ့ တိုက်ရိုက်လမ်းညွန်နိုင်သူတွေ နည်းပါးပါတယ်။ ဘွဲ့ရတာ ဘယ်လောက်ရှိသလဲ၊ ရထားတဲ့ဘွဲ့ရဲ့နယ်ပယ်က စာတမ်းဘယ်လောက်ရေးထားခဲ့သလဲ၊ ပညာရှင်တွေ လက်ခံတဲ့ စာအုပ်ဘယ်လောက် ပြုစုနိုင်တာလဲ စသည်စိစစ်လိုက်ရင် စာသင်တာ၊ ပညာသင်ယူတာက အပေါ်ယံသိပ်ဆန်နေတယ်ဆိုတာကို သိသာပါတယ်။ ဒီလိုလူငယ်တွေကို အနာဂတ်မျိုးဆက်သစ်အဖြစ် အားကိုးရတဲ့ လူငယ်တြွေဖစ်ချင်ရင် ဒီအရွယ်မှာ ကိုယ်အခြေချမယ့်နယ်ပယ်၊ ကိုယ်လေ့လာတဲ့ဘာသာ ရပ်တွေကို အားကြိုးမာန်တက်လေ့လာတဲ့အရွယ် ဖြစ်သင့်ပါတယ်။ စိတ်လေနေရတဲ့အရွယ်တော့ မဖြစ်သင့်ဘူးလို့ ယူဆပါတယ်။
ဒီစိတ်လေရင်းနဲ့ ရှေ့ဆက်တိုးရင်း လမ်းတွေရှာရင်းနဲ့ လမ်းစတွေ့သွားတာလည်း ရှိပါတယ်။ အကယ်၍ ဒီအရွယ်မှာ မတွေ့ခဲ့ရင် ပရဟိတလိုလို၊ နိုင်ငံရေးသမားလိုလို ဟိုဟာလည်းမဟုတ်၊ ဒီဟာလည်း မဟုတ်ဖြစ်နေသေးရင် အသက်လေးဆယ်ကျော်သွားတဲ့အချိန် နေထိုင်ရေးနဲ့ အလုပ်ပြဿနာက ပိုကြီးထွားလိမ့်မယ် ထင်ပါတယ်။ အလုပ်ဆိုတာက လစာရတဲ့အလုပ်ကို မဆိုလိုပါ။ စာရေးဆရာလား၊ ဓမ္မကထိကလား၊ စာချဘုန်းကြီးလားဆိုတာမျိုး။ ပညာသင်တဲ့အချိန်မှာ ပညာတတ်အောင်မသင်ဘဲ ဘွဲ့ရဖို့ဘဲ စာမေးပွဲဖြေနေရတဲ့အလုပ်ဘဲ ဆက်လုပ်နေရင်တော့ စာတတ်ဘွဲ့ရတို့ကမ္ဘာမှာလည်း ဟိုလည်း မဟုတ် ဒီလည်း မဟုတ်တဲ့ ရောင်လည်လည်တွေ ဖြစ်လာမည် ထင်ပါရဲ့။
ဒီလိုဖြစ်လာတဲ့ အကြောင်းတွေထဲမှာ ဘုန်းကြီးဘဝကို ကိုယ်တိုင်ရွေးချယ်ခဲ့လို့မဟုတ်ဘဲ ဘေးပတ်ဝန်း ကျင်ရဲ့ တိုက်တွန်းမှုကြောင့်လည်း ပါမည် ထင်ပါသည်။ ဘုန်းကြီးစိတ်မရှိဘဲ လူလိုနေချင်သည့်စိတ်က ငြီးငွေ့မှုကို အစပြုပြီး ကျန်တဲ့ ပြဿနာတွေလည်း ပေါ်လာစေနိုင်တယ်။ နောက်တစ်ခုက ကိုယ်ဝါသနာ ပါသည့်အလုပ်ကိုအခြေမခံဘဲ စာမေးပွဲအောင်ရင် ပညာတတ်ဖြစ်မယ်ဆိုသည့် မက်လုံးကလည်း မြစ်ဖျားခံရာ အကြောင်းတစ်ခု ဖြစ်တယ်လို့ ယူဆမိတယ်။ အတန်းတစ်တန်းမြင့်လေ ကိုယ့်အဆင့် လည်း မြင့်လာလေ ဆိုတဲ့ထင်ရောင်ထင်မှားမှုတွေက အရည်အသွေးပြည့်အောင် ပညာသင်ယူခြင်း အယူအဆမျိုးကို ဖျက်ဆီးပြီး တစ်တန်းပြီးတစ်တန်း မြန်မြန်အောင်ဖို့ ဘွဲ့တစ်ခုပြီးတစ်ခု မြန်မြန်ရဖို့ ဦးတည်နေစေတယ်။ ပညာရေးကျရှုံးခြင်းရဲ့ အကြောင်းတွေ ဖြစ်လာတယ်။ နောက်တစ်ခုက ဆရာကောင်းသမားကောင်းတွေနဲ့ ဝေးကွာပြီး ကိုယ့်ကျင့်တရားကိုတန်ဖိုးထားမှု၊ တရားကျင့်ကြံမှု အဆုံးအမတွေ မရခဲ့တဲ့တပည့် ဖြစ်နေခြင်းကလည်း ရဟန်းဘဝမှာ ကြီးမားတဲ့ အန္တရာယ်တစ်ခုလို့ ဆိုရပါမယ်။ အရွယ်ရောက်လာလို့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်ဖို့ ရုန်းကန်တဲ့အချိန်ဆို ဇာတိက ပြပါလေရော။ လာဘ်လာဘအကြောင်းကို လိုတာထက် သဲကြီးမဲကြီး ဇောင်းပေးနေတဲ့ အပြောအဆို တွေ၊ ပတ်ဝန်းကျင်သွေဖန်ပြီး ကိုယ့်အခြေအနေနဲ့ ဆန့်ကျင်နေတဲ့ လုပ်ရပ်တွေက သာသနာတော်တစ်ခု လုံး ထိခိုက်လာနိုင်သည့်အထိ ဖြစ်နေတဲ့ အနေအထားမျိုး။ ဒီလိုအကြောင်းတွေကြောင့် ရဟန်းဘဝမှာ စိတ်လည်းပိုလေလာတယ်။ ထွက်ပေါက်ရှာဖို့ရာလည်း ပိုခက်လာတယ်။ ဒီအကြောင်းတွေထက်များတဲ့ အကြောင်းခံတွေလည်း ရှိဦးမယ် ထင်ပါတယ်။
အကြောင်းခံတွေ မည်သို့ပင်ကွဲပြားနေပါစေ၊ စိတ်လေပြီး ဘာလုပ်ရမှန်းမသိတဲ့အခြေအနေနဲ့ ရင်ဆိုင် နေရပါတယ်။ သို့သော် ရွှေရောင်အနာဂတ်ရောင်ခြည်တစ်ခုကို မျှော်လင့်တဲ့ မျှော်လင့်ချက်ကိုတော့ ဆုပ်ကိုင်နေရပါတယ်။ ဒီမျှော်လင့်ချက်သာ မရှိရင် ဒီဘဝက ဘာမှအဓိပ္ပါယ်မရှိတော့ဘူးလေ။ အဲဒါနဲ့ ကံကောင်းတာတစ်ခုက အခုတစ်လော မှိုလိုပေါက်နေတဲ့ ဟိုက သင်တန်းက ကောင်းနိုးနိုး ဒီက သင်တန်းကကောင်းနိုးနိုးနဲ့ လိုက်တက်ဖြစ်ခဲ့ကြတယ်။ တကယ်တော့ အဲဒီရက်တိုသင်တန်းလေးတွေ ကလည်း သူတို့အတွက် အသုံးဝင်ရှာပါတယ်။ ပါဠိစာပေကလွဲရင် ဘာမှ မသင်ယူခဲ့ရသည့် သူတွေမို့ လက်တွေ့လူမှုနယ်ပယ်ထဲကို တိုးဝင်ဖို့ အမြင်ဖွင့်တဲ့သင်တန်းလေးတစ်ခု ဖြစ်လေနေတယ်။
အဲဒီသင်တန်းတွေထဲက သင်တန်းဆရာကောင်းကောင်း သို့မဟုတ် စီစဉ်သူကောင်းကောင်းနဲ့ တွေ့ပြီး သူတို့တကယ်စိတ်ဝင်စားပြီး တကယ်အလုပ်လုပ်နိုင်တဲ့ လမ်းစလေးတစ်ခု မတွေ့နိုင်ဘူးလို့ ပြောလို့ မရဘူးလေ။  လမ်းစလေးတွေ တွေ့ကြပါစေလို့ ဆုတောင်းပေးချင်ပါသည်။ အဲဒါမှ သူတို့ထင်တဲ့ ရွှေရောင်အနာဂတ်လိုလို အရာတွေနဲ့ နီးစပ်မယ်လေ။ ပြောရဲတယ်၊ သူတို့က အဲဒီမျှော်လင့်ချက်တစ်ခု ရှိတယ်။ ပျော်ရွှင်စရာအနာဂတ်လေးတစ်ခုခုကို တစ်စုံတစ်ဦးက သယ်ဆောင်လာမလား၊ သို့မဟုတ် သူတို့ကိုယ်တိုင်ဘဲ သွားယူရမလား၊ ဘယ်လိုပိုင်ဆိုင်ခွင့်ရှိမလဲဆိုတာကို အိပ်မက်တွေဆက်မက် ခွင့်လည်း ရှိတဲ့အရွယ်လေ။ အနှေးနဲ့အမြန်ဘဲ ကွာမှာပါ၊ သူတို့အတွက် ရောက်လာမယ်ဆိုတာ သူတို့ သိနေတယ်။ အဲဒီရွှေရောင်အနာဂတ်လေးတစ်ခုက သူတို့နဲ့ထိုက်တန်တယ်ဆိုတာ သူတို့မသိဘဲ နေမလား။ ကိုရင်လေးဘဝကတည်းက အစပြုပြီး စောင့်ဆိုင်းလာခဲ့တဲ့ အိပ်မက်တွေဟာ ထုထည်တွေ က နည်းနည်းနှောနှောမှမဟုတ်တာ။ သူတို့ရဲ့ဆွေမျိုး အသိုင်းအဝိုင်း၊ သူတို့ရဲ့ဆရာသမားတွေက ထုဆစ်ပေးခဲ့တာ။ ဒီလောက်အထုအထည်တွေကြီးမားပါရဲ့နဲ့ သူတို့အတွက် ဖြစ်မလာဘူးဆိုရင် သူတို့ရဲ့ခြေလှမ်းတွေက ဘာအတွက်လှမ်းခဲ့သလဲ မေးခွန်းထုတ်စရာဖြစ်လာတော့မှာပေါ့။ သို့တစေ၊ အခုအထိတော့ စိတ်လေနေဆဲ။ စိတ်စေစားရာကို သူတို့ဦးညွန်ထားတယ်။  မြန်မာသာသနာ့ ဆင်ခြေဖုန်းပေါ်က စိတ်လေနေသည့် သာသနာ့တပ်သားတွေ များနေဆဲ။ ခြေဦးတည့်ရာ သူတို့လမ်းလျှောက်ကြတယ်။ လမ်းမမှားပါစေနဲ့လို့ ဆုတောင်းပေးပါတယ်။ စိုးရိမ်နေရင်တော့ ရပ်ကြည့်မနေဘဲ လမ်းတည့်ပေးသင့်ပါတယ်။
၂၀၁၉ -မှာ ရဟန်းအိုများ အထီးကျန်ခြင်းအကြောင်းကို လေ့လာခဲ့ပြီး ၂၀၂၀ မှာ ရဟန်းပျိုများ စိတ်လေ ခြင်းအကြောင်းအရာတွေ လေ့လာရှာဖွေကြည့်မယ်လို့ စိတ်ကူးထားပေမယ့် အခွင့်မသာခဲ့ပါဘူး။ မြန်မာရဟန်းပျိုများအကြောင်းကို စိတ်ဝင်စားတဲ့သူအတွက် လေ့လာလို့ကောင်းတဲ့အချိန်ဘဲလို့လည်း မြင်မိပါတယ်။ မြန်မာရဟန်းတော်များအတွက် တွေးစရာလမ်းစတစ်ခုဖြစ်ပါစေလို့ ဆုတောင်းပါတယ်။
အားလုံးကိုကျေးဇူးတင်ပါသည်။
အရှင်နန္ဒိယ (ဖယ်ခုံ) 14.03.2020 02:48:00 PM
စိတျစစေားရာ
အရှငျနန်ဒိယ (ဖယျခုံ) 14.03.2020 02:48:00 PM
Zawgyi
Friday, February 21, 2020
ငါ့အတွက် လောကကြီး
ကိုယ်နားဆင်ဖို့အတွက် အလိုက်တသိတေးဆိုပေးတဲ့ ကျေးငှက်လေးတွေရှိတယ်
ကိုယ်လိုအပ်မယ်ထင်လို့ အလိုက်တသိ ရွာချပေးတဲ့ မိုးစက်လေးတွေရှိတယ်
ချွေးအရမ်းထွက်နေချိန် အလိုက်တသိ တိုက်ခတ်ပေးတဲ့ လေညှင်းလေးတွေရှိတယ်
အပူချိန်တွေမြင့်နေချိန်မှာ အလိုက်တသိ ကာထားပေးတဲ့ တိမ်တိုက်လေးတွေ ရှိတယ်
ကိုယ်ချမ်းနေချိန် ပူနေချိန် အလိုက်တသိထွက်လာပေးတဲ့ နေမင်းကြီး နဲ့ လမင်းလေးလည်း ရှိတယ်။
ကိုယ့်ဘက်မှာ အမြဲရပ်တည်ပေးတဲ့ လောကကြီးလည်းရှိတယ်။
ငါ့မှာ ဘာမှထပ်တောင်းဆိုစရာ မရှိတော့ပြီ။
Nandiya Bhikkhu
19.02.2019
Sunday, January 12, 2020
လမ်းပေါ်ကယဉ်ကျေးမှု (Street culture)
ဝက်သားတုတ်ထိုးစားမလား၊ မုန့်ဟင်းခါးစားမလား၊ နောက်ဘာတွေစားချင်သေးလဲ လမ်းဘေးမှာတင်ဝယ်စားလို့ရတယ်။ လမ်းဘေးတစ်လျှောက်မှာလည်း ဈေးဆိုင်တွေတမ်းနေတာပဲ တွေ့တယ်မလား။ လမ်းပေါ်မှာလည်း လူတွေအများကြီးရှိပါတယ်။ တစ်ခုခု မသိတာရှိရင် မေးပေါ့။ လမ်းပေါ်မှာ လူတွေဒီလောက်များနေတာကို။ လမ်းပေါ်ကနေ မင်းသိချင်တာတွေ လေ့လာလို့ရတယ်။ လမ်းပေါ်ကယဉ်ကျေးမှုဆိုတာကို ကြားဖူးလား။
လမ်းပေါ်လျှောက်ပြီး ဂီတာတီး သီချင်းဆိုမယ်၊ ကော်ဖီဆိုင်ထိုင်ပြီး စကားပြောကြမယ်၊ ပျင်းရင် လျှောက်လည်မယ်၊ အားလပ်ရက်တွေ ဘုရားသွားကျောင်းတက် ပန်းခြံထဲသွားချင်သွားမယ် စတာတွေက မြန်မာနိုင်ငံမှာ မရိုးနိုင်တဲ့ယဉ်းကျေးမှုတွေဘဲ ဖြစ်ပါတယ်။ အဲဒီအပြင် လမ်းပေါ်က သတင်းစကားတွေလည်း ကြားရ၊ နားထောင်ရတယ်။ လူပေါင်းစုံတဲ့ လက်ဖက်ရည်ဆိုင်တို့ဆိုရင် အသံတွေစုံစုံလင်လင် ပိုတောင် ကြားရသေးတယ်။ အဲဒီယဉ်ကျေးမှုတွေက မြန်မာနိုင်ငံကပိုများမယ်ထင်တယ်။ အိမ်နီးချင်းနိုင်ငံတွေမှာလည်း ရှိပါတယ်၊ သို့ပေမယ့် မြန်မာနိုင်ငံလောက်မများသလို ထင်ရတယ်။ ၂၀၁၉- စာတမ်းလေးတစ်ခုရေးဖို့ အချက်အလက်တွေလိုက်ရှာရင်း မြန်မာနိုင်ငံရောက်တဲ့နိုင်ငံခြားသားတွေရဲ့ မြန်မာနိုင်ငံမိတ်ဆက်ဆိုတာလေးကို လိုက်ကြည့်ရင်း street culture ဆိုတဲ့စကားလုံးနဲ့ တင်စားပြီး တင်ပြသွားတာလေးတစ်ခုကို သဘောကျမိတယ်။ တကယ်လည်း ဟုတ်နေတာပဲလေ။
လွန်ခဲ့သည့်နှစ်နှစ်ဆယ်လောက်တုန်းက လမ်းဘေးမှာအဖွဲ့လိုက်သီချင်းအော်ဆိုတတ်တဲ့ လူငယ်တွေပို များတယ်၊ အထူးသဖြင့် ညဆိုရင် ပိုများတယ်၊ အဖော်မက်ကြတာလည်း ပါတာပေါ့၊ လူတွေစုံတော့ မိုက်ခဲ ဆိုတာမျိုး၊ လူကြီးတွေက လူငယ်တွေဆိုးတယ်၊ ရိုင်းတယ်လို့ ပြောတဲ့သူတွေလည်း ရှိတယ်၊ လူငယ်တွေကျင့်သုံးတဲ့ယဉ်ကျေးမှုတစ်ခုလို ဖြစ်နေတော့ ပြောလည်းမရပါဘူး။ ဂီတာလေးတစ်လုံးနဲ့ သီချင်းဆိုရတာ ပျော်ကြတာကိုး။ အဲဒီအချိန် မြန်မာနိုင်ငံမာခေတ်ထနေတဲ့ ဗွီဒီယိုရုံတို့ ကာရာအိုအေရုံတို့ဆိုရင် လူတွေကပြည့်လို့ပေါ့။ အဖော်မက်တဲ့အမျိုးတွေဆိုတော့ လူတွေများတဲ့နေရာ သွားကြတာပါပဲ။ ပြီးတော့ သူများနိုင်ငံက မင်းသားမင်းသမီးတွေကအစ သိရတာလေ။ လူငယ်လေ သိချင်တာပေါ့။ လူကြီးတွေသိပ်မကြည်တဲ့အထဲ တီဗွီလေးတွေရှိတော့ ယောင်္ကျားလေးတွေက ဘောလုံးပွဲကြိုက်တဲ့ရောဂါပါထပ်တိုးလာသေးတာ။
နောက်ဆယ်နှစ်ကြာသွားသောအခါ၊ လွန်ခဲ့သည့် ဆယ်နှစ်ဝန်းကျင်ကဆိုရင် နေရာတိုင်းလိုလို ကျေးလက်ရော မြို့ပြပါ လက်ဖက်ရည်ဆိုင်ထိုင်တဲ့ ယဉ်ကျေးမှုက တော်တော်ခေတ်စားလာကြတယ်။ အားတဲ့အချိန် လက်ဖက်ရည်ဆိုင်ထိုင်၊ စကားပြောမယ်။ မိတ်ဖွဲ့မယ်၊ အပေါင်းအသင်းရှာမယ်။ ဗဟုသုတအသစ်တွေလည်း အများကြီးရတာကိုး။ အဲဒီအချိန်တုန်းက မြန်မာပြည်သူတွေကြားမှာ နိုင်ငံရေးစကားကို လွတ်လွတ်စပြောလို့ရတဲ့အချိန်ဆိုပါစို့။ နိုင်ငံအနှံ့မှာ ဟိုသင်တန်း၊ ဒီသင်တန်းစတဲ့ မကြားဖူးတဲ့ သင်တန်းတွေကလည်း မှိုလို အလုအယပ်စပေါက်လာသည့်အချိန်။ အသစ်အဆန်းလိုဖြစ်နေကြတော့ လူငယ်တွေက စိတ်ဝင်တစားရှိကြတယ်။ ကလေးတွေကို ပျိုးထောင်ပါ၊ လူငယ်တွေနေရာပေးပါ စတဲ့ဆောင်ပုဒ်တွေကိုလည်း ပြောနေကြတဲ့အချိန်ပေါ့။ အဲဒါကြောင့် လူတွေစုံတဲ့နေရာကို လူငယ်တွေက ပိုစိတ်ဝင်စားကြတယ်။ လက်ဖက်ရည်ဆိုင် လမ်းဘေးဇရပ် စတဲ့နေရာတွေပေါ့။ အဲဒါကိုလည်း တစ်ချို့တွေက အချိန်ဖြုန်းကြတယ် လို့ပြောကြတယ်၊ စာပေဟောပြောပွဲတွေကအစ စာရေးဆရာတွေက ဝေဘန်ကြတယ်၊ လူငယ်တွေ အဲလိုအချိန်ဖြုန်းနေကြလို့ နိုင်ငံကမတိုးတက်တာ ဆိုတာမျိုးတွေအထိ ပြောကြတယ်။ ကော်ဖီဆိုင်ထိုင်လို့ ကော်ဖီဆိုင်ပိုင်ရှင် သူဌေးဖြစ်သွားတာဘဲရှိတယ်။ ကော်ဖီဆိုင်လို့ စီးပွားဖြစ်သွားတာမရှိဘူး၊ ပညာတတ်သွားတာမရှိဘူး စသည်ပေါ့။ မှတ်မှတ်ရရ၊ အဲတုန်းက ဂျပန်ကခရီးလှည့်သူတစ်ဦးပြေားသွားတဲ့စကားတစ်ခွန်းက ပေါ်ပြူလာဖြစ်သွားသေးတယ်။ မြန်မာနိုင်ငံဘာလို့မတိုးတက်တာလဲ လေ့လာကြည့်တော့ မြန်မာလူငယ်တွေ အလုပ်ထဲမရှိဘဲ၊ ကော်ဖီဆိုင်မှာဘဲ အချိန်ဖြုန်းနေလို့ လို့ဆိုပါတယ်။ အဲတော့ လက်ဖက်ရည်ဆိုင်တဲ့ ဆိုးကျိုးတွေ ပြောလိုက်ကြတာ နေရာတိုင်းလိုလို ကြားနေရတယ်။ သိပ်မကြာဘူး၊ မြန်မာနိုင်ငံမှာ အင်တာနက်ဆိုင်တွေ၊ ဂိမ်းဆိုင်တွေအနှံ့အပြား ပေါ်လာကြပြီး လူငယ်တွေ အစုလိုက် အပြုံလိုက် အင်တာနက်ဆိုင်တွေရောက်သွားကုန်တယ်။ အဖော်မက်တဲ့ဗီဇ ပါတယ်မလား၊ အဖော်ရှိရာ သွားကြတာပေါ့။ အဲဒါနဲ့ အင်တာနက်သုံးလို့ စာဖတ်အားတွေ လျှော့တယ်၊ သတင်းစာမဖတ်ကြတော့ဘူး စတာတွေ ထပ်ကြားလာတယ်။ အဲဒီစကားကိုတော့ အခုထိ ဆက်ပြောနေဆဲဘဲပေါ့။
နောက်ဆယ်စုနှစ်လောက်ထပ်ရောက်လာတဲ့ ဒီနေ့မှာတော့ ကာရာအိုအေသွားဆိုကြတာ၊ ဗီဒီယိုအတူတူသွားကြည့်ကြတာ၊ ဂီတာတီးပြီးသီချင်းဆိုကြတာတွေ အပျင်းပြေပြန်လွမ်းနေကြပြီ။ အခု အဲဒီဓလေ့လေး တော်တော်ပါးသွားတာကိုး။ ဘာလို့လမ်းဘေးမှာ အမုန်းခံပြီး အော်နေမှာလဲ၊ လိုင်းပေါ်တက်ပြီး သူရဲကောင်းဘဲ လုပ်မှာပေါ့။ မဟုတ်ဘူးလား။ ရယ်စရာလေးတစ်ခုပြန်ပြောပြရရင် ဟိုကနေ့ကကြုံလို့ အမျိုးသမီးတစ်ယောက်က ငါအပျိုကြီးဖြစ်တဲ့အထိစောင့်နေတာ ဘယ်လူပျိုကမှအခုထိ အိမ်ရှေ့လာပြီး သီချင်းဆိုပေးရမှန်းကို မသိကြသေးဘူးတဲ့။ အော် မင်းကိုက ကံမကောင်းလို့ နောက်ကျတာ၊ သူများမွေးတဲ့အချိန် မင်းမှမမွေးဘဲကိုး။ (စတာပါ)။ အခုဆိုရင်ဖုန်းဘဲထိုင်ပွတ်နေကြလို့ ကော်ဖီဆိုင်ထိုင်ပြီးစကားပြောခဲ့ကြတာကို ပြန်အတုယူဖို့သူတို့ဘဲ တစ်ခါပြန်လှန်နေပြီ။ မျက်နှာချင်းဆိုင်ပြီး ကမ္ဘာချင်းခြားနေကြတဲ့အကြောင်းကိုလည်း သူတို့ဘဲရင်နာပြနေပြန်တယ်။ သူတို့ပြောမယ်ဆိုလည်း ပြောစရာဘဲလေ။ နောက်တစ်ခုက ကိုယ်တွေက ရာဇဝင်တို့ သမိုင်းတို့ကြားကကြီးလာတဲ့သူတွေပီပီ ရှေ့လာမယ့်ဆယ်နှစ်ကို ကြိုမှန်းဆတာထက် လွန်းခဲ့တဲ့ဆယ်နှစ်ကိုဘဲ ပြန်လွမ်းရတာမှ ပိုအရသာရှိတာလေ။ နောက်လာမယ့်ဆယ်နှစ်ကြရင် အခုလက်ရှိအချိန်ကို ဘာနဲ့ပြန်လွမ်းကြမလဲ မသိဘူး။ ဘာဘဲပြောပြောလေ အခုထိ လမ်းပေါ်က ယဉ်ကျေးမှုကတော့ အခုထိ ရှိနေဆဲ။ မြန်မာယဉ်ကျေးမှုထဲမှာ သူတစ်ပါးနဲ့မတူတဲ့ယဉ်ကျေးမှုတစ်ခုဖြစ်တယ်။ အဲဒါကလည်း အားသာချက်ရှိသလို အားနည်းချက်လည်း ရှိတယ်။ ၂၀၁၉- ခုနှစ်၊ The methods of overcoming loneliness among senior Buddhist monks in Myanmar ဆိုတဲ့ စာတမ်းလေးရေးတော့ street culture လို့ဆိုတဲ့ လမ်းပေါ်က ယဉ်ကျေးမှုအကြောင်းကို လေးလေးနက်နက်ကို စဉ်းစားဖြစ်ခဲ့တယ်။
ကမ္ဘာမှာဟော့နေတဲ့ စီးပွာရေးအဆင်မပြေလို့၊ စိတ်ဖိစီးမှုများလို့ မိမိကိုယ်ကို သေကြောင်းကြံတာ၊ ဆွဲကြိုးချသေတာအပြင် အထီးကျန်တာလည်း ပိုများလာတယ်။ အသက်ကြီးရင် အဖော်မဲ့လို့ ဘယ်သူမှဂရုမစိုက်ကြလို့ အထီးကျန်တာကတော့ အသံထွက်တာကြာပါပြီ။ အထူးသဖြင့် ချမ်းသာတယ်၊ ပြည့်စုံတယ်၊ ကြွယ်ဝတယ်ဆိုတဲ့ နိုင်ငံတွေက ပိုဖြစ်ကြတယ်။ အခုနောက်ပိုင်းမှာ သုတေသနစစ်တမ်းအရ- လူကြီးတွေထက် လူငယ်တွေက ပိုပြီးအထီးကျန်ကြတယ်လို့ ဆိုပါတယ်။ ၂၀၁၉- ခုနှစ်မှာဆိုရင် အမေရိကန်နဲ့ဂျာမဏီနိုင်ငံက စစ်တမ်းအရ လူငယ်တွေက အထီးပိုကျန်တယ်လို့ဆိုပါတယ်။
၂၀၁၉-ခုနှစ်မှာဘဲ ဂျာမဏီနိုင်င်ငံသူ Samia Akhter Khan ရေးတဲ့ သူ့စာတမ်းအတွက် ကွင်းဆင်းတဲ့ Review ဆောင်းပါးလေးဖတ်လိုက်တယ်။ Addressing Loneliness and Depression in Myanmar ဆိုတဲ့ဆောင်းပါးလေး။ သူက အမ်အေကျောင်းသူ။ သူ့စာတမ်းက မြန်မာနိုင်ငံကို ရွေးပြီး အထီးကျန်ခြင်းနဲ့စိတ်ဓာတ်ကျခြင်း အကြောင်းကို သုတေသနပြုတာပေါ့။ မသွားခင်မှာလဲ မြန်မာနိုင်ငံအကြောင်းသိတဲ့သူတွေက မြန်မာနိုင်ငံမှာ ဘယ်လိုလုပ်ပြီးအထီးကျန်မှာလဲ၊ မိသားစုတွေအများကြီးနဲ့နေကြတာ၊ လူကြီးတွေကိုလည်းအရိုအသေပေးကြတယ် စသည်ပြောကြတယ်တဲ့။ မြိတ်တက္ကသိုလ်နဲ့ချိန်ဆက်ပြီး မြန်မာနိုင်ငံကို ကွင်းဆင်းတယ်၊ နောက်ဆုံးသူပြောထားတာကတော့ မြန်မာနိုင်ငံမှာ အထီးကျန်တဲ့ပြဿနာမရှိဘူးတဲ့။ မြန်မာနိုင်ငံမှာ ဘာသာတရားရဲ့ဩဇာလွှမ်းမိုးမှုရှိပြီး ဆုတောင်းခြင်းနဲ့တရားထိုင်ခြင်းတို့က အထီးကျန်ခြင်းကို လျှော့ပါးစေတယ်ဆိုတာကို လည်းပြောထားတယ်။
အထီးကျန်တယ်ဆိုတာက သူတစ်ပါးနဲ့ အတူမရှိတဲ့ ခံစားမှုတစ်မျိုးဘဲမလား။ မြန်မာနိုင်ငံမှာလို ဟေးလေးဝါးလားနဲ့ ရောရောနှောနှောနေတတ်တဲ့ ပတ်ဝန်းကျင်မှာတော့ အထီးကျန်ဖို့ အလားအလာတွေ သိပ်နည်းပါတယ်။ လူတိုင်းကို ရင်းရင်းနီးနီးဆက်ဆံတတ်တဲ့ ယဉ်ကျေးမှုတွေလည်း ရှိတယ်လေ။ သူငယ်ချင်း၊ အစ်ကို၊ အစ်မ၊ ညီလေး၊ ညီမလေး၊ အဒေါ်၊ ဦးလေးစတဲ့အသုံးအနှုန်းတွေနဲ့ ပြောဆိုဆက်ဆံကြပြီး ရင်းရင်းနီးနီးနေကြတာလေ။ နောက်တစ်ခုက လူယဉ်ကျေးတွေ မသုံးတဲ့အသုံအနှုန်းတွေ ပြောမိတာတွေတော့ ရှိတာပေါ့။ ပြောမနာဆိုမနာတွေ အချင်းချင်းတွေတွေ့ရင်၊ ထမိန်ထဲ၊ ပုဆိုးထဲ စကားလုံးတွေ သုံးနေတာမျိုး။ ကိုယ်သာ နားထောင်လို့ မရချင် မရမယ်။ သူတို့အချင်းချင်းက အေးဆေးပဲ ဆိုတာမျိုး။ ကောင်းတယ်လို့ ဆိုလိုတာမဟုတ်၊ ရှိတယ်လို့ပြောတာ။
ကမ္ဘာမှာ အထီးကျန်တဲ့ ခံစားမှုတွေက တစ်နေ့ထက်တစ်နေ့ ပိုပြီးများလာတာ။ တိုးတက်တယ်လို့ဆိုတဲ့ နိုင်ငံတွေဆိုရင် ပိုများသလား ထင်ရတယ်။ အခြေအနေကိုက အထီးကျန်စေတဲ့ ခံစားမှုတွေ များသားလေ။ တီဗွီထဲမှာဆိုရင် သူတို့နိုင်ငံက မြို့ကြီးပြကြီး။ မီးတွေတထိန်ထိန်နဲ့။ လူတွေကလည်း သွားကြလာကြ၊ စည်ကားလိုက်ကြတာ။ အပြင်မှာက အဲလောက်မဟုတ်ဘူး။ အေးတော့ အပြင်သိပ်မထွက်ဖြစ်ကြဘူး။ နော်ဝေတို့ ဆွီစလန်တို့ဆို ပိုဆိုးမှာပေါ့။ တစ်ခုခုအပြင်သွားမယ်ဆိုလည်း သွားချင်တဲ့နေရာသွားပြီး ပြန်လာ။ အပြင်မှာလည်း သိပ်မနေကြဘူး။ ဈေးသွားဝယ်မလား၊ ဆိုင်ရောက်တော့ လိုချင်တာအစုံရှိတယ်၊ ယူပြီးပြန်လာလိုက်ရုံဘဲ၊ အိမ်မှာနေမှာလား အင်တာနက်ရှိတယ်၊ ကြိုက်တာအကုန်ကြည့်လို့ရတယ်။ အားလုံးကပြန့်စုံနေတာ။ နေ့တိုင်းဒါတွေဘဲ ထိုင်ကြည့်နေလို့ မဖြစ်ဘူးလေ။ လူလေ၊ စကားပြောချင်သေးတာပေါ့။ ကျန်တဲ့သူတွေကလည်း သူ့အလုပ်နဲ့သူ၊ သူ့ဖုန်းနဲ့သူ၊ သူ့နေရာနဲ့သူ။ တချို့အသက်ကြီးလို့ ငယ်သူငယ်ချင်းတွေမရှိတော့ရင် စကားပြောမယ့်သူကမရှိတော့လို့ အထီးကျန်တော့တာပေါ့။
မြန်မာနိုင်ငံနဲ့ အခြေအနေချင်းက အရမ်းကို ကွာတာ။ မြန်မာနိုင်ငံမှာတော့ ဥပုသ်နေ့မို့ ကျောင်းမှာ ဓမ္မာရုံမှာ တွေ့နေကြ၊ စကားပြောနေကြ ဥပုသ်သည်တွေ၊ အခါကြီးရက်ကြီးမို့ အတူတူ တရားနာမည့် လူတွေ၊ အိမ်မှာအလှူတွေလုပ်တော့လည်း အသက်ကြီးသူတွေကို ဦးစားပေးပြီး ဆက်ဆံခံရတာတွေနဲ့ ကိုယ့်ပတ်ဝန်းကျင်နဲ့ကိုယ် ပြန်ထိန်းနေကြတာ။ တချို့ဆိုရင် စကားပြောရလွန်းလို့ အေးအေးဆေးဆေး နေဖို့ အချိန်တွေသီးသန့်ယူနေရတာမျိုး။ အဲဒီထဲက ငယ်ငယ်တုန်းက တရားလေးထိုင်ချင်၊ ဥပုသ်စောင့် ချင်တာ အလုပ်တစ်ဘက်နဲ့မို့ တရားကောင်းကောင်းမထိုင်လိုက်ရ၊ ဥပုသ်မစောင့်လိုက်ရနဲ့ အခုလို အသက်ကြီးတဲ့အချိန်မှာ တရားလေး ဘာလေးလည်း တတ်နိုင်သလောက်တော့ ထိုင်ချင်သေးတာလေ။ အဲဒီကြားထဲ မြေးထိန်းရတဲ့သူကလည်း ရှိသေးတာ၊ သားကတစ်မျိုး သမီးကတစ်မျိုးနဲ့ အလုပ်ကလည်း ရပ်လို့ကို မရဘူး။ အေးအေးနေရတယ်ကို မရှိပါဘူး။ အဲဒီအချိန်မှာဘဲ “ဘယ်တက္ကသိုလ်ကဆိုလား၊ ဘာကျောင်းသားဆိုလား မသိပါဘူး၊ ဖုန်းကိုင်ပြီး ဘိုလိုဝတ်လာတဲ့ကလေးတွေ လာမေးကြတယ်၊ (ခေါက်တီဗွီသေးသေးတောင်ပါသေးတယ်)။ အထီးကျန်တဲ့ ခံစားမှု ရှိသလား၊ ဘယ်လိုခံစားရတာလဲ တဲ့၊ ဘာတွေပြောနေမှန်းလဲ မသိပါဘူး”။ အဲလိုဗျ။
သီရိလင်္ကာနိုင်ငံမှာလည်း အထီးကျန်တဲ့သူတွေ တော်တော်များတာပဲ။ သူတို့ယဉ်ကျေးမှုက မြန်မာနိုင်ငံလို အချင်းချင်းကူးလူးဆက်ဆံတာမျိုးရှိပေမယ့် သူ့စည်းနဲ့သူနေကြတာများတယ်။ အနားယူရင် ကိုယ့်နေရာ(အိမ်)ကိုယ် တံခါးပိတ်ပြီးနေတာမျိုး။ သွားနေကျနေရာမဟုတ်ရင် သွားလေ့ မရှိတာမျိုး။ နောက်တစ်ခုက လူယဉ်ကျေးဆန်ဆန် နေကြတာများတယ်။ ဒေါသကို အပြင်သိပ်မထုတ် ဘူး၊ ထိန်းချုပ်ထားတာ။ ရေဆာနေရင်တောင် ကိုယ့်မှာရေမပါတော့ သူများရေကို တောင်းသောက် တာမျိုး မလုပ်ဘဲ အငတ်ခံပြီး နေလိုက်တာမျိုး။ ဗိုက်ဆာတာတောင် သူတစ်ပါးမသိအောင် နေနေတာမျိုး။ လူချင်းခင်လို့ နောက်မေးမှ သိရတာ။ ဖြစ်ရလေချင်းရယ်လို့ သူ့အစား သက်ပျင်းချပေးလိုက်ရတာ။ အဲဒီဓလေ့လေးကလည်း တစ်ချို့လူတွေအတွက် သူတစ်ပါးနဲ့ ပိုကင်းကွာစေတယ်။ အားငယ်ပြီး အထီးကျန်သွားတာမျိုးတွေ ရှိတယ်။ လူကြီးတွေဆို ပိုဖြစ်တယ်။
ဘုန်းကြီးတွေဆိုလည်း မြန်မာနိုင်ငံက ဘုန်းကြီးနဲ့ တူကိုမတူတာ။ အပြင်ထွက်တာ သိပ်မရှိ။ ဈေးဆိုင်သွားတာ သိပ်မတွေ့။ စားသောက်ဆိုင်မှာ ထိုင်တာမျိုး တွေ့ကို မတွေ့ဖူးတာ။ အကြည်ညိုခံနိုင်အောင် နေနိုင်ကြတယ်။ ကျောင်းမှာ အလုပ်နဲ့လည်ပတ်နေတယ်ဆို ရင်တော့ ကိစ္စမရှိ။ တရားဘာဝနာနဲ့ပျော်မွေ့နိုင်ရင် ပိုအဆင်ပြေတယ်။ အဲဒါတွေနဲ့ကင်းလွတ်နေရင်တော့ အထီးကျန်တဲ့ ခံစားမှုက ရှိတော့တာဘဲ။ မြန်မာနိုင်ငံမှာတော့ ပရဟိတလုပ်ကြတာခေတ်စားလာတော့ ဘုန်းကြီးတွေ အလုပ်ပိုရှိသလားအောက်မေ့ရတယ်။ စာသင်စာချ၊ တရားပြ၊ တရားဟောစတဲ့ဘုန်းကြီးတွေကတော့ အထီးကျန်စရာမရှိဘူးလေ။ သူ့အလုပ်နဲ့သူတောင် လက်မလည်တာ။ ဘာမှမလုပ်တဲ့သူလည်း ရှိမယ်။ သူတို့ရောအထီးကျန်မလား။ အထီးကျန်ဖို့မပြောနဲ့ မိတ်ဆွေတောင် ပိုများသေးတယ်။ လမ်းပေါ်ကယဉ်ကျေးမှုထွန်းကားနေတဲ့ မြန်မာနိုင်ငံမှာ အထီးကျန်ဆန်တဲ့ တစ်ဦးနဲ့တစ်ဦး တစ်ဦးနဲ့အဖွဲ့ ခြားနားစေနဲ့ ယဉ်ကျေးမှုတံခါးတွေ မရှိဘူး။
ဒီလမ်းပေါ်ကယဉ်ကျေးမှုကလည်း အားသာချက်ရှိသလို အားနည်းချက်လည်း ရှိမယ်။ ပျော်စရာတွေသိပ်များတာ၊ ပွဲတွေသိပ်များတာ၊ လူတစ်ရုံးရုံးနဲ့နေကြတာတွေက ငွေကုန်၊ အချိန်ကုန်၊ အလုပ်အကိုင်ပျက်၊ အလုပ်အပေါ် လုပ်အားတွေ လျှော့ရဲလာ၊ တစ်ဦးချင်းစွမ်းရည်တွေ လျှော့ကျလာတယ် စတဲ့ ဆိုးကျိုးတွေလည်း ရှိတယ်။ ဆိုးကျိုးကတော့ ပိုများပါတယ်။ စာလည်းရှည်နေပြီမို့ မရေးတော့ပါ။ အဓိကဆိုလိုချင်တာက လမ်းပေါ်ကယဉ်ကျေးမှုက အထီးကျန်တဲ့ ခံစားမှုတွေကို လျှော့ပါးစေတယ်လို့ ဆိုလိုတာပါ။ အသားကျတဲ့ ယဉ်ကျေးမှုတစ်ခုကို ဖျက်သိမ်းဖို့ဆိုတာ လွယ်တဲ့ကိစ္စမှမဟုတ်တာ။ ကောင်းကျိုးဆိုးကျိုးတွေ ဒွန်တွဲနေတဲ့ ယဉ်ကျေးမှုတစ်ခုကို ဘယ်လို့လုပ်ပြီးရှေ့ဆက်ကြမလဲ။
နိဂုံးချုပ်အနေနဲ့ပြောချင်တာက နိုင်ငံကိုပြောင်းလဲချင်တယ်ဆိုတဲ့စကားတွေပြောကြပေမယ့် ဒီလိုအဓိကကျတဲ့ယဉ်ကျေးမှုတွေကို လျစ်လျူရှုလို့မဖြစ်ဘူးလေ ဟုတ်တယ်မလား။ အမေရိကန်တိုးတက်ချင်ရင် အမေရိကန်လိုလုပ်လို့ လာမပြောနဲ့ သူတို့လို ငါတို့စာမဖတ်နိုင်ဘူး။ ဂျပန်လိုလုပ်လို့လဲလာမပြောနဲ့ ငါတို့သင်တဲ့ပညာက သူတို့သင်တဲ့ပညာနဲ့မတူဘူး။ ပတ်ဝန်းကျင်လည်းမတူဘူး။ ယဉ်ကျေးမှုလည်းမတူဘူး။ ဂျာနယ်ကျော်မမလေးရဲ့ သူ့လိုလူစာအုပ်ထဲက ဦးချမ်းမောင်ပြောတဲ့ “ဒီကလေးတွေကို မြန်မြန်ကြီးစေချင်နေပြီ၊ လက်ဖက်ရည်ဆိုင်မှာသွားထိုင်ခိုင်းစေချင်ပြီ၊ လက်ဖက်ရည်ဆိုင်က ဗဟုသုတဟင်းပေါင်းအိုးဘဲ၊ အများကြီးကို လေ့လာလို့ရတယ်” ဆိုတဲ့စကားမျိုးကို အသက်မသွင်းသင့်ဘူးလား။ လက်ဖက်ရည်ဆိုင်ကို အပြစ်ပြောဖို့ထက် လက်ဖက်ရည်ဆိုင်ကို ဗဟုသုတဟင်းပေါင်းအိုး ဖြစ်အောင် ပံ့ပိုးပေးနိုင်ရင် လမ်းပေါ်ကယဉ််ကျေးမှုထွန်းကားတဲ့ နိုင်ငံမှာ ပြည်သူတွေ လမ်းပေါ်မှာနေရင်း သင်ယူနိုင်ကြ၊ မျှဝေနိုင်ကြမယ် အချိန်ကုန်သလောက် ဗဟုသုတပေါင်းစုံရမယ် လို့တင်ပြရင်း အားလုံးကို ကျေးဇူးတင်ပါသည့်အကြောင်း-------------။ ။
အရှင်နန္ဒိယ (ဖယ်ခုံ)
11.01.2020 01:15:00 AM
ဘာကြောင့်သူတို့ပိုပြီးတိုးတက်ကြတာလဲ (အာယုဝေဒဆေးပညာရှုထောင့်မှ လေ့လာသုံးသပ်ခြင်း)
အိန္ဒိယရဲ့ အမွှေအနှစ်ထဲကတစ်ခုဖြစ်တဲ့ အာယုဝေဒဆေးပညာဟာ လက်ရှိအခြေအနေအထိ အသုံးဝင်နေဆဲ ပညာရပ်တစ်ခုဖြစ်ပါတယ်။ ဒေသတစ်ခုရဲ့ တိုးတက်မှု ဆုတ်ယုတ်မှုတွေဟာ အဲဒီဒေသမှာနေထိုင်တဲ့ သူတွေရဲ့အခန်းကဏ္ဍကအရေးကြီးသလို အဲဒီဒေသမှာမှီတင်းပြီးနေထိုင်တဲ့ ရေမြေတောတောင်နဲ့ ရာသီဥတုစတဲ့ သဘာဝပတ်ဝန်းကျင်ရဲ့ အခန်းကဏ္ဍကလည်း အရေးပါတာဘဲ။ သဘာဝတရားကို အခြေခံထားတဲ့ အာယုဝေဒဆေးပညာကလည်း ဒီသဘာဝတရားရှိနေသရွေ့တော့ အရေးပါနေဦးမှာဘဲမလား။ လက်ရှိအခြေအနေမှာြမင်တွေ့နေရတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို အာယုဝေဒဆေးပညာအယူအဆရှုထောင့်ကနေ လေ့လာကြည့်ကြစို့။
အရှေ့တိုင်းသားနဲ့ အနောက်တိုင်းသားတွေက အတွေးအခေါ်အယူအဆနဲ့ တန်ဖိုးထားမှုတွေက အစ ကွာပါတယ်။ တောင်ပိုင်းနိုင်ငံသားနဲ့ မြောက်ပိုင်းနိုင်ငံသားတွေလည်း ကွာပါတယ်။ ၂၀၁၉ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ သုံးလမှာ SVS ကအင်္ဂလိပ်စာလေ့လာရင်း ဆရာမတွေနဲ့ ကျောင်းသားတွေ တနင်္လာနေ့ နဲ့ ဗုဒ္ဓဟူးနေ့တိုင်း ခေါင်းစဉ်အမျိုးမျိုးနဲ့ ဆွေးနွေးဖြစ်ခဲ့တယ်။ အဲဒီထဲက ဂျာမဏီက ဆရာမ Miss Svea နဲ့ ပြောခဲ့တဲ့စကားလေးတစ်ချို့ကို ပြန်သတိရမိတယ်။ သူက သီရိလင်္ကာမှာ စေတနာဝန်ထမ်း အင်္ဂလိပ်ဆရာမလာလုပ်တာ နှစ်နှစ်ရှိနေပြီ။ “အနောက်တိုင်းနဲ့ အရှေ့တိုင်းတို့ လူနေမှုစနစ်က ဘယ်လိုကွာသလဲ” စသည် မေးကြည့်တာပေါ့။ သူကဖြေတယ်၊ “ရောက်သွားတဲ့နေရာတိုင်းမှာ အိမ်တွေခြံတွေ ပိတ်ထားကြတယ်၊ သော့ခတ်ထားကြတယ်။ ဘာတွေများကြောက်နေကြသလဲ မသိဘူး။ ဂျာမဏီမှာဆိုရင် နေ့ခင်းကြီးတံခါးပိတ် သော့ခတ်ထားတွေမရှိဘူး။ နောက်တစ်ခုက လူတွေအချိန်ပိုဖြုန်းကြသလို ထင်ရတယ်။ ဟိုသွားဒီသွားပိုများတယ်၊ ပူလို့ဖြစ်မယ်ထင်တယ်။ ဟိုမှာက အေးတော့ အပြင်သိပ်မထွက်ဖြစ်ကြဘဲ စာပိုဖတ်ကြတယ်”။ အပြင်မထွက်ဖြစ်တဲ့ ကိစ္စကို ဟိုတလောက နော်ဝေမှာနေတဲ့ နန်မူနဲ့စကားပြောဖြစ်သေးတယ်။ နော်ဝေကအေးတော့ အပြင်သိပ်မထွက်ဖြစ်ဘဲ အိမ်ထဲ စာပိုဖတ်ဖြစ်တယ်။ အဲဒါကြောင့် အသက်ကြီးလည်း အားရင်ကျောင်းတက်ကြတယ် ဆိုပါတယ်။
အဓိကအချက်နှစ်နှစ်ကို ဇောင်းပေးပြီးပြောချင်တယ်၊ အိမ်သော့ခတ်တာရယ်၊ အိမ်ထဲစာပိုဖတ်တာရယ်။ နေ့ခင်းပေမယ့် အိမ်သော့ခတ်ရတာကတော့ အနောက်တိုင်း အရှေ့တိုင်းနဲ့ သိပ်မဆိုင်ဘဲ ချမ်းသာတဲ့နိုင်ငံနဲ့ ဆင်းရဲတဲ့နိုင်ငံဘဲ ဆိုင်မယ်ထင်တယ်။ ဆင်းရဲတဲ့နိုင်ငံတွေမှာ စားစရာမရှိလို့ လစ်ရင်လစ်သလို အလစ်ဝင်သုတ်တဲ့ သူတွေပိုများတယ်။ သူတစ်ပါးကို ပျက်စီးစေချင်တာထက် ကိုယ့်ဝမ်းစာအတွက် ရုန်းကန်နေတာ ပိုများပါတယ်။ အဲဒါကြောင့် ဆင်းရဲရင် ကိုယ့်ကျင့်တရားပျက်ဖို့ အကြောင်းတရားတွေ အခြေအနေတွေပိုများလာတာြဖစ်ပါတယ်။ အဲဒါကြောင့်မို့ တံခါးတွေ ပိတ်ထားကြတယ်။ ဈေးဆိုင်တွေကလွဲရင် တံခါးပိတ်ထားကြတာများပါတယ်။ ကိုလံဘိုက မြို့တော်ြဖစ်နေတာလည်း ပါတယ်။ လူကစုံတယ်လေ။ ဘယ်သူဘယ်ဝါတွေမှန်းမသိတာလည်း များတာကိုး။ အခြားမြို့နဲ့ ကျေးလက်တွေမှာတော့ မပိတ်ပါဘူး။ တို့တောရွာတွေလိုဘဲ ရောက်လာတဲ့သူကို အထူးအဆန်းလုပ်ပြီး ဝိုင်းတောင်ကြည့်ကြသေးတယ်။
နောက်တစ်ခုက အိမ်မှာနေပြီးစာပိုဖတ်ဖြစ်တာ။ ဒီအချက်လည်း အရှေ့တိုင်း အနောက်တိုင်းနဲ့ မဆိုင်ဘဲ တောင်ပိုင်း မြောက်ပိုင်းနဲ့ ပိုဆိုင်မယ်ထင်တယ်။ မြောက်ပိုင်းက ပိုအေးတယ်၊ တောင်ပိုင်းက ပိုပူတယ်။ တောင်းပိုင်းနိုင်ငံတွေက နေသွားလမ်းကြောင်းနဲ့ ပိုနီးလို့ ပိုပူကြတယ်။ မြောက်ပိုင်းကျတဲ့ နိုင်ငံတွေက ပိုအေးကြတယ်။ ရေခဲတောင်နဲ့လည်း ပိုနီးတယ်။ ဆောင်းဆိုရင် နှင်းတွေနဲ့ဖွေးလို့၊ နော်ဝေတို့၊ ဆွီဇာလန်လို နိုင်ငံတွေမှာဆိုရင် နေရောင်မရောက်တဲ့နေရာတောင်ရှိတယ်။ ချမ်းသာကြွယ်ဝ၊ ပညာတတ်ပေါပြီး၊ တိုးတက်တယ်လို့ အားလုံးပြောနေကြတဲ့ ဥရောပတိုက်တစ်တိုက်လုံးကလည်း မြောက်ပိုင်းမှာဘဲ ကျတာဘဲလေ။ ပြောချင်တာက အပူပိုင်းနဲ့အအေးပိုင်း တောင်ပိုင်းနဲ့မြောက်ပိုင်းကွာခြားချက်ကြောင့် လူနေမှုအနေအထားတွေ ကွာကြတာပါ။
ပူတဲ့အရပ်မှာနေတဲ့သူတွေက ကိုယ်ကပူတော့ အိုက်တော့ စိတ်ပါအိုက်လာတယ်။ စာဖတ်ရင်တောင် အာရုံစူးစိုက်မှုက ကောင်းကောင်းမရှိဘူး။ စိတ်လေဖို့ ပိုများတယ်။ ပျင်းရင် အပြင်ထွက်ပြီးလျှောက်လည်ကြတယ်။ ပေါက်တတ်ကရစကားတွေပြောပြီး အပျင်းဖြေတာမျိုးတွေ ပိုများလာတယ်။ အေးတဲ့အရပ်မှာ အပျင်းပြေအပြင်ထွက်လည်တာမျိုးပိုနည်းတယ်။ အေးလို့။ အလုပ်ကို အချိန်ပိုပေးကြတယ်။ နောက်ပြီးစာဖတ်ရင်တောင် အေးအေးဆေးဆေးဖတ်ခွင့်ပိုရှိတယ်။ တွေးခွင့်လည်း ပိုရတယ်။ ကံကောင်းတာတစ်ခုက အရမ်းအေးလွန်းတဲ့ ဒေသတွေမှာ အပူပေးစက်တွေသုံးကြတယ်။ သူတို့တွေက ချမ်းသာတဲ့ နိုင်ငံတွေဆိုတော့ မဝယ်နိုင်စရာ အကြောင်းမရှိဘူးရယ်။ မီးပျက်တာမျိုးက မရှိသလောက်ရှားတယ်။ နွေးချင်ရင် အပူပေးစက်ဖွင့်လိုက်ရုံတင် ရပြီ။ အဲဒါကြောင့် သူတို့တွေ အိမ်မှာနေပြီး စာပိုဖတ်ဖြစ်ကြတယ်လေ။ ဒါကလက်ရှိဖြစ်ပျက်နေတာနဲ့ ပြောြဖစ်တဲ့စကားလေးပေါ့။
၂၀၁၉ ခုနှစ်၊ နာဂါနန္ဒတက္ကသိုလ်မှာ ဗုဒ္ဓဘာသာနဲ့ အာယုဝေဒဆေးပညာကို လေ့လာကြည့်တော့ အာယုဝေဒမှာ တက္ကတလို ṛtucaryā (Seasonal Regiment) လို့ခေါ်တဲ့ ရာသီခွင်စည်းကမ်းကို လေ့လာတဲ့အခါ နှစ်တစ်နှစ်မှာ နေသွားလမ်းကြောင်းနှစ်ခုရှိတယ်။ the northward journey and southward journey. ဒါကို Adaan Kaal/ Northern Solstice & Uttaryana Visarga Kaal/ Southern Solstice/ Dakshinayana လို့လည်း ခေါ်ကြပါတယ်။ မြောက်ဘက်ပိုင်းခရီးနဲ့ တောင်ဘက်ပိုင်းခရီးပေါ့။ အဲဒါကို လက်ယာရစ်ခရီး လက်ဝဲရစ်ခရီးလို့ သုံးရင် ပိုသင့်လျှော်မယ်ထင်တယ်။ အရှေ့ဘက်ကို မျက်နှာမူရင် မြောက်ဘက်က လက်ယာဖြစ်ပြီး တောင်ဘက်က လက်ဝဲဖြစ်သွားတာဘဲမလား။ northward journey လို့ခေါ်တဲ့ လက်ယာရစ်ခရီးနဲ့ southward journey လို့ခေါ်တဲ့ လက်ဝဲရစ်ခရီးပေါ့။
လက်ယာရစ်ခရီးနဲ့ လက်ဝဲရစ်ခရီးကို ခြောက်စီခွဲထားတယ်။ နှစ်တစ်နှစ်မှာ နေက လက်ယာရစ်ခြောက်လ၊ လက်ဝဲရစ်ခြောက်လ လည်ပတ်နေတယ်လို့ ဆိုလိုတယ်။ အဲဒီနှစ်ခုလုံးမှာ ရာသီဥတုသုံးခုစီခွဲထားတယ်။ နှစ်ခုပေါင်းတော့ တစ်နှစ်ကို ရာသီဥတု ခြောက်ခုရှိတာပေါ့။ ရာသီဥတုတစ်ခုစီတိုင်းမှာ နှစ်လရှိတယ်။ အားလုံးပေါင်းတော့ တစ်နှစ်ကို ရာသီဥတု ခြောက်ခု၊ လက ဆယ်နှစ်လပေါ့။ လက်ယာရစ် ရာသီဥတုနဲ့ လတွေကတော့
• Sisira season is cold season which is in February and March.
• Vasanth is spring in April and May.
• Grisma is summer in June and July. တွေဖြစ်ပြီး၊
လက်ဝဲရစ်က ရာသီဥတုနဲ့ လတွေကတော့
• Varsa is Rainy in August and September.
• Sarat is autumn in October and November. And finally,
• Hemantha is winter in December and January. တွေဘဲ ဖြစ်ပါတယ်။
လက်ယာရစ်လမ်းကြောင်းခြောက်လမှာ နေက (earth)ကမ္ဘာကြီးနဲ့ပိုနှီးပြီး လက ကမ္ဘာကြီးနဲ့ ပိုဝေးတယ်လို့ဆိုပါတယ်။ ဖေဖော်ဝါရီလကနေ ဇူလိုင်လအထိပေါ့။ အဲဒီခြောက်လမှာ ရာသီဥတုက ပိုပူပြီး ရောဂါတွေပိုများလာတဲ့ကာလတွေလို့ဆိုပါတယ်။ အစားအသောက်တွေပိုပျက်လာလေ့ရှိပြီး ဆေးရုံဆေးခန်းတွေမှာလည်း လူပိုများလာတယ်စတဲ့အရိပ်အရောင်တွေလည်း ရှိပါတယ်။
လက်ဝဲရစ်လမ်းကြောင်းခြောက်လမှာတော့ နေက ကမ္ဘာကြီးနဲ့ ပိုဝေးပြီး လရဲ့လည်ပတ်မှုတွေက ကမ္ဘာကြီးနဲ့ပိုနီးတယ်လို့ဆိုပါတယ်။ အောဂတ်လကနေ ဇန်နဝါရီလအထိပေါ့။ အဲဒီခြောက်လမှာတော့ ရာသီဥတုကပိုအေးပြီး ဝမ်းထဲမှာအစာခြေစနစ်လည်း ပိုအားကောင်းတယ်၊ အစားအသောက်တွေလည်း စားလို့သောက်လို့ပိုကောင်းလာတယ်။ အာဟာရဓာတ်တွေလည်း ပိုရပြီး ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအပိုင်းလည်း ပိုအားကောင်းတယ်လို့ဆိုပါတယ်။
အာယုဝေဒရဲ့ ရာသီဥတုခြောက်ခုမှာ ခန္ဓာကိုယ်ကပိုတောင်းတတဲ့ အရသာခြောက်မျိုးတို့ကို ခွဲထားတာကတော့
• Sisira ရာသီဖြစ်တဲ့ ဖေဖော်ဝါရီနဲ့ မတ်ချ်လမှာတော့ အချို၊ အချဉ်၊ အငန်
• Vasanth နှစ်လမှာတော့ အစပ်၊ အခါး၊ အဖန်
• Grisma မှာ အချို
• Varsa မှာ အချို၊ အချဉ်၊ အငန်
• Sarat အချို၊ အခါး၊ အဖန်
• Hemantha အချို၊ အချဉ်၊ အငန် တို့ဘဲ ဖြစ်ပါတယ်။
ဒါက Prof. Dr. Sumanapala Galmangoda ရဲ့ Fundamentals of Buddhism and Ayurveda for Psychiatry and Counseling စာအုပ်ထဲက အချက်အလက်တွေပါ။ ဒါကသီရိလင်္ကာရဲ့ ရာသီဥတုကို အခြေခံထားတာ ဖြစ်ပါတယ်။ အခြားစာအုပ်တွေမှာက အနည်းငယ်ကွဲလွဲကြတာရှိပါတယ်။ အိန္ဒိယကအာယုဝေဒပညာရှင်တွေရဲ့ ဆန်းသပ်ချက်တွေနဲ့ ကွာခြားချက်တစ်ချို့တွေရှိတယ်။ အာယုဝေဒဆိုတာက သဘာဝတရားနဲ့လိုက်လျှောညီထွေတဲ့ ရိုးရာအစဉ်အဆက်က လက်ဆင့်ကမ်းလာတဲ့ ဆေးပညာတစ်မျိုးဖြစ်ပါတယ်။ ပတ်ဝန်းကျင်အနေအထား၊ ရာသီဥတုအပြောင်းအလဲ ကွဲပြားရင် ကွဲပြားသလို ဆေးပညာအချက်အလက်တွေလည်း ကွဲပြားပါတယ်။ ဥပမာ အပူပိုင်းဒေသက ဆေးပညာတွေက အပူပိုင်းဒေသက လူတွေကို ဆန်းသပ်လေ့လာပြီး၊ အပူပိုင်းဒေသမှာ ဖြစ်လေ့ရှိတဲ့ ရောဂါလက္ခဏာကိုအပေါ်အခြေခံပြီး ဆေးဖော်စပ်ရပါတယ်။ အအေးပိုင်းဒေသက ဆေးပညာလည်း အအေးပိုင်းဒေသအလျှောက် ဖော်စပ်ရပါတယ်။ အခုဆိုရင် အာယုဝေဒဆေးပညာက တစ်ကမ္ဘာလုံးကို ပျံ့နှံ့နေပါပြီ။ လေ့လာသင်ယူနေကြတဲ့ နိုင်ငံတကာကျောင်းသားတွေကလည်း အနယ်နယ်အရပ်ရပ်မှာ ရှိနေကြပါတယ်။ အာယုဝေဒဆေးပညာကို ဖော်တဲ့အခါ အိန္ဒိယနိုင်ငံက လုပ်တဲ့အတိုင်းအကုန်လိုက်လုပ်လို့ မရဘူးလို့ ကြားရပါတယ်။ သီရိလင်္ကာတို့ ကင်ညာတို့လို ဆောင်းရာသီမရှိတဲ့နိုင်ငံဆိုရင် တစ်မျိုး၊ ဥရောပတိုက်ကလို မိုးရာသီသီးသန့်မရှိတဲ့နိုင်ငံတွေဆိုရင် တစ်မျိုး။ Ayurvedic Concept of Health with Reference to Disease Season ခေါင်းစဉ်နဲ့ assignment ရေးတုန်းက မြန်မာနိုင်ငံရာသီဥတုကို အခြေခံပြီး ကိုယ်တိုင်ဇယားရေးခဲ့တာလေးရှိသေးတယ်။ ဆရာ သုမနပါလကတော့ အသိအမှတ်တော့ ပြုပါတယ်၊ သေချာအောင်လေ့လာပြီးမှ အတည်ပြုရမယ့်ကိစ္စပါ လို့ဆိုပါတယ်။ (screenshot ရိုက်ပြီး တင်ထားပါတယ်)။ မြန်မာနိုင်ငံက ပညာရှင်တွေကတော လက်ခံပါ့မလား မပြောတတ်။
အာယုဝေဒရဲ့ဆေးပညာအရ လအလိုက် ဖြစ်တတ်တဲ့ရောဂါ၊ စားသုံးရမယ့်အစားအစာ၊ ဆက်စပ်ပြီးဖြစ်လာလေ့ရှိသည့် စိတ်နေစိတ်ထား (psychology), ကုစားရမည့်နည်းလမ်းတွေကတော့ ဒီမှာအသေးစိတ်မရေးချင်ပါဘူး။ ဆိုရင်ချင်တာက အနောက်တိုင်းနဲ့အရှေ့တိုင်းတို့ ကွာခြားပုံလေးကိုဘဲ ပြောချင်တာပါ။ ဘာကွာတာလဲ မေးရင် အာယုဝေဒရဲ့ ဆေးပညာအယူအဆအရ ပူတာနဲ့အေးတာကွာတယ် လို့ဘဲ ဖြေချင်ပါတယ်။ အခုလက်ရှိကမ္ဘာကို လှမ်းကြည့်လိုက်ပါ၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေက တော်တော်များများ အပူပိုင်းဒေသက များပါတယ်။ ဒါဆိုရင် အာရတ်ကမ္ဘာကိုကော ဘယ်လိုလုပ်ပြီး ဆင်းရဲတယ်ပြောမလဲ။ တစ်ချို့နိုင်ငံတွေဆို ပိုက်ဆံတွေရေလိုသုံးနေတာလည်း အများကြီး။ သူတို့မှာ ရေနံရှိတယ်။ ရေနံနဲ့ချမ်းသာကြတာ။ ဥရောပလို တိုက်အသေးသေးလေး၊ နိုင်ငံသေးသေးလေးတွေက ကမ္ဘာကို လွှမ်းမိုးနေတာ သဘာဝသယံဇာတကို ရောင်းစားလို့မဟုတ်ဘူး။ သူတို့က ပညာတတ်လို့။ ဒီလိုပြောတော့ ဥရောပကို အထင်ကြီးလွန်းတယ် လို့ ထင်လေမလား။ အမေရိကတိုက်က မြောက်ပိုင်းမှာကျတဲ့ ကနေဒါ၊ အမေရိကန်တို့ဆိုရင်လည်း ပြောစရာမလိုဘူး။ အာရှမှာလည်း ရှိပါတယ်၊ ဂျပန်တို့ ကိုးရီးယားတို့ ချမ်းသာတာဘဲ။ သူတို့က တောင်ပိုင်းမကျဘူး၊ မြောက်ပိုင်းကျတာ။ အအေးပိုင်းကျတယ်။ ဒီအာရှဘက်က မြောက်ဆုံးကျတာကတော့ ရှရှားပါဘဲ။ရှရှားလည်း ဥရောပလို့ ခံယူနေပြီမလား။
ဒါတွေကတော့ ဆေးပညာအယူအဆအရ မှန်းဆပြီးသုံးသပ်ရခြင်းဘဲ ဖြစ်ပါတယ်။ အာရှမှာဆိုရင် အပူပိုင်းက စင်ကာပူတို့၊ နောက်ဩစတေးရီးယားတို့လည်း ချမ်းသာတာရှိပါတယ်။ တောင်အမေရိကဆိုရင်လည်း ချီလီ၊ အာဂျင်တီးနား၊ ဥရုဂွေးတို့လည်း ချမ်းသာတာပဲ။ ရေတွက်လို့ရတယ်၊ နည်းနည်းလေးတွေပါ။ အဓိက ဆိုလိုချင်တာက ဟိုနိုင်ငံပိုကောင်းတယ်၊ ဒီနိုင်ငံပိုတော်တယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ အာယုဝေဒဆေးပညာအယူအဆရှုထောင့်က ရာသီဥတုအကြောင်း၊ လက်ရှိအခြေအနေထိ အပ်ဝင်ခွင်ကျရှိနေဆဲဆိုတာကို ဆိုလိုခြင်းသာ။
ဒီလိုပြောတော့ စိတ်ပိုင်းချမ်းသာတာကို ပြောတာလား၊ ရုပ်ပိုင်းချမ်းသာတာကို ပြောတာလား စတဲ့မေးခွန်းတွေလည်း ရှိမယ်နော်။ ဒါတွေကတော့ နောက်ခေါင်းစဉ်တစ်ခုဖြစ်သွားမယ်ထင်တယ်။ လက်ရှိမှာ နိုင်ငံရေးတည်ငြိမ်မှု၊ စီးပွားရေးပြေလည်မှု၊ ပြည်သူတွေ စားနပ်ရိက္ခာဖူလုံမှု၊ တရားမျှတမှု စတဲ့ပေတံတွေနဲ့တိုင်းနေကျတာမို့ ဖွံ့ဖြိုးပြီးနိုင်ငံတွေကိုဘဲ ချမ်းသာတယ်လို့ ပြောတာပါ။ နောက်ထပ်တိုင်းစရာတစ်ခုက တချို့နိုင်ငံတွေမှာ လူတစ်ယောက်မွေးပြီဆိုတာနဲ့ ဒေါလာဘယ်လောက်ပိုင်ဆိုင်ခွင့်ရှိတယ်၊ တစ်ချို့နိုင်ငံတွေမှာတော့ မွေးလာတဲ့ကလေးတိုင်း အကြွေးဘယ်လောက်ရှိတယ်ဆိုတာမျိုး ပြောစမှတ်တောင်ဖြစ်နေတာမျိုးလည်း ရှိတာပဲ။ ဒါတွေက ယုံကြည်မှု၊ အတွေးအခေါ်၊ အယူအဆ၊ ဝီရိယ၊ အမြော်အမြင်စတဲ့ အရည်အသွေးတွေနဲ့ အခြေခံပါတယ်။ အဲဒီအရည်အသွေးတွေကို ဒီသဘာဝတရားကို မှီတင်းပြီး ဖြည့်နေကြရတာမဟုတ်လား။ ဒီသဘာဝတရား(ဥတုသပ္ပါယ)တွေက စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ဖြစ်တည်မှုတွေကို အကျိုးနေပါတယ်။ အာယုဝေဒဆေးပညာကလည်း ရှင်သန်နေပါတယ်။
အချုပ်ပြောရရင် အေးတဲ့နေရာမှာနေတဲ့သူတွေက စိတ်ပိုင်းဆိုင်ရာစူးစိုက်မှုပိုအားကောင်းတယ်၊ သင်ယူလေ့လာလိုစိတ်ပိုများတယ်၊ ဉာဏ်ရည်လည်း ပိုထက်တယ်။ သူတစ်ပါးထက် ရှေ့ပိုရောက်တဲ့ အလားအလာရှိတယ်။ ခန္ဓာကိုယ်ပိုင်းဆိုင်ရာကြံခိုင်မှုလည်း ပိုကောင်းတယ်။ အာဟာရဓာတ်ပိုပြည့်စုံတယ်။ အပူပိုင်းနေတဲ့သူတွေမှာ အနာရောဂါပိုများတယ်၊ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာရော ထိလွယ်ရှလွယ်တယ်။ စိတ်ပိုလေတယ်။ ပျာယာခတ်တယ်။ ကြံခိုင်မှုအားနည်းတယ်။ ဒါတွေက အာယုဝေဒဆေးပညာရှုထောင့်က လေ့လာသုံးသပ်တဲ့ အမြင် ဖြစ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။
အရှင်နန္ဒိယ (ဖယ်ခုံ)
07.01.2020 11:10:00 PM
Monday, September 9, 2019
ဘွဲ့လွန် မဟာဝိဇ္ဇာတန်းကို လာတက်လျှင်
Unicode 
ဘွဲ့လွန် မဟာဝိဇ္ဇာတန်းကို လာတက်လျှင် 
ဒီစာကို မဟာဝိဇ္ဇာတန်းစာမေးပွဲဖြေပြီးကတည်းက ရေးဖို့စိတ်ကူးရှိခဲ့ပေမယ့် အခွင့်မသာခဲ့လို့ မရေးဖြစ်ခဲ့ ပါဘူး။ သိလို့တတ်လို့ရေးတာမဟုတ်လို့ အပြည့်အစုံကတော့ တင်ပြနိုင်မှာ မဟုတ်ပါဘူး။ ကိုယ်မြင်တာ လေးဘဲ ရေးရတာဆိုပေမယ့်လည်း ဖတ်မိတဲ့သူတွေအတွက် အကျိုးရှိလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်။ သိပြီးသားသူတွေအတွက် သိပ်မထူးပေမယ့် မသိသေးသည့်သူနဲ့ သိချင်တဲ့သူတွေအတွက် လိုအပ်လိမ့်မယ်လို့ ယူဆပါတယ်။ သီရိလင်္ကာက မိမိရဲ့အတွေ့အကြုံကိုဘဲ အခြေခံပြီး ရေးသားပါတယ်။
မဟာဝိဇ္ဇာက ဘွဲ့လွန်အတန်းဖြစ်သည့်အတွက် လူတိုင်းဘွဲ့ရပြီးသူတွေဘဲဖြစ်ပါတယ်။ မဟာတန်းကို ဘာလို့လာတက်တာလဲ ဆိုတော့ ဒီဘွဲ့နဲ့အန်ဝင်ခွင်ကျဖြစ်မည့်အဖြေက ကိုယ်လေ့လာတဲ့ဘာသာရပ်မှာ ပိုပြီး အသေးစိတ်သိချင်လို့၊ ကိုယ့်နယ်ပယ်မှာ တစ်ဆင့်တိုး လေ့လာချင်လို့ လို့ဘဲဖြေရလိမ့်မယ်ထင်ပါ တယ်။ အခြေခံပညာရေးမှာ လူတိုင်း နိုင်ငံသားတိုင်း သိထားသင့်တဲ့ အခြေခံပညာတွေကို သင်ယူခဲ့ရပါ တယ်။ အခြေခံပညာရေးအဆင့် အောင်ပြီးတော့ တက္ကသိုလ်အဆင့်၊ ကောလိပ်အဆင့်မှာ ကိုယ်စိတ်ဝင်စား တဲ့ ဘာသာရပ်၊ ကိုယ့်အတွက်အသုံးဝင်မည့် ပညာရပ်ကို ရွေးချယ်ပြီး သင်ယူခဲ့ကြပါတယ်။ အဲဒီမှာ မေဂျာနဲ့မိုင်နာဆိုတာကို ရွေးရတာပေါ့။ အဓိကရွေးချယ်ထားတဲ့ စိတ်ကြိုက်ဘာသာရပ်ကို သင်ယူရသလို ဘေးကဘာသာရပ်တွေကိုလည်း ပါးပါးလေး လေ့လာရပါတယ်။ တက္ကသိုလ်အလိုက် သတ်မှတ်ချက်တွေ မတူညီပေမယ့် ကိုယ့်ဘာသာရပ်နဲ့ဆက်စပ်မည့် သို့မဟုတ် လိုအပ်မည့် အခြားဘာသာရပ်တွေကိုလည်း ၅ ခု ၆ ခုလောက် ရွေးချယ်ရပါတယ်။ တက္ကသိုလ်တွေကွဲရင်ကွဲသလို သတ်မှတ်ချက်တွေကွဲပါတယ်။ တစ်ချို့တက္ကသိုလ်ဆိုရင် ငါးခုခြောက်ခုတောင် မကပါဘူး။ သို့သော် ရွေးချယ်ခွင့်တွေပေးပါတယ်။ သင်ယူရမည့် ဘာသာက ခြောက်ခုဆိုရင် ပြဌာန်းထားတာက တစ်ဆယ်၊ တစ်ဆယ်ကျော် ဖြစ်ချင်ဖြစ်မယ်။ အဲဒီထဲ စိတ်ကြိုက်ခြောက်ခုရွေးဆိုတာမျိုး။ အဲဒါကိုအောင်မြင်သွားရင် ဘာသာရပ်အလိုက် သိပ္ပံဘွဲ့၊ ဝိဇ္ဇာဘွဲ့၊ ဆေးကျောင်းစသည့် ဘွဲ့တွေ ရခဲ့ကြတာပေါ့။
ဘွဲ့ရပြီးရင် အလုပ်တွေဆက်လုပ်ကြပြီ၊ ကိုယ်လေ့လာထားသည့်ဘာသာရပ်နဲ့ လိုက်ဖက်တဲ့ အလုပ်တွေကို လုပ်ကြတဲ့အချိန်ပေါ့။ ကိုယ့်အဓိကသင်ယူထားတဲ့ဘာသာရပ်တွေ ရှိနေကြပြီပဲ။ ပညာလည်းသင်ပြီး ဘွဲ့လည်း ရပြီး ဖြစ်နေကြပြီလေ။ လက်တွေ့အသုံးချရမည့်အချိန်ပါပဲ။ မဟာဝိဇ္ဇာတန်းကို ဆက်မတက်ကြ တာများပါတယ်။ ဟုတ်ပါတယ်။ လူတိုင်းအတွက် လိုအပ်နေတာလည်း မဟုတ်တော့ဘူးလေ။ မဟာဝိဇ္ဇာတန်းက မသိမဖြစ် သိရမယ့်အရာ၊ မသင်မနေရ သင်ရမယ့်စာတွေမှ မဟုတ်တော့။ မလိုအပ်ဘဲနဲ့ ဘာလို့တက်နေမလဲ။ MA တို့ MSC တို့ဆိုတာက မရှိမဖြစ်လိုအပ်တဲ့အရာလား ဆိုတဲ့ မေးခွန်းကိုတော့ လူချင်းမတူရင် မတူသလို အဖြေတွေလည်း ကွဲသွားတာပေါ့။  
ဒါဆိုရင် မဟာတန်းကို ဘာလို့တက်နေကြတာလဲ။ ဒေါက်တာဘွဲ့ဆိုတာကကော ဘယ်အတွက်ဆက်လုပ် ကြတာလဲ ဆိုတဲ့မေးခွန်းတွေကတော့ မဟာတန်းရောက်သူတိုင်း အဖြေတွေသိကြလိမ့်မယ်ထင်ပါတယ်။ မဟာတန်းဆိုတာ သူတို့အတွက် အမှန်တကယ်လိုအပ်လို့ သင်ယူကြတာပါ။ ဒီနယ်ပယ်ကို အခြေအနေ အရ ကိုယ်ရွေးချယ်ရုံနဲ့မဟုတ်ဘဲ စိတ်ဝင်တစားအသေးစိတ်လေ့လာချင်လို့ပါဘဲ။ အခြေခံပညာရေးမှာ လည်း ဘယ်လိုနေရမယ်၊ ဘယ်လိုသိရမယ်ဆိုတာတွေသင်ယူခဲ့ပြီးပါပြီ။ တက္ကသိုလ် သို့မဟုတ် ကောလိပ်မှာ ဘဝအတွက်လိုအပ်တဲ့ပညာတွေလည်း သင်ယူခဲ့ပြီးပါပြီ။ မဟာဝိဇ္ဇာတန်းမှာက ဘာသာရပ်အ သစ်တွေ မဟုတ်ဘဲ ဘာသာရပ်အဟောင်းတွေထဲမှာဘဲ ယေဘုယျဆန်နေလို့ ပိုပြီးတိတိကျကျ သိချင်လို့ ထပ်လေ့လာ သင်ယူနေရတဲ့ သဘောပါဘဲ။ အဲဒါကြောင့် မဟာဝိဇ္ဇာတန်းပြဌာန်းစာတွေက ကျောင်းသားတွေအတွက် နက်နဲတာတွေရှိပေမယ့် ခက်ခဲနေတာမျိုး မရှိပါဘူး။ အသင်အပြမကောင်းလို့ ဆရာကိုငြီးငွေ့တာ ပို့ချချက်တွေကို ငြီးငွေ့တာတို့ ရှိပေမယ့် ဘာသာရပ်ကိုတော့ ငြီးငွေ့နေတာမျိုး မရှိပါဘူး။ ဒီဘာသာကို ကိုယ်တကယ်စိတ်ဝင်စားလို့၊ တကယ်လိုအပ်မယ်ထင်လို့ လေ့လာနေတာဖြစ်နေလို့ပါ။ ဆရာသင်တာစိတ်မဝင်စားဘဲနဲ့ ဘယ်လိုလေ့လာမလဲလို့မေးရင်ရင် အွန်လိုင်းပေါ်မှာ Google နဲ့ အဖော်လုပ်တတ်ရင် ဘယ်အရာမှ မခက်တော့သည့်ခေတ်။
မဟာဝိဇ္ဇာတန်းမှာတော့ ဆရာအသင်အပြကိုအားကိုးတာထက် ကိုယ်တိုင်ရှာဖွေဖတ်ရှုလေ့လာဖို့က ပိုအရေးကြီးပါတယ်။ ပို့ချချက်တွေက ကိုယ်ဘာသာရပ်နဲ့ ဘယ်လောက်အရေးပါသလဲ၊ ဘယ်လိုဆက်စပ်မှု ရှိသလဲ၊ ဘယ်လိုအသုံးဝင်မလဲ ဆိုတာမျိုးကို ဆည်းကပ်ရပါတယ်။ ကိုယ်လိုချင်တာတစ်ခြား၊ ဆရာပို့ချနေ တာတစ်ခြားဆိုရင် အဲဒီဆရာကို ဒီလိုဒီလိုတွေ ပို့ချပေးပါဆိုတာမျိုး ပြောလို့ရပါတယ်။ ကျောင်းသားမှာအဲဒီ အခွင့်အရေးတွေ ရှိပါတယ်။ ပြောလို့မရရင် ရုံးကို စာတင်ပြီး ဆရာပြောင်းခိုင်းလို့ ရပါတယ်။ ကျောင်းသား အများစု လက်မှတ်ထိုးကြရင် လျင်လျင်မြန်မြန် ပြောင်းပေးပါတယ်။ ဆရာသင်တဲ့စာတွေကိုဘဲ လိုက်မှတ် နေရတဲ့အတန်းမဟုတ်တော့ပါဘူး။ ကိုယ်လိုချင်တဲ့ပုံစံကို ဆရာရွေးရတဲ့အတန်းဖြစ်ပါတယ်။
နောက်တစ်ခုက ဆရာပြောတာကိုလိုက်မှတ်ပြီး အခြေခံပညာရေးအတန်းလို စာမေးပွဲဖြေနေရတဲ့အတန်း လည်း မဟုတ်တော့ပါဘူး။ ကိုယ့်အာဘော် ကိုယ့်ပုံစံ ကိုယ်ပိုင်လေ့လာမှု ကိုယ်တိုင်ရှာဖွေတွေ့ရှိတဲ့အရာ တွေကို တင်ပြရတဲ့အတန်းဘဲ ဖြစ်ပါတယ်။ မဟာတန်းတွေမှာ တက်တဲ့ကျောင်းသားတွေက နောက်ခံချင်း လည်း တူကြမှာ မဟုတ်ပါဘူး။ တင်ပြပုံတွေလည်း ကွဲပါတယ်။ ကိုယ့်အကြောင်းကိုယ်ပြောနေတာမျိုး မဟုတ်ပေမယ့် လက်တွေ့ဆန်အောင် အခုတက်နေတဲ့အတန်းကို ဥပမာထားပြီး ပြောချင်တယ်။ အခုလော လောဆယ် စာရေးသူ နာဂါနန္ဒတက္ကသိုလ်မှာ တက်နေပါတည်။ ဘွဲ့လွန် ဒီမလိုမာသင်တန်း။ လောလော ဆယ် အမြဲလိုလို ဝိုင်းဖွဲ့ပြီး စကားပြောဖြစ်နေတဲ့ စာရေးသူတို့အဖွဲ့ ၆ ဦးရှိပါတယ်။ စာရေးသူ မြန်မာနိုင်ငံ၊ နောက်ထပ် ကမ္ဘောဒီးယားက ဘုန်းကြီးတစ်ပါး။ သီရိလင်္ကာက လေးဦး။ တစ်ဦးက ပလက်စတစ်စက်ရုံက မန်နေဂျာ၊ တစ်ဦးက ခန္ဓာကိုယ်ချို့တဲ့တဲ့ ကလေးဆေးရုံက ဆရာမတစ်ဦး၊ တစ်ဦးက ဆရာဝန် (Psychiatrist), တစ်ဦးက ဘိန်းတောဆရာမ။ ခြောက်ဦးလုံးရဲ့ နောက်ခံက တစ်မျိုးစီ။ အမြင်တွေလည်း တစ်မျိုးစီ။ နောက်ဆုံး သစ်စစ်ခေါင်းစဉ်ရွေးတော့ ပိုတောင်သိသာသေးတယ်။ ဆည်းကပ်ပုံ စိတ်ဝင်စားမှု တင်ပြပုံတွေက တစ်မျိုးစီ။ အတန်းချင်းတူပေမယ့် သင်ယူပုံက တစ်မျိုးစီ။ ဒါပေမယ့် ဒီသင်တန်းမှာ ကိုယ်တိုင်လိုအပ်ချက်ကိုယ်စီ သင်ယူလို့ရကြတယ်။ အခု စာရေးသူတို့ တက်နေတဲ့အတန်းက Postgraduate Diploma of Buddhist and Ayurveda for Psychiatry and counselling ဖြစ်ပါတယ်။ စာရေးသူက Buddhist psychiatry နဲ့ counseling အကြောင်းကို လေ့လာချင်လို့ ဒီအတန်းကို ရွေးချယ်တယ်။ စာရေးသူက မြန်မာနိုင်ငံက ဘုန်းကြီးတစ်ပါး။ ဟိုဆရာမဆိုရင် Bsc နဲ့ကျောင်းပြီးထားတာ ဘီအေနဲ့မဟုတ်ဘူး။ Listening and speaking science လို့ပြောတာပဲ။ အဲဒါကြောင့် စကားမပြောနိုင်တဲ့ ကလေးကို စကားပြောအောင် လေ့ကျင့်ပေး၊ စကားပြောပေး၊ နားထောင်ပေး စတဲ့အလုပ်တွေ ဆေးရုံမှာ အလုပ်လုပ်နေတယ်။ ဘာလို့ဒီအတန်းကို ရွေးချယ်တာလဲဆိုတော့ psychiatry & counseling က သူ့အလုပ်နဲ့ အသုံးဝင်တယ်။ ဒီဘာသာရပ်ကို စိတ်လည်း ဝင်စားလို့ တက်တာဖြစ်တယ်။ Psychiatrist နဲ့ ဟိုဘိန်းတောဆရာမကတော့ ပြောစရာမလိုဘူး။ တိုက်ရိုက်ကို သက်ဆိုင်တယ်။ နောက်ပြီးတော့ ပလက်စတစ်စက်ရုံမန်နေဂျာကတော့ သိပ်မဆိုင်ဘူးလို့ ပြောလို့ရတယ်။ သူကတော့ အသက်ကြီးပြီး။ ငါးဆယ်ကျော်၊ သို့မဟုတ် ခြောက်ဆယ်လောက်တော့ရှိပြီ။ မေးကြည့်တော့ သူကပြောတယ်။ ကျန်းမာရေး လိုက်စားချင်လို့ နောက်ပြီးတော့ ဗုဒ္ဓဘာသာရဲ့အဆုံးအမနဲ့ ပိုနီးစပ်ချင်လို့ လေ့လာတယ်လို့ဆိုပါတယ်။ ကမ္ဘောဒီယားဘုန်းကြီးကတော့ ကျောင်းမှာ ခန္ဓာကိုယ်မသန်စွမ်းတဲ့ ကလေး သုံးလေးဆယ်ရှိတယ်။ စာသင်ပေးရတယ်။ counselor လည်း လိုအပ်နေတယ်လို့ဆိုပါတယ်။ အားလုံးက ကိုယ့်အကြောင်းနဲ့ကိုယ် ဒီအတန်းနဲ့ ဆက်စပ်တဲ့သူတွေချည်းပါပဲ။
ကျောင်းသားတွေကလည်း ကိုယ့်လိုအပ်ချက်နဲ့ကိုယ် လေ့လာကြတယ်။ လိုအပ်တာကို ပွင့်ပွင့်လင်းလင်း ပြောတယ်။ ဆရာတွေကလည်း နှုပ်တယ်။ ပေးတဲ့ Assignment တွေကအစ ကျောင်းသားတွေရဲ့ စိတ်ဝင်စားမှုလည်းရှိအောင် အခြေအနေကြည့်ပြီး ပေးကြတယ်။ ဥပမာ- Healing practice for mental disease ဆိုတဲ့ခေါင်းစဉ်ကို မြန်မာကျောင်းသားတွေအတွက် Healing practice for mental disease in Myanmar, သီရိလင်္ကာနိုင်ငံသားတွေအတွက် in Sri Lanka, ကမ္ဘောဒီးယား ကျောင်းသားတွေအတွက် in Cambodia, ဗီယနမ်ကျောင်းသားတွေအတွက်လည်း in Vietnam။ အဲလိုလေးတွေ ပေးကြတယ်။ မဟာတန်းမှာ အောက်က ကိုယ်လေ့လာခဲ့တဲ့ ပညာရပ်တွေ လာသွန်ချတဲ့အတန်းလို့တောင် တစ်ချို့ကပြော ကြသေးတယ် မလား။ အဲဒါလည်း ဟုတ်တာပဲ။ ဘာသာရပ်အသစ်တွေမှ မဟုတ်တာ။ ကိုယ့်အသိပညာတွေ ကို ပညာရေးစံညွန်းနဲ့ လာပြီးတိုင်းခြင်းတစ်မျိုးပါပဲ။
စကားစပ်လို့ ဒီပလိုမာအတန်းကိုလည်း ပြောရဦးမယ်။ ဘီအေမတက်ခင်က ဒီပလိုမာအတန်းလည်း ရှိတယ်။ အဲဒီဒီပလိုမာက ဘီအေအတန်းအတွက် အထောက်အကူပြုတဲ့အတန်းတွေဖြစ်ပါတယ်။ အခုတက် နေတဲ့ ဘွဲ့လွန်ဒီမလိုမာ အတန်းကတော့ မဟာတန်းအတွက် အထောက်အကူပြုမည့်အတန်းဘဲ ဖြစ်ပါတ ယ်။ စာရေးသူက Buddhist study နဲ့တက်လာခဲ့သည့်သူဖြစ်သည့်အတွက် မဟာတန်းကို တိုက်ရိုက်ဝင်လို့ ရပါတယ်။ ဒီပညာရပ်ကို ကောင်းကောင်းလေးလေ့လာချင်လို့ ဒီပလိုမာက စတက်တာဖြစ်တယ်။ စောစော က ပြောတဲ့ သိပ္ပံဘွဲ့နဲ့ဆေးကျောင်းနဲ့ တက်လာတဲ့သူတွေက ဗုဒ္ဓဘာသာ ဘာသာရပ်ရဲ့ အသုံးအနှုန်းနဲ့ အခြားအခြေခံအသိပညာတွေလိုအပ်နေသည့်အတွက် မဟာတန်းကို တိုက်ရိုက်ချိတ်လို့မရဘဲ ဘွဲ့လွန်ဒီပ လိုမာအတန်း အရင်တက်ရပါတယ်။ ဒါကတော့ မဟာတန်းတက်နိုင်ဖို့ အတွက် ချိတ်ဆက်ပေးတဲ့ ဘွဲ့လွန် အတန်းတစ်ခုပါ။ ဘွဲ့ရပြီးသူတိုင်း ဘွဲ့လွန်အတန်းတွေတက်ခွင့်ရှိတယ်။ ဘီအေဒီပလိုမာကနေ ပြန်စစရာ မလိုဘူး။
တကယ်တော့ ဘွဲ့လွန်အတန်းတွေဆိုတာက လူသစ်တွေမဟုတ်ပါဘူး။ လူဟောင်းတွေဖြစ်ပါတယ်။ ဘွဲ့လွန် အတန်းမှာ ကိုယ်နားမလည်တဲ့ ဘာသာရပ်၊ ကိုယ်စိတ်မဝင်စားတဲ့ဘာသာရပ်တွေကိုလည်း မယူကြပါဘူး။ စာအတွက် ဟိုလူကိုအပူကပ်၊ ဒီလူကိုအပူကပ်တာမျိုးလည်း မရှိပါဘူး။ စူပါဗိုက်ဆာမျက်နှာကို ကြည့်နေရ တာက လွဲရင်ပေါ့။ စူပါဗိုက်ဆာလည်း ကိုယ့်နဲ့အဆင်မပြေရင် ရုံးကို စာသင်ပြီး ပြောင်းလို့ရပါတယ်။ မဟာတန်းဆိုတာ ပိုက်ဆံပေးပြီး သင်ရတာမို့ ကျောင်းသားမှာလည်း အခွင့်အရေးရှိတယ်။ အခြားနိုင်ငံမှာ တော့ မသိဘူး။ သီရိလင်္ကာမှာက ပညာရေးနဲ့ ကျန်းမာရေးက အခမဲ့။ သို့ပေမယ့် ပညာရေးက ဘွဲ့ရပြီးတဲ့အထိဘဲ အခမဲ့က။ ဘွဲ့လွန်သင်တန်းတွေမှာတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် တက်ရတယ်။ ကိုယ့်ပိုက်ဆံကို ကိုယ်တကယ်အလိုရှိတဲ့ ပညာရပ်မှာ အသုံးပြုကြတယ်။ ကိုယ့်ပညာရေးမှာ အဆင်မပြေရင် ဆရာလည်း ကိုယ်တိုင်ပြောင်းခွင့်ရှိတယ်။
ဘယ်သူ့ကိုမှ အပြစ်ချင်တာမျိုးမရှိပေမယ့် မဟာတန်းအတွက် ဘယ်လိုတွေပြင်ဆင်ရမလဲလို့ မေးတဲ့သူတွေ အတွက် ပြောပြချင်တာလေးတွေရှိပါတယ်။ သီရိလင်္ကာလာရင် ဘာလိုလဲ ငွေဘယ်လောက်ရှိရင် ရမလဲ လို့ တချို့က မေးကြတာပေါ့။ ငွေကအရေးမကြီးပေမယ့် ကိုယ်သင်ယူရမည့် အတန်းတွေကိုတော့ သိဖို့အရေး ကြီးတယ်။ ဘာတွေသင်မလဲ၊ ဘာတွေလေ့လာထားရမလဲ ဆိုတာမျိုးတော့ သိထားသင့်တယ်။ နောက်ကိုယ်ယူမည့် ဘာသာစကားကဘာလဲ။ ဥပမာ- သီရိလင်္ကာမှာ ဗုဒ္ဓဘာသာတက္ကသိုလ်တွေမှာ တက်မယ်ဆိုရင် အင်္ဂလိပ်၊ ဆင်ဟလာ၊ ပါဠိ သုံးဘာသာရှိတယ်။ မြန်မာနိုင်ငံက လာတက်တဲ့ရဟန်းတော် များကတော့ အင်္ဂလိပ်ဘာသာစကားနဲ့ လာလေ့လာတာဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာစကားနဲ့ လေ့လာမှာ ဖြစ်သည့်အတွက် အင်္ဂလိပ်စကားတော့ တတ်ထားရပါမယ်။ ကြိုတင်ပြင်ဆင်ဖို့ကို ပြောရမယ်ဆိုလျှင် အင်္ဂလိပ်လိုဘာသာပြန်ထားတဲ့ ဗုဒ္ဓဘာသာစကားလုံး အသုံအနှုန်းတွေကိုလည်း သိထားဖို့လိုပါတယ်။ ကိုယ်တိုင်မည့်တက္ကသိုလ်နဲ့ ပြဌာန်းထားတဲ့ဘာသာရပ်၊ ကိုယ်ရွေးချယ်မည့် ဘာသာရပ်တွေကို သိထားရင် ပိုကောင်းတယ်။ ကြိုတင်လေ့လာလို့လည်းရပါတယ်။ မြန်မာကျောင်းသားတွေရေးထားတဲ့ အကျဉ်းချုပ် ပို့ချချက်တွေရှိပါတယ်။ အဲဒါတွေကို ကြိုတင်လေ့လာလို့ရပါတယ်။ ဖတ်ပြီးတော့ ကိုယ်ကြိုက်တာ၊ မကြိုက်တာ၊ ယူချင်တာ၊ မယူချင်တာ သိရတာပေါ့။ မဟာတန်းဆိုတာ အထက်ကပြောခဲ့သလို ကိုယ့်ဟာ ကိုယ်ရုန်းရမယ်ဖြစ်သည့်အတွက် သိသင့်သိထိုက်တာလေးကို သက်ဆိုင်သူတွေဆီ မေးမြန်းပြီးရင် ကိုယ်တိုင်ရှာဖွေရပါတယ်။ ဟိုလူကြောင့် ဒီလူကြောင့်၊ ဟိုလူမကူလို့၊ ဒီလူမအားလို့ဆိုတာမျိုးနဲ့ မဟာတန်းကျသွားတယ်ဆိုတာမျိုး အကြောင်းပြရမည့် အတန်းလည်း မဟုတ်ပါဘူး။ 
မြန်မာနိုင်ငံကလာသည့်ရဟန်းတော်များဆိုရင် တက္ကသိုလ်တစ်ခုခုက ဘီအေဘွဲ့ရပြီးသည့်သူ၊ သို့မဟုတ်၊ ဓမ္မာစရိယဘွဲ့ရပြီးသည့်သူတွေဖြစ်ကြပါတယ်။ တစ်ချို့က လူတက္ကသိုလ်တစ်ခုခုကနေရတဲ့ဘွဲ့နဲ့ လာချိတ်တာလည်း ရှိပါတယ်။ ဘွဲ့လွန်မဟာတန်းကို လာတက်ကြတယ်။ အခက်အခဲရှိတဲ့သူတွေရှိသလို အဆင်ပြေနေသည့်သူတွေလည်း ရှိပါတယ်။ ဒီမှာအကြံပြုချင်တာတစ်ခုက အကယ်၍ အချိန်ပေးနိုင်တယ် ဆိုရင် မနိုင်မနင်းဖြစ်နေတယ်ဆိုရင် ဘွဲ့လွန်ဒီပလိုအတန်းကို အရင်တက်စေချင်တယ်။ တစ်နှစ်ဘဲလေ၊ မကြာပါဘူး။ ဒီနယ်ပယ်မှာ သုံးတဲ့စကားလုံးတွေ လေ့လာမှုပုံစံတွေ အယူအဆတွေကအစ အသေးစိတ် လေ့လာလို့ရတယ်။ ဘွဲ့လွန်ဒီပလိုမာအတန်းက အမ်အေအတန်းအတွက် အထောက်အကူပြုတဲ့စာတွေဘဲ သင်ပါတယ်။ ဒီပလိုမာတန်းပြီးရင်တော့ မဟာတန်းမှာ လွယ်လွယ်ကူကူနဲ့ ကျော်ဖြတ်လို့ရတာပေါ့။
ဘယ်တက္ကသိုလ်မဆို၊ ကျောင်းသားနည်းရင်နည်းသလို ဆရာတွေက အခွင့်အရေးပိုပေးတယ်။ ဂရုပိုစိုက်တ ယ်။ ဒီပလိုမာဘဲဖြစ်ဖြစ်၊ အမ်အေဘဲဖြစ်ဖြစ် ဒီအတိုင်းဘဲ။ ကျောင်းသားနည်းတော့ Assignment ကို ကောင်းကောင်းစစ်ပေးတာ၊ လိုအပ်တာတွေ စိတ်ရှည်လက်ရှည်ပြောပြတာ။ ရေးမယ့် Thesis ကို Presentation တွေလုပ်ခိုင်းတာတွေ ရှိတယ်။ ကျောင်းသား ရာချီပြီးအခန်းပြည့်နေတဲ့စာသင်ခန်းတွေလည်း ရှိတယ်။ အဲလိုအခန်းတွေမှာ ကျောင်းသားတစ်ယောက်ချင်းဆီ စကားပြောဖို့မပြောနဲ့ လာတက်တဲ့ကျောင်း သားတွေကိုတောင် အကုန်မမှတ်မိဘူး။ အနီးကပ်နေတဲ့ ကျောင်းသားတစ်ချို့တစ်လေဘဲ မှတ်မိတယ်။ ကျောင်းသားနည်းလေ ဆရာနဲ့ပိုရင်းနှီးလေဘဲ။ စာသင်ချိန်မှာလည်း အပြန်အလှန် စကားပြောဖို့ အခွင့်အရေးပိုသာလေဘဲ။ ကိုယ်တကယ်စိတ်ဝင်စားသည့် ဘာသာရပ်တွေမှာ လေ့လာလို့ ပိုကောင်း လေဘဲ။
နောက်တစ်ခုက ကျောင်းသားတွေကလည်း အမျိုးအစားတွေများတယ်။ စာလုပ်တဲ့သူ၊ စာမလုပ်တဲ့သူ၊ အပျော်လိုက်သူ အပျင်းပြေကျောင်းလာတက်သူစသည်ကတော့ တက္ကသိုလ်တိုင်းမှာ ရှိမှာပါ။ အဲဒါကိုတော့ ဒီနေရာမှာမဆိုချင်ပါ။ စာလုပ်တဲ့သူတွေထဲကလည်း ကွဲသေးတယ်။ တစ်ချို့က University Ranking ကို ရှာတာ၊ တက္ကသိုလ်ကောင်းရင် သူလည်း လူတော်လို့ထင်နေတဲ့သူလည်း ရှိတယ်။ တစ်ချို့က ဆရာရှာတာ၊ ဆရာတော်ရင် သူလည်းလူတော်လို့ ထင်နေတာတွေလည်း ရှိတယ်။ တကယ်တော့ အဲဒီတက္ကသိုလ်တွေ ဆရာတွေက ကိုယ်နဲ့ ပုဂ္ဂလသပ္ပါယ၊ သေနာသနသပ္ပါယ ဖြစ်မှ အဆင်ပြေတာပါ။ အခုတက်နေတဲ့တက္ကသို လ်ဆိုရင် နာဂါနန္ဒတက္ကသိုလ်။ ဒီတက္ကသိုလ်က တည်ထောင်ထားတာ မကြာသေးဘူး။ သီရိလင်္ကာရဲ့ University Ranking တွေထဲမှာဆိုရင် အောက်ကနေ ကြည့်မှ တွေ့ရလိမ့်မယ်ထင်တယ်။ လာတက်တဲ့ အတန်းဖော်တွေက ဟိုဆရာမဆိုရင်၊ ကိုလံဘိုတက္ကသိုလ်ကနေလာတက်တာ။ ဟိုအဘိုးကြီးက ကေလနိယ၊ psychiatrist က ပေရာဒနိယက စသည်ပေါ့။ သူတို့ကျတော့ တက္ကသိုလ်ကိုရှာတာလည်း မဟုတ်ဘူး။ ဆရာကိုရှာနေတာလည်း မဟုတ်ဘူး။ Subject ကို ရှာတာ။ ကိုယ်စိတ်ဝင်စားတဲ့ ဘာသာရပ် မရှိတဲ့နေရာမှာ နာမည်ကြီးပေမယ့် လိုရင်းဘယ်ရောက်မလဲ။ တကယ်တော့ ဘွဲ့လွန်အတန်းတွေက ကိုယ်လုပ်မှ ကိုယ်ရတာပါ။ တက္ကသိုလ်တွေ ဆရာတွေ မလိုအပ်ဘူးလားဆိုတော့ လိုအပ်ပါတယ်။ တက္ကသိုလ်ရဲ့ဝန်ဆောင်မှုတွေ ကောင်းဖို့လိုတယ်။ ဆရာလည်း အရည်အချင်းပြည့်မီဖို့လိုတယ်။ တက္ကသိုလ်ဝန်ဆောင်မှုကောင်းရုံ၊ ဆရာအရည်အသွေးပြည့်ရုံနဲ့ ကိုယ်ပညာပိုတတ်သွားတာ မဟုတ်သေးဘူး။ ကိုယ်ကိုယ်တိုင်ကြိုးစားအားထုတ်မှုက ပိုပြီး အရေးကြီးပါတယ်။
ပြောပြချင်တာက သီရိလင်္ကာမှာ ဗုဒ္ဓဘာသာတက္ကသိုလ်တစ်ခုခုက မဟာတန်းလာတက်ရင် မိမိယူတဲ့ ဘာသာစကား အင်္ဂလိပ်ဆိုရင် အင်္ဂလိပ်ပေါ့၊ သင်ခဲ့ပါ။ နိုင်ငံတကာပညာရှင်တွေ ရေးထားတဲ့ ဗုဒ္ဓဘာသာစာအုပ်တွေ ဖတ်ထားပါ။ တက္ကသိုလ်ဖြစ်သည့်အတွက် သုတေသနအကြောင်း လေ့လာထားပါ။ ကိုယ့်ဟာကိုယ်ဖတ်ရတာပျင်းစရာဖြစ်နေရင် သိတဲ့သူတစ်ဦးဦးဆီ မေးမြန်းတာမျိုး။ ဆွေးနွေးတာမျိုး လုပ်ပါ။ အဲဒါတွေမပါလာဘဲ ဒီရောက်မှ လုပ်မယ်ဆိုရင် Assignment တွေပေးမှ ဘယ်လိုရေးရမှန်းမသိ၊ ခြေမကိုင်မိ၊ လက်မကိုင်မိတာမျိုး ဖြစ်တတ်ပါတယ်။ Thesis ခေါင်းစဉ် ရွေး၊ ဆရာနဲ့လာဆွေးနွေးဆိုမှ ဘာပြောရမှန်းမသိ ဖြစ်နေတာမျိုးလည်း ရှိပါတယ်။ နောက်ဆုံးတော့ ကြံရာမရ၊ ရေးထားတဲ့ ပို့ချချက်အကျဉ်းတွေ အလွတ်ကျက်ပြီး ဖြေရတာမျိုးတွေ ဖြစ်သွားတတ်တယ်။ စာမေးပွဲအောင်ဖို့က မခက်ပါဘူး။ အချင်းချင်း ကူညီပေးလို့ရတယ်။ စာတတ်ဖို့က အရေးကြီးတာလေ။ အခုကျက်၊ အခုဖြေ၊ အခုအောင်တာမျိုးက စာတတ်တာမှ မဟုတ်တာ။ အဲဒါကြောင့် အချိန်တွေမြုပ်နှံထားသင့်တယ်။ တစ်နှစ်၊ နှစ်နှစ်ဆိုတာ ဘာမှမကြာပါဘူး။ ဒီစားကျက်ထဲမှာ ကိုယ်ဘယ်လောက်လိုက်စားနိုင် သလဲ။ ကိုယ့်ရဲ့ရေရှည်ဘဝခရီးအတွက် ဘယ်လောက်ထိ အသုံးဝင်မလဲဆိုတာ ကိုယ့်ရဲ့လေ့လာမှုက ပိုအရေးကြီးတယ်မလား။ ပညာရေးခရီးမှာ အချိန်တွေပေးဆပ်နိုင်ပါစေ။ ပညာတတ်ကြီးတွေဖြစ်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။ အမှားပါရင်ခွင့်လွတ်ပါလို့ တောင်းပန်ပါကြောင်း ------------
အရှင်နန္ဒိယ (ဖယ်ခုံ)
09.09.2019  02:40:00 PM 
Zawgyi
အရှင်နန္ဒိယ (ဖယ်ခုံ)
09.09.2019  02:40:00 PM 
https://web.facebook.com/permalink.php?story_fbid=947532662246956&id=493802540953306&comment_id=947534575580098&notif_id=1568022669628826&notif_t=feed_comment 
https://web.facebook.com/permalink.php?story_fbid=947532662246956&id=493802540953306&comment_id=947534575580098&notif_id=1568022669628826&notif_t=feed_comment