Monday, October 7, 2024

သီဟိုရ်ကျွန်းက ပညာ‌ရေးစာတမ်းဖတ်ပွဲ အတွေ့အကြုံများ

 

သီဟိုရ်ကျွန်းမှာ ဘွဲ့လွန်ကျောင်းသားများအတွက် ပညာရေးစာတမ်းခေါ်စာတွေအများအပြားထွက်လာသလို စာတမ်းရေးကြတဲ့ကျောင်းသားတွေလည်း အများအပြားရှိပါသည်။ ထိုအထဲတွင် အချို့တက္ကသိုလ်တွေဆိုလျှင် ပညာရေးစောင်းပါးနှစ်ပုဒ်ရေးပြီးမှ ဘွဲ့တင်ကျမ်းစာတွေလက်ခံမယ်ဆိုတဲ့ ပြဌာန်းချက်မျိုးတွေတောင် ရှိလာပါသည်။ စာတမ်းမရေးတဲ့ကျောင်းသားများလည်း များစွာရှိသလို စာတမ်းကိုအလုအယပ်ရေးနေကြတဲ့ ကျောင်းသားတွေလည်း အများအပြားရှိပါသည်။ ဒီစာလေးက သီဟိုရ်ကျွန်းက ပညာရေးစာတမ်းဖတ်ပွဲ အတွေ့အကြုံကို မျှဝေတဲ့ စာလေးဘဲ ဖြစ်ပါသည်။

 

ဘွဲ့လွန်ကျောင်းသားများနဲ့ သုတေသီများအတွက်

အထူသဖြင့် ဘွဲ့လွန်ကျောင်းသားများအတွက် အခွင့်အရေးတွေများစွာရှိပါတယ်။ နိုင်ငံရဲ့ထပ်တန်း စာရင်းဝင် တက္ကသိုလ် တိုင်းလိုလို အကယ်ဒမစ်ဂျာနယ်တွေနှစ်တိုင်းထုတ်ပါတယ်။ အဲဒီဂျာနယ်တွေကတစ်ဆင့် ပညာရေးဆောင်းပါး အတွက် ကျောင်းသားတွေကို နှစ်တိုင်းခေါ်စာတွေပို့ပါတယ်။ ကြော်ငြာစာလည်း ထုတ်ပါတယ်။ ဌာနအလိုက်ထုတ်တဲ့မဂ္ဂဇင်းတွေရှိပါတယ်။ ဥပမာ- စာရေးသူတက်တဲ့ ကေလနိယတက္ကသိုလ်ဆိုရင် စာရေးသူက ဗုဒ္ဓဘာသာဌာနက ကျောင်းသားဖြစ်တဲ့အတွက် ဗုဒ္ဓဘာသာဆောင်းပါးထုတ်တဲ့မဂ္ဂဇင်းအပါအဝင် ဘွဲ့လွန်ဌာနက ခေါ်တဲ့ဆောင်းပါး၊ ဝိဇ္ဇာဌာနက ထုတ်တဲ့မဂ္ဂဇင်း၊ လူမှုရေးသိပ္ပံဌာနကထုတ်တဲ့မဂ္ဂဇင်း၊ အယုဝေဓဆေးပညာဌာနကထုတ်တဲ့မဂ္ဂဇင်း၊ ရှေးဟောင်းသုတေသန ဌာနက ထုတ်တဲ့မဂ္ဂဇင်းစတဲ့ ဆက်စပ်တဲ့ ဌာနက ထုတ်တဲ့မဂ္ဂဇင်းတွေကလည်း ခေါ်စာတွေပို့ပါတယ်။ တစ်ချို့မဂ္ဂဇင်းက တစ်နှစ်တစ်ခါ၊ တစ်ချို့က တစ်နှစ်နှစ်ခါ ထုတ်ပါတယ်။ သုတေသနစာတမ်း အသေးစားရေးချင်တဲ့ကျောင်းသားတွေအတွက် အခွင့်အရေးတွေများစွာရှိပါတယ်။ ကိုယ်တက်နေတဲ့တက္ကသိုလ် အပြင် အခြားတက္ကသိုလ်က ခေါ်တဲ့ဆောင်းပါးတွေကိုလည်း ရေးလို့ရတယ်။ ကိုယ့်ကျောင်းသားနဲ့ကိုယ်ဆိုရင် မေးလ် နဲ့ပို့လိုက်တယ်။ အခြားသူဖြစ်တဲ့ ပြည်တွင်းပြည်ပက စကော်လာတွေကိုတော့ ကြော်ငြာစာနဲ့ပို့ပါတယ်။ တက္ကသိုလ်တိုင်းမှာ အွန်လိုင်းပေ့ဂျ် ဝက်ဆိုက်တွေဆိုရှိတယ်။ တက္ကသိုလ်အွန်လိုင်းပေ့ဂျ်မှာလည်း ကြော်ငြာထားပါတယ်။ ဘယ်တက္ကသိုလ်ဆောင်းပါးခေါ်စာမဆို တစ်ကမ္ဘာလုံးမှာရှိတဲ့ သုတေသီတွေကို ဖိတ်ခေါ်ပါတယ်။ သို့သော် သီးသန့်အခွင့်အရေးအနေနဲ့ ငွေသွင်းရတဲ့စာတမ်းတွေဆိုရင် သူတို့တက္ကသိုလ်က ကျောင်းသားနဲ့ သုတေသီတွေ ဆိုရင် အခကြေးလျှော့ကောက်တာမျိုးတော့ရှိတယ်။ ထို့အပြင် တက္ကသိုလ်ဌာနတစ်ခုခုက တာဝန်ခံတာမျိုး မဟုတ်ဘဲ အပြင်ကဝါရင့် သုတေသီတွေပေါင်းပြီး ဘာသာရပ်အလိုက်၊ နယ်ပယ်အလိုက် ထုတ်တဲ့မဂ္ဂဇင်း တွေလည်း ရှိပါတယ်။ မေးလ်တစ်ခါလောက်ပေးထားရင် ခေါ်စာချိန်ရောက်တိုင်း သူတို့လည်း မေးလ်ပို့ပါတယ်။ ဘွဲ့ရချင်တာတစ်ခုတည်းမဟုတ်ဘဲ သုတေသနနယ်ပယ်ထဲမှာ ပျော်နေတယ်ဆိုရင် သုတေသီတွေအတွက် အခွင့်အရေးတွေ များစွာရှိပါတယ်။ စကားမစပ်၊ ငါတို့ခေတ်တော့လွန်ပြီ၊ နောက်လူတွေကိုဘဲ အားကိုးရမှာဘဲ ဆိုတဲ့စကားမျိုး မပြောနဲ့တော့။ စတာပါ၊ စိတ်မခုနဲ့။

 

ကိုယ်ပို့မယ့် မဂ္ဂဇင်းကို အရင်လေ့လာ

အမှားနည်းချင်ရင်တော့ အရင်လေ့လာပေါ့။ မဂ္ဂဇင်းတစ်ခုနဲ့တစ်ခုက ခေါ်စာတွေမတူပါဘူး။ စာလုံးရေ သတ်မှတ်ချက်လည်းမတူဘူး။ ကျမ်းကိုးကားနည်းစတိုင်လည်း မတူဘူး။ သူတို့တောင်းဆိုတဲ့ ကျမ်းဖွဲ့စည်းပုံ လည်းမတူဘူး။ သူတို့သတ်မှတ်ထားတဲ့ရက်စွဲလည်းမတူဘူး။ နောက်တစ်ခုက တစ်ချို့စာတမ်းတွေမှာ ငွေပါသွင်းရတယ်။ တစ်ချို့က ငွေသွင်းစရာမလိုဘူး။ ဒီနှစ်ထဲမှာစာရေးသူ ပို့ထားတဲ့မဂ္ဂဇင်းလေးခုက ငွေသွင်းရတယ်။ တစ်ခုက ဒေါ်လာ ၃၀။ ကျန်တဲ့ သုံးခုက ဒေါ်လာ ၅၀ ဆီ။ နောက်ထပ် မဂ္ဂဇင်းနှစ်ခုကျတော့ အခမဲ့။ နောက်စာတမ်းဖတ်တဲ့နေ့မှာလည်း သွားခလာခစရိတ်တွေက ရှိသေးတယ်။ ကိုယ်နေတဲ့နေရာနဲ့ ဝေးရင်ဝေးသလို ကုန်ကျစရိတ်တွေကွာမယ်။ ဥပမာ- နေတာ ကိုလံဘို၊ စာတမ်းက ကေလနိယ၊ ဂျေယတနပူရ၊ ဘိချု၊ ပေရာဒနိယ တက္ကသိုလ်လေးခုကခေါ်တဲ့ဆောင်းပါးမှာ ကိုယ့်ဆောင်းပါးအရွေးခံရတယ်ဆိုရင် ဆောင်းပါးခ ဒေါ်လာငါးဆယ်။ ကိုလံဘိုကနေ ပေရာဒနိယကို တစ်ရက်ကြိုသွား၊ စာတမ်းဖတ်ပြီး နောက်ရက်မှ ပြန်လာမယ်ဆိုရင် လမ်းစရိတ်၊ နေစရိတ်ကကုန်မယ်။ တစ်ချို့တက္ကသိုလ်တွေကျတော့ တည်းဖို့နေရာပေးတယ်၊ တစ်ချို့က မပေးဘူး။ တက္ကသိုလ်တွေက မြို့ချင်းမတူတဲ့အတွက် ပေးရတဲ့အချိန်တွေလည်း ကွာတယ်။

နောက်တစ်ခု ရွေးလို့ရတာက အခကြေးသွင်းရတဲ့  မဂ္ဂဇင်းတွေမှာ Keynote Speaker နဲ့ Guest of Honor တို့ကို ကြော်ငြာစာမှာပါ တစ်ခါတည်းဖော်ပြလေ့ရှိတယ်။ ကိုယ့်စာကို ဆုံးဖြတ်မယ့်ပေးမယ့်သူရဲ့ အရည်အချင်း ကိုလည်း ခန့်မှန်းလို့ရတာပေါ့။ ကိုယ့်ကြိုက်နှစ်သက်တဲ့စကော်လာ ဟုတ်၊ မဟုတ် တစ်ခါတည်းသိရတာပေါ့။ ကိုယ်ပေးဆပ်ထားတဲ့အချိန်နဲ့ တန်သလား၊ မတန်ဘူးလား စဉ်းစားပြီးမှ ပို့ပေါ့။ စာတမ်းအကျဉ်းချုပ်ကိုဘဲ စာအုပ်နဲ့ပြန်ထုတ်ဝေပေးပြီး စာတမ်းအပြည့်အစုံကို တော့ သူတို့အွန်လိုင်းပေ့ဂျ်မှာဘဲ ထုတ်ပြန်ပါတယ်။ စာတမ်းဖော်ပြမယ့်နေ့ရောက် ရင်တော့ စာတမ်းရှင်ကို မေးလ်ပို့ပြီး အကြောင်းကြားပါတယ်။  

အဲဒီထဲက ကြုံခဲ့ရတဲ့ အခက်အခဲ တစ်ခုကို‌ ပြောရမယ်ဆိုရင် စာမူတစ်ခုမှာ ဇူလိုင်လ ၁၅ ရက်မှာ စာတမ်းအပြည့်အစုံပို့ပါလို့ ပြောလို့ အဲဒီနေ့ပို့လိုက်တယ်။ ပြီးတော့ မေးလ်ပြန်လာတယ်။ ဘာပြောလဲဆိုတော့ တက္ကသိုလ်က သတ်မှတ်ထားတဲ့ စာတမ်းဖွဲ့စည်းပုံအတိုင်း ရေးရမယ်။ အဲဒီဖွဲ့စည်းပုံကို ဆွေးနွေးနေတာ ဒီနေ့မှအတည်ပြုလို့ အတည်ပြုထားတဲ့မူအတိုင်း ပြန်ရေးပါဦး။ စာလုံးရေကလည်း အနည်းဆုံးလေးထောင် မဟုတ်တော့ဘူး၊ အများဆုံး လေးထောင်လို့ သတ်မှတ်လိုက်ပြီ။ နောက်ထပ် ၁၅ ရက်အချိန်ပြန်ပေးမယ်။ ၁၅ ရက်အတွင်း မူအသစ်အတိုင်းပြန်‌‌ရေးပေးပါ လို့ ပြန်ပြောတယ်။ အဲလိုလည်း ရှိတယ်။ တစ်ခါတစ်လေကိုယ်မှားလို့ ကိုယ်ခံရတာမဟုတ်ဘဲ၊ သူတို့နောက်ကျလို့ ကိုယ်ပါနောက်ထပ်အချိန်ပြန်‌ပေးရတာမျိုး။ အခြားကိစ္စ ကြီးကြီးမားမား မရှိရင် ကိစ္စမရှိပေမယ့် ကိစ္စရှိရင် ဒုက္ခရောက်ပြီ။ စာသင်သားမဟုတ်လား၊ အခြားရေးစရာတွေလည်းရှိသေးတာလေ။

 

သုတေသီတွေအတွက် အကျိုးရလဒ်

ပညာရေးစာတမ်းတွေရေးတော့ စာမူခရသလားဆိုတော့၊ မရဘူး။ မရတဲ့အပြင် ငွေတောင်ကုန်သွားသေးတယ်။ ဆိုတော့ ဘာလို့ရေးကြသလဲ ဆိုတော့၊ ရေးချင်လို့ကို ရေးတာဆိုပါတော့။ ပထမတစ်ခု အကျိုးရလဒ်ကတော့ ကိုယ့်ရဲ့သုတေသနကို စကော်လာတွေရှေ့မှာ တင်ပြခွင့်ရသွားတယ်။ စကော်လာတွေအချင်းတွေ့ဆုံဖြစ်ပြီး ဘယ်သူက ဘယ်နယ်ပယ်က ဆိုတာမျိုးကို သိရတယ်။ စုပေါင်းပြီးလုပ်ရမယ့်အလုပ်တွေဆိုရင် ဘယ်သူက ဘယ်နေရာမှာဆိုတာမျိုးကို နေရာပေးလို့ရတယ်။ နောက်ပြီးတော့ တက္ကသိုလ်နဲ့ပညာရေးနယ်ပယ်က အလုပ်တစ်ခုခုရှိရင် ဘယ်သူက ဘာတွေလုပ်ထားတယ်ဆိုတာကို သိရတယ်။ စာတမ်းတွေက အွန်လိုင်းမှာရှိနေတဲ့အတွက် ဒီနယ်ပယ်မှာ သူကဘယ်လောက်ထိလုပ်ထားတယ်၊ သူက ဘယ်လိုအမြင်ရှိတယ်။ သူဘယ်လောက်ထိမြင်နိုင်တယ်ဆိုတာကို သူရေးထားတဲ့စာတမ်းကို ဖတ်ပြီး အကဲဖြတ်ကြတယ်။ သူကဘာဘွဲ့ရထားလို့ ဘယ်ရာထူးပေး အဲလိုတွေမဟုတ်ဘူး။ သူက ဒီလိုစာတွေရေးထားတယ် ဘယ်လောက်အရည်အချင်းရှိတယ်၊ ဘယ်လိုနေရာမှာ သူဝင်လို့ရတယ်လို့ အကဲဖြတ်ပြီး နေရာပေးကြတာ။ ဘွဲ့ရထားရုံနဲ့တစ်ခုနဲ့တင် စကော်လာလို့ မသတ်မှတ်ကြဘူး။ ဆိုတော့ သူတို့မှာ ကထိကဖြစ်လေလေ၊ စာပိုရေးလေလေ၊ အမြင်သစ်တွေ ပိုထုတ်ပြလေလေဘဲ။ အဲဒါကြောင့် ကိုယ့်နယ်ပယ်မှာ ဘယ်သူတွေဘာလုပ်နေသလဲ သိချင်ရင် စာတမ်းပွဲကို လာခဲ့ပါ။

ဒါက ကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့ သီဟိုရ်ကျွန်းက ပညာရေးစာတမ်းဖတ်ပွဲ အကြောင်းဘဲ ဖြစ်ပါတယ်။ အချိန်ရရင် ပညာရေးဆောင်းပါးလေး ရေးထားပါဦး။ တည်းဖြတ်ပြီးရင် ပညာရေးမဂ္ဂဇင်းတွေက ဆောင်းပါးအသစ်ကို စောင့်နေပါတယ်။ အားလုံးကိုယ်ကျန်းမာ စိတ်ချမ်းသာရှိကြပါစေ။

အရှင်နန္ဒိယ (ဖယ်ခုံ)

03.10.2024 2:35:00PM

 

 

ခေတ်ပေါ်တက္ကသိုလ်မြေပေါ်က ဘဝများ

 

 

တက္ကသိုလ်ဆိုတဲ့နေရာက ပညာရေးနယ်မြေလို့ မြင်သလို နိုင်ငံရဲ့အနာဂတ်ခေါင်းဆောင်များ မွေးဖွားရာနယ်မြေလို့လည်း မြင်ကြလိမ့်မယ်ထင်ပါတယ်။ အဲဒါကြောင့် အဲဒီနေရာကို ရောက်လာဖို့အတွက် လူငယ်တွေရဲ့ အိပ်မက်တစ်ခုဖြစ်သလို ပညာရေးတက္ကသိုလ်မှာ ဘာတွေလုပ်ထားခဲ့တယ်ဆိုတဲ့ ခြေရာလက်ရာတွေ ချန်ထားဖို့အတွက် လူကြီးပိုင်းပညာရှင်တွေရဲ့ အိပ်မက်တစ်ခုလို့လည်း ဟုတ်ပါတယ်။ အဲဒီနေရာကိုရောက်ရင် သင်မြင်ရလိမ့်မယ်၊ everyone is a star in their field ဆိုတာမျိုး။ မြင်တွေ့ခဲ့ရတဲ့ တက္ကသိုလ်နယ်မြေက အကြောင်းတွေကို အနည်းငယ် ပြောပါချင်ပါတယ်။ ဒီစာလေးတွေ ဆုံးအောင် ဖတ်မယ်လို့ ဂတိပေးမှာမလား။

 

တက္ကသိုလ်ထဲ တစ်ခုခုဖြစ်ရင်

တက္ကသိုလ်တွေမှာလည်း လုပ်ငန်းစဉ်မပျက် လည်ပတ်နိုင်အောင်ကျိုးစားရတယ်။ ပညာရေးဝန်ထမ်းများ(Non-academic staff) နှင့် သင်ကြားရေးတာဝန်ခံများ (Academic staff) အမြဲတမ်းညှိနှိုင်းပြီး အလုပ်လုပ်ကြရပါတယ်။ တစ်ဘက်ဘက်က ယိုင်သွားရင်လည်း ကျန်တဲ့တစ်ဘက်ကို ထိခိုက်လာတယ်။ တစ်ခုခုအရေးခင်းဖြစ်လို့ ပညာရေးဝန်ထမ်းများ ဆန္ဒပြပြီဆိုရင် ကျောင်းသားတွေကို ကျောင်းလက်ခံတာ၊ စာသင်ခန်းအတွက် ပြင်ဆင်တာကအစ လုပ်ငန်းတွေ ရပ်ဆိုင်းသွားတာပဲ။ ဆရာတွေက ဆန္ဒပြတယ်ဆိုရင် စာသင်ခန်းက ဟာလာဟင်းလင်းဖြစ်သွားပြီး ကျောင်းသားတွေအတန်းမရှိဘဲ သင်ကြားရေးတွေ ခဏရပ်ဆိုင်းသွားတာပဲ။ ဆန္ဒပြတာကို အကြောင်းပြပြီး စာကြည့်တိုက်တွေပါ ပိတ်ထားတဲ့နေ့တွေဆိုရင် ကျောင်းသားတွေ ကျောင်းဝင်းထဲ ဟိုတစ်စု ဒီတစ်စုနဲ့ ထိုင်နေရတာတွေ တွေ့ရလိမ့်မယ်။ ဒါမှမဟုတ် ကန်တင်းမှာ အချိန်အကြာကြီးထိုင်နေတာလည်း ရှိမယ်။ ကျောင်းသားတွေဆန္ဒပြရင်လည်း တက္ကသိုလ်က ရုံးခန်းနဲ့ စာသင်ခန်းပါ ရပ်ဆိုင်းထားရပါတယ်။ မြင်ဖူးသမျှထဲမှာတော့ ပညာရေးဝန်ထမ်းများနှင့်ဆရာများဆန္ဒပြရင် လစာငွေနည်းပါးတာ၊ အခွန်တွေများပြားတာ၊ ဝန်းထမ်းတစ်ဦးဦးက အနှိပ်စက်ခံရတာနှင့် နားချိန်လိုအပ်တာတွေ ပြလေ့ရှိပြီး ကျောင်းသားတွေဆန္ဒပြရင်တော့ ကျောင်းသားတစ်ယောက်ယောက်ကို လုံခြုံရေးက အတင်းအကြပ်ဖမ်းစီးတာ၊ ရိုက်နှက်တာ၊ ကျန်းမာရေးကိစ္စတစ်ခုခုဖြစ်ရင် အရေးပေါ်ကားတွေအချိန်မီရောက်မလာဘဲ ကျောင်းသားက သေဆုံးသွားတာစတဲ့ ကိစ္စတွေများပါတယ်။

တက္ကသိုလ်ထဲမှာ အရေးခင်းတစ်ခုခုဖြစ်ရင် သို့မဟုတ် ဆန္ဒပြပွဲတစ်ခုခုဖြစ်ရင်တော့ ရုံးလုပ်ငန်းနဲ့ သင်ကြားရေးကဏ္ဍမှာ ခဏရပ်ဆိုင်းထားလေ့ရှိတယ်။ ဆန္ဒပြပွဲ အကြီးအသေးမှာမူတည်ပြီး ရပ်ဆိုင်းပါတယ်။ ဥပမာ- သက်ဆိုင်ရာ ဌာနတစ်ခုခုမှာဘဲ ရပ်ဆိုင်းတာတို့၊ တက္ကသိုလ်တစ်ခုလုံး ရပ်ဆိုင်းတာတို့စသည်ပေါ့။

 

ခေတ်ပေါ်ပညာရေးနှင့် ငွေကြေးအခက်အခဲများ

မာစတာက ဘယ်လောက်ကုန်မယ်၊ ဘီအေ၊ ဘီအက်စ်စီဆိုရင်ဘယ်ရောက်ကျမယ်၊ ပီအတ်ဂျ်ဒီဆိုရင်တော့ ဘယ်လောက်ရှိမှရမယ်၊ ဒါက ခေတ်ပေါ်ပညာရေးလမ်းကြောင်းထဲက တွက်ချက်ရတဲ့ ကုန်စျေးနှုန်းတွေဘဲ ဖြစ်ပါတယ်။ အဒီလောက်လိုအပ်တဲ့ အထောက်အပံ့တွေရမှဘဲ ကျောင်းတက်နိုင်ကြတာပါ။ ဆိုတော့ ကိုယ်တိုင်ငွေစိုက်ထုပ်နိုင်ရင် ကိုယ်ပိုင်ငွေနဲ့ကျောင်းတက်၊ မတတ်နိုင်ရင် ထောက်ပံ့တဲ့သူရှိရင် ထောက်ပံ့ငွေနဲ့ တက်။ ထောက်ပံ့တဲ့သူမရှိရင် စကော်လားရှစ်ပ် ရအောင်လျှော်၊ စကော်လားရှစ်ပ်ရဖို့ လိုအပ်တဲ့ စကေးလ်တွေ ဖြည့်။ တက်မယ့်တက္ကသိုလ်က တောင်းဆိုထားတဲ့အရာတွေ အောင်လက်မှတ်တွေရအောင် သင်တန်းတွေတက်။ တစ်ချို့ကျတော့ ချောချောချူချူနဲ့ တက္ကသိုလ်‌ရောက်သွားကြပြီး တစ်ချို့ကျတော့ ခြေကုန်လက်ပန်းကျပြီးမှ တက္ကသိုလ်ရောက်သွားကြတယ်။ တစ်ချို့ကျတော့ ကြိုးမကလို့ ပလက်စတစ်တွေပါ စားတာတောင် ရောက်မလာနိုင်တဲ့သူတွေလည်းရှိတယ်။ အဲဒီကြားထဲ ကိုယ့်ဟာကိုယ် ကံမကောင်းလို့ မရောက်တာပါလို့ ဖြေတွေးပြီးနေနေတာတောင် ဘေးက အလိုက်မသိ အသုံးမကျလို့ မရောက်တာလို့ လာပြောတဲ့သူက ရှိသေးတာ။

ငွေကြေးက ကျောင်းသားတွေတင်မကဘူး၊ တက္ကသိုလ်တွေကိုယ်တိုင်မှာလည်း ရုန်းကန်နေရပါတယ်။ တက္ကသိုလ်ကို အဆက်မပျက် လည်ပတ်နိုင်ဖို့ နောက်ခံအထောက်အပံ့အများကြီး အကြီးကြီးတွေ လိုအပ်ပါတယ်။ တစ်ခါတစ်လေ စဉ်းစားမိတယ်။ တက္ကသိုလ်နဲ့ ကျောင်းသားတွေကြားမှာ ပရောဖက်ရှင်နယ်ဆန်နေရတဲ့ ပရောဂျက်တစ်ခုကို ရန်းနေရသလိုဘဲ။ တက္ကသိုလ်မှာ အရေအသွေးရှိကြောင်း ကျမ်းစာကောင်းကောင်းရေးနိုင်တဲ့ကျောင်းသားတွေကို မွေးထုတ်ရပါတယ်။ တစ်ဘက်မှာလည်း တက္ကသိုလ်အရှိုန်အဝါကြီးတဲ့အကြောင်းကို ပြဖို့အတွက် နာမည်ရတဲ့ဆရာတွေကိုလည်း ခေါ်ရပါတယ်။ ကျောင်းသားတွေ အရေအတွက်များအောင်လည်း ကျိုးစားရပါတယ်။ အခုခေတ်မှာ စီးပွားရေးဆန်ဆန် ကမ်ပိန်းတွေလုပ်နေတာတွေ တွေ့ရမှာပါ။ စကော်လားရှစ်ပ် ထောက်ပံ့ပေးနိုင်တဲ့သူတွေကိုလည်း ရှာနေရပါတယ်။ ကြုံဖူးတဲ့ တက္ကသိုလ်တစ်ခုဆိုရင် မဟာယာနအဖွဲ့တစ်ဖွဲ့က ထောက်ပံ့ထားတော့ ကျမ်းစာရေးဖို့ အဆိုပြုလွှာသွားတင်တော့ မဟာယာနကျမ်းစာနဲ့ဆိုင်တဲ့ Chapter တစ်ခုလောက်တော့ ရေးရမယ်လို့ ဟိုက ဆရာကိုယ်တိုင်က ပြောပါတယ်။ အဲဒါနဲ့ ကျမ်းစာနဲ့မဆိုင်တဲ့အကြောင်းကို အကြာကြီး စကားတွေများခဲ့ရသေး တယ်။ အထောက်အပံ့က စီးပွားရေးမေဂျာတွေတင်ဘယ်ကမလဲ ဘာသာရေးမေဂျာတွေမှာပါ စကားပြောတယ်။ တကယ်တော့ တက္ကသိုလ်ဘက်က အဘက်ဘက်ကြည့်ရတာ၊ ကျောင်းသားမျက်နှာ၊ ပညာရှင်မျက်နှာ၊ စီးပွားရေးသမားမျက်နှာ။ အဲဒီပြောမှာမူတည်ပြီး ထွက်လာတဲ့ကျမ်းတွေကလည်း ကွာတာပေါ့။ တက္ကသိုလ်ကအားကိုးရတဲ့ကျမ်းစာ၊ မဖြစ်မနေအောင်ပေးရတဲ့ ကျမ်းစာ။ အဲဒါကြောင့်ဘဲ ထင်ပါတယ်၊ တက္ကသိုလ်က ကျမ်းစာတွေထက် အထင်ကရ သြဇာရှိတဲ့ ပညာရေးဂျာနယ်က ဆောင်းပါးတွေကို ပိုဖတ်လာကြတာ။

တက္ကသိုလ်ဆိုတဲ့နေရာကိုရောက်ဖို့ ငွေကြေးက အဓိကစကားပြောနေရတယ်။ ငွေလမ်းခင်းပြီးလာရတယ် ဆိုပါဆို့။ စကားလုံးသုံးတာ အဖျက်သဘောဆန်လွန်းတယ်နော်။ တကယ်လည်း ဟုတ်တယ်။ ခေတ်ပေါ်ပစ္စည်းတွေကိုပါ အသုံးပြုနေရတဲ့ ယခုလိုခေတ်မျိုးဆိုရင် ပိုဆိုးတာပေါ့။ သို့သော် ခေတ်ရေစီးကြောင်းကို ဘယ်လိုတွန်းလန်မလဲ။

 

ကျမ်းစာအတွက် လိုအပ်ချက်။

ဘယ်အတန်းမှာ ငွေကြေးဘယ်လောက်လိုတယ်ဆိုတာကို မပြောချင်ပေမယ့် တက္ကသိုလ်ရောက်ပြီးမှ မထင်မှတ်ဘဲ ထပ်ကုန်ကြမယ့်အရာတွေရှိသေးတယ်ဆိုတာကိုလည်း ပြောချင်ပါတယ်။ အထူးသဖြင့် ကျမ်းစာရေးတော့မယ်ဆိုရင်ပေါ့။ ကျမ်းစာကို ကိုယ်မရေးနိုင်လို့ သူများကို ရေးခိုင်းတာ တစ်မျိုး။ အဲဒါကို မဆိုလိုပါ။ ကိုယ်တိုင်ရေးမယ့်ကျမ်းစာထဲက ထပ်လိုအပ်တဲ့ Research Methodology အကူတွေကို ပြောချင်ပါတယ်။ ကျမ်းစာအတွက် အသုံးပြုမယ့် နည်းလမ်းတွေကွဲရင်ကွဲသလို ကျမ်းစာရေးသားပုံတွေက မတူညီကြပါဘူး။ အခုခေတ်နောက်ပိုင်းမှာ သုတေသနဧရိယာတွေများပြားလာတာနဲ့အမျှ သုတေသနပြုပုံ နည်းလမ်းတွေကိုလည်း ကျယ်ပြန့်လာပါတယ်။ ကျောင်းမှာပေးတဲ့ သုတေသနသင်တန်းတွေကလည်း ကျောင်းသားတွေအားလုံးအတွက် မကာမိတော့ပါဘူး။ ကျောင်းကပေးတဲ့သင်တန်းအများစုက မသိမဖြစ် သိထားရမယ့် အခြေခံသဘောတရားတွေဘဲ ပေးကြတာများတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်နှစ်ပြီးတစ်နှစ် ‌ကျောင်းသားအသစ်တွေထပ်ရောက်လာတာမို့လို့၊ ပေးနေတဲ့ပုံစံအတိုင်းပေးကြတာများတယ်။ တစ်ချို့ကျောင်းသားတွေဆို နှစ်နှစ်သုံးနှစ်လောက်လိုက်တက်တော့ အဲဒီဆရာပေးတဲ့ ပါဝါပွိုင့်ဆလိုက် တွေကအစ ရပြီးသား အဟောင်းကြီးကို နှစ်ခါသုံးခါ ပြန်ယူနေရတယ်။ ကျောင်းကပေးတဲ့ Research Methodology ပို့ချချက်တွေထဲမှာ ကိုယ့်ကျမ်းစာအတွက်လုံလောက်တယ်ဆိုရင် ကိစ္စမရှိပေမယ့် မလုံလောက်ရင် ကျောင်းသားတွေကိုယ်တိုင် ထပ်လေ့လာရတယ်။ အချိန်လည်း ထပ်ပေးရတယ်။

Research Methodology တွေပေးတဲ့နေရာမှာ သူ့ ဌာန နဲ့ သူ့မေဂျာနဲ့ အသင့်တော်ဆုံးဖြစ်တဲ့ သင်ခန်းစာ တွေ၊ ပိုချချက်တွေကိုဘဲ ပေးလေ့ရှိပါတယ်။ သူတို့ဌာနအတွက် လုပ်နေကြဖြစ်တဲ့ သုတေသနပုံစံအတိုင်း သင်ကြားပေးကြတာများပါတယ်။ အချိန်ထပ်မကုန်ချင်ရင် အဲဒီဌာနက လမ်းကြောင်းအတိုင်းသွားလိုက် မေးမြန်းရတာလည်းလွယ်တယ်။ လမ်းကြောင်းတွေကလည်း ရိုးရှင်းတယ်။ ကျမ်းလည်း မြန်မြန်ပြီးမယ်။ Research Methodology အတွက် အချိန်လည်း ထပ်မကုန်တော့ဘူး၊ ငွေလည်း ထပ်မကုန်တော့ဘူး။ ဥပမာ- ဗုဒ္ဓဘာသာဌာနက လုပ်နေတဲ့အများစု သုတေသနက ကျမ်းစာတွေကို စိစစ်တာ၊ ဘာသာပြန်တာ၊ အခြားဘာသာရဲ့အယူအဆတွေနဲ့ နှိုင်းယှဉ်လေ့လာတာ၊ ခေတ်ပေါ်လူမှုရေးအတွေးအခေါ်တွေနဲ့ နှိုင်းယှဉ်လေ့လာတာ၊ ရှေးဟောင်းယဉ်ကျေးမှုနဲ့ လူမှုရေးအကြောင်းကို စိစစ်တာ၊ တရားထိုင်ခြင်းအကြောင်းနဲ့ ဘာသာ‌ရေးအယူအဆကို ချပြတာ စတာတွေလုပ်တယ်ပေါ့။ ဒါကို အများစုက စာကြည့်တိုက်ထဲထိုင်ပြီး ရေးရတဲ့ကျမ်းလို့ခေါ်ကြတယ်။

 

သို့သော် ဒီနောက်ပိုင်းမှာက ကွင်းဆင်းတဲ့အလုပ်ကိုလည်း အများအပြားလုပ်လာကြတယ်။ ဥပမာ- ဗုဒ္ဓဘာသာပညာရေးအကြောင်း၊ စိတ်ပညာအကြောင်းနဲ့ အခြားသဘာဝပတ်ဝန်းကျင်နဲ့ဆက်စပ်တဲ့ ကျမ်းတွေမှာ အင်တာဗျူးတို့ ဆာဘေးတို့ ပါလာကြတယ်။ ဗုဒ္ဓဘာသာဌာနတွေအများစုက ဆာဘေးနဲ့ အရေအတွက်ဦးစားပေး နည်းလမ်းများကို သိပ်မသုံးဖြစ်တဲ့အတွက် ကျောင်းကပေးတဲ့ Research Methodology ပို့ချချက်ထဲမှာ မပါတာများတယ်။ အဲလိုကျောင်းက ဦးစားပေးသင်ကြားမထားတဲ့ဧရိယာတွေမှာ ကျမ်းရေးဖို့ စကုတ် ယူထားတဲ့ ကျောင်းသားတွေမရှိဘူးလား၊ ရှိတယ်။ အဲဒီအတွက် ကျောင်းသားက ကိုယ့်ဟာကိုယ်ရှုန်းရတယ်။ ဥပမာ တစ်ခုပြောရရင် စာရေးသူ ကျမ်းတစ်ခုမှာ အင်တာဗျူးကို မှီနေတဲ့ကျမ်းတစ်ခုရေးခဲ့ဖူးတယ်။ ကျမ်းနာမည်က သက်တော်ကြီ မြန်မာရဟန်းတော်များအကြားတွင် အထီးကျန်ခြင်းကို ရှာဖွေလေ့လာခြင်း။ အဲဒီကျမ်းအတွက် သက်တော်ကြီးမြန်မာရဟန်းတော်များကို အင်တာဗျူးရတယ်။ အဲဒီအင်တာဗျူးကနေ ကျမ်းစာကို အဖြေထုတ်ရမှာ။ ကျမ်းစာက အရေအသွေးစစ် ကျမ်းစာ။ အဲဒီကျမ်းစာအတွက် Research Methodology အမျိုးအစားထဲက စာရေးသူမသိသေးတဲ့ Qualitative Coding ကို လေ့လာရမယ်။ အဲဒီအကြောင်းကို ကျောင်းကပေးတဲ့ Research Methodology ပို့ချချက်ထဲမှာလည်းမပါဘူး။ ဖြစ်ချင်တော့ အဲဒီနည်းလမ်းကို စူပါဗိုက်ဆာကအစ မသိဘူး။ အနီးနေ အတန်းဖော်နဲ့ သီတင်းသုံးဖော်တွေလည်း မသိဘူးလို့ဘဲ ပြောကြတယ်။ ဆိုတော့ စာ‌ရေးသူကိုယ်တိုင်ဘဲ လိုင်းပေါ်တက်လိုက် ဟိုအဝေးရောက်နေတဲ့သူကို မေးလိုက်လုပ်ပြီး သီးသန့်အချိန်ယူပြီးထပ်လေ့လာရတယ်။

 

နောက်တစ်ခုက ကိုယ်ရွေးတဲ့ စူပါဗိုက်ဆာရဲ့ field သိဖို့လိုတယ်။ အဲဒါကလည်း ပြောတာလွယ်သလောက် လက်တွေ့မှာ မလွယ်ဘူး။ ကျောင်းကပေးတဲ့စူပါဗိုက်ဆာစာရင်း‌တွေထဲက ကိုယ့်ကျမ်းစာဧရိယာနဲ့ အဆင်ပြေတယ်ဆိုရင် ကိစ္စမရှိဘူး။ ကျောင်းထဲမရရင် ဘာလုပ်ရမလဲဆိုတော့ အပြင်က ခေါ်ချင်ခေါ်။ အပြင်ကခေါ်ရင် ကျောင်းကလက်ခံလေ့ရှိပေမယ့် ကျောင်းကလခမပေးနိုင်တာလည်းရှိတယ်။ အဲဒီလိုဆိုရင် ပိုက်ဆံကစကားပြောပြန်တယ်။ ကျောင်းကပေးတဲ့ စူပါဗိုက်ဆာစာရင်းတွေထဲကဘဲ အဆင်ပြေမယ်ထင်တဲ့သူဘဲ ရွေးကြတာများတယ်။ စာရေးသူလည်းကြုံဖူးတယ်၊ ရေးထားတဲ့စာကို စိစစ်ဖို့ပေးလိုက်တော့ သူဧရိယာမဟုတ်တဲ့အတွက် Research Methodology နဲ့ Data တွေကို မစစ်ဘဲ Grammar တွေကိုဘဲ စစ်ပြီး ပြန်ပေးတာ ကြုံခဲ့ဖူးတယ်။ ကျမ်းစာကောင်းတစ်ခုလိုချင်ရင်တော့ အဲဒါကို သတိထားရပါလိမ့်မယ်။

ကိုယ့်ကျမ်းစာကို စိစစ်ပေးဖို့ သို့မဟုတ် လိုအပ်တဲ့ ကွင်းဆင်းစတဲ့အကူအညီတွေ ပေးဖို့ အပြင်ကလူခေါ်ရင် ဒေါ်လာဘယ်လောက် ဘာညာဆိုတာတွေလည်း ရှိတယ်။ ပိုက်ဆံယူထားတာဖြစ်တဲ့အတွက် သူတို့ကတော့ ပရောဖက်ရှင်နယ်ပီသအောင် လုပ်ပေးပါတယ်။ ကျမ်းပြီးတဲ့အထိ ကူညီတယ်။ တစ်ခုတော့ ရှိတယ်၊ သတိထားပေါ့၊ လိုအပ်တာတွေ အကုန်လုပ်ပေးနေရင် ကိုယ်ကျမ်းကကိုယ်ရေးတာမဟုတ်ဘဲ သူများကို ပိုက်ဆံပေးပြီး ရေးခိုင်းသလို ဖြစ်သွားတတ်တယ်။ ဘွဲ့ရပြီး ဘာမှမလုပ်တတ် ဖြစ်သွားမယ်နော်။ အထူးသဖြင့် အရေအတွက်ဦးစားပေးတဲ့ကျမ်းစာဆိုရင် ကွင်းဆင်းပြီးကုန်ကျမယ့် စားရိတ်နဲ့ ဧည့်ခံကျွေးမွေးရမယ့် စားရိတ်ပါ ကုန်ကျနိုင်မယ်ထင်တယ်။ သုတေသနကျောင်းသားအချင်းချင်း အရေအတွက်ဦးစားပေး နဲ့ အရည်အသွေးဦးစားပေးသမားတွေ အင်တာဗျူးမှာ စကားများကြတာကိုလည်း တွေ့ဖူးတယ်။ အချိန်မကုန်သင့်တာ မကုန်အောင် လူမရွေးခင် အရင်လေ့လာထားတာပိုကောင်းတယ်။

 

စာလည်းရှည်ပြီ။ ပိုက်ဆံအကြောင်းပြောနေတဲ့အတွက် လက်တွေလည်း နည်းနည်းခါးလာပြီ။ အဆုံးထိ ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မနေ့ညက ဒီပဲယင်းဘုန်းကြီး ဦးဉာဏိကနဲ့ဖုန်းပြောပြီး အတွေးရလို့ ဒီစာကို ရေးဖြစ်တာပဲ။ ဆရာတော်ဘုရား ကျန်းမာပါစေဘုရား။ မြန်မာပြီ အမြန်ငြိမ်းချမ်းပါစေ။

 

အရှင်နန္ဒိယ (ဖယ်ခုံ)

31.08.2024 6:50 PM

 

တည်းခိုရတဲ့ ဘုန်းကြီးကျောင်းထဲက လူမှုရေးပြဿနာ

 

အခုလိုအချိန်မျိုးမှာ အထူးသဖြင့် မြန်မာနိုင်ငံမှာဆိုရင် ဘုန်းကြီးကျောင်းတွေမှာ ခေတ္တခိုလှုံသူတွေအများအပြား ရှိနေမယ်။ နိုင်ငံရေးအခြေအနေနဲ့ စီးပွားရေးအကြပ်အသည်းတွေကြောင့် အခြားတည်းခိုရာနေရာအပြင် ဘုန်းကြီးကျောင်းတွေမှာလည်း တည်းခိုသူတွေများပြားပါတယ်။ လူတွေနဲ့ခပ်ကင်းကင်းနေဖို့ဆိုတာ မလွယ်တဲ့ အချိန်လို့ပြောလို့ရပါတယ်။ ခေတ်ကောင်းကာလမှာတော့ တရားပိုအားချင်လို့ဖြစ်စေ စာပိုလုပ်ချင်လို့ ဖြစ်စေ လူမှုရေးတွေနည်းနိုင်သမျှနည်းအောင် ရှောင်လို့ရပေမယ့် တစ်နိုင်ငံလုံးဒုက္ခရောက်နေတဲ့ အခုလိုကာလမှာတော့ ရှောင်နိုင်ဖို့မလွယ်သလို၊ ရှောင်နေလို့လည်း မကောင်းဘူးလို့ ယူဆတဲ့ဆရာတော်တွေလည်း ရှိမှာဘဲ။ အဲဒါကြောင့် ဘုန်းကြီးကျောင်းနဲ့ လူမှု‌ရေးပြဿနာဆိုတာ မကြာခဏ ပွတ်တိုက်တတ်လေ့ရှိတယ်။ ဒီဆောင်းပါးလေးက အဲဒီပြဿနာတွေကို ဖော်ပြသွာမှာပါ။ ဒီဆောင်းပါးကို အပြုသဘောဆောင်တဲ့အမြင်နဲ့ဘဲ ဖတ်စေချင်တယ်။ အဲဒါမှ တည်းခိုသူရော လက်ခံသူပါ နှစ်ဘက်လုံး အကျိုးရှိမှာ။ အပြစ်တင်တယ်လို့ မြင်ရင်တော့ ပြန်ငြင်းခုံနေရတာနဲ့ ပြီးမှာမဟုတ်ဘူး။

 

ဘုန်းကြီးကျောင်းမှာ ဝိနည်းစည်းကမ်းကို ဦးစာပေးတဲ့ကျောင်းနဲ့ လူမှု‌ရေးကိုဦးစာပေးတဲ့ကျောင်းလို့ နှစ်မျိုး အကြမ်းဖျင်းပြောလို့ရမယ်။ ဒီးဆောင်းပါးနဲ့ဆီလျှော်တဲ့အမျိုးအစားကို ခွဲကြည့်တာ။ တကယ်တော့ ဒီနှစ်မျိုးတည်း ဘယ်ကမလဲ။ အများကြီးပေါ့။ ဝိနည်းကို ဦးစားပေးတဲ့ကျောင်းမှာဆိုရင် အထူးသဖြင့် ကုသဒူသနအမှု (သိက္ခာပုဒ်) မငြိစွန်းအောင် ဂရုစိုက်ကြတယ်။ သံဃိကပစ္စည်းကို အလဟဿသုံးတာမျိုး မဖြစ်အောင်ဂရုစိုက်ကြတယ်။ ဘုန်းကြီးနဲ့ လူတွေအကြားမသင့်လျှော်တာ မဖြစ်ရလေအောင် သင့်လျှော်တဲ့ စည်းကမ်းတွေထုတ်ထားရတယ်။ သံဃာတွေအတွက် လှူထားတဲ့သံဃိကပစ္စည်းကို သံဃာမဟုတ်တဲ့လူတွေ သုံးစွဲရင် အပြစ်ရှိတာမို့ ဝေယျာဝါစ္စလုပ်ခိုင်းတာမျိုး၊ ကျောင်းကိစ္စကို တစ်ခုခုတာဝန်ယူခိုင်းတာမျိုး စတဲ့စည်းကမ်းတွေထုတ်ရတယ်။ ဒုက္ခရောက်လို့ ကိုယ့်ဆီမှာလာတည်းတာကို လက်ခံလိုက်တာမျိုးက ဘာမှအပြစ်မရှိပေမယ့် ဒုက္ခသည်ရှိတဲ့နေရာကို တမင်သွားပြီးသွားပေးတာမျိုးဆိုရင် ဝိနည်းတော်အရက မအပ်စပ်သလိုဖြစ်တာမို့ တစ်ချို့က မလုပ်ကြဘူး။ ကိုယ့်ကျောင်းမှာ လာတည်းတာဆိုတော့ ဝိနည်းအရ ပြောစရာမရှိပေမယ့် ကျောင်းမှာရှိတဲ့အသုံးအဆောင်တွေကို အသုံးပြုတဲ့အခါ ကျောင်းသံဃာတွေလိုက်နာရတဲ့ စည်းကမ်းတွေကို လိုက်နာရတော့ တစ်ချို့အဆင်မပြေတာတွေများစွာရှိတယ်။ အဲဒါက ဝိနည်းကိုဂရုစိုက်တဲ့ကျောင်းမှာ တွေ့ရတဲ့ပြဿနာတွေပေါ့။

 

လူမှုရေးကို ဦးစားပေးတဲ့ကျောင်းတွေကြတော့ ရင်းနှီးတဲ့သူတွေကို ဦးစားပေးလေ့ရှိတယ်။ မျက်နှာမပျက်အောင် လည်းဂရုစိုက်ရတယ်။ ဘုန်းကြီးဘက်ရော လူတွေဘက်ရော နှစ်ဘက်လုံးအဆင်ပြေအောင် ဂရုစိုက်ရတယ်။ ဘုန်းကြီးဘက်မှာ ဘာတွေရှိတယ်၊ ဘာတွေကူညီပေးနိုင်တယ် စတာတွေပြောပြလေ့ရှိတယ်။ လူတွေဘက်ကလည်း လိုအပ်သလောက်တည်းခိုကြဖို့နဲ့ ကိုယ့်ကျောင်းလိုသဘောထားပြီး ကျောင်းမှာလိုအပ်တာ တွေရှိရင် ကူညီကြဖို့ လှူဒါန်းကြဖို့ တတ်တွန်းလေ့ရှိတယ်။ အဲလိုကျောင်းမှာ လူမျိုးပေါင်းစုံလာတည်းကြပြီး ဝင်လိုက်ထွက်လိုက်နဲ့ တစ်ခါတစ်လေ ဘယ်သူတွေလာသွာပြီး ဘယ်သူတွေပြန်သွားပြီဆိုတာမျိုးတောင် မမှတ်မိတော့တာမျိုးတွေ အများအပြားတွေ့ရတယ်။

 

အဲဒီနှစ်ကျောင်းကို လာတည်းရင် ဝိနည်းကျောင်းက လူနည်းပြီး ဘယ်သူတွေလာပြီး ဘယ်သူတွေထွက်သွားတာ ဆိုတာမျိုးတွေ သိဖို့လွယ်တယ်။ စည်းကမ်းတွေလည်း လိုက်နာရသလို ဖြစ်သလိုနေတာမျိုးလည်း မရှိတဲ့အတွက် ပစ္စည်းပျောက်တာတွေလည်း နည်းသလို သူခိုးတွေကလည်း နည်းတယ်လို့ ဆိုရမည်။ ကျောင်းတိုက်ကပစ္စည်းတွေကို အသုံးပြုကြတဲ့အခါမှာလည်း ဂရုတစ်စိုက်သုံးဖို့ညွန်ကြားလေ့ရှိတယ်။ ဥပမာ- ပန်းကန်ကိုဘယ်မှာဆေးကြောမယ်၊ ဘယ်နေရာပြန်ထားရမယ်။ အိမ်သာရေးကို ဘယ်လိုသုံးမယ်၊ ဘယ်လိုပြန်သန့်ရှင်းရမယ်ဆိုတာကအစ သတိပေးတယ်။ တစ်ကိုယ်ရည်သုံးပစ္စည်းကို ဘယ်လိုသိမ်းထားပြီး အများသုံးပစ္စည်းကို ဘယ်လောက်ဘဲ သုံးရမယ်စသည်ဖြင့် သတိပေးလေ့ရှိတယ်။

 

လူမှုရေးကျောင်းမှာက ကိုယ်အဆင်ပြေသလိုနေပြီး ကိုယ်စားတတ်သလိုစားပါ။ တစ်ခုခုဖြစ်ရင် ကိုယ့်ဟာကိုယ် တာဝန်ယူ။ အိမ်ရာထနောက်ကျလို့ အပြစ်ပြောမယ့်သူမရှိသလို အိပ်ရာမသိမ်းလို့လည်း သတိလာပေးမည့်သူလည်း မရှိပါဘူး။ ပိုက်ဆံရှိရင် ကြိုက်သလောက်ဝယ်စားနိုင်သလို ညမိုးချုပ်ရုံတင်မကဘဲ မနက်မိုးလင်းမှ ကျောင်းပြန်ရောက်လည်း ဘယ်သူမှ အပြစ်မတင်ပါဘူး။ သို့သော် လူပေါင်းစုံတော့ သူခိုးတွေပေါမယ်၊ မထင်ရင်မထင်သလို ပစ္စည်းပျောက်တာတွေ ခဏခဏကြားရမယ်။ ကျောင်းကလိုအပ်ရင် မီတာခလည်း ကောက်ချင်ကောက်မယ်။ လူများလွန်းတော့ ဘုန်းကြီးလည်း ဘယ်တတ်နိုင်မလဲ။ ဟိုဟာလုပ် ဒီဟာလုပ်ဆိုတာ စည်းကမ်းတွေမရှိတော့ တံမျက်စည်းလှည်းတဲ့သူတွေ ရှိချင်မှရှိမယ်၊ အိမ်သာလည်းသန့်ချင်မှသန့်မယ်။

 

အသန့်ကြိုက်တဲ့သူနဲ့ စည်းကမ်းကြိုက်တဲ့သူတွေက ဝိနည်းကျောင်းမှာ တည်းရတာစိတ်ချမ်းသာပြီး လွတ်လွတ်လပ်လပ် နေထိုင်ရ သွားလာရတာကြိုက်တဲ့သူတွေက လူမှု‌ရေးကျောင်းမှာကြိုက်ကြမှာပါ။ ဝိနည်းကျောင်းမှာနေတဲ့သူတွေထဲက ပိုက်ဆံကိုစိတ်ကြိုက်သုံးခဲ့တဲ့သူတွေနဲ့ ကိုယ်တိုင်လွတ်လပ်ခွင့်ဆိုတဲ့ စကားမျိုးပြောတတ်လေ့ရှိတဲ့သူတွေကလည်း ပြဿနာတွေရှိလာတတ်တယ်။ ကိုယ့်အိမ်မှာဘယ်လိုဘဲနေခဲ့နေခဲ့ ဒီမှာက ကျောင်းတိုက်ပိုင်ပစ္စည်းဖြစ်သည့်အတွက် မကုန်နိုင်တဲ့ထမင်းကို အများကြီးယူတာတို့ မလိုအပ်ဘဲ ရေဖွင့်ထားတာတို့မလုပ်နဲ့လို့ပြောလေ့ရှိတယ်။ ဥပမာ-ခေါင်းရိပ်ဖို့ ခေါင်းရိပ်ဓာတ်ပါးလာတောင်းရင် တစ်ခုလုံးမပေးဘဲ တစ်ခြမ်းချိုးပြီးပေးလိုက်တာမျိုးဆိုရင် လူတွေသာမကဘူး၊ ခဏလာဝတ်တဲ့ဒုလ္လဘ တွေတောင် ဒီလောက်တောင်ကပ်စည်းနည်းရသလားလို့ ပြောတတ်လေ့ရှိတယ်။ တို့ကဧည့်သည်တွေ ဒီကျောင်းကကလေးတွေမဟုတ်ဘူးလို့ လည်း ပြောတတ်တယ်။ လူတိုင်းတော့ မဟုတ်ပါဘူး။ တချို့ကြတော့ အဲလိုနေရတာကိုကြိုက်တာ။ စောစောထရတာ၊ ဘုန်းကြီးဝေယျာဝါစ္စလုပ်ရတာကို ကြိုက်တာ။

 

လူမှုရေးကျောင်းမှာနေတဲ့သူတွေထဲကဆိုရင် သူများကိုဂရုစိုက်လွန်းသူနဲ့ ပိုက်ဆံလိုက်ချေးတတ်လွန်းတဲ့ သူတွေက ပြဿနာတက်လေ့ရှိတယ်။ အိမ်သာက ငါဘဲဆေးနေရတာ ဟိုကောင်တွေက ဘာမှမလုပ်ဘူး။ အလိုက်မသိတဲ့သူတွေ ဘာညာ စသည်ပေါ့။ ညအိပ်ချိန်မှာ စကားအကျယ်ကြီးတွေပြောနေတာ၊ ဟောက်သံတွေကလည်း အကျယ်ကြီးဘဲ သူများတွေကို အားမနာဘူး။ ဘုန်းကြီးကို သွားတိုင်ဦးမှ။ ဟေ့ကောင် ဘယ်သွားမလဲ၊ ဆိုင်ရောက်လား၊ ငါ့ကို ဆပ်ပြာလေးတစ်တုံးလောက်ဝယ်ခဲ့ကွာ၊ ပြီးမှ မနေ့က ဆေးလိပ်ဖိုးနဲ့ ပေါင်းရှင်းလိုက်မယ်။ စျေးသွားရင် အဲလူမမြင်အောင် ရှောင်နေရတာကလည်း တစ်ဒုက္ခ။ အဲဒါက လူတွေအချင်းချင်းကြားကဖြစ်တဲ့ပြဿနာ။ ဘုန်းကြီးနဲ့ကျတော့ သူများတွေလှူထားတဲ့ကျောင်းမှာနေပြီး ဘာလို့မီတာခတောင်းတာလဲ။ သူများလှူထာတဲ့ ဆန်တွေရှိတာဘဲ ဘာမှ အလကားချက်မပေးတာလဲ။ ကျောင်းကလည်း ညစ်ပတ်လိုက်တာ ဘုန်းကြီးတွေ ဘာလုပ်ကြတာလဲ၊ အဲဒါတွေလည်း ရှိတယ်။ တစ်ချို့ကျတော့ ငါတို့တည်းတော့ ငါတို့ကျောင်းဘဲလေ၊ သန့်ရှင်းရေးလေးတော့ လုပ်ပေးရမှာပေါ့။ ဟိုဘက်အခန်းက ကိုရင်လေးတစ်ပါးနေမကောင်းဘူးလို့ကြားတယ်။ ဆန်ပြုတ်လေး သွားကပ်ဦးမှ ဆိုတာမျိုးလည်း ရှိတယ်။ ပြန်သွားရင်တောင် တပည့်တော်တို့ဆီ ရောက်အောင်လာခဲ့ပါဦးဘုရား ဆိုတာမျိုးပေါ့။

 

အထက်ပါဖော်ပြချက်တွေက ဘုန်းကြီးကျောင်းကို ဝိနည်းကျောင်းနဲ့ လူမှုရေးကျောင်း နှစ်မျိုးခွဲထားတာပေါ့။ နောက်တစ်မျိုးထပ်ခွဲကြည့်မယ်၊ အများနေဘုန်းကြီးကျောင်းနဲ့ အပြင်ဘုန်းကြီးကျောင်းလို့ နှစ်မျိုးထပ်ခွဲလို့ရတယ်။ အများနေဘုန်းကြီးကျောင်းက ပရိသတ်အများအပြားနဲ့နေကြပြီး စည်းကမ်းနဲ့ နေ့စဉ်လည်ပတ်နေတဲ့ကျောင်းမျိုး။ အဲဒါတွေက စာသင်တိုက်တို့၊ တရားစခန်းတို့ နဲ့ ဘကကျောင်းတို့။ အဲလိုကျောင်းမျိုးကို သွားတည်းရင် သူတို့ရဲ့နေ့စဉ်လည်ပတ်နေတဲ့ စည်းကမ်းတွေ လုပ်ငန်းတွေကို မထိခိုက်အောင် သတိထားရမယ်။ အဲလိုနေရာမျိုးကို လူတွေအများကြီး သွားတည်းရင် အားနာရတယ်။ ကိုယ့်အတွက်တော့ တည်းရလို့ ကောင်းတာပေါ့။ ဒါပေမယ့် ဟိုများ လုပ်ငန်းတစ်ခုရပ်သွားရင် ဒါမှမဟုတ် စည်းကမ်းတစ်ခုခုများ ပြောင်းလဲလိုက်ရရင် အထဲက သံဃာတွေ၊ ‌ယောဂီတွေ၊ ကျောင်းသားတွေ အများကြီး ကိုယ့်အတွက်နဲ့ တစ်ခုခု နောက်ကျသွားမယ်၊ ကြန့်ကြာသွားမယ်ဆိုတာမျိုးတွေရှိတတ်တယ်။ အကယ်၍ ရောက်သွားရင်တောင် သူတို့အနှောက်အယှက်မဖြစ်အောင်၊ ဖြစ်ရင်တောင် အနည်းဆုံးဖြစ်အောင် သူတို့လိုအပ်တာလိုက်ကူတာတို့ လုပ်ဖို့ကောင်းတယ်။ အချိန်မီ စားသုံးရအောင် မီးဖိုဆောင်မှာ သွားကူညီတာမျိုး၊ ရေခပ်တာ၊ ပစ္စည်းသယ်တာ စတဲ့နေရာတွေမှာ ဝေယျာဝါစ္စဝင်ကူပေးနိုင်ရင် သူတို့လည်း အကူအညီရမယ်၊ ကိုယ့်အတွက်နဲ့ ကျောင်းတိုက်ကလည်း ဝန်မပိတော့ဘူး။ အိမ်မှာ အချိန်တန်ရင် ထစားရုံဘဲ ဆိုတဲ့ သူဌေးသားလို နေလာခဲ့တဲ့သူ ဆိုရင်တော့ အဲလိုနေရာမျိုး မရောက်ပါစေနဲ့ ဆုတောင်းရမှာပါ။

 

နောက်တစ်ခုက အပြင်ကျောင်းပေါ့။ စာသင်တိုက်လည်းမဟုတ်၊ တရားစခန်းလည်းမဟုတ်၊ ဘကကျောင်းလည်း မဟုတ်တဲ့နေရာတွေပေါ့။ အဲလိုနေရာမျိုးကြတော့ ဘုန်းကြီးလက်ခံသလောက်တည်းလို့ကောင်းပါတယ်။ အထူးသဖြင့် အခုလို စစ်ဘေးရှောင်ကာလတွေမှာ တည်းလို့ကောင်းတာပေါ့။ တစ်ခုတော့ရှိတယ်။ လူစည်တဲ့နေရာတိုင်းမှာ ဗုံးလာကြဲတတ်တဲ့နေရာမှာတော့ ဘုန်းကြီးကျောင်းမှာလည်း အများကြီး တည်းလို့ မကောင်းပါဘူး။ ဘုန်းကြီးကျောင်းပါ မီးလောက်သွားမှာမို့လို့ပါ။ ဒါဆိုဘယ်မှာတည်းရမလဲ လို့မေးရင် နေရာဒေသအလိုက် အခြေအနေက ကွဲပြားပါလိမ့်မည်။ တစ်ချို့နေရာမှာ ဘုန်းကြီးကျောင်းမှာ အဆင်ပြေတယ်။ တစ်ချို့နေရာမှာ စေတီမှာလည်း အဆင်ပြေတယ်။ တစ်ချို့မှာတော့ အခြားရွာထဲမှာ။ တစ်ချို့နေရာမှာ ရွာအပြင်မှာ တဲထိုးပြီးနေကြတယ်။ အဲဒါရော အဆင်ပြေသလားဆိုတော့လည်း မပြေပါဘူး။ အခြေအနေက အမျိုးမျိုးဖြစ်သွားနိုင်တယ်။ အခုစာရေးသူရဲ့ ရွာသားတွေကလည်း စစ်ဘေးရှောင်တဲ့ရွာအထိ ဘာအကြောင်းပြချက်မှ မပေးဘဲ ဗုံးလာကြဲလို့ တစ်ရွာပြီးတစ်ရွာ ထပ်ပြီး ထွက်ပြေးနေရတာပါ။

 

ဒီဆောင်းပါးမှာပေါ့ ဘုန်းကြီးကျောင်းထဲက တည်းခိုရေးနဲ့ပတ်သက်တာလေးဘဲ ပြောချင်တာပါ။ ဒီလိုပြောတော့ အရေးထဲမှာ ဘုန်းကြီးတွေလည်း ဆရာလာလုပ်နေတယ်ပြောချင်တဲ့သူလည်း ရှိမှာပါ။ ဒီလိုကာလမှာ ဘာလုပ်တယ် ညာလုပ်တယ်ဆိုတာမျိုး လာမပြောနဲ့ လို့ ပြောနေတဲ့လူတွေလည်း ရှိချင်ရှိမယ်။ လူတွေထဲမှာလည်း ဒီဆောင်းပါးအလို နှစ်မျိုးခွဲလို့ရတယ်။ ကျေးဇူတင်သင့်တယ်လို့ ထင်တဲ့လူနဲ့ ကျေးဇူးတင်စရာ မလိုဘူးလို့ထင်တဲ့သူ။ ကျေးဇူးတင်တဲ့လူတွေကတော့ ဘယ်နေရာရောက်ရောက် ကျေးဇူးတင်မစကားမပြောရရင် တာဝန်မကျေဘူးလို့ ခံယူနေရတဲ့ လူယဉ်ကျေးတွေလည်းရှိတယ်။ တို့အကူအညီလိုနေတဲ့အချိန်မှာ တည်းခိုခွင့်ပေးတဲ့ ဘုန်းကြီးတွေကိုလည်း ကျေးဇူးတင်တယ်။ လမ်းညွန်ပေးတဲ့လူကြီးတွေကိုလည်း ကျေးဇူးတင်တယ်။ အစားအသောက်လာပေးတဲ့ ဟိုအဖွဲ့ကိုလည်း ကျေးဇူးတင်တယ်။ ကိစ္စပြီးလို့ ပြန်သွားရင်တောင် ကျေးဇူးတင်သင့်တဲ့လူတွေကို တကူတက ကျေးဇူးတင်ကြောင်းသွားပြောပြီးမှ ပြန်သွားလေ့ရှိတယ်။ အဲဒီလူတွေဆိုရင် အခြားလူတွေနဲ့ အဆင်ပြေအောင် နေလေ့ရှိတယ်။ အလိုက်တသိရှိတယ်။ စည်းကမ်းထုတ်ထားရင်တောင် လိုက်နာဖို့ကျိုးစားကြတယ်။ အဲလိုလူနဲ့ တွေ့ရင် တို့တော့ မိတ်ဆွေတွေတိုးပြီဟေ့လို့ ကြုံးဝါးပေတော့။

 

ကျေးဇူးတင်စရာမလိုဘူးဆိုတဲ့လူလည်း သက်သက်ရှိတယ်၊ မယုံမရှိနဲ့။ ဘုန်းကြီးကျောင်းဆိုတာ ပြည်သူတွေရဲ့ ပိုက်ဆံနဲ့ လုပ်ထားတာ၊ ပြည်သူတွေမနေတော့ ဘယ်သူနေမလဲ။ လက်မခံရင် နောက်တစ်ခါ လှူစရာမလိုဘူး။ အစားအသောက်လာပံ့ပိုးတဲ့သူတွေကလည်း သူတို့လစာရတယ်၊ အဲဒါမှမလုပ်ရင် လစာဘယ်သွားယူမလဲ။ တစ်ခါတစ်လေ သူတို့ရှိလို့သာ သူများတွေက အလုပ်လုပ်လို့ရတာ ပြောတာမျိုး၊ သူ့ကို အားလုံးက ကျေးဇူးတင်ဖို့ တာဝန်ရှိတာပေါ့နော်။ (တမင်အပြစ်ပြောတယ်မထင်နဲ့။ အစားအသောက်လာဝေတဲ့အဖွဲ့ကို ကူညီပေးတဲ့ ဒေသခံအဖွဲ့တစ်ဖွဲ့က ပြောပြတာတစ်ခု မျှဝေပေးမယ်။ ပရဟိတလုပ်နေတဲ့ ညီမလေးတစ်ယောက်က ပြောပြတယ်။ တစ်နေ့ ဟိုဘက်ရွာကို ပစ္စည်းသွားသယ်တော့ လမ်းမှာ လက်နက်ကိုင် အဖွဲ့က သူ့ကို ဒလံ ဆိုပြီးသတင်းရလို့ လာဖမ်းကြတယ်။ သူ့ကိုစစ်ဆေးတော့ သက်သေမယ်မယ်ရရ မတွေ့လို့ အသတ်မခံရဘဲ ပြန်လွတ်လာတာတယ်။ နောက်မှဘယ်သူဘယ်ဝါတိုင်သလဲ ဆိုတာသိရတယ်တဲ့။ သူတို့အစားအသောက်သွားဝေတဲ့နေရာက ပစ္စည်းမလောက်လို့ တစ်ခါလည်းမရ၊ နှစ်ခါလည်းမရ ဖြစ်နေတော့ အငြိုးခံလိုက်ရတာလို့ ဆိုတယ်။ ) ဒါကတော့ ဘုန်းကြီးကျောင်းနဲ့တော့ မဆိုင်ပါဘူး။ ကျေးဇူးတင်စရာမလိုဘူးလို့ ထင်တဲ့သူတွေလည်း ရှိတယ်လို့ ဆိုလိုတာပါ။ တစ်ခုတော့ရှိတယ်၊ သူတို့မတည်းရရင်တော့ ကျောင်းခံက နာမည်ကြီးမှာ မပူနဲ့။ အဲကျောင်းက ဘာဖြစ်တယ် ညာဖြစ်တယ်ဆိုတာမျိုး။ လိုင်းပေါ်မှာလည်း တင်မှာ၊ နာမည်မဖော်ရုံတမယ်ဘဲ၊ အကောင့်အတုနဲ့တင်ပြီး ရှဲမှာ။ အဲဒီကြားထဲ ကျောင်းဘုန်းကြီးက ချဲသွားမထိုးမိစေနဲ့၊ ဟိုလူဒီလူနဲ့ ဘာဘာညာညာ မဖြစ်မိလေနဲ့။ လိုင်းပေါ်မှာ မင်းသားဖြစ်သွာမယ်မှတ်။ အဲဒီလို လူတွေဆိုရင် လူတွေအလေးအမြတ်ထားတဲ့နေရာတို့၊ စေတီတို့ သိမ်ကျောင်းတို့ဆိုလည်း မရှောင်ဘူး၊ ‌သူ့ဘောင်းဘီတို လှန်းချင်လည်း လှန်းတယ်။ သောက်ရေခွက်လည်း သောက်ပြီး ထားချင်တဲ့နေရာထားတယ်။ အဲလိုမျိုး အသေးအဖွဲကိစ္စတွေမလို့ မပြောကောင်းလို့သာ မပြောဖြစ်တာ။ အတူတူနေရတာ အောင့်သက်သက်ကြီးရယ်။ သူသွားချင်တဲ့အချိန်ထသွားတာ၊ ဘယ်သူကိုမှ အကြောင်းမကြားဘူး။ ကျောင်းက ပစ္စည်းအတိုအထွာတွေ ခပ်တည်တည်နဲ့ ယူမသွားရင် ကျောင်းက ကံကောင်းတယ်လို့ ပြောရမယ်။

 

စာကရှည်သွားပြီ နှစ်ဘက်လုံး သူ့ဘက်ကိုယ့်ဘက် အပြန်အလှန် နားလည်မှုရှိရင်တော့ ဒီလိုကိစ္စတွေက ပြဿနာကြီးကြီးမားမားဖြစ်မလာပါဘူး။ အပြန်အလှန် အငြိုးအတေးနဲ့ ရန်ဖြစ်နေရတာက ဒီလိုအသေးအမွှားကိစ္စက ဖြစ်လာတာပါ။ ဘုန်းကြီးကျောင်းက လူမှုရေးပြဿနာတွေကလည်း လိုအပ်တာထက် ချဲ့ကားနေတာတွေ လိုင်းပေါ်မှာ တွေ့ရတယ်။ ဒီစာကိုဖတ်ပြီး အပြန်အလှန်နားလည်နိုင်ပါစေလို့ ဆုတောင်းပါတယ်။ ခေတ်ကောင်းမှ မျက်နှာပန်းလှလှလေးတွေနဲ့ ပြန်တွေ့ကြတာပေါ့။

 

အရှင်နန္ဒိယ (ဖယ်ခုံ)

08.08.2024 8:00PM

Wednesday, May 22, 2024

အခြေခံလူတန်းစားကြားက ဓမ္မစကူးလ် အတွေ့အကြုံများ

 ဒီဆောင်းပါးသည် ၂၀၂၄-ခုနှစ်ထုတ်၊ ‌ဆယ်ကြိမ်မြောက် လင်္ကာတမာန် မဂ္ဂဇင်းအတွက်ရေးတဲ့ဆောင်းပါးဖြစ်ပြီး မဂ္ဂဇင်းအတွက် အရွေးခံရသည့်ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။ (လင်္ကာတမာန်၊ စာမျက်နှာ- ၇၅)။ 


အခြေခံလူတန်းစားကြားက ဓမ္မစကူးလ် အတွေ့အကြုံများ

နန္ဒိယ ဘိက္ခု (ဖယ်ခုံ)

မြန်မာကနေ သီရိလင်္ကာကိုရောက်ရင် ဘာကိုအရင်ပြေးမြင်လည်းဆိုတော့ ဓမ္မစကူးလ်ပါဘဲ။ သီရိလင်္ကာ ဓမ္မစကူးလ်ကျောင်းအကြောင်းကို လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကျော်လောက်ကတည်းက ပြောနေ ကြ၊ စာတွေဖြန့်ဝေကြ၊ လုပ်ကြတော့ သီရိလင်္ကာ ဓမ္မစကူးလ်အကြောင်းကို “ဓမ္မစကူးလ်ဆိုတာဘာလဲ” လို့ မသိခင်ကတည်းက ကြားဖူးခဲ့တယ်ဆိုပါတော့။ အခုရေးနေတဲ့စာက တဆင့်ကြား ဓမ္မစကူးလ် မဟုတ်တော့ဘဲ ကိုယ်တိုင်ပါဝင်ခဲ့ရတဲ့ သီရိလင်္ကာ ဓမ္မစကူးလ် အကြောင်းကို ရေးသားမှာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့ရောက်တိုင်း နံနက် ၈ နာရီမှ ၁၂ နာရီအထိ ဓမ္မစကူးလ်ကျောင်းလာတတ်တဲ့ကလေးတွေ ကြားမှာဘဲ နေနေရတယ်။ လိပ်စာ အပြည့်အစုံကို ပြောရရင် Ñāṇānanda Dhamma School, Sri Jayatilakaramaya Temple, Swarna Chaitya road, Grandpass, Colombo 14.

ဓမ္မစကူးလ်က အင်္ဂလိပ်ဘာသာနဲ့ စင်ဟလာဘာသာစကား မီဒီယမ် နှစ်မျိုးလုံးရှိတယ်။ အကြမ်းဖျင်း ပြောရရင် အများစုက စင်ဟလာမီဒီယမ်နဲ့လာတက်တဲ့ ကလေးတွေက အစိုးရကျောင်းကနေလာတဲ့ ကျောင်းသားတွေဖြစ်ပါတယ်။ အင်္ဂလိပ်မီဒီယမ်ယူတဲ့ ကျောင်းသားတွေကတော့ အင်တာနေရှင်နယ် ကျောင်းကနေလာတဲ့ ကလေးတွေဖြစ်ပါတယ်။ စာရေးသူ ဆရာဝင်လုပ်ရမှာဆိုတော့ စင်ဟလာ ဘာသာစကားမတတ် ပြီးတော့ နိုင်ငံခြားသားလည်း ဖြစ်တဲ့အတွက် အင်္ဂလိပ်မီဒီယမ်အတန်းတွေ ဝင်ရမယ်လို့ မဝင်ခင်ခန့်မှန်းခဲ့တယ်။ အထဲရောက်သွားတော့ အခြေအနေအရ စင်ဟလာမီဒီယမ် အတန်းတွေမှာလည်း အချိန်ပိုင်း တစ်ချိန်ဝင်ရတယ်။ အင်္ဂလိပ်မီဒီယမ်အတန်းက ကလေးတွေက အင်တာနေရှင်နယ်ကျောင်းကလာတာဖြစ်တဲ့အတွက် သူတို့တွေက ကလေးဘဝ (ဓမ္မစကူးလ်ကျောင်း ရောက်မလာခင်) ကတည်းက အင်္ဂလိပ်စကားပြောနေတဲ့သူတွေ ဖြစ်တဲ့အတွက် အင်္ဂလိပ်စကား ကျွမ်းကျွမ်းကျင်ကျင် ပြောတတ်တယ်။ သူတို့ဆီကို အင်္ဂလိပ်စာတောင် ပြန်သင်ယူလို့ရတယ်။ အင်္ဂလိပ်မီဒီယမ် အတန်းက ပြဌာန်းစာအုပ်တွေလည်း အဆင်သင့်ရှိနေတာဆိုတော့ အဲဒီစာတွေကို အတူတူဖတ်ပြီး ဆွေး‌နွေးလိုက်ရုံဘဲ။ လုပ်ရမယ့်လေ့ကျင့်ခန်းတွေကအစ စာအုပ်ထဲပါနေတာမို့ အထူးတလည်းခက်ခဲနေတာမျိုး မရှိပါဘူး။

သူတို့ကို ဘာလို့အခြေခံလူတန်းစားလို့ပြောရသလဲဆိုတော့ မိသားစုအကြောင်းပြောကြ မိတ်ဆက်တဲ့ အချိန် ရောက်လာရင် ပိုပြီး သိသာတယ်။ အဖေက သုံးဘီးမောင်းတယ် (Taxi Driver) ၊ အမေက အိမ်မှာ (Housewife)။ တစ်ချို့ကျတော့ အဖေက ဒူဘိုင်းမှာ အလုပ်သွားလုပ်တယ်။ အမေက အိမ်မှာ ဆိုတာမျိုးတွေများတယ်။ မိဘတွေက ကလေးတွေကို သာမာန်ကျောင်းတွေဘဲ ထားနိုင်ကြတယ်။ ပညာရေးအတွက် ထူးပြီးလုပ်ပေးနိုင်တာမျိုးတွေ မရှိကြဘူး။ နောက်ဆုံး က‌လေးတွေကို ပညာတတ် ဖြစ်စေချင်တော့ ကျူရှင်ဘဲ တက်ခိုင်းတာမျိုးဘဲရှိတယ်။ ကလေးတွေက ကျောင်းတက်၊ ကျောင်းက ပြန်လာရင် ကျူရှင်ထပ်တက်။ အတန်းအောင်ဖို့ဘဲ လုပ်နေကြရတယ်။ စာရေးသူလည်း မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံမှာ လူဖြစ်လာခဲ့တာ ဖြစ်တဲ့အတွက် သူတို့ရဲ့အခြေအနေကို နားလည်တယ်။ ပြီးတော့ နယ်ကအခြေခံလူတန်းစားမိသားစုကလာတာ ဖြစ်တဲ့အတွက် သူတို့ဘယ်လိုရုန်းကန် နေရတယ်ဆိုတာ ကိုလည်း သဘောပေါက်တယ်။ ရပ်ကွက်ထဲမှာ တစ်နေ့လုပ် တစ်နေ့စား မိသားစုများ နေတဲ့နေရာလို့ တောင်ပြောလို့ရတယ်။ သာရေးနာရေးရှိလို့ ဆွမ်းကပ် ပရိတ်ရွတ်တွေရှိရင် သူတို့ရဲ့အခြေအနေက ပိုထင်ရှားတယ်။ ရှိတာလေးနဲ့ အဆင်ပြေအောင် နေကြရတယ်။ စားဝတ်နေရေးအတွက် တစ်နေ့လုံး ရုန်းကန်နေရတယ်။ ဘာသာရေး လူမှုရေး၊ ဘာအရေး ညာအရေးတွေပေါ်လာရင် မြို့ပေါ်မှာ ဖြစ်တဲ့ အတွက် ပိုက်ဆံကအရေးကြီးတာကိုး။ တစ်နေ့လုံး အလုပ်လုပ်နေရတော့ ကလေးတွေအတွက် ပညာရေးကို အချိန်ဘယ်ပေးနိုင်မလဲ။ ဒါပေမဲ့ သူတို့မှာ နိုင်တာလေးတွေရှိတယ်။ နိုင်သလောက်တော့ သူတို့လည်း လုပ်ကြတယ်။ အဲဒီနေရာမှာ အိမ်ရှင်မရဲ့အခန်းကဏ္ဍကလည်း အရမ်းတာဝန်ကြီးတယ်။ ကလေးတွေကျောင်းပို့ ကျောင်းကြိုတိုင်း အမေတွေက အမြဲပါလာတယ်။ အဲလိုခက်ခဲနေတဲ့ဘဝထဲမှာ တောင် တနင်္ဂနွေနေ့တိုင်း ကျောင်းမပျက်အောင် ကလေးတွေကို ကျောင်းအထိ အမေတွေက နေ့တိုင်း လာပို့ကြတယ်။ အဲဒီအခြေခံလူတန်းစားတွေနေတဲ့ရပ်ကွက်ထဲမှာ ဓမ္မစကူးလ် သုံးနှစ်တိတိ သင်ပေးခဲ့ရတယ်။

ကလေးတွေအကြောင်းထပ်ပြောရရင် ကလေးတွေကို ကြီးရင် ဘာဖြစ်ချင်လည်း မေးရင် အများဆုံး ဖြေကြတာက ယောင်္ကျားလေးတွေက ဆရာဝန်နဲ့ အင်ဂျင်နီယာ တစ်ခုခု‌ဖြစ်ချင်ကြပြီး မိန်းကလေး တွေက ဆရာမ သို့မဟုတ် သူနာပြုဘဲ ဖြစ်ချင်နေကြတာများတယ်။ အဲဒါက တောင်ပိုင်းအာရှနိုင်ငံတိုင်း လိုလို ဖြစ်နေတဲ့ ရောဂါတစ်ခုလို့တောင် ပြောရမလား မသိဘူး။ အားကစားတစ်မျိုးမျိုးနဲ့ အသက်မွေး လို့ ရတယ်လို့ သူတို့ကလေးတွေမမြင်ဖူးလောက်ဘူး။ အနုပညာလုပ်ငန်းတစ်ခုခုနဲ့ အသက်မွေးဝမ်း ကျောင်း တစ်ခုအနေနဲ့ ရပ်တည်ဖို့က ဖြစ်လာနိုင်ဆိုတာကိုလည်း မယုံရဲလောက်ဘူး။ အဲဒါထက် နည်းနည်းထူးထူးပြီးဖြေတဲ့ ကလေးတွေက  စစ်သားလုပ်မယ်၊ လေယာဉ်ပိုင်းလော့ လုပ်မယ်လို့ စိတ်ကူးယဉ်ဆန်ဆန် ကြိုးစားပြီး ပြောကြတာမျိုးတော့ရှိတာပေါ့။ ကိုယ်နဲ့နီးစပ်ရာ လက်လှမ်းမီရာ မှာဘဲ စိတ်ကူးယဉ်ကြရတာပါဘဲ။ အတန်းထဲမှာ ကလေးတွေကို ကြိုက်တဲ့သီချင်း ရုပ်ရှင်တွေ မေးကြည့်ဖူးတယ်။ စင်ဟလာမီဒီယမ်က ကလေးတွေက စင်ဟလာ သီချင်းတွေနားထောင်ပြီး ဘောလီးဝုတ်က ရုပ်ရှင်တွေကို ကြိုက်ကြတယ်။ အင်္ဂလိပ်မီဒီယမ်ကကလေးတွေက ကိုးရီးယား (PTS or Black pink) နဲ့အင်္ဂလိပ်သီချင်းတွေ နားထောင်ပြီး ဟောလီးဝုတ်ရုပ်ရှင်တွေကို ကြိုက်ကြတယ်။ Marvel နဲ့ DC superhero သို့မဟုတ် Disney ဇာတ်ကောင်တွေကို အင်္ဂလိပ်မီဒီယမ်းကလေးတွေက ရင်းနှီးကြပြီး စင်ဟလာမီဒီယမ်က က‌လေးတွေက မသိကြဘူး။ ကလေးတွေက အကြမ်းဖျင်း နှစ်မျိုး ရှိနေတယ်လို့ မြင်မိတယ်။

ကလေးတွေက ဓမ္မစကူးလ်ကျောင်းကိုတော့ သံယောဇဉ်ရှိကြတယ်။ ဓမ္မစကူးလ်နှစ်ပတ်လည်ပွဲတို့၊ ဆုပေးပွဲတို့ရှိရင် အခြေခံလူတန်းစားရပ်ကွက်က ကလေးတွေက လူရှေ့သူ‌ရှေ့ စကားထွက်ပြောခွင့်တွေ ရှိလာတယ်။ ရိုးရာဗုံတွေဆိုင်းတွေလည်း ပွဲလာတဲ့သူကို တီးပြခွင့်ရကြတယ်။ ဆိုတာ ကတာတွေ ပါလာရင်လည်း သူတို့တွေပါဝင်ခွင့် ရကြတယ်။ သူတို့အတွက် တီးပေးတဲ့ လက်ခုပ်သံတွေကြားရရင် သိပ်ပျော်ကြတာ။ ကောင်းတာတစ်ခုက အင်္ဂလိပ်နဲ့စင်ဟလာ မီဒီယမ်ဘဲ ကွဲကြပြီး သူတို့ နေပုံထိုင်ပုံ ဝတ်စားဆင်ယင်တာတွေက အတူဘဲဖြစ်ကြပြီး ခွဲခြားနေထိုင်တာမျိုး မတွေ့ရဘူး။ ဓမ္မစကူးလ်က သင်္ခန်းစာတွေကလည်း ဗုဒ္ဓဘာသာတစ်ဦးအတွက် သိသင့်သိထိုက်တဲ့ အကြောင်းအရာ အခြေခံတွေ အကုန်ပါတယ်။ ကလေးတွေအတွက် အတန်းလိုက်ပြဌာန်းထားတဲ့ အကြောင်းအရာတွေ၊ ဇာတ်လမ်းတွေက အကုန်ကောင်းတယ်။ ကိုးတန်း ဆယ်တန်း‌တွေမှာဆိုရင် အဘိဓမ္မာပါ ပြဌာန်းစာထဲ ပါလာတယ်။ ဓမ္မစကူးလ်အတန်းတွေရဲ့ ပြဌာန်းစာနဲ့ပတ်သက်ပြီး ငြင်းခုံစရာ ဘာမှမရှိဘူး။

စာသင်ခန်းထဲက အကြောင်းလေး ဆက်ပြောရရင် စာသင်တာ နံနက်ပိုင်းတစ်ပိုင်းဘဲဆိုပေမယ့် စာသင် ချိန်က နှစ်ချိန်ခွဲထားတယ်။ ၈ နာရီကနေ ၉ နာရီခွဲကတစ်ချိန်၊ ၁၀ နာရီကနေ ၁၁ နာရီခွဲက တစ်ချိန်။ စာရေးသူက ပထမတစ်ချိန်မှာ အင်္ဂလိပ်မီဒီယမ်အတန်းမှာဝင်ရင် ဒုတိယအချိန်မှာ စင်ဟလာမီဒီယမ် အတန်းကို ဝင်ရတယ်။ ပထမတစ်ချိန် စင်ဟလာမီဒီယမ်အတန်းဝင်ထားရင် ဒုတိယအချိန် အင်္ဂလိပ် မီဒီယမ်အတန်းကို ဝင်ရတယ်။ စင်ဟလာမီဒီယမ်မှာ ဘာဝင်သင်ပေးသလဲ ဆိုတော့ အင်္ဂလိပ်စာ ဝင်သင်ပေးတာ။ English Through Buddhism ပုံစံမျိုးတွေပေါ့။

ဘာလို့ဒီလိုလုပ်ကြသလဲဆိုတော့ သူတို့မှာ ရည်ရွယ်ချက်လေးတွေလည်းရှိပါတယ်။ ကမ္ဘာသုံးဘာသာ စကား ဖြစ်တဲ့အတွက် အင်္ဂလိပ်စာကောင်းကောင်းတတ်ရင် လမ်းတွေအများကြီးပွင့်သွားမယ်ဆိုတာလဲ သူတို့သိတယ်။ သူတို့ရဲ့ကလေးတွေကိုလည်း အင်္ဂလိပ်စကားပြောတတ်စေချင်တယ်။ အင်္ဂလိပ်စကား နိုင်နှင်းပြီဆိုရင် အင်္ဂလိပ် မီဒီယမ်ပြောင်းချင်တယ်ဆိုလည်း ပြောင်းလို့ရတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံက သာမန် မိသားစု အခြေခံလူတန်းစားအသိုင်းအဝိုင်းက ကလေးတစ်ယောက် အင်္ဂလိပ်စကား ကောင်းကောင်း ပြောနိုင်ဖို့က ခက်ပါတယ်။ တကယ်ကောင်းတဲ့အတန်းတွေက စျေးကြီးတာလည်း ပါတာပေါ့။ ပြောနိုင် ဆိုနိုင်တဲ့သူရှိလာရင် သူတို့ဝမ်းသာကြတယ်။ အဲလိုဘဲ ပညာရေးထူးချွန်မယ့်ကလေး တစ်ယောက် ယောက်များ ပေါ်လာလေမလား သူတို့မျှော်လင့်ကြတယ်။ ဒီလိုနဲ့ အင်္ဂလိပ်စကားပြောတတ်ရင် အဆင့်မြင့်ပညာရေးအတွက် အထောက်အကူ ပြုလေမလားဆိုတဲ့ အတွေးမျိုးတွေရှိကြတယ်။ သူတို့ ကလေးတွေကိုတော့ လူရည်ချွန်ဖြစ်စေချင်တဲ့ မျှော်လင့်ချက်တွေရှိကြတယ်။ အင်တာနေရှင်နယ် ကျောင်းထားဖို့ကလည်း ပိုက်ဆံအဆင်မပြေ၊ အင်္ဂလိပ်စာသင်တန်း တက်ဖို့ကလည်း မတတ်နိုင်၊ အစိုးရကျောင်းကသင်ပေးတဲ့ အင်္ဂလိပ်စာလေး သင်ယူပြီး လေ့ကျင့်ရတာ ဆိုတော့ ဟုတ်ဟုတ်မဟုတ် ဟုတ် နိုင်ငံခြားသားဖြစ်တဲ့ ဘုန်းကြီးနဲ့ဆိုရင်တော့ ပြောချင်လည်းပြော မပြောချင်လည်းပြောရမယ် ဆိုတော့ နိုင်ငံခြားဘုန်းကြီးတစ်ပါးပါးက အတန်းထဲရောက်လာရင် ကလေးတွေက အင်္ဂလိပ်စကား လေ့ကျင့်ပြီးသား ဖြစ်သွားမယ်။ နိုင်ငံခြားသားတွေနဲ့ စကားပြောတဲ့ အတွေ့အကြုံလည်း ရမယ် စတဲ့ စီမံချက်ကလေးတွေလည်း ရှိတယ်။ ဆိုတော့ဖြင့် ဒီကိုယ်တော်က လမ်းသင့်လို့ စင်ဟလာ မီဒီယမ် အတန်းတွေမှာလည်း အချိန်တစ်နာခွဲစာ တစ်ချိန်စာဝင်သင်လိုက်ရတယ်။

စင်ဟလာမီဒီယမ်ကလေးတွေကို English Through Buddhism အင်္ဂလိပ်စာသင်ပေးတာက ၁ တန်း ကနေ ၆ တန်းအထိ။ အင်္ဂလိပ်မီဒီယမ်ကလေးတွေကို ဓမ္မစကူးလ် သင်ပေးရတာက ၆ တန်းကနေ ၁၀ အတန်းအထိ ဖြစ်ပါတယ်။ ၂၀၁၉ တုန်းကတော့ တစ်နှစ်ကို စာမေးပွဲနှစ်ခါဖြေရတယ်။ စီမီစတာနှစ်ခု။  First semester နဲ့ Second and semester ။ ပထမ  စီမီစတာက April လမှာ။ ဒုတိယ စီမီစတာက  November လထဲမှာ။ ၂၀၂၀ နဲ့ ၂၀၂၁ မှာတော့ ကိုရိုနာ ဗိုင်းရစ်ကြောင့် တစ်နှစ်မှာ တစ်ခါဘဲဖြေရတာ။ အဲဒီတစ်ခါက March လမှာ ဖြစ်ပါတယ်။ နိုဝင်ဘာလကနေ နောက်ဆုတ်လိုက် နောက်ဆုတ်လိုက်နဲ့ မာချ်လ အထိ ရောက်သွားတာ။

ကလေးနှစ်မျိုးအကြောင်းဆက်ပြောချင်သေးတယ်။ အင်တာနေရှင်နယ်ကျောင်းက ကလေးတွေနဲ့ အစိုးရကျောင်းကကလေးတွေ။ (International School Kids and Public School Kids)။ အခြေခံလူတန်းစာရပ်ကွက်က‌ပေါက်ဖွားတဲ့ကလေးတွေဖြစ်နေကြပေမယ့် တက်တဲ့ကျောင်းချင်း ကွာတော့ အနေအထိုင်တွေက ကွာကြတယ်။ ဒီမှာတမင်ခွဲခြားဆက်ဆံတာမျိုး လုပ်တာမဟုတ်ပေမယ့် ကွဲပြားနေတဲ့ကလေးအနေအထားတွေ တွေ့ရတယ်။ ဒါကလည်း ဆရာတွေအနေနဲ့ သိထားရမယ့် ကလေးတွေရဲ့ နောက်ခံ အခြေအနေတွေထဲမှာ ပါတယ်မလား။ အင်တာနေရှင်နယ်ကျောင်းကလာတဲ့ က‌လေးတွေက စကားပြောပုံ၊ လူဆက်ဆံပုံ၊ နေပုံထိုင်ပုံကအစ သပ်သပ်ရပ်ရပ် ရှိကြပြီး စာသင်ခန်း ထဲမှာ စကားကိုလည်း မလိုအပ်ဘဲ အလေအလွင့်ပြောနေတာမျိုးမတွေ့ရဘူး။ အဲဒီကလေးတွေနဲ့ဆိုရင် ဘယ်လိုနေ ဘယ်လိုထိုင်ရမယ်ဆိုတာမျိုး ပြောစရာမလိုဘဲ စာဘဲဖတ်ပြီး ဆွေးနွေးဖြစ်တာများတယ်။ ကိုယ်မသိတာရှိလို့ ပြန်မေးရင်လည်း ယဉ်ယဉ်ကျေးကျေး ပြန်ဖြေကြတယ်။ ယဉ်ကျေးလိမ္မာတယ် ဆိုတာ ဘယ်လိုလဲသိချင်ရင် သူတို့ဆီ ပြန်သင်ယူနေရမျိုး။

အစိုးရကျောင်းကကလေးတွေကြတော့ တစ်ခုခုဆို ပြေးမယ်၊ လွှားမယ် ဆိုတာမျိုးတွေများတယ်။ စာသင်ခန်းထဲမှာ လိုအပ်ရင် ပြန်ငေါက်မယ့်ဆရာတွေကို အရန်သင့် စီစဉ်ထားရမယ့် အနေအထားမျိုး။ (ရီစရာပြောတာပါ)။ စာဆိုခိုင်းရင်လည်း အော်ပြီးဆိုတာမျိုး၊ စာဖတ်ခိုင်းရင်လည်း အသံမထွက်ရင် အာရုံစိုက်လို့မရတဲ့ပုံစံမျိုး။ ရပ်ကွက်ထဲမှာလည်း ပြောမနာ ဆိုမနာ အော်ကြ ငေါက်ကြတဲ့ ပတ်ဝန်း ကျင်က လာတာဖြစ်တဲ့အတွက် ပြောပုံဆိုပုံတွေက မနုညံ့ဘူး။ ဒါပေမယ့် သူတို့တွေက လူရိုင်းတွေ မဟုတ်ဘူး။ အလိုက်မသိတာမျိုး ရှိကောင်းရှိမယ်၊ ဒါပေမယ့် လူမိုက်တွေမဟုတ်ဘူး။ ပြောပြရင် ရတယ်။ ဆူလိုက် ငေါက်လိုက်ရင်လည်း စိတ်မဆိုးဘူး။ ဓမ္မစကူးလ်ကျောင်းမဟုတ်လား။ သူတို့ကို လိမ္မာအောင် ယဉ်ကျေးအောင် သင်ပေးမယ့်နေရာလို့ သူတို့ ယုံကြည်ထားကြတယ်လေ။ မပူနဲ့ နောက်တစ်ပတ်သူတို့ ကျောင်းထပ်ရောက်လာဦးမယ်။ အဲဒါက ကိုလံဘိုမြို့ပေါ်က အခြေခံလူတန်းစား တွေနေတဲ့ ရပ်ကွက်က ကလေးတွေပါ။ အဲဒီကလေးတွေကို ဉာဏာနန္ဒဓမ္မစကူးလ်ကျောင်းမှာ ၂၀၁၉, ၂၀၂၀, ၂၀၂၁ သုံးနှစ် အတူတူ ဖြတ်သန်းခဲ့ဖူးတယ်ဆိုတာကိုတော့ အခုထိ တွေးမိတိုင်း ဝမ်းသာနေရဆဲ ပါဘဲ။ အခုနေတဲ့ Ganemulla မှာကျတော့ Grandpass လိုမဟုတ်ဘူး။ ဓမ္မစကူးလ်ကို တနင်္ဂနွေနေ့မှာ သင်တာဘဲ၊ ဒါပေမယ့် ဆရာ မလောက်လို့ အတန်းခွဲသင်ရတယ်။ စင်ဟလာမီဒီယမ်တွေက မနက်ပိုင်း မှာ သင်ကြပြီး အင်္ဂလိပ်မီဒီယမ်ကိုတော့ ညနေပိုင်းမှာ သင်ကြတယ်။ နယ်က တောမြို့လေး တစ်မြို့ ဆိုပါတော့။ ဒီမှာလည်း အခြေခံလူတန်းစားတွေကြားထဲက ဓမ္မစကူးလ်ကျောင်းလေးပါဘဲ။ ဒီအကြောင်းကို နောက်တစ်ခါကြုံလျှင် ပြောပြချင်ပါသည်။ (အားလုံးကို ကျေးဇူးတင်ပါသည်)။

နန္ဒိယ ဘိက္ခု (၁၄. ၃. ၂၀၂၄)

 

ဒီဆောင်းပါးကို ကိုယ်တိုင်ရေးပြီး မည့်သည့်ဂျာနယ် မဂ္ဂဇင်းကိုမှ မပို့ရသေးပါ။ အသစ်ဆက်ဆက် ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။

အရှင်နန္ဒိယ (ဖယ်ခုံ) (nandiya.ncc@gmail.com) Ph- 0787260091. Sri Jayasumanaramaya rajamahavihara temple, Bulugahagoda, Ganemulla, western province, Sri Lanka.

 






Monday, February 22, 2021

အမုန်းတရားထပ်မပွားချင်ရင်

 # 


ဒီအချိန်ပြောရင် လူမုန်းပိုများမလား မသိဘူး၊ ဒါပေမယ့်နားလည်ပေးရမည့်သူတွေရှိသလို ကိုယ်ကိုယ်တိုင်နားလည်အောင် ထပ်ကြိုးစားရမည့်အရာတွေလည်း ရှိတယ်ဆိုတာကို သတိပြုမိလို့ပါ။ ကိုယ်မြင်သလို မြင်စေချင်၊ ကိုယ့်ကို သဘောတူစေချင်၊ ကိုယ့်ဆန္ဒအတိုင်း ဖြစ်စေချင်တာကတော့ သာမာန်လူသားပုထုဇဉ်တိုင်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ဆန္ဒတစ်ခုပါ။ တစ်ခါတစ်လေ ကိုယ်ထင်သလို မဟုတ်တာတွေလည်း ရှိတယ်ဆိုတာ သတိပြုစေချင်ပါတယ်။ 


မနှစ်က ရသေ့တောင်မှာ ပြည်တွင်းစစ်ဖြစ်လို့ ရွာနှစ်ရွာသုံးရွာမီးလောင်သွားပါတယ်။ ဘယ်သူရှို့သလဲ မေးရင် ရခိုင်ပြည်သူတွေက တပ်မတော်ရှို့တယ်လို့ ဆိုပါတယ်။ သတင်းတွေတော်တော်များများကတော့ အေအေတွေမီးရှို့တယ်လို့ ဆိုကြပါတယ်။ အဲဒီထဲမှာ သီရိလင်္ကာက သူငယ်ချင်းဦးဇင်းတစ်ပါးထောင်ထားတဲ့ စာကြည့်တိုက်လည်း မီးထဲပါသွားပါတယ်။ သီရိလင်္ကာကနေ တကူးတကသယ်ခဲ့ရတဲ့စာအုပ်တွေရော၊ ရန်ကုန်မှာ မရှိမဲ့ရှိမဲ့ပိုက်ဆံနဲ့ ဝယ်စုထားတဲ့စာအုပ်တွေရော မီးထဲရောက်သွားပြီ။ သူများကိုအကူအညီတောင်းရလောက်အောင်လည်း သူ့တစ်ဦးထဲကွက်ဖြစ်နေတာမျိုးမဟုတ်၊ တစ်ရွာလုံးမီးလောင်လို့ ရွားသားတွေတောင်နေစရာတောင်မရှိတာ၊ စာကြည်တိုက်အတွက် ဝမ်းနည်းရုံကလွဲလို့ ဘာမှမတတ်နိုင်။ မီးရှို့တဲ့သူကို ကိုယ်တိုင်မြင်ရတဲ့ရွားသားတွေ ကိုယ်တိုင် ဘယ်လောက်ထဲ ကြေကွဲရမလဲ။ 


ကရင်မှာ တပ်မြေဆိုပြီး တပ်မတော်ကဝင်သိမ်းတော့ အဲဒီမြေထဲရှိတဲ့အိမ်တွေကို စစ်တပ်တွေက ဖြိုလိုက်တယ်၊ မီးရှို့လို့ရတာတွေမီးရှို့လိုက်တယ်။ မတရားမှန်းသိပေမယ့် တပ်မတော်ကို တရားပြန်ဆွဲရလောက်အောင် အဖျက်ဆီးခံလိုက်ရတဲ့ အိမ်ပိုင်ရှင် ရွာသားတွေက ဘယ်လောက်စွမ်းနိုင်မှာ မို့လို့လဲ။ ပြိုသွားတဲ့အိမ်ကို လက်ပိုက်ကြည့်ပြီး အသိတွေကို ပြောပြရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး။ အဲဒီထဲက သီရိလင်္ကာမှာ ရောက်နေတဲ့ သူငယ်ချင်းဦးဇင်းတစ်ပါးရဲ့ အမျိုးအိမ်တွေလည်းပါတယ်။ သူပြောပြတယ်၊ အဲဒီအိမ်တစ်လုံးကို ဆောက်တာ သုံးနှစ်ကျော်ကြာတယ်တဲ့၊ ထိုင်းသွားပြီးအလုပ်လုပ်ရတာ၊ ထိုင်းကနေပိုက်ဆံတွေ ကုတ်ကတ်စုပြီး ရွာကိုလှမ်းပို့၊ ရွာကအမျိုးတွေ ကူညီပေးလို့အဲဒီတိုက်ကြီး ပြီးသွားတာတဲ့။ အိမ်လည်းပြီးပြီ၊ ပိုက်ဆံလည်းနည်းနည်းပါးပါးစုမိပြီမို့ ရွာပြန်လာတော့မယ်လုပ်မှဘဲ အိမ်ကပြိုသွားပြီတဲ့။ 


ရွာသားတွေကတော့ တပ်မတော်ကို မုန်းရုံတင်မကဘူး၊ ရွံ့လွန်းလို့ အနားကိုမကပ်ချင်တာ။ မြို့ကြီးပြကြီးမှာရော၊ နိုင်ငံခြားမှာရော သတင်းတွေတင်လာတာက လက်နက်ကိုင်တိုင်းရင်းသားတွေက သူတို့ပြည်သူအိမ်ကိုမီးပြည်ရှို့တယ်တဲ့။ တို့ခေတ်ပညာတတ် ငနဲအဖွဲ့တွေတောင် တိုင်းရင်းသားလက်နက်ကိုင်တွေက ဘယ်အဖွဲ့မှမကောင်းဘူး၊ ပြည်သူကိုဒုက္ခပေးတဲ့သူလို့တောင် ပြောကြသေးတယ်လေ။ အဲလိုပြောတဲ့အထဲမှာ ဒေသခံရခိုင်တွေ၊ ကရင်တွေပါသလား။ သူတို့က သူတို့လက်နက်ကိုင်တွေက ပြည်သူတွေနိုပ်စက်တယ်လို့ မပြောဘဲ၊ အဝေးကနေပြီး‌ အဲ‌ဒီဒေသကို မရောက်ဖူးတဲ့သူတွေက ဘာလို့ လက်နက်ကိုင်တိုင်းရင်းသားတပ်က ပြည်သူကို ဒုက္ခပေးတယ်လို့ ပြောရတာလဲ။ ပညာတတ်မို့ ပိုသိတယ်လို့ ဆိုချင်တာလား။ 


နောက်တစ်ခုက အဲဒီလက်နက်ကိုင်တိုင်းရင်းသားတွေက ရန်ကုန် မန္တလေးမှာ စစ်လာတိုက်နေတာမဟုတ်ဘူး၊ သူ့နေရာသူနေနေတာ။ အဲဒီဒေသမှာနေတဲ့ ပြည်သူတွေက လက်နက်ကိုင်တိုင်းရင်းသားတွေက သူတို့ကိုနိုပ်စက်ကြတယ်၊ တပ်မတော်လာတိုက်ပေးပါလို့ စစ်ကူတောင်းနေတာလဲ မဟုတ်ဘူး။ တပ်မတော်က သူပုန်ဆိုပြီးသွားတိုက်တာပဲ။ အနုပညာရှင်တစ်ချို့တေွတောင် ရှေ့တန်းထွက်စစ်သားတွေ ဘေးကင်းပါစေ၊ အောင်မြင်ပါစေ စတဲ့ဆုတွေတောင်းပေးသေးတာ။ သူတို့ရဲ့ ဆိုရှယ်မီဒီယာပေါ်မှာ တင်ပြီး နိုင်ငံချစ်အနုပညာရှင်တွေဆိုတာ ကြွားချင်သေးတာ။ အဲဒီစာတွေကို ဟိုအဖျက်ဆီးခံရွာကလူတွေ ဖတ်မိရင် ဘယ်လောက်စိတ်တိုလိုက်မလဲ လို့တွေးမိသေးတယ်။ 


ဒါနဲ့ပတ်သတ်ပြီး ပြောချင်တာက သူတို့မှာ အဲကဒဏ်ရာတွေမကျက်သေးတာ အများကြီးရှိတယ်။ မျက်ရည်တွေမခမ်းသေးတာလည်း အများကြီးရှိတယ်။ တပ်မတော်ကတစ်မျိုး နိုပ်စက်၊ သတင်းမီဒီယာတွေက တစ်မျိုးဖော်ပြ၊ ဟိုအဝေးကပညာတတ်ဆိုတဲ့သူတွေကလည်း တစ်မျိုးပြော။ သူတို့ကိုယ်တိုင်လည်း ခံနေရတယ်၊ သူတို့ချစ်တဲ့ သူတို့လက်နက်ကိုင်တွေကိုလည်း သူပုန်တွေ၊ အကြမ်းဖက်တွေဆိုပြီး အစွပ်ဆွဲခံရတယ်။ မလိုတော့ သူပုန်၊ လိုရင်သွေးချင်းပြန်ဖြစ်နေတာမျိုး စတဲ့ မလိုတစ်မျိုး လိုတစ်မျိုးဆက်ဆံခံရနေသလို ခံစားနေရတာတွေရှိတယ်။ ဒါလေးကို ဒီအချိန်မှာ ထည့်တွက်ဖို့တော့ လိုလိမ့်မယ်ထင်တယ်။ 


အခုလောလောဆယ်မှာ အရေးကြီးတဲ့အချိန်မို့ အားလုံးပါဝင်မှဖြစ်မှာမို့ အားလုံးပါဝင်ဖို့ နှိုးဆော်ကြပါတယ်။ အားလုံးလိုလိုပါဝင်နိုင်ပေမယ့် မပါဝင်နိုင်တဲ့သူတစ်ချို့တွေရှိပါတယ်။ စစ်တပ်မိသားစုကလည်း မဟုတ်၊ စစ်တပ်ကို အားပေးအားမြှောက်လုပ်နေတဲ့သူလည်း မဟုတ်တဲ့သူတွေ။ သူတို့ကို မပါဝင်လို့ ဝိုင်းဆဲကြတာမျိုး မလုပ်မိဖို့တော့ လိုလိမ့်မယ်ထင်တယ်။ ပညာတတ်ဆိုသူတွေတစ်ချို့က စစ်တပ်ကိုကန့်ကွက်တဲ့အထဲမပါလို့၊ ဘေးမှာနေနေလို့ဆိုပြီး အသိတရားမရှိတဲ့သူလိုလို၊ နိုင်ငံသစ္စာဖောက်လိုလို၊ ရန်သူလိုပြောနေကြတာတွေရှိတယ်။ ကိုယ်ပြောတဲ့သူတွေထဲမှာ စစ်ဘေးဒဏ်ကြောင့် ဒဏ်ရာမကျက်သေးတဲ့ ပြည်သူတွေမပါစေနဲ့လို့ ပြောချင်ပါတယ်။ ဒဏ်ရာဟောင်းပေါ် ဒဏ်ရာအသစ်တွေ ထပ်မပေးစေချင်ဘူး။ ပြည်တွင်းစစ်ဘေးဒဏ်မခံစားဖူးတဲ့ မြို့ကြီးသားတွေနဲ့ နိုင်ငံတကာပညာတတ်တွေကိုတော့ မဆိုလိုဘူး။ 


အခုလို တပ်မတော်ကို ရှုံချတယ်ဆိုတာ သူတို့လုပ်ခဲ့တာကြာလှပေါ့၊ သူတို့အသံကို နားမထောင်လို့ပါ၊ မြို့ကြီးသား ပညာတတ်တွေရဲ့ နိုင်ငံရေး ထင်မြင်ချက် သုံးသပ်ချက်တွေက လွှမ်းမိုးနေလို့ ငါတို့ မကြားလိုက်တာပါ။ Civil Disobedience Movement စည်းရုံးရေးမှာရော Social Punishment စည်းရုံးရေးမှာပါ ပြောကြဆိုကြ ရေးကြသားကြတဲ့အချိန်မှာ သူတို့အနာဟောင်းကိုထပ်မဆွမိဖို့ သို့မဟုတ် ရေနစ်သူကို ဝါးလုံးနဲ့ထပ်မထိုးမိဖို့ လိုလိမ့်မယ်။ တစ်ချို့အရေးအသားတွေက ကိုယ့်ထင်မြင်ချက်သက် သက်သာဖြစ်ပြီး ဆန္ဒပြတဲ့ဦးတည်ရာ လမ်းကြောင်းနဲ့ သိပ်မဆိုင်တဲ့အရာတွေ။ ဥပမာ- တိုင်းရင်းသား လက်နက်ကိုင်တွေက တပ်နဲ့ပေါင်းပြီး လုပ်စားနေကြတာ စတဲ့စကားမျိုး။ ကိုယ်ထင်တဲ့အတိုင်းမဟုတ်ရင် အလကားနေရင်း အမုန်းပိုပွားစေပါတယ်။ သေချာပြောလို့ရတာတစ်ခုက အဲဒီလိုစကားပြောတဲ့သူက အဲဒီဒေသကလူတွေ မဟုတ်တာသေချာတယ်။ 


ဆိုလိုရင်းကတော့ တက်ညီလက်ညီဆန္ဒပြတဲ့ ဒီလိုအရေးအခင်းကာလမှာ ကိုယ့်ထင်မြင်ချက်တစ်ခုတည်းနဲ့ အချင်းချင်း အမုန်းထပ်မပွားစေဖို့ပါ။ ပြည်တွင်းစစ်ထပ်မဖြစ်အောင်လည်း ဂရုစိုက်ကြပါလို့ဆိုချင်ပါတယ်။ 


လိုရာဆန္ဒပြည့်ဝကြပါစေ။ အန္တရာယ်ကင်း ရန်စွယ်ရှင်းပြီး လွတ်လပ်တဲ့အခွင့်အရေး မျှတတဲ့ အခွင့်ရေးများ ပိုင်ဆိုင်နိုင်ကြပါစေ။ 


အရှင်နန္ဒိယ (ဖယ်ခုံ) 

20.02.2021 06:26:00 PM

မြန်မာရဟန်းတော်ပုံရိပ်

 #

ဆက်စပ်နေတဲ့အကြောင်းအရာတွေက များစွာရှိတယ်။ ၂၀၁၂ ကတည်းကစတယ်လို့ ပြောလို့တောင်ရမယ်ထင်တယ်။ ပုံရိပ်ကတော့ မြင်တဲ့အတိုင်းဘဲ။ ၂၀၁၉ - ခုနှစ်က သီရိလင်္ကာမှာ အော်စတေးရီးယားက ဆရာတော် သုဇာတအာဂျင်ချမ် တရားလာဟောတော့ သွားနာယူဖြစ်ခဲ့တယ်။ အဲဒီမှာ ဟောတရားအပြီး အမေးအဖြေလုပ်တော့ တရားနာပရိသတ်တစ်ဦးရဲ့ အမေးအဖြေကိုဖြေတဲ့အထဲမှာ ဆရာတော်ရဲ့အတွေ့အကြုံတစ်ခုကို မျှဝေခဲ့တယ်။ အင်္ဂလန်ရောက်တုန်းက အင်္ဂလန်ကခရစ်ယာန်ဘာသာဝင် သူငယ်ချင်းတစ်ယောက်နဲ့တွေ့တော့ မေးတယ်တဲ့။ သင်္ကန်းဝတ်တာကိုကြည့်ပြီး ဘာလို့ အဲဒီလိုဝတ်တာလဲလို့ မေးတယ်တဲ့။ ဗုဒ္ဓဘာသာရဟန်းမို့ လို့ဖြေလိုက်တယ်တဲ့။ ချက်ချင်းဘဲ ဟာ ဗုဒ္ဓဘာသာရဟန်းက သူသတ်သမားဘဲ လို့ပြောလိုက်တယ်တဲ့။ အဲဒါက မြန်မာမှာဖြစ်သွားတဲ့ ရခိုင်အရေးခင်း၊ မိတ္ထိလာအရေးခင်းတွေရဲ့ နောက်ပိုင်းမှာ ကမ္ဘာ့သတင်းစာမျက်နှာပေါ်ရောက်သွားတဲ့ မြန်မာရဟန်းတော်တွေရဲ့ ပုံရိပ်တွေပေါ့။ အဲဒါနဲ့ ဆရာတော်ကလည်း သူ့သူငယ်ချင်းဟောင်းကြီးကို ဗုဒ္ဓရဟန်းတော်အကြောင်း တော်တော်ရှင်းပြလိုက်ရတယ်တဲ့။ ဒီနိဒါန်းလေးဖတ်ပြီးရင် ဘာဆိုလိုချင်တာလဲ ဆိုတာ သိလောက်ပြီထင်ပါတယ်နော်။ 


ဒီမနက်ကရုပ်ပျက်ဆင်းပျက်ဖြစ်ရပ်၊ ကားလမ်းထဲရပ်ထားတဲ့ လူတွေရဲ့ကားမှန်ကို ရိုက်ခွဲတဲ့မြန်မာရဟန်း တော်တွေရဲ့ပုံရိပ်။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရှိနေတဲ့ဗုဒ္ဓဘာသာရဟန်းတွေ ဒီလိုလုပ်ရပ်တွေလုပ်ကြမယ် ထင်သလား။ ဘယ်နိုင်ငံဘဲရောက်ရောက်ဗုဒ္ဓဘာသာကို အစွန်းရောက်တဲ့ဘာသာလို့ ဘယ်သူမှမပြောကြဘူး။ အကြမ်းဖက်တဲ့ဘာသာဝင်တွေလို့လဲ မပြောကြပါဘူး။ အနောက်တိုင်းဖြစ်ဖြစ်၊ အရှေ့အလယ်ပိုင်းဖြစ်ဖြစ်၊ အရှေ့တိုင်းမှာဘဲဖြစ်ဖြစ် ဗုဒ္ဓဘာသာက ‌မေတ္တာစိတ်၊ ကရုဏာစိတ်တွေ တိုးပွားလာအောင် ဟောပြပေး၊ ညွန်ပြပေးတယ်ဆိုတာ သိကြတယ်။ ဗုဒ္ဓဘာသာကို ဌာနတစ်ခုအနေနဲ့ကို တက္ကသိုလ်မှာသင်ယူလေ့လာလို့ ရအောင် စီစဉ်ထားပေးတယ်။ မိတ္ထိလာအရေးခင်းမှာ သတင်းသမားတွေရဲ့ မှတ်တမ်းတစ်ချို့မှာ ထွက်ပြေးတဲ့လူတစ်ချို့ကိုလိုက်ရိုက်တဲ့ လူအုပ်ကြီးထဲမှာ ရဟန်းတွေပါလာတာကို တွေ့ရတယ်။ ဘုန်းကြီးအတုပြောပြော၊ အစစ်ဆိုဆို နိုင်ငံတကာမှာတော့ မြန်မာနိုင်ငံကအရေးအခင်းဖြစ်လို့ မြန်မာနိုင်ငံကရဟန်းတော်တွေလို့ဘဲ မြင်မှာဘဲ။ ဘယ်လိုပြောပြော ပုံရိပ်ကတော့ လူလိုက်ရိုက်နေတဲ့အထဲက ပါတဲ့သူဘဲ။ အဲဒါကြောင့် ဗုဒ္ဓဘာသာရဟန်းတွေက အကြမ်းဖက်တတ်တဲ့သူတွေဖြစ်သွားပြီနော်။ အဲဒီပုံရိပ်ကို ဘယ်မှာတွေ့တယ်လို့ထင်လို့လဲ။ 


လူတိုင်းလိုလိုသိနေတဲ့ကိစ္စတစ်ခုဘဲဖြစ်မယ်ထင်တယ်၊ ရွှေဝါရောင်အရေးခင်းမပေါ်ခင် စစ်အာဏာရှင် လက်အောက်မှာ‌နေခဲ့ရစဉ်တုန်းက ကုလားမုန်းတီးရေးတရားနဲ့‌ဟော့နေတဲ့ ကိုယ်တော်တစ်ပါးရဲ့ ဟောပြောချက်ထဲမှာ ကုလားကိုသတ်ရင် ပါရာဇိကမကျဘူး၊ ဘာဖြစ်လို့လဲဆိုတော့ လူသတ်မှ ပါရာဇိကကျတာ၊ ဒီကောင်တွေက လူတွေမှ မဟုတ်တာ လို့ ပြောသွားတယ်။ ပရိတ်သတ်တွေကလည်း လက်ခုပ်တွေတီးလို့။ ရယ်စရာလို့ပြောပြော၊ စတာဘဲဆိုဆို ရဟန်းတစ်ပါးအနေနဲ့ လူကိုလူလို မမြင်တတ်တဲ့ဟောပြောချက်တွေက ဗုဒ္ဓဘာသာရဟန်းတွေရဲ့ပုံရိပ်ကို ထိခိုက်တာဘဲ။ ဒါကအရင်က ဖြစ်ခဲ့တာ၊ မကြာခင်နှစ်လေးတင် ဖြစ်သွားတဲ့ကိစ္စလေးတစ်ခုလည်းရှိပါသေးတယ်။ တစ်နိုင်ငံလုံးက ဝိုင်းဆဲကြသေးတယ်လေ၊ ဒီဟောပြောချက်နဲ့ဆင်တူရိုးမားလေး။ နိုင်ငံတကာဗုဒ္ဓဘာသာဘုန်းကြီးတွေက စင်ပေါ်မှာဒီလိုစကားတွေ ပြောကြမယ်ထင်လား။ သေချာတာကတော့ နိုင်ငံတကာမှာဒီဟောပြောချက်တွေ‌ ရောက်သွားရင် နိုင်ငံတကာဗုဒ္ဓဘာသာအသိုင်းအဝိုင်းတွေက ကန့်ကွက်ကြမှာ သေချာတယ်။ ဒါပေမဲ့ တို့နိုင်ငံမှာတော့ လက်ခုပ်တီးပေးမယ့်သူက အများကြီးရှိသေးတယ်။ အဲဒါတောင် မပြောသင့်ဘူးလို့ ပြောရင် ဘေးကနေ ကာပြောပေးကြသေးတာ။ 


ဘာလို့ နိုင်ငံတကာ ဆိုတဲ့စကားလုံးကို ထည့်ပြောနေရတာလည်းဆိုရင် မြန်မာမှာဘဲ သာသနာအစစ်အမှန် ကျန်တော့တယ်၊ အခြားနိုင်ငံတွေမှာ သာသနာအစစ်အမှန်မရှိတော့ဘူး ဆိုတဲ့ စကားမျိုးကြားနေရလို့။ ကိုယ့်ဟာကိုယ် ဘာလဲဆိုတာ ပြန်မြင်ဖို့လိုနေပြီထင်တယ်။ အနေအထိုင်တွေက သူတစ်ပါးကိုဂရုမစိုက်၊ အပြောအဆိုက သူတစ်ပါးကို မလေးစား၊ အမူအရာကလည်း အထက်စီး၊ (ရိုင်းတယ်လို့ပြောရင် လိုက်ခံမလားမသိဘူး)။ ဒီမနက်လို ကားမှန်ရိုက်ခွဲတဲ့ကိစ္စအပါအဝင် မေတ္တာ၊ ကရုဏာ ခေါင်းပါးနေတဲ့ ပုံရိပ်တွေအများကြီး မြင်တွေ့နေရပါတယ်။  ကိုယ့်အကြောင်းကို ကိုယ်မသိ၊ ဘယ်လိုဖြစ်နေတယ်၊ ဘာလုပ်ရမယ်ဆိုတာကိုမသိဘဲနဲ့ အားအားရှိ ဘယ်သူကဘာမလုပ်ပေးလို့ ညာမလုပ်ပေးလို့လို့ ပြောနေတဲ့သူကရှိသေးတာ။ တစ်ချို့ကရှိသေးတယ်၊ သီရိလင်္ကာမှာဆို ရဟန်းတွေကို ဘယ်လိုလေးစားတာ၊ ထိုင်းမှာဆို ဘယ်လိုရိုသေတာ ဆိုတာမျိုးတွေပြောကြတယ်။ မြန်မာမှာ အဲဒါတွေမရှိဘူးလို့ စကားပြောရင် အဆစ်ကပါသေးတာ။ သီဟိုဠ်ရဟန်းလို အကြည်ညိုခံချင်ရင် သီဟိုဠ်ရဟန်းလိုနေ၊ ထိုင်းဘုန်းကြီးကို အကြည်ညိုခံချင်ရင် ထိုင်းဘုန်းကြီးလိုနေ။ ဘာဘုန်းပေးမလဲဘုရားလို့ မမေးလိုက်နဲ့ ကြက်သား၊ ဝက်သား၊ အမဲသား ဆိုတာမျိုးဘဲကြားရမယ်။ သက်သတ်လွတ်တောင်မြင်ဖူးလားမသိဘူးလို့ တွေးမိတဲ့အထိဘဲ။ သူများတွေ ၁၂ နာရီကျော်ရင် စျေးဆိုင်တွေမှာ မတွေ့တော့ဘူး။ သူ့နေရာနဲ့သူနေကြတယ်လေ။ ပွင့်လင်းတယ်လို့ပြောပြော၊ ရိုးသားတယ်လို့ဘဲဆိုဆို စံသတ်မှတ်ချက်လေးတွေက ရှိသေးတယ်။ ရဟန်းတို့ရဲ့ စံသတ်မှတ်ချက်က လူတွေနဲ့မတူတာ သိရမှာပါ။ သက်ဆိုင်ရာတာဝန်ရှိသူတွေကတစ်ဆင့်ဘဲဖြစ်ဖြစ်၊ ကိုယ့်အချင်းချင်းထဲကဘဲ ဖြစ်ဖြစ်၊ ကိုယ့်ဆရာသမားတွေကဘဲဖြစ်ဖြစ် မပြုပြင်ဘူး၊ ဒီတိုင်းဘဲ ဆက်ရှိနေမယ်ဆိုရင် ပုံရိပ်ကတော့ အဆိုးတွေဘဲ ပိုထွက်လာမယ်ထင်တယ်။ အဲလိုပြောလိုက်လို့ တရားစခန်းမှာ တရားအားထုတ်နေတဲ့ရဟန်းတွေရှိတယ်၊ စာသင်တိုက်မှာ စာလိုက်နေတဲ့သံဃာတွေရှိတယ် ပြောကြဦးမလား၊ ကိုယ့်အထင်နဲ့ပြောရရင်တော့ အဲဒါတွေက ကားမှန်ရိုက်ခွဲတဲ့ ပုံရိပ်ကို မဖုံးအုပ်နိုင်ဘူး။ ထင်တိုင်းကျဲနေတဲ့ ရဟန်းဆိုးလေးတွေကို ထိန်းသိမ်းဖို့ အရေးယူဖို့ ဆုံးမဖို့ သက်ဆိုင်သူတွေက တာဝန်မယူကြသေးဘူးလား၊ ဘယ်သူကမှ တာဝန်မရှိကြဘူးလား။ မြန်မာရဟန်းတွေရဲ့ ပုံရိပ်ကို ဘယ်လိုအကောင်အထည်ဖော်ကြမလဲ။ 


ဒီမနက်ဖြစ်သွားတဲ့ကိစ္စမျိုးဆိုရင် သာသနာ့ပုံရိပ်အနေနဲ့ကြည့်ရင် စိတ်မကောင်းဘူး။ လက်ရှိမြန်မာ့နိုင်ငံရေး အခင်းအကျင်းတစ်ခုအနေနဲ့ကြည့်ရင်တော့ ဘာမှမဖြစ်ဘူး။ အေးဆေးဘဲ။ သာသနာတော်မှာ လူမိုက်တွေမွေးတဲ့နေရာမဟုတ်တာတော့ လူတိုင်းသိတယ်။ သို့ပေမယ့် မြန်မာ့ဗုဒ္ဓဘာသာရဟန်းတော် တွေက အခြားနိုင်ငံကရဟန်းတွေနဲ့ယှဉ်ရင် အဆုံးအမနဲ့ ကင်းကွာနေပြီး လောဘ ဒေါသကိုရှေ့တန်းတင်ပြီး လိုချင်တာကိုရအောင်ယူ၊ မရတဲ့အဆုံး မထူးဇာတ်ခင်းတတ်တဲ့ ခပ်မိုက်မိုက်ဇာတ်ကောင်တွေ ဖြစ်နေသလား ထင်ရတယ်လေ။ အများစုက မဟုတ်ပေမယ့် ဆိုးတဲ့လူတစ်စုက အများစုကိုပါ ထိခိုက်စေတယ်။ တစ်ခုခုဖြစ်ရင် ဘာသာရေးမှိုင်းတိုက်တတ်လေ့ရှိတဲ့ မြန်မာ့နိုင်ငံရေးကြားမှာတော့ ပြည်သူတွေက ရိုးနေလောက်ပြီ။ နိုင်ငံရေးအပြောင်းအလဲ အရွေ့တစ်ခုမှာတော့ ဒီအကွက်ကအရမ်းပျော့သွားပါပြီ။ ရခိုင်အရေးခင်း၊ မိတ္ထိလာအရေးခင်းတုန်းကလို လူတွေအစုလိုက်ထလာမယ်မထင်နဲ့။ အဲဒီဘုန်းကြီးတွေကို လူတွေတစ်ခုခုလုပ်လိုက်လို့ ဘုန်းကြီးတွေ အုံကြွလာမယ်မထင်နဲ့။ ဆယ်နှစ်လုံးလုံးအဲဒီအကွက်တွေကို ကြုံလာခဲ့ပြီးပြီ။ မြန်မာပြည်သူလူထုကြားမှာ ဆရာ ဒကာဆက်ဆံရေးကို မထိခိုက်နိုင်ပါဘူး။ ထိခိုက်တာက သံဃာပုံရိပ်။ မြန်မာရဟန်းတော်တွေက ဒီလိုလားဆိုတဲ့အမြင်။ 


၂၀၂၁ အရေးခင်းတုန်းက ရွှေတိဂုံအရှေ့ဘက်မုခ်၊ မီးပွိုင့်မှာ ရပ်ထားတဲ့ကားတွေကို ဘုန်းကြီးတွေက သံတုတ်ကြီးနဲ့ ကားမှန်ရိုက်ခွဲတယ်၊ ကားထဲကလူတွေကိုလည်း ဒဏ်ရာရအောင်ရိုက်တယ် ဆိုတဲ့ သမိုင်း။ ဒီလိုသမိုင်းမျိုးကို ၈၈ အ‌ရေးခင်းမှာလည်း မရှိခဲ့ဘူး၊ ၂၀၀၇ အရေးခင်းမှာလည်း မရှိခဲ့ဘူး။ အခုကြမှ ဘာလို့ဒီလိုပေါ်လာတာလဲ။ ၈၈ နဲ့ ၂၀၀၇ တုန်းက စစ်အာဏာရှင်က တစ်ဘက်၊ ပြည်သူနဲ့ရဟန်းတွေကတစ်ဘက်၊ အားလုံးကပြည်သူနဲ့တစ်သားတည်းရှိတယ်။ ၂၀၂၁ မှာ ပြည်သူဘက်ကရဟန်းတွေနဲ့ စစ်တပ်ဘက်ကရဟန်းတွေလို့ နှစ်မျိုးကွဲနေလို့ ဒီလိုဖြစ်ရတယ်လို့ ယူဆတယ်။ 


ဆိုလိုချင်တာက ဒီမနက်ကားမှန်ရိုက်ခွဲတဲ့ကိစ္စမှာ နိုင်ငံရေးအသုံးချခံဖြစ်ပေမယ့် ထင်တိုင်းအရာမရောက်ခဲ့လို့ နိုင်ငံရေးအခင်းအကျင်းမှာတော့ ဘာမှမဖြစ်ဘူးလို့ ‌ပြောလို့ရတယ်။ အေးဆေးဘဲ။ နှစ်ဘက်လုံးနာတာက မြန်မာရဟန်းတော်တွေရဲ့ပုံရိပ်။ တစ်ခုက ကမ္ဘာမှာ မြန်မာရဟန်းတော်တွေက လူရမ်းကား။ နောက်တစ်ခုက နိုင်ငံအတွက်အပြောင်းအလဲပြုလုပ်တဲ့အရေးအခင်းကာလမှာ ဘုန်းကြီးတွေရဲ့အမဲစက်လုပ်ရပ်တစ်ခု ထင်ကျန်ခဲ့ပြီ။ ပုံရိပ်ကောင်းလေးတွေရချင်ရင် ဘယ်လိုပုံဖော်ကြမလဲဆိုတာကို စဉ်းစားသင့်ပြီထင်ပါတယ်။ 

မြန်မာရဟန်းတော်ပုံရိပ်ကောင်းများ ပေါ်ထွက်လာပါစေ။ အားလုံးကို ကျေးဇူးတင်ပါသည်။ 


အရှင်နန္ဒိယ (ဖယ်ခုံ) 

18.02.2021 11:31:00 PM

စစ်အာဏာရှင်စနစ်အောက်က ရဟန်းသံဃာ


အခုလောလောဆယ်မှာတော့ အာဏာရှင်လို့ ပြောလိုက်ရင် စစ်တပ်ကိုဘဲ ပြေးမြင်နေမယ်ဆိုရင် လူတိုင်းသိတယ်။ အာဏာရှင်ဆန်တဲ့အုပ်ချုပ်မှုကို လူတိုင်းလိုလိုမကြိုက်တော့တဲ့ ဒီခေတ်ကြီးထဲမှာ အမှီအခိုကင်းရပ်တည်နိုင်ဖို့၊ လွတ်လပ်စွာပြောဆိုခွင့်စတဲ့ နိုင်ငံသားအခွင့်အရေးတွေကို နိုင်ငံတိုင်းလိုလို တောင်းဆိုနေကြပါတယ်။ စစ်တပ်လိုအာဏာရှင်ဆန်ဆန်အုပ်ချုပ်ပြီး နိုင်ငံရေးလောကမှာလည်း နေရာဝင်ယူ၊ စီးပွားရေးကိုလည်း ကြီးကြီးမားမားသိမ်းပိုက်နေတာမျိုးကို ဒီခေတ်ထဲမှာ လက်ခံလို့မရတဲ့ အခြေအနေတွေ ဖြစ်လာပါတော့တယ်။ အာဏာရှင်စနစ်ကို မြန်မာအပါအဝင်ကမ္ဘာနိုင်ငံ‌တော်တော်များများ ဆန့်ကျင်နေကြပါတယ်။ မြန်မာနိုင်ငံလို ရဟန်းသံဃာအရေအတွက်များတဲ့နေရာမျိုးမှာ အာဏာရှင်စနစ်ရဲ့  ကောင်းကျိုးဆိုးကျိုး အကျိုးသက်ရောက်မှုကလည်း ရဟန်းသံဃာအပေါ်လွှမ်းမိုးမှုတွေ ရှိလာပါတယ်။ 


နိုင်ငံရေးနဲ့ပတ်သက်ပြီးရဟန်းသံဃာတွေရဲ့ရပ်တည်ချက်ကို မေးရင် အဖြေကရှုပ်ထွေးပါတယ်။ ဘာလို့လဲဆိုတော့ ရပ်တည်ချက်ကမတူလို့။ မြန်မာနိုင်ငံမှာ ရဟန်းသံဃာအရေအတွက် သိပ်များလွန်းတဲ့အတွက် ထိန်းချုပ်ရတာသိပ်ခက်ပါတယ်။ တူညီတဲ့သဘောထားတွေကို ပြောဖို့က တကယ်ခက်ပါတယ်။ ရဟန်းတစ်ပါးပါးက နိုင်ငံရေးမှာ ထင်ပေါ်လာတာနဲ့ တချို့အမြင်တွေက ထင်ပေါ်တဲ့ရဟန်းတစ်ပါးကိုအကြောင်းပြုပြီး မြန်မာရဟန်းတော်က အဲလိုဘဲလို့ မြင်ကြပေမယ့် အပြင်မှာအဲလိုတွေမဟုတ်ကြပါဘူး။ ဒီနေ့ဘဲ သီရိလင်္ကာသတင်းစာတစ်ခုမှာ တပ်မတော်ဘက်ကို ထောက်ခံတဲ့ရဟန်းတွေပုံပါ ပါလာတယ်။ နီးစပ်ရာ စင်ဟလာဦးဇင်းတွေက မြန်မာရဟန်းတော်တွေက စစ်တပ်ဘက်မှာလို့ပြောကြတယ်။ အားလုံးမဟုတ်ဘူး။ အနည်းစုသာလို့ဘဲ ပြန်ပြောလိုက်ရတယ်။ 

သံဃာတော်တွေထဲမှာလည်း ဒီမိုကရေစီကိုနှစ်သက်တဲ့ရဟန်းတော်တွေရှိသလို အာဏာရှင်စနစ်ကို နှစ်သက်ကြတဲ့သူတွေလည်း ရှိနေပါတယ်။ အင်အားကြီးပါတီနှစ်ခုဖြစ်တဲ့ ပြည်သူကနေတက်လာတဲ့ အန်အလ်ဒီပါတီနဲ့ အာဏာရှင်စစ်အစိုးရကနေ ဆင်းသက်လာတဲ့ ကြံခိုင်ရေးပါတီတို့အပေါ် ယုံကြည်မှုတွေကလည်း မတူကြဘူး။ အန်အလ်ဒီပါတီကို ကြိုက်နှစ်သက်တဲ့ရဟန်းတွေကလည်း အန်အလ်ဒီ။ ကြံ့ခိုင်ရေးကို နှစ်သက်တဲ့သူကလည်း ကြံ့ခိုင်‌ရေးဘက်ကနေ ပြောကြ၊ ဆိုကြ၊ ‌ရေးသားကြတယ်။ မြန်မာနိုင်ငံမှာ ရဟန်းသံဃာအနေနဲ့ နိုင်ငံရေးမှာ ပါဝင်နိုင်ဖို့ အခွင့်အလမ်းသိပ်မရှိတာမို့ နိုင်ငံရေးဆိုရင် စိတ်လည်းမဝင်စား၊ ဝင်လည်းမပါ၊ ခပ်ကင်းကင်းဘဲနေတဲ့ ရဟန်းသံဃာတွေလည်း အများကြီးရှိပါတယ်။ သို့သော် ဘေးကအမြင်မှာတော့ ဘုန်းကြီးတွေက ဟိုပါတီ၊ ဒီပါတီလို့ အပေါ်ယံမြင်တာမျိုးလည်း ရှိတာပေါ့။


နိုင်ငံရေးနဲ့ခပ်ကင်းကင်းဘဲနေတဲ့ ရဟန်းသံဃာတွေကတော့ ကိုယ့်တရားဘဲ ကိုယ်အာရုံစိုက်ချင်တာ၊ ကိုယ့်စာပေကိုဘဲ စိတ်ဝင်စားတာမျိုးတွေများပါတယ်။ ဘုန်းကြီးစကားနဲ့ ပြောရင် “ဓိုရ်ကြီး”တွေပေါ့။ နောက်တစ်ခုက စာဂျမ်းပိုး တွေပေါ့။ အပြင်လောကကိုငြီးငွေ့တာရယ်၊ ပြဿနာတွေကြားမှာ မနေချင်တော့တာရယ်၊ နိုင်ငံရေးနဲ့စပ်ရင် စကားတောင်မပြောချင်တော့တာမျိုး။ မပြောချင်လို့ မပြောတာရှိသလို၊ နားမလည်လို့ စိတ်မဝင်စားလို့ မပြောတာလည်း ဖြစ်နိုင်တယ်။ 


အန်အလ်ဒီကို နှစ်သက်တဲ့ဘုန်းကြီးတွေအများစုက ခေတ်မီတယ်လို့ ပြောရမလား၊ ပညာတတ်တယ်လို့ဆိုရမလား၊ အပြောင်းအလဲကို ကြိုက်တယ်လို့ ပြောရမလား၊ ဒီစကားလုံးတွေကို ထင်ဟပ်‌နေတဲ့ စကားလုံးလေးတော့ ရှိမှာပါ၊ မခေါ်တတ်ဘူး။ ဘုန်းကြီးပညာရေးကို ပြုပြင်ပြောင်းလဲဖို့လိုတယ် လို့ ပြောကြဆိုကြရေးသားကြတဲ့အထဲမှာလည်း ဒီအဖွဲ့ထဲကအများဆုံးဘဲ။ ပညာရေးဘက်လောက်နောက်ကျနေပြီ၊ စီးပွားရေးဘယ်လိုဖြစ်တယ်၊ နိုင်ငံရေးဘယ်လောက်ဆိုးတယ်၊ ဘာသာရေးကဘယ်လို၊ အဲဒါကြောင့် ဘာလုပ်သင့်တယ်စသည် သိချင်ရင် သူတို့ကိုဆည်းကပ်။ 


ကြံ့ခိုင်ရေးကို ထောက်ခံနေတဲ့သူတွေကြတော့ သူတို့ကိုသူတို့ ဗုဒ္ဓဘာသာရဲ့အဓိကခံတပ်လို့မြင်တယ်။ သူတို့မရှိရင် ဘာသာခြားတွေလွှမ်းမိုးပြီး မြန်မာမြေပေါ်ဗုဒ္ဓဘာသာတွေကွယ်ပျောက်သွားတော့မယ်လို့ ပြောကြတယ်။ တပ်မတော်ကိုလည်း အင်အားကြီးတဲ့အသင်းအဖွဲ့လို့မြင်ပြီး တပ်မတော်ကဗုဒ္ဓဘာသာရဲ့ အဓိကကျတဲ့ အထောက်အပံ့ပေးနိုင်တဲ့အဖွဲ့ဖြစ်စေချင်တယ်။ စစ်ဗိုလ်ကြီးတွေရဲ့ ဂုဏ်ပုဒ်တွေချီးမွှမ်းပြီး ဘုရားတည်၊ ကျောင်းဆောက်၊ လမ်းခင်းပေးတာကိုလည်း ပြောလို့မဆုံးဖြစ်နေကြတယ်။ ဒီအဖွဲ့ဆိုရင် အန်အလ်ဒီကို ပြိုင်ဘက်လို့မြင်ပြီး ဘာသာခြားလွှမ်းမိုးမှာ သေမလောက်ကြောက်နေကြတဲ့အဖွဲ့ပေါ့။ ဗုဒ္ဓဘာသာအစစ်ကမြန်မာနိုင်ငံမှာဘဲ ကျန်နေပြီး ထိုင်းတို့ ကမ္ဘောဒီးယားနဲ့တခြားတိုင်းပြည်တွေမှာ ဝိနည်းကို သိပ်မလိုက်နာကြတော့ဘူး၊ ဗုဒ္ဓဘာသာအစစ်အမှန်မကျန်တော့ဘူး စတဲ့စကားတွေကို ပြောကြတာ ဒီအဖွဲ့ထဲက အများဆုံးပါတယ်ဆိုပါဆို့။ အခုလောလောဆယ်မှာတော့ ဂိုဏ်းကိုးဂိုဏ်းက ပြဿနာမရှိဘူး။ ဒီဂိုဏ်းတွေဘဲ ပြဿနာဖြစ်နေတာ။ 


အခုလိုမျိုးရော၊ နောက်အခြားတစ်မျိုးမျိုးပါ မြန်မာနိုင်ငံမှာ တစ်ခုခုဖြစ်ပြီဆိုရင် ဘုန်းကြီးတွေကပါလေ့ ရှိတယ်။ ဘုန်းကြီးပါလာပြီဆိုရင် နောက်ကနေအားပေးအားမြောက်လုပ်တဲ့သူတွေကလည်းအသင့်ရှိပြီးသား။ နောက်တစ်ဘက်မှာ ဘုန်းကြီးပါလာတာကို မကြိုက်တဲ့ရဟန်းသံဃာတွေ လူတွေကလည်း ရှိနေနှင့်ပြီးသား။ ဒါတွေကို သိပေမယ့် သူ့တို့ဝင်ပါချင်တဲ့နေရာ ဝင်ပါကြတာဘဲ၊ ဘာလို့လဲဆိုတော့ သူတို့ကလည်း မြန်မာနိုင်ငံသားဖြစ်နေတာကိုး။ အခုဆိုရင် စစ်တပ်ကို ရှုပ်ချတဲ့စာတွေကလည်း အများကြီး၊ တစ်ဘက်မှာ စစ်တပ်ကို ချီးမွမ်းနေကြတာလည်း မနည်းဘူးရယ်။ ဒီကြားထဲ ကြားနေတွေလည်းရှိသလို၊ ဘယ်ဘက်မှမနေတဲ့ ဝစီပိတ်ကျင့်နေတာလည်း ရှိတာဘဲ။ ဒါကတော့ သူတို့အခွင့်အရေးမို့ တားခွင့်မရှိပါဘူး။ 


ပြောလို့ရတဲ့ဘက်ကနေ ပြောကြည့်ရရင် သူတို့က ဘာကိုစိုးရိမ်နေတာလဲ၊ ဘယ်သူ့ကိုစိုးရိမ်နေတာလဲ၊ ဘယ်သူ့အတွက်စိုးရိမ်နေတာလဲ၊ နောက်တစ်ခုက ဘာလို့ သူတို့ဝင်ပါနေရတာလဲ ဆိုတာကို မေးခွန်းတော့ ထုတ်ရပါမယ်။ အမှန်အတိုင်းပြောရရင် ကိုယ့်ကိုယ်ကို ဘာမှန်းမသိဘဲ ဝင်ပါနေတာအများကြီးဘဲ၊ ဘာမှရေရေရာရာနားမလည်ဘဲ ဖင်ပိတ်ငြင်းတာတွေလည်း အများကြီးဘဲ။ တစ်ခါတစ်လေ သူတို့ပြောတဲ့ အကြောင်းပြချက်လေးတွေက ကလေးအရမ်းဆန်နေတာတွေ၊ အပေါ်ယံအရမ်းဆန်နေတာတွေလည်း အများကြီးဘဲ။ တစ်ခုခုဆိုရင် ဟိုဆရာတော်ကြီးက ဘယ်လိုပြောလို့၊ ဘယ်ဆရာတော်က ဘယ်လိုမလို့ ဆိုပြီး သူတို့ကိုယ်တိုင်နားမလည်တဲ့အရာကို ဟိုဆရာတော်ဒီဆရာတော်ကို ပုံအပ်နေတာတွေရှိတယ်။ အဲဒါကတော့သေးတယ်လို့ပြောရမလား၊ တစ်ချို့ဆိုရင် ဟိုဒကာကဟိုလိုပြောလို့ စတဲ့ကိုယ်တော်တွေလည်း ရှိသေးတာ။ 


ပညာရေးပြုပြင်ပြောင်းချင်၊ နိုင်ငံတကာနဲ့ရင်ဘောင်တန်းချင်၊ သာသနာပြုချင်တဲ့ရဟန်းသံဃာတွေကတော့ ဒီမိုကရေစီကိုပိုမိုနှစ်သက်ကြမယ်ထင်ပါတယ်။ အာဏာရှင်ဆန်ဆန်အုပ်ချုပ်ခံခဲ့ရလို့ အကြောက်တရားတွေ ဘယ်လောက်ထိစိုးမိုးနေသလဲဆိုတာ အခြားလူတွေနဲ့တွေ့ရင် သိသာလာတယ်။ တစ်ချို့ဆိုရင် အသက်သာကြီးသွားတာ ဘာဝါသနာပါလဲဆိုတဲ့ မေးခွန်းတောင် ရေရောရာရာမဖြေတတ်တာတွေ၊ ဖြေရင်တောင်မှန်းဆပြီးဖြေနေရတာတွေရှိတယ်။ အဲဒါက ဒါဘဲလုပ်၊ မသွားနဲ့ဆိုမသွားနဲ့၊ မလုပ်နဲ့ဆိုမလုပ်နဲ့ ဆိုတဲ့အမိန့်အာဏာအောက်မှာ လူလိမ္မာအဖြစ်ကို ကျေနပ်စွာခံယူခဲရပေမယ့် ကိုယ်တိုင်ဖန်တီးတီထွင်မှုနဲ့ ပညာရပ်အသစ်လေ့လာရှာဖွေမှုအပိုင်းမှာ အားနည်းလွန်းတာကို မြင်သာနေပါတယ်။ အဲဒါကြောင့် အတွေးအခေါ်အသစ်၊ လေ့လာရှာဖွေမှုအသစ်တွေကို ပျိုးထောင်ပေးဖို့က ဒီမိုကရေစီစနစ်က အထောက်အကူပြုကြလိမ့်မယ်လို့ယူဆကြတယ်။ သက်ဦးဆံပိုက်စနစ်ဆန်လွန်းတဲ့ တစ်ချို့ဆရာတော်တို့ရဲ့ အုပ်ချုပ်မှုတွေကိုလည်း မျိုးဆက်သစ်တွေအတွက် ပြစ်မှုတစ်ခုကျူးလွန်သလို မြင်လာတယ်။ အားလုံးသဘောတူမှ ပညတ်တဲ့ဝိနည်းသိက္ခာပုဒ်လို စည်းကမ်းကို တစ်ဦးဦးကပြဌာန်းတာမျိုးမဟုတ်ဘဲ အများရဲ့ဆန္ဒကို ပိုဦးစားပေးစေချင်တယ်။ ဒီရှုထောင့်တွေကြောင့် လက်ရှိအခြေအနေမှာ စစ်တပ်ရဲ့ အာဏာရှင်ဆန်မှုကို မကြိုက်ပေး အန်အလ်ဒီဘက်မှာ ရပ်တည်နေကြတာပါ။ ဒါကတော့ အများက အန်အလ်ဒီမို့ ကိုယ်လည်း အန်အလ်ဒီ လိုလူမဟုတ်ဘဲ ကိုယ့်ဆန္ဒနဲ့တစ်ထပ်တည်းကျလို့ အန်အလ်ဒီကို ရွေးချယ်ကြတယ်လို့ ယူဆပါတယ်။ 


အနော်ရထာမင်းကိုအားကျလို့လား၊ အသောကမင်းလိုဖြစ်စေချင်လွန်းလို့လားမပြောတတ်ဘူး ဗုဒ္ဓဘာသာ တစ်ခုတည်းကို ဦးစားပေးဖို့ဆန္ဒရှိလို့ထင်ပါတယ် အမျိုးဘာသာသာသနာလို့ အော်နေသည့်သူတွေအပါအဝင် တစ်ချို့ရဟန်းတော်တွေကတော့ စစ်တပ်ဆိုရင် အမျိုးဂုဏ်ဇာတိဂုဏ်ကို ထိန်းသိမ်းတဲ့သူလို့ မြင်ကြတယ်။ စစ်တပ်တွေဆိုးတာ ကြမ်းတာတွေက လုပ်သင့်လို့လုပ်တယ်လို့ ထင်ကြတယ်။ ကျောင်းသားတွေကို မရိုက်ရဆိုတဲ့ခေတ်ထဲမှာ နာနာရိုက်မှ ချစ်ကြောက်ရိုသေမှာလို့ ပြောနေတဲ့သူအဖွဲ့ပေါ့။ လူမျိုးဘဲဖြစ်ဖြစ်၊ ဘာသာဘဲဖြစ်ဖြစ် ထိန်းသိမ်းထားနိုင်မှ တည်တံ့နိုင်မှာလို့ ခံယူကြတယ်။ နေတာထိုင်တာခေတ်ဆန်သွားရင် ယဉ်ကျေးမှုပျက်စီးတယ်လို့ မြင်ကြတယ်။ အဲဒါကြောင့် ပြုပြင်ပြောင်းလဲရေးအမျိုးမျိုး လုပ်လာကြတော့ မယ့် ဒီမိုကရေစီကို သူတို့ကြောက်တယ်။ တစ်ခုခုဖြစ်ရင် ဝင်ထိန်းပေးမယ့်စစ်တပ်ကို သူတို့အားကိုးကြ တယ်။ စစ်တပ်လည်း အထာသိစွာဘဲ အမျိုးဘာသာသာသနာ ထိန်းသိမ်းမယ်ဆိုတဲ့စကားကို မဆီမဆိုင် ဝင်ပြောနေတာတွေ ကြားရမှာပါ။ အဲဒီလိုနဲ့ သူတို့က စစ်တပ်ရဲ့ အမာခံပရိတ်သတ်တွေဖြစ်လို့။ ဒါက စစ်တပ်ကို အားပေးတဲ့သူတွေရဲ့အကြောင်းပေါ့။ ဒေါ်စုကို ကုလားမယားဖြစ်လို့တို့ အန်အလ်ဒီက ကုလားအားပေးပါတီတို့ အခြေအမြစ်မရှိ စကားရိုင်းရိုင်းသုံးပြီး ပြောနေတာတွေကိုတော့ ဘာဖြစ်လို့ အန်အလ်ဒီကို မုန်းနေမှန်း မသိပါ။ ဘာဖြစ်လို့ စစ်တပ်ကို အားပေးနေမှန်း စဉ်းစားမရပါ။ လယ်တီသိမ်ပျက်စီးသွားတာလည်း စစ်တပ်ကိုအပြစ်မတင်ဘူး၊ ဆန္ဒပြတာကို အကြမ်းဖက်တဲ့စစ်သားတွေလည်း ချစ်ရှာတယ်။ 


အန်အလ်ဒီကိုအားပေးရင် ဘာလို့အားပေးတယ်၊ အားမပေးရင် ဘာလို့ အားမပေးတာ၊ စစ်တပ်ကို ထောက်ခံရင် ဘာလို့ထောက်ခံတယ်၊ မထောက်ခံရင် ဘာလို့မထောက်ခံဘူး ဆိုတဲ့ အကြောင်းပြချက်တွေ မယ်မယ်ရရမတွေ့ရ၊ သူတို့ခံယူချက်တွေ သဘောထားတွေကလည်း ဘာတွေမှန်းမသိဘဲ တစ်ဘက်သတ်ဖင်ပိတ်ငြင်းတာတွေကလည်း အများကြီးရှိတယ်။ ဘာမှမဟုတ်တဲ့အကြောင်းကလေးတစ်ခု ဖြစ်လာရင် ဗုဒ္ဓဘာသာက နောက်ချန်ထားခံလိုက်ရပြီဆိုတာမျိုး ဘာသာတရားတစ်ခုလုံး အရှက်ခွဲခံလိုက်ရ သလိုလို အဆင့်တစ်ဆင့်ကျသွားသလိုလို ဟိုဘက်ပါတီခေါင်းဆောင်က ရွှေတိဂုံနှစ်ပတ်လည်ပွဲမတက်လို့၊ ကထိန်ပွဲမလာလို့ ဘာသာတရားကွယ်ပျောက်တော့မှာလိုလိုနဲ့ သူတို့မှာ ကြေကွဲရှာတယ်။ အဲဒါကိုတော့ ဘာကြောင့်လဲဆိုတာကိုတော့ မသိသေးပါ၊ သိရင်အကြောင်းလေးကြားကြပါဦး။ တစ်ချို့က သူတို့ကို ထောက်ပံ့တဲ့သူက အဖြူဆိုရင် လိုက်ဖြူတာ၊ အမဲဆိုရင် လိုက်မဲတာမျိုးလည်း ရှိတယ်။ အဲဒါဆိုရင် ရှင်းတယ်။ သီးသန့်မေးခွန်းထုတ်စရာမရှိဘူး။ အထက်ကပြောတဲ့ အမျိုးအစားတွေထဲက ဓိုရ်ကြီး၊ စာဂျမ်းပိုး အမျိုးအစားကတော့ နိုင်ငံရေးမှာ ပြဿနာမရှိပါ။ အခြားအတွင်းရေး ပြဿနာတစ်ချို့ ရှိကောင်းရှိမယ်။ 


လက်ရှိရှိနေတဲ့ လူတွေအားလုံးက အာဏာရှင်စနစ်အောက်က ကြီးပျင်းလာတဲ့လူတွေချဉ်းပါဘဲ။ အာဏာရှင်ကို ကြိုက်တဲ့သူနဲ့ မကြိုက်တဲ့သူနဲ့ လူတွေလည်း ကွဲသလို ရဟန်းသံဃာတွေလည်း နိုင်ငံရေးအယူအဆတွေ ကွဲကြတယ်။ နိုင်ငံအရေးမှာတော့ ရဟန်းသံဃာနဲ့တင်ပြီးတဲ့ကိစ္စမှမဟုတ်တာ စိုးရိမ်စရာမရှိပါဘူး။ ဘယ်သူနိုင်တယ်၊ မနှိုင်ဘူး၊ သာတယ်၊ မသာဘူးဆိုတာကတော့ ပြည်သူလူထုတွေရဲ့ ကျိုးစားအားထုတ်မှုအား၊ ပူးပေါင်းပါဝင်မှုအားပေါ်မှာဘဲ မူတည်ပါတယ်။ မကြာခင်သိရမှာပါ။ အမှားပါရင် ခွင့်လွတ်ပါ။ အားလုံးစိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ။ 


အရှင်နန္ဒိယ (ဖယ်ခုံ) 

04.02.2021 04:48:00 PM

သီရိလင်္ကာနိုင်ငံရဲ့ လွတ်လပ်ရေးနေ့