Monday, January 14, 2019
သီရိလင်္ကာ ဗုဒ္ဓဘာသာ တက္ကသိုလ်များနဲ့ ပတ်သက်၍
သီရိလင်္ကာမှာ ကျောင်းလာတက်ကြတာဆိုရင် မြန်မာနိုင်ငံအနေနဲ့ အခြားဘာသာရပ်တွေထက် ဗုဒ္ဓဘာသာလာလေ့လာတဲ့မြန်မာရဟန်းတော်က ပိုများမယ်ထင်တယ်။ ထေရဝါဒဗုဒ္ဓဘာသာ နိုင်ငံချင်းတူတာရယ်၊ နိုင်ငံတကာစံချိန်မီတဲ့ ပညာရေးအဆင့်အတန်းတွေ ရှိတယ်လို့ ယုံကြည်မှု ရထားတာရယ်၊ ရှေ့က ကျောင်းသားတွေလည်းများစွာရှိနေကြလို့ သွားလာတဲ့ လမ်းကြောတွေလည်း မခက်တော့တာတွေကြောင့်ဘဲ ဖြစ်လိမ့်မယ်ထင်တယ်။ 
သီရိလင်္ကာမှာ အဆင့်မြင့်ပညာရေးတက္ကသိုလ်တွေ လေးမျိုးရှိပါတယ်။
1. Public Universities
2. တက္ကသိုလ်တစ်ခုခုရဲ့လက်အောက်ခံ Private Institutes
3. နိုင်ငံခြားတက္ကသိုလ်တွေနဲ့ လက်တွဲတဲ့ Private Institutes
4. Professional Institutes လို့ လေးမျိုးရှိပါတယ်။ 
၂၀၁၈ ရဲ့ စစ်တမ်းအရ- အဆင့်မြင့်ပညာရေး တက္ကသိုလ်တွေ ကောလိပ်တွေ ၅၀ စာရင်းထဲမှာ အရင်အတိုင်းမပြောင်းလဲသေးတာကတော့ ထိပ်ဆုံးမှာ ပေရာဒနီယတက္ကသိုလ်၊ ဒုတိယက ကိုလံဘိုတက္ကသိုလ်၊ တတိယက ကေလနိယတက္ကသိုလ်တွေဘဲ ဖြစ်ပါတယ်။ တက္ကသိုလ်တစ်ခုချင်းစီမှာ မတူတဲ့ဘာသာရပ်တွေရှိသလို၊ အားသာတဲ့ ဘာသာရပ်တွေလည်း မတူကြပါဘူး။ ဘယ်တက္ကသိုလ်ကအကောင်းဆုံးလဲလို့ ခင်တဲ့ဒီနိုင်ငံသားတွေကို မေးဖူးတယ်။ သူတို့တွေက ဘယ်ဘာသာရပ်ကိုပြောတာလဲ လို့ပြန်မေးကြပါတယ်။ တက္ကသိုလ်တစ်ခုက ကောင်းတယ်ဆိုပြီး ဘာသာရပ်အားလုံးက အကုန်လုံးကောင်းတယ်လို့ မယူဆကြပါဘူး။ သူ့ဆိုင်ရာဆိုင်ရာ တက္ကသိုလ်တွေရဲ့ အားသာတဲ့ဘာသာရပ်တွေရှိကြပါတယ်။ ဆေးကျောင်းဆိုရင် ပေရာဒနိယတက္ကသိုလ်က သီရိလင်္ကာမှာ အကောင်းဆုံးဘဲ။ ကိုလံဘိုတက္ကသိုလ်မှာက ဥပဒေ။ ကေလနိယမှာက အနုပညာ။ မိုရတူဝ မှာဆိုရင် အင်ဂျင်နီယာ။ သီရိ ဂျယေဝဒနပူရ တက္ကသိုလ်မှာဆိုရင် စာရင်းကိုင်ပညာရပ်ကအကောင်းဆုံးလို့ သတ်မှတ်ကြတယ်။ ဒီနိုင်ငံလာတဲ့ မြန်မာကျောင်းသားတွေက Buddhist study တွေဘဲယူကြတာဖြစ်လို့ ပေရာဒနိယ၊ ကေလနိယ၊ ပီဘီယူ၊ ဆီးဘားတက္ကသိုလ်တွေမှာဘဲ လာတက်ကြပြီး ဒီနောက်ပိုင်းမှာ သီရိ ဂျယေဝဒနပူရ၊ ကိုလံဘိုနဲ့ တက္ကသိုလ်အသစ်တစ်ခုဖြစ်တဲ့ နာဂါနန္ဒတက္ကသိုလ်တွေမှာလည်း တက်ကြပါတယ်။ Buddhist study နဲ့ပတ်သက်ရင် အစဉ်အလာကြီးမားပြီး နိုင်ငံတကာ PHD ကျောင်းသားပေါင်းများစွာ မွေးထုတ်ပေးနေတဲ့ ကေလနိယတက္ကသိုလ်နဲ့ ပေရာဒနိယတက္ကသိုလ်က ထိပ်ဆုံးမှာဦးဆောင်နေပါတယ်။ BA ကစမည်ဆိုရင်၊ ကေလနိယ၊ ပီဘီယူ၊ ဆီးဘား တို့မှာဘဲရှိပါတယ်။ MA ကစရင်တော့ Buddhist study ရှိတဲ့ တက္ကသိုလ်တိုင်းမှာ တက်လို့ရပါတယ်။ တစ်ချို့တက္ကသိုလ်တွေက MA ကိုတစ်ခါတည်း ချိတ်လို့ အဆင်မပြေရင် MA မတိုင်ခင် ဒီပလိုမာအတန်း တစ်နှစ်ထပ်တက်ကြရတာတွေလည်းရှိတယ်။ 
တက္ကသိုလ်ချင်းက မတူလို့ သတ်မှတ်ထားတဲ့ ငွေကြေးတွေလည်းမတူကြပါဘူး။ တစ်ချို့က ဈေးကြီးတယ်၊ တစ်ချို့ကက သက်သာတယ်။ ဘီအေတို့ ဒီမလိုမာတို့မှာတော့ တက္ကသိုလ်က ပြဌာန်းထားသည့်ဘာသာရပ်တွေ သင်ကြရပြီး၊ စိတ်ကြိုက်ရွေးချယ်ခွင့်ဘာသာရပ်တွေက နည်းပါတယ်။ MA မှာက ပိုများပါတယ်။ တက္ကသိုလ်ပေါ်မှာမူတည်ပြီး တစ်ချို့တက္ကသိုလ်က စိတ်ကြိုက်ရွေးချယ်ခွင့်ကများပြီး တစ်ချိုတက္ကသိုလ်တွေမှာက နည်းနေတာလည်း တွေ့ရပါတယ်။ MA မှာလည်း တစ်နှစ်လည်းရှိသလို၊ နှစ်နှစ်လည်း ရှိပါတယ်။ နှစ်နှစ်ယူရင်တော့ PHD လုပ်ရင် Mphil ထပ်မလုပ်ရတော့ဘဲ၊ တစ်နှစ်ဆိုရင် PHD လုပ်တဲ့အခါ Mphil အရင်လုပ်ရပါတယ်။
တက္ကသိုလ်ရဲ့ဆက်ဆံရေးတွေကတော့ အစိုးရကျောင်းနဲ့ကိုယ်ပိုင်ကျောင်းတွေကွာခြားတာ နိုင်ငံတိုင်းမှာရှိမယ်ထင်တယ်။ တစ်ချို့တက္ကသိုလ်တွေမှာ စာရင်းသွားပေးတာ၊ ဖောင်သွားဖြည့်တာကအစ အကြာကြီးစောင့်နေရတယ်။ အပြင်လူသူစိမ်းလာနေတာကို သူတို့နဲ့မဆိုင်တဲ့အတိုင်းဘဲ ပြုံးပြဖို့မပြောနဲ့ နှစ်ခါသုံးခါခေါ်နေတာတောင် မကြားသလိုလိုနေနေကြတာရှိသလို တွေ့လိုက်တာနဲ့ဖော်ရွေလွန်းလို့ ဧည့်ဝတ်ကျေလွန်းလို့ ပြန်ပြီးတောင်အားနာရတဲ့ တက္ကသိုလ်တွေလည်း ရှိပါတယ်။ 
Mphil တို့ PHD တို့လုပ်တဲ့အခါ ၂၀၁၈ ခုနှစ်မှာ MA လုပ်ရင်း ဆရာတွေပြောပြတဲ့အခြေအနေအရကတော့ အားလုံးသိကြတဲ့အတိုင်းပေါ့။ စာကြိုဖတ်ထားပါ၊ ကိုယ်ရွေးမည့် ဧရိယာတွေသေချာအောင်လုပ်ပါ၊ ဝါသနာပါတာကိုရွေးပါစသည်ပေါ့။ တချို့ကထိကတွေကဆိုရင် ခဏခဏပြောတာ “တစ်ချို့တွေက ဘာစာမှကြိုဖတ်မထားဘူး၊ ခေါင်းစဉ်ရွေးတော့လည်း ဟိုလိုလို၊ ဒီလိုလို။ ကိုယ်ဘာစိတ်ဝင်စားမှန်းမသိဘူး၊ သူများရွေးလို့သာ လိုက်ရွေးတာ၊ ရွေးပြီးစာတွေဖတ်ရပြီဟေ့ ဆိုတော့မှ ကိုယ်စိတ်မဝင်စားတဲ့အရာမှန်းသိကြတာ” စသည် စသည်ပေါ့။ “မင်းတို့ MA ပြီးလို့ Mphil လုပ်ရင်လည်း မလောနဲ့၊ စာတွေအရင်ဖတ်ထား၊ ကိုယ်ရွေးမယ့်ဧရိယာမှာ ဘာတွေရှိတယ်ဆိုတာကို ကြိုသိဖို့လိုတယ်” လို့ ခဏခဏ သတိပေးခံရတာပေါ့။ 
Mphil လုပ်ဖို့ တက္ကသိုလ်ရွေးပြီဟေ့ ဆိုတော့လည်း ဘယ်တက္ကသိုလ်ရွေးရမလဲ စဉ်းစားရပြန်တယ်။ တစ်ချို့တက္ကသိုလ်တွေက သုတေသနပညာရပ်နဲ့ပတ်သတ်ပြီး သေသေချာချာလုပ်ပေးပြီး ဖိဖိစီးစီးလုပ်ရတဲ့တက္ကသိုလ်တွေလည်းရှိတယ်။ တစ်ချို့တက္ကသိုလ်တွေမှာက တက္ကသိုလ်က ပံပိုးပေးတာ၊ တွန်းအားပေးတာထက် ကိုယ်တိုင်ပိုရုန်းရတဲ့တက္ကသိုလ်တွေရှိတယ်။ တစ်ချို့ တက္ကသိုလ်မှာ ဆရာတွေနည်းတာတွေရှိတယ်။ တစ်ချို့တက္ကသိုလ်တွေက ကျောင်းသားတွေများလွန်းတော့ Supervisor တွေမလုံလောက်တာတွေလည်း ရှိတယ်။ တစ်ချို့တက္ကသိုလ်မှာကျတော့ တစ်ချို့ Supervisor တွေမှာ ကျောင်းသားတွေ ပိုများနေတာမျိုးတွေရှိတယ်။ ဥပမာ- psychology ဆရာကတစ်ဦးဘဲရှိတယ်ဆိုပါစို့။ Mphil ကျောင်းသားတွေတော်တော်များများကလည်း psychology field ထဲမှာဘဲ ယူကြတယ်ဆိုရင် အဲဒီ Psychology ဆရာကို Supervisor ရွေးကြတာဘဲ။ ကျန်တဲ့ဆရာတွေလည်း မရှိဘူးလားဆိုတော့ ရှိတာပေါ့။ ကျန်တဲ့ဆရာတွေလည်း သူကျွမ်းကျင်တဲ့ subject မဟုတ်ရင် Supervisor မလုပ်ချင်ကြတာများတယ်။ သူကျွှမ်းကျင်တဲ့ဘာသာရပ်နဲ့ ဆက်စပ်တဲ့ အကြောင်းအရာတွေဘဲ ကြီးကြပ်သူလုပ်ကြတာများပါတယ်။ အဲလိုမျိုး ကျောင်းသားများတဲ့ဆရာတွေနဲ့ တိုးရင်တော့ တွေ့ဆုံချိန်၊ ဆွေးနွေးချိန်တွေကအစ အခက်အခဲများရှိနိုင်လိမ့်မယ်။ 
တစ်ချို့ ဆရာတွေဆိုရင် အလုပ်များတာတွေရှိတယ်။ နာမည်ကြီးတာနဲ့ ဟိုကဖိတ်ဒီကဖိတ်လို့ ဟိုသွားဒီသွားတွေလည်း ပါတာပေါ့။ ဆရာကမအားသေးလို့၊ သွားစရာရှိလို့ တင်ထားတဲ့ကျမ်းကို မကြည့်ရသေးလို့ ဆိုပြီးတော့ အချိန်တွေဆွဲဆန့်ပြီး နှစ်တွေကြာသွားတဲ့ကျောင်းသားတွေလည်း ရှိတယ်လို့ ပြောကြတယ်။ တစ်ချို့တက္ကသိုလ်တွေမှာ အဲဒီလို ဆရာမလုံလောက်တာ၊ အလုပ်များတာစတဲ့စိတ်ခေါ်မှုတွေရှိသလို့ တစ်ချို့တက္ကသိုလ်ကျတော့ အဆမတန် ဈေးကြီးလွန်းတာတွေလည်းရှိတယ်။ ကျောင်းသားများနဲ့အဆင်ပြေတဲ့ဆရာတွေရှိသလို အဆင်မပြေတဲ့ဆရာတွေလည်း ရှိတယ်လို့ ကြားနေရတယ်။ တစ်ချို့ဆရာတွေက အရမ်းကိုဖြစ်စေချင်တာနဲ့ ဟိုဟာလုပ်လိုက်ဦး၊ ဒီဟာလုပ်လိုက်ဦး၊ ဟိုလောက်နဲ့မရ၊ ဒီလောက်နဲ့မရလို့ ခိုင်းရာကနေ ကျောင်းသားတွေစိတ်ကုန်သွားတာတွေလည်း ရှိတယ်။ တစ်ချို့ဆရာကျတော့ ရတယ်၊ ရတယ်နဲ့ လုပ်ရင်း presentation မှာအဆင်မပြေတာ၊ ဘုတ်အဖွဲ့တွေ သဘောမတူတာကနေ အထက်ကို မတက်နိုင်တဲ့ကျောင်းသားတွေလည်း ရှိတယ်။ Supervisor ရဲ့အခန်းကဏ္ဍကလည်း တက္ကသိုလ်ကျောင်းသားများအတွက် မဖြစ်မနေထည့်စဉ်းစားရမည့်အရာပါ။ အဲဒါကြောင့်မို့ supervisor နဲ့ communication gap တွေ မရှိဖို့လိုတယ်လို့ စီနီယာတွေသတိပေးကြတာပေါ့။ ကျောင်းမအပ်ခင်မှာ ကိုယ်ရွေးမယ့် ဘာသာရပ်နဲ့ သင့်လျှော်တဲ့တက္ကသိုလ်ရွေးချယ်ဖို့ဆိုတာကလည်း စိန်ခေါ်မှုတစ်ရပ်ဘဲ မဟုတ်လား။ 
တစ်ချို့တက္ကသိုလ်တွေမှာ ကြားရတဲ့သတင်းကတစ်မျိုး အထဲကပေးတဲ့သတင်းက တစ်မျိုးဆိုတာမျိုးတွေလည်း ရှိတယ်။ သေသေချာချာလေးသိချင်ရင် တစ်ချို့ Information တွေက အပြင်ကပြောစကားထက် တက္ကသိုလ်အထိသွားပြီး သက်ဆိုင်ရာသူတွေနဲ့ စကားပြောတာ ဆွေးနွေးတာ ပိုသေချာပါတယ်။ ရှေ့ကစီနီယာတွေရဲ့ အကြံပြုချက်တွေလည်း လိုအပ်သလို ကိုယ်ကိုယ်တိုင်လေ့လာရမယ့်အရာတွေလည်း ရှိတာပေါ့။ အခုလည်း ဘာလုပ်ရမှန်းမသိတာနဲ့ တက္ကသိုလ်ထိသွားကြည့်လိုက် တွေ့တဲ့လူတွေနဲ့ ဒီအကြောင်းတွေပြောလိုက်နဲ့ ပြီးကို မပြီးနိုင်သေးဘူး။
မသိတာရှိရင် မေးဦးမယ်နော်။ အခုလည်း လိုတာရှိရင် ပြန်ဖြည့်စွက်ပေးပါဦးလို့။ 
အရှင်နန္ဒိယ (ဖယ်ခုံ)
13.1.2019 8:58:00 PM
Friday, January 4, 2019
ကေလနိယ ဘွဲ့လွန်တက္ကသိုလ်ကို လာတက်ရင်
ကေလနိယ ဘွဲ့လွန်တက္ကသိုလ်ကို လာတက်ရင် 
Postgraduate institution of Pali and Buddhist studies က University of Kelaniya ရဲ့ Department တစ်ခုဖြစ်ပါသည်။ အခုလက်ရှိမှာတော့ Kohuwala မှာ ဖြစ်ပါသည်။ ဒီမတိုင်ခင်က Pepiliyana မှာရှိပါသည်။ နောင် မကြာခင်ကာလမှာဘဲ Nawala, Nugegoda မှာ ပြောင်းမယ်လို့ သိရပါသည်။ Buddhist study ဖြစ်သည့်အတွက် ဗုဒ္ဓဘာသာအကြောင်းကိုဘဲ လေ့လာရမည်ဖြစ်ပါသည်။
စာရေးသူတို့တက်ခဲ့သည့် 2018 academic year မှာတော့ မြန်မာကျောင်းသားတွေ အများဆုံးဖြစ်နေပါသည်။ အရင်ကမရှိဘဲ နောက်ပိုင်းမှပြဌာန်းထားသည့် Buddhist education and communication နဲ့ Buddhist economic philosophy ဘာသာရပ်ကိုလည်း လေ့လာခွင့် ရခဲ့ပါသည်။ Origin of Mahayana, Mahayana philosophy, Chinese philosophy နဲ့ Nagarjuna philosophy စတဲ့ မဟာယာနနဲ့စပ်တဲ့ ဘာသာရပ်တွေကိုတော့ မဟာယာနကျောင်းသားတွေဘဲအများဆုံးယူကြပြီး ထေရဝါဒနိုင်ငံကျောင်းသားတစ်ချို့နဲ့ မြန်မာကျောင်းသား တစ်ချို့ အနည်းငယ်ဘဲ ယူကြပါတယ်။
ဘာသာရပ် နှစ်ဆယ်ကျော်လောက်မှာ စိတ်ကြိုက်ရွေးချယ်ခွင့် လေးခုယူရမည်ဖြစ်ပြီး ကျန်သည့်နှစ်ခု Pali literature နဲ့ Research methodology ဘာသာရပ်က မယူမနေရ ဘာသာရပ်တွေဖြစ်ပါသည်။ မြန်မာကျောင်းသားအများဆုံးရွေးသည့် ဘာသာရပ်ထဲမှာ Vinaya, Abhiddhamma, Buddhist psychotherapy, Buddhist education နဲ့ architecture in Srilanka တို့ဘဲ ဖြစ်ပါသည်။ ဒုတိယအများဆုံးက Buddhist economic philosophy နဲ့ Social dimension of Buddhism ဘဲဖြစ်ပြီး Buddhist ethic, Buddhist aesthetic နဲ့ Theraveda tradition စတဲ့ဘာသာရပ်တွေကိုတော့ မြန်မာကျောင်းသားတွေအနည်းဆုံးသူကြသည့် ဘာသာရပ်ဖြစ်နေပါ သည်။ ကိုယ်ရွေးချယ်မထားသည့်ဘာသာရပ်တွေကိုလည်း စ်ိတ်ဝင်စားရင် လေ့လာခွင့်ရှိပါသည်။
စိတ်ကြိုက်ဘာသာရပ်ကို ရွေးချယ်သည့်အခါမှာ ကိုယ်တိုင်အမှန်တကယ်စိတ်ဝင်စားသည့် ဘာသာရပ်ကို ရွေးချယ်ဖို့ပိုပြီးသင့်လျှောက်ပါသည်။ Assignment တွေ classroom text တွေ thesis တွေရှိပါသည်။ ကိုယ်တိုင် အချက်အလက်တွေရှာဖွေတဲ့အခါ အတန်းထဲစာလိုက်သည့်အခါ အတန်းဖော်တွေနဲ့ဆွေးနွေးတဲ့အခါတွေမှာ စိတ်မဝင်စားဘဲ ယူလိုက်သည့်ဘာသာတွေမှာ နှစ်ဆမက ပိုပြီးပင်ပန်းနေတာ ပိုသိသာပါသည်။ စိတ်ဝင်စားသည့်ဘာသာရပ်တွေဆိုရင် အချိန်ကုန်လို့ ကုန်မှန်းမသိ စိတ်နစ်နိုင်သည့်အတွက် ပင်ပန်းမှန်းမသိတော့ဘဲ လေ့လာလေ ပိုသိရလေ ပိုပျော်လေဖြစ်သည်ကို ကိုယ်တိုင်ကြုံခဲ့ရပါသည်။ လူနည်းသည့်ဘာသာတွေကို ရွေးချယ်ရင် မေးစရာလူမရှိဘူး၊ နောက်ကျရင် ကိုယ်ဘဲဒုက္ခရောက်မယ် စတဲ့ စိုးရိမ်တဲ့ စေတနာတွေ၊ သတိပေးစကားတွေကို တကယ်လက်တွေ့မှာ သိပ်အရေးမပါတာ တွေ့ရပါသည်။ အဘယ့်ကြောင့်ဆိုသော်- ဆရာတွေက မသိတာ၊ မရှင်းတာရှိရင် လာမေးဖို့ အမြဲဖတ်ခေါ်နေ ပါသည်။ ကျောင်းသားအချင်းချင်းကို ဆွေးနွေးတာထက် ဆရာနဲ့ဆွေးနွေးတာက ပိုပြီးသိကျတဲ့ အဖြေတွေရပါသည်။ လက်ကမ်းမမှီတဲ့စာအုပ်တွေက၊ မရှင်းတဲ့တစ်ချို့အယူအဆတွေကအစ assignment, thesis ရေးပုံ၊ Data စုဆောင်းပုံတွေကအဆုံး စိတ်ကြိုက်မေးခွင့်၊ ဆွေးနွေးခွင့်ရှိပါသည်။ ( အင်္ဂလိပ်စကားအတော်အသင့်ပြောနိုင်ယုံနဲ့အဆင်ပြေပါသည်၊ အများကြီး မလိုပါ၊ အတော်အသင့် ပြောဆိုဆက်ဆံနိုင်သည့်ကျောင်းသားများအတွက် မိမိစိတ်ကြိုက် ရွေးချယ်ဖို့ သင့်လျှော်ပါသည်)။
Medium သုံးခုရှိတဲ့အနက် စင်ဟလာနဲ့ ပါဠိ ကိုမယူကြဘဲ မြန်မာကျောင်းသားများက English Medium ကိုယူကြပါသည်။ ပိဋကတ်သုံးပုံကိုလည်း နိုင်ငံတကာ သုံးတဲ့နည်းအတိုင်း ထပ်မံလေ့လာရပါသည်။ မြန်မာသုံး ဆဋ္ဌမူနဲ့ နိုင်ငံတကာသုံးတဲ့ PTS မူနဲ့ကလည်း မတူတာလေးတွေလည်းအနည်းငယ်ရှိပါသည်။ Reference တွေရှာတဲ့အချိန်ကျရင် မတူတာတွေကို ပိုပြီးသိရပါသည်။
သီရိလင်္ကာမှာ ဗုဒ္ဓဘာသာစာပေများကို လေ့လာတဲ့အခါမှာ (အထူးသဖြင့် တက္ကသိုလ်မှာ) မြန်မာနိုင်ငံက လေ့လာပုံမျိုးနဲ့မတူတာကတော့ မြန်မာနိုင်ငံမှာ ပြဌာန်းထားသည့်စာအုပ်အတိုင်း လေ့လာပါသည်။ ဝိနည်းပြီးရင် ဒီဃနိကာယ်၊ ပြီးရင် မဇ္စျိမနိကာယ်စသည်ဖြင့် အစဉ်တကျလေ့လာပါသည်။ ဒီမှာက သုတ်တစ်သုတ်ကို အသေးစိတ် အစဉ်တကျလေ့လာတာမျိုး မဟုတ်ဘဲ ဘာသာရပ်တစ်ခုကို ကိုင်ပြီး ပိုနီးစပ်သည့် သုတ်တစ်သုတ်ကို ချဉ်းကပ်ကြပါသည်။ ဖတ်တာကတော့ အစအဆုံး ဖတ်နေရ၊ မှတ်နေရတာကတော့ အတူတူပါဘဲ၊ ရှုထောင့်ကကွဲပါသည်။ ဥပမာ - စာရေးသူကိုယ်တိုင်အတွေ့အကြုံဘဲ ပြောပါမည်။ မြန်မာနိုင်ငံမှာနေတုန်းက သုတ်တစ်သုတ်ကို ဖတ်သည်၊ ပြီးတော့ သုတ်ရဲ့ဆိုလိုချက်ကို ပုံဖော်သည်။ မရှင်းသေးလျှင် နောက်တစ်ခေါက်ထပ်ဖတ်ပြီး ကြံဆသည်။ ဒီမှာရောက်တော့ သုတ်တစ်သုတ်ကို ဖတ်သည်၊ ဒီသုတ် သို့မဟုတ် ဆိုလိုချက်တစ်ခုက စိတ်ပညာနဲ့ယှက်နွှယ်သည်၊ ပညာရေးနယ်ပယ်နဲ့အန်ဝင်ခွင်ကျဖြစ်မည်၊ လူမှုရေးပိုဆန်သည် စသည်ဖြင့် နှိုင်းယှဉ်မှုတွေ အခြားသော အကြောင်းအရာတစ်ခုခုနဲ့ ချည်းကပ်ရပါသည်။ ဘယ်ဟာကပိုကောင်းသည်ဟု ဆိုလိုခြင်း မဟုတ်ပါ။ ကွဲပြားပုံကို ပြောခြင်းသာဖြစ်သည်။
English Medium ကို ယူဖို့လာကြမယ်ဆိုလျှင် အင်္ဂလိပ်တော့ ပါလာရပါမည်။ သင်ခဲ့ရပါမည်။ သင်တန်းတက်ရုံ၊ အတန်းတစ်ခုခုမှာ လက်မှတ်ရုံမျိုးမဟုတ်ဘဲ Self study ရှိဖို့လည်း လိုပါသည်။ ပြောရဲဆိုရဲရှိပြီး ဆက်ဆံတတ်ဖို့လည်းလိုပါသည်။ Buddhist study ဖြစ်သည့်အတွက် သာမာန် Englisg language class မှာတက်တာမျိုးထက် Subject နဲ့ တွဲတဲ့ English language class တွေမှာ သို့မဟုတ် မြန်မာနိုင်ငံမှာရှိတဲ့ What the Buddha taught စတဲ့ စာအုပ်ကို ဖတ်သည့်စာဖတ်ဝိုင်းလိုမျိုးတွေမှာ ပါဝင်နိုင်လေ ပိုကောင်းလေ ဖြစ်ပါသည်။ တစ်ချို့က language ရရင် Subject လည်း ရပြီလို့ ထင်နေကြတာလည်းရှိသည်။ မရသေးပါ။ Subject ရဲ့ technical term တွေက သီးသန့်ရှိပါသေးသည်။ Buddhist studies မှာလည်း တစ်ချို့အသုံးအနှုံးတွေကို အင်္ဂလိပ်စာတတ်သူတိုင်းမသိပါ။
သီရိလင်္ကာမှာ ကံကောင်းတာတစ်ခုက တစ်ချို့ဘာသာရပ်တွေမှာ တစ်ချို့မြန်မာကျောင်းသား တွေက ဆရာသင်ပြီးသား Topic တွေကို အကျဉ်းချုပ်ပြီး ပြန်ရေးပေးတာရှိပါသည်။ မရှင်းတာ၊ ပိုပြီးသိချင်တာရှိရင်လည်း သူတို့ရဲ့ စာတွေကို ဖတ်လို့ရပါသည်။ စာရေးသူလည်း ၂၀၁၈ မှာ Buddhist psychotherapy ဘာသာက တစ်ချို့ topic လေးရေးခဲ့ဖူးပါသည်။ အတန်းထဲမှာ နားလည်တယ် အဆင်ပြေတယ်ဆိုရင်တော့ ကြည့်စရာမလိုပါ။ Topic လေးတွေ အကျဉ်းချုပ်ပေး တာကလည်း လိုနေတဲ့သူတွေအတွက် ကောင်းတာပေါ့။ နောက်ထပ်ကောင်းတာတစ်ခုက စာဖတ်ဝိုင်းလေးတွေရှိပါသေးသည်။ တစ်ချို့ဝိုင်းတွေက senior ကျောင်းသားတွေ ဖတ်ပေးကြသည်။ တစ်ချို့ဝိုင်းတွေမှာ စာတော်တဲ့ကျောင်းသားတွေက ဖတ်ပေးကြသည်။ မရှင်းမလင်းတာတွေ မေးကြဖြေကြ ဆွေးနွေးကြတာပေါ့။ အပြင်ဘက်လေ့လာပုံတွေကလည်း အမျိုးမျိုးရှိကြတယ်ဆိုတာလည်း တွေ့ရပါသည်။
တစ်ချို့က နိုင်ငံတကာက နိုင်ငံပေါင်းစုံကျောင်းသားတွေနဲ့ ဆွေးနွေးကြတဲ့ဆွေးနွေးဝိုင်းတွေ လုပ်ပေးတာရှိပါသည်။ နေ့အလိုက် ခေါင်းစဉ်တွေပြောင်းပြီး ခေါင်းစဉ်အမျိုးမျိုးနဲ့ဆွေးနွေးကြ၊ သင်ယူကြတာပါသည်။ စာရေးသူလည်း စနေနေ့တိုင်း အဲဒီစကားဝိုင်းထဲပါဝင်ပါသည်။ Language နဲ့ Subject တစ်ခါတည်း သင်ယူလိုက်သလို ဖြစ်ပါသည်။ တစ်ချို့ကျောင်းသားတွေဆိုရင် အပြင်က အချိန်ပိုင်း workshop တို့ conference တို့ကိုလည်း သွားရောက်လေ့လာကြပါသည်။
ဘာတွေပြင်ဆင်ရမလဲလို့မေးရင်တော့ ပိဋကတ်စာပေဘဲများများဖတ်လာခဲ့ပါလို့ဘဲ ပြောချင်တယ်။ အဂ္ဂညသုတ်၊ စက္ကဝတိသုတ်၊ သာမညဖလသုတ်၊ သောဏဒန္တသုတ်၊ ကာလာမသုတ်၊ မဟာပရိနိဗ္ဗာနသုတ်၊ မဟာကမ္မဝိဘင်္ဂသုတ်၊ သိင်္ဂါလောဝါဒသုတ် စတဲ့ သုတ်တွေကိုတော့ ထုံးလိုမွှေ ရေလိုနှောက်လာခဲ့လို့ဘဲ ပြောချင်ပါသည်။ ဖြစ်နိုင်ရင် အင်္ဂလိပ်လိုဖတ်လာစေချင်ပါသည်။ အဲဒီသုတ်တွေကို သင်ကြသလားလို့ မေးရင်တော့ အဲဒီသုတ်တွေကို သင်နေတာတော့ မဟုတ်ဘူး၊ အဲဒီသုတ်တွေနဲ့ဆက်စပ်ပြီး လေ့လာကြတယ်၊ အဲဒီသုတ်တင်ဘဲလား ဆိုတော့လည်း မဟုတ်ဘူး အခြားသုတ်တွေလည်း အများကြီးပါမယ်။ Social issues တစ်ခုခုကို တည်ပြီးဆွေးနွေးကြလိမ့်မည်။ Subject အပေါ်မူတည်ပြီး ကွဲတာပေါ့၊ economic subject မှာဆိုရင် economic နဲ့ဆက်စပ်တာ ပြောကြမည်။ education subject မှာဆိုရင် education နဲ့ဆက်စပ်တာပြောကြမည်။
တစ်ချို့က ပြင်ဆင်တာအချိန်လည်းရှိ၊ ပြင်ဆင်ချင်တယ်ဆိုလျှင် အချိန်ရရင် research အကြောင်းကြိုလေ့လာစေချင်ပါသည်။ ပညာရေးနယ်ပယ်မှာ သုတေသနကို အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုပါ။ စာဖတ်ပုံဖတ်နည်းတွေကအစ လေ့လာထားပါ။ ပညာရှင်တွေရဲ့ပို့ချချက်တွေ ဟောပြောချက်တွေရှိပါသည်။ မြန်မာနိုင်ငံမှာဆိုရင် အောက်စဖို့ဒ်ဆရာတော်ရဲ့ ပို့ချချက်တွေရှိပါသည်။ နောက်နိုင်ငံတကာမှာဆိုရင်တော့ ပိုများမည်။ အင်တာနက်ပေါ်မှာလည်း အလွယ်တကူရှာဖွေလို့ရပါသည်။ စာပေးပွဲအောင်ဖို့အတွက်ဆိုလျှင် မခက်ခဲပါ။ အချိန်အား ငွေအား များစွာစတေးပြီး လာခဲ့သည်ဖြစ်သည့်အတွက် တက္ကသိုလ်ကပေးသည့် ပညာများရသလောက်ယူ မည်ဆိုလျှင် ပြင်ဆင်မှုအားကောင်းလေ ပိုရလေဖြစ်ပါမည်။ assignment ရေးနည်း၊ စာဖတ်နည်း၊ အချက်အလက်ရှာဖွေနည်းတွေ စောစောသိလေ လေ့လာရေးခရီးက ပိုတွက်လေဖြစ်ပါသည်။
စာကြည့်တိုက်ဝင်တတ်တဲ့အကျင့်တွေရှိလျှင် ပိုပြီးအဆင်ပြေမည်ဟုဆိုချင်ပါသည်။ စာကြည့်တိုက်ထဲစာကြည့်တယ်ဆိုတာ စာအုပ်ဆိုင်မှာ စာအုပ်သွားငှားဖတ်တာမျိုး မဟုတ်ဘူးဆိုတာ လည်း သိစေချင်ပါသည်။ စာအုပ်ဆိုင်မှာစာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ်ငှား ဖတ်သလိုလုပ်နေမျိုးထက် အယူအဆအသစ်တွေရှာဖွေဖို့ မတူညီတဲ့အယူအဆတွေ ညှိယူဖို့ နှိုင်းယှဉ်ဖို့ အကိုးအကားတွေရယူဖို့ စာအုပ်တစ်အုပ်မကဘဲ များစွာတိုက်ကြည့်ရမည့် နေရာဖြစ်ပါသည်။
တစ်ချို့အကြောင်းအရာတွေက လေ့လာထားတဲ့အခံလေးတွေရှိရင် ပိုကောင်းပါသည်။ ဥပမာ- မြန်မာနိုင်ငံမှာတုန်းက trauma healing သင်တန်းတွေတက်ခဲ့ဖူးတော့ psychotherapy နဲ့ ဆက်နွှယ်မှုရှိသည်။ sustainable development, environmental, gender စတဲ့ သင်တန်းတွေမှာ လေ့လာခဲ့ဖူးတော့ Social dimension ဘာသာရပ်တို့ economic philosophy ဘာသာရပ်တို့မှာ ဆက်စပ်မှုတွေရှိလို့ ပိုပြီးနားလည်လွယ်သလို စိတ်ဝင်စားစရာလည်း ပိုကောင်းပါသည်။ ဆိုလိုချင်တာက မြန်မာန်ိုင်ငံမှာလည်း လေ့လာချင်ရင်တစ်ချို့ သင်တန်းတွေရှိတယ်လို့ ဆိုချင်ပါသည်။
မြန်မာနိုင်ငံမှာလေ့လာလို့ရတဲ့ တစ်ချို့ဘာသာရပ်တွေကို လေ့လာထားရင် တစ်ပန်းသာလိမ့်မည်။ မဟုတ်ရင် ဘာသာရပ်တိုင်းက အသစ်ကြီးတွေဖြစ်နေရင် ပိုပြီးပင်ပန်းရပြီး အချိန်မလုံလောက်တာ တွေဖြစ်နိုင်ပါသည်။
ဖတ်ပေးသည့်အတွက် ကျေးဇူးတင်ပါသည်။ စာရှည်သွားလို့ တောင်းပန်ပါသည်။ အမှားရှိလျှင် ပြင်ပေးနိုင်ပါသည်ဟု ဖိတ်ကြားချင်ပါသည်။
အရှင်နန္ဒိယ (ဖယ်ခုံ)
5.1.2019 11:36:00 AM
အရှင်နန္ဒိယ (ဖယ်ခုံ)
5.1.2019 11:36:00 AM
Saturday, December 29, 2018
သာမညဖလသုတ်ကို စိတ်ရောဂါကုစားခြင်းပညာရှုထောင့်မှ သုံးသပ်ကြည့်ခြင်း
အဖကိုသတ်ပြီး စိတ်နှလုံးမသာမယာဖြစ်နေသော အဇာတသတ်မင်းကို မြတ်စွာဘုရား တရားဓမ္မဆေးနဲ့ ဖြေဖျောက်ပေးလိုက်ပါသည်။ တရားရေအေးတိုက်ကျွေးပြီး အဇာတသတ်မင်း စိတ်နှလုံးကြည်လင်အေးချမ်းခွင့်ရခဲ့ပါသည်။ အဇာတသတ်မင်း၏စိတ်နှလုံးကို အေးချမ်းကြည်လင်သွားစေသော တရားတော်သည် ရဟန်းဝတ်ခြင်း၏ အကျိုးကျေးဇူးကိုဟောကြားထားသောတရားတော်ပင်ဖြစ်ပါသည်။ ထိုတရားတော်ကို သာမညဖလသုတ်အဖြစ် မှတ်တမ်းတင်ကျန်ရစ်ခဲ့ပါသည်။ ထိုသာမညဖလသုတ်ကို စိတ်ရောဂါကုစားခြင်း ရှုထောင့်မှ လေ့လာကြည့်သောအခါ မြတ်စွာဘုရား၏ အာသာယာနုသယဉာဏ်၊ ဣန္ဒြိယပရောပရိယတ္တိဉာဏ်ကို ပို၍ပင်ကြည်ညိုခွင့်ရရှိခဲ့ပါသည်။ ဗုဒ္ဓဘာသာစိတ်ရောဂါကုထုံးကို နားလည်လာလေလေ မြတ်စွာဘုရားသည် စိတ်ရောဂါကုစားသူဟူသောစကားကို လက်ခံလာလေလေဖြစ်ပါသည်။
မြတ်စွာဘုရားဆီရောက်မလာခင် စိတ်သက်သာရာရစေဖို့ နာမည်ကြီး တိတ္ထိဆရာခြောက်ယောက်ထံသွားပြီး တွေ့ဆုံခဲ့ပြီးဖြစ်သည်။ စိတ်နှလုံးသက်သာရာမရသည့်အပြင် ပို၍ပင်စိတ်ရှုပ်သွားပါသည်။ နောက်ဆုံးတော့ ဆရာဇီဝကရဲ့ အကူအညီနဲ့ မြတ်စွာဘုရားထံရောက်သွားခဲ့ပါသည်။ မြတ်စွာဘုရားတပည့် ဖခင်ဗိမ္ဗိသာရမင်းကိုသတ်ခဲ့သည့်အမှား၊ မြတ်စွာဘုရားကိုသတ်ဖို့ကြိုးစားခဲ့သောဆရာဒေဝဒတ်စကားကိုနားထောင်ခဲ့မိသောအမှားတွေကြောင့် မြတ်စွာဘုရားထံသွားသည့် လမ်းတစ်လျှောက်မှာပင် အဇာတသတ်မင်းကြောက်လှန့်နေခဲ့ပါသည်။ ထိုကြောက်စိတ်တွေကိုဖြောင့်ဖို့ ဆရာဇီဝက အတန်တန်နှစ်သိမ့်ခဲ့ရပါသည်။ မြတ်စွာဘုရားနှင့် ၁၂၅၀ သောရဟန်းတို့ သီတင်းသုံးရာနေရာကိုရောက်သွားခဲ့တော့လည်း ပို၍ပင်ကြောက်စိတ်တွေဝင်လာခဲ့သည်။ အရေအတွက်များပြားလှသည့်ရဟန်းတော်တို့သီတင်းသုံးရာနေရာမှာ ဘာသံမှမကြားဘဲ တိတ်ဆိတ်နေသောကြောင့်ဖြစ်သည်။ မကောင်းမှုပြုထားသောသူများသည် တိတ်ဆိတ်ရာကိုကြောက်လန့်နေလေ့ရှိပါသည်။ မကြောက်ပါနဲ့မင်းကြီး၊ ရှေ့ဆက်သွားပါ၊ မြတ်စွာဘုရားနဲ့ ရဟန်းတော်များသီတင်းသုံးနေပါသည်ဟု ဆရာဇီဝက လျှောက်ထားရပါသည်။
ရဟန်းတော်များစွာကိုခြံရံ၍ သီတင်းသုံးနေတောမူသောမြတ်စွာဘုရားကို ဖူးမြင်ရသောအခါ အဇာတသတ်မင်းသည် စိတ်သက်သာရာရသွားပါတော့သည်။ ရဟန်းပေါင်းများစွာ သီတင်းသုံးထိုင်တောမူရာအရပ်မှာ အပ်ကျသံလောက်အသံလေးပင်မကြားရအောင် ငြိမ်သက်နေနိုင်သည့် မြင်ကွင်းကိုဖူးမြင်ရသောအခါ အံ့သြလို့မဆုံးဖြစ်ခဲ့ရသည်။ ထိုအရာသည် စိတ်ရှုပ်ထွေးနေသော အဇာတသတ်မင်းအတွက် အားကိုးရာပတ်ဝန်းကျင်တစ်ခုအဖြစ် ယုံကြည်မှုကိုဖြစ်စေပါသည်။ ရှုပ်ထွေးခြင်းနဲ့ငြိမ်သက်ခြင်းသည် လုံးလုံး ဆန့်ကျင်နေပါသည်။ ရှုပ်ထွေးနေသောစိတ်သည် ဂနာမငြိမ်ဘဲ ယောင်ယပ်ခတ်နေသည်။ စိတ်တွေယောင်ယပ်ခတ်နေလျှင် လူလည်းယောင်ယပ်ခတ်နေမည်။ အားလုံးငြိမ်သက်နေသော ရဟန်းတော်များသည် ယောင်ယပ်ခတ်သည့်ပုံရိပ်မတွေ့ရပါ။ ငြိမ်းအောင်ကျင့်နေသောသူများပင်ဖြစ်ပါသည်။ ငြိမ်းချမ်းသောသူတို့ရဲ့ငြိမ်သက်သောအရိပ်အယောင်သည် မြင်ရသူတို့ စိတ်နှလုံးကိုကြည်နူးစေပါသည်။ အဇာတသတ်မင်း၏နားလည်သွားသည်မှာ ငြိမ်သောသောရဟန်းများနဲ့ ရှုပ်ထွေးနေသောသူ့စိတ်တို့ ကွာခြားပုံကို ပိုပြီးနားလည်လာသည်။ ထိုကြောင့်ပင် မြတ်စွာဘုရားနဲ့ရဟန်းတော်များကို လက်အုပ်ချီကြည်ညိုနေပါလျက် ဘာစကားမှ မပြောရဲဘဲ တိတ်ဆိတ်နေပါသည်။
အဇာတသတ်မင်း၏အခြေအနေကိုသိသောမြတ်စွာဘုရားသည် စတင်နှုတ်ဆက်လိုက်ပါသည်။ ထိုစတင်နှုတ်ဆက်ခြင်းသည် စိတ်ဒဏ်ရာကုစားခြင်းအတွက် အစပျိုးခြင်းပင်ဖြစ်သည်။ ကိုယ့်ဆီမှာ သူ့ရဲ့စိတ်ဒဏ်ရာတွေကို ဖွင့်အန်ချဖို့ (သို့မဟုတ်) ကိုယ့်ကိုအားကိုးဖို့ ရောက်လာခဲ့သော သူတစ်ယောက် စကားမပြောရဲ၍ ငြိမ်သက်နေသည်ကို စကားစတင်ပြောသောအခါ သူ့အတွက် နွေးထွေးမှုတစ်ခု ဖြစ်လာပါသည်။ ဘာတွေတွေးနေတာလဲမေးသော် သူ့သားကလေးလည်း ဒီရဟန်းတွေလိုငြိမ်သက်နေလျှင် ကောင်းမှာပဲလို့တွေးမိတဲ့အကြောင်း လျှောက်ထားပါသည်။ ဒီလိုနဲ့ပင် စကားတွေပြောရဲလာပြီး တွေ့ဆုံမေးမြန်းခဲ့ကြသည်။
ဤနေရာမှာ သတိထားရမည့်အရာတစ်ခုရှိသည်။ အဇာတသတ်မင်းသည် ဖခင်ကိုသတ်ပြီး နှလုံးမသာမယာဖြစ်သည်။ နှလုံးမသာမယာဖြစ်နေသည်ကို ဖြေဖျောက်ဖို့ မြတ်စွာဘုရားထံရောက်လာသည်။ ထိုအကြောင်းကိုမြတ်စွာဘုရားလည်းသိသည်။ သို့သော် ဖခင်ကိုသတ်ခဲ့သည့်အကြောင်းကို မပြောပါ။ မြတ်စွာဘုရားလည်း မမေးပါ။ ဤအချိန်မှာ ဒီအကြောင်းကိုပြောလျှင် အဇာတသတ်မင်း ပို၍စိတ်ဆင်းရဲရမည်။ မည်သည့်သူမှ ကိုယ့်မကောင်းကြောင်းကို ကိုယ်မပြောချင်ကြပါ။ တွေ့တွေ့ချင်း နောက်ခံမကောင်းကြောင်း သို့မဟုတ် လုပ်ခဲ့ဖူးသည့်အမှား၊ အပြစ်တွေကိုပြောနေလျှင် မနေနိုင်၊ မထိုင်နိုင်ဖြစ်ပြီး ပြန်ချင်သည့်စိတ်တွေဖြစ်လာပါလိမ့်မည်။ စိတ်ဒဏ်ရာ၊ စိတ်ရောဂါကိုကုသောဆရာများအတွက် သတိထားရမည့်အချက်ပင်ဖြစ်သည်။ ဒဏ်ရာတွေကို ခဏဘေးဖယ်ထားပြီး ဆရာနဲ့လူနာတွေကြား ရင်းနှီးမှုတစ်ခု အရင်တည်ဆောက်ရပါမည်။
နှုတ်ဆက်စကားတွေပြီး နှစ်ဦးနှစ်ဘက်မှာလည်း ရင်းနှီး၊ ပြောရဲဆိုရဲလည်းရှိ၊ သက်တောင့်သက်သာဖြစ်ပြီးသောအခါ မြတ်စွာဘုရားက လာခြင်းရဲ့အကြောင်းရင်းကို မေးပါတော့သည်။ အဇာတသတ်မင်းလည်း မေးပါတော့သည်။ စိတ်ဒဏ်ရာ၊ စိတ်ရောဂါ ကုစားပုံအမျိုးမျိုး အမျိုးမျိုးကို သာမညဖလသုတ်က သက်သေအဖြစ်ရှိနေပါသည် - စသည်စသည်ဖြင့် ဒီနေ့သင်ယူခဲ့ရတဲ့ Buddhist Psychotherapy အကြောင်းကို ဆက်ပြီးဆက်ပြီးရေးချင်မိသည်။ မအားသေးလို့။ နောက်မှ တွေ့ကြသေးတာပေါ့။ 
အရှင်နန္ဒိယ (ဖယ်ခုံ) 6.4.2018  8:42:00 PM
Friday, December 28, 2018
လက္ခဏာတွေကဘာလဲ
နားလည်မှုလွဲနေတဲ့ ပတ်သက်ဆက်နွှယ်ခြင်း၊ အခွင့်ထပ်မသာတော့တဲ့ နောက်ထပ်တွေဆုံခြင်းတွေကြောင့် ပြန်ဆုံခွင့်လေးကိုစောင့်နေရင်း တစ်ဖြေးဖြေးဝေးနေရပေမယ့် တသသဖြစ်နေရတဲ့ ရင်ထဲက ဖော်မပြချင်တဲ့ ခံစားမှုမျိုးတွေက ဘဝမှာ ဒဏ်ရာလို့ဖွင့်မပြောချင်တာ အကြောင်းပြချက် မပေးလည်းဘဲ နားလည်ပေးလို့ရပါတယ်။
ဒဏ်ရာမဟုတ်ပေမယ့် ဝေဒနာတစ်ခုအဖြစ်တော့ လက်ခံရမယ်။ တစ်ချို့ဝေဒနာတွေက မမျှော်လင့်ဘဲ နာကျင်စွာခံစားနေရတာမျိုးတွေရှိသလို တစ်ချို့ဝေဒနာတွေကျတော့ အလုပ်ဖြစ်ဖို့သက်သက် မပျောက်ပျက်အောင် တမင်မွေးမြူထားတာမျိုးလည်းရှိတယ်။
တစ်ချို့တစ်စုံတစ်ရာအကြောင်းတိုက်ဆိုင်မှုတွေကြောင့် ပြန်ဖြစ်ပေါ်လာတဲ့ဝေဒနာတွေကို မပြောဘဲ ထိန်ချန်ထားခဲ့ရတဲ့ တသသဝေဒနာမျိုးကျတော့ အလုပ်ဖြစ်ဖို့မွေးမြူထားတဲ့ဝေဒနာမဟုတ်မှန်း ပေါ်လွင်လို့နေပါတယ်။
ဒီဝေဒနာတွေကို ကုစားဖို့အတွက် ပစ္စုပ္ပန်ရဲ့ခံစားချက်တွေကို ငါလေ့လာရဦးမယ်။
(တစ်မျိုးမထင်နဲ့ Thesis ထဲက symptoms of mental illness အခန်းအတွက် စဉ်းစားနေတာပါ)
ဖြတ်လျှောက်ရုံလေးပါ
နားလည်လိုက်မိတာက ဖြတ်လျှောက်ရုံလေးပါပဲ။
တိုက်ခတ်လာတဲ့ လေပြေလေးကိုလည်း မတွယ်တာချင်တော့ဘူး
သူပြန်မလာမှာကိုလည်း မစိုးရိမ်ချင်တော့ပါ၊ သူခဏလေးဖြတ်လျှောက်ရုံလေးဘဲလို့ နားလည်လိုက်လို့။
အရှိုင်နဲ့စီးဆင်းနေတဲ့ စမ်းချောင်းထဲကရေလေးတွေလိုဘ
ခဏလေးဖြတ်လျှောက်ခွင့်သာရလိုက်ပြီး ချန်ထားခဲ့ရမယ့် ကမ်းပါးတွေကိုလည်း မတွယ်တာချင်တော့ဘူး။ ပြုံးပြုံးလေးဘဲ နှုတ်ဆက်လိုက်ချင်တယ်။
အတူတူစီးဆင်းခွင့်ခဏလေးရလိုက်တဲ့ ရေတွေကိုလည်း မတွက်တာချင်တော့ပြီ၊ ပင်လယ်ထဲရောက်လို့ လှိုင်းတွေရှိုက်ခတ်ရင် ကွဲသွားကြမှာ ကြိုသိနေလို့။
နှစ်တစ်ရာကြာမှဘဲဖြစ်ဖြစ်၊ ဗြဟ္မပြည်ကအပ်တစ်စင်းနဲ့ လူ့ပြည်ကအပ်တစ်စင်း ဆုံတာထက်ပိုခက်တဲ့ ပြန်တွေ့မှုမျိုးနဲ့ဘဲဖြစ်ဖြစ် ပင်လယ်ထဲ သမုဒ္ဒရာထဲ ပြန်တွေ့တဲ့အခါမှာ ပျော်ပျော်ရွှင်ရွှင်ပြန်ဆုံချင်ရုံကလွဲလို့ တွယ်တာနေရတာမျိုး မဖြစ်ချင်တော့ပါ။ ခဏလေးဖြတ်လျှောက်ရုံလေးပဲလို့ နားလည်ခွင့်လေးရချင်တယ်။
အားလုံးကဖြတ်လျှောက်သွားခဲ့ကြတဲ့ ဒီမျက်နှာကိုလည်း မတွက်တာစေချင်ပါ၊ တစ်ချို့က လှည့်ကြည့်ကြတယ်၊ တစ်ချို့က မေ့သွားကြတယ်၊ တစ်ချို့က ပြုံးပြခဲ့တယ်၊ တစ်ချို့က တစ်ခုခု ချန်ထားပေးတယ်။ ခဏလေးပေမယ့် အားလုံးကို ပြုံးပြချင်တယ်၊ ခဏလေးဖြတ်လျှောက်ရခိုက်မှာ ဒဏ်ရာတွေမထားခဲ့ချင်ပါ။
နာကျင်စွာခံစားနေတာတာမျိုး မဖြစ်ချင်ရင် လွတ်လွတ်ကျွတ်ကျွတ် ထွက်သွားကြပါ။ ခဏလေးဖြတ်လျှောက်ရုံလေးမို့ မခံစားချင်တော့လို့ မတွယ်တာချင်တော့ပါ။
မတူညီသော ရပ်တည်ခြင်း
မြေမှာခသည့် ပန်းချင်းတူတာတောင် တချို့ပန်းက အနာအဆာတွေကင်းမဲ့နေပေမယ့် တစ်ချို့ပန်းက အနာတွေနဲ့ ဒဏ်ရာတွေနဲ့။
ပန်းပင်ပေါ်ကကြွေမယ့်ပန်းချင်းတူတာတောင် တစ်ချို့ပန်းပွင့်တွေက ကြွေဖို့အတွက် အားယူ ရုန်းကန်နေရပြီး တစ်ချို့ပန်းပွင့်တွေက တိုက်ခတ်လာသည့်လေနောက်ကို အလိုက်သင့်ရွက်လင့်လိုက်ရုံသာ။
သဘာဝတွေချင်းတူတာတောင် မတူသည့်သဘာဝတွေလည်း ရှိနေကြတာဘဲ။ ဘဝတစ်ခုကို ပန်းကလေးတစ်ပွင့်လိုဘဲဖြစ်ဖြစ်၊ သစ်သီးတစ်လုံးလိုဘဲဖြစ်ဖြစ် ခိုင်းနှိုင်းဖို့က လွယ်သရောင်ရောင်နဲ့ ခက်လိုလိုတော့ရှိသား။
ဘဝတစ်ခုကိုတောင့်တရာမှာလည်း မတူသည့်ဆန္ဒတွေနဲ့ အရင်းခံခဲ့ကြတာဘဲ၊ တစ်ချို့က ဘဝကို သာသာယာယာ ပြည့်ပြည့်စုံစုံ၊ ချိုချိုမြိန်မြိန်နဲ့တောင့်တကြပြီး တစ်ချို့တွေက ဘဝကို စွန့်စွန့်စားစားနဲ့ ရုန်းကန်ပြီး အောင်မြင်မှုကို ရယူချင်သည့် ဘဝမျိုး။
မတူတာတွေ ရှိနေကြတဲ့အထဲ စိတ်မတူတာလေးလည်း ဆန်းကြယ်လိုက်တာ။ ရန်သူနဲ့တိုက်ခိုက်သည့် နေရာမှာတောင် တစ်ချို့က ဒုတ်ကိုင်၊ ဓားကိုင်ပြီး သူသေငါသေရင်ဆိုင်ချင်ကြပြီး တစ်ချို့လူတွေက လူယုံတော်လိုခစားပြီးမှ အဆိပ်ခပ်သတ်ချင်ကြတာလည်းရှိပ။
ဘဝကို ရုန်းကန်လှုပ်ရှားနေရသည့် အခြေအနေတစ်ခုလို့ တင်စားရင် အပြိုင်အဆိုင်ရုန်းနေကြတာမှန်ပေမယ့် တစ်ချို့က တစ်ကိုယ်ကောင်း ရုန်းတယ်၊ တစ်ချို့က အများအတွက် ရုန်းတယ်။ တစ်ချို့က ရေရှည်အတွက်ရုန်းတယ်၊ တစ်ချို့က ရေတိုအတွက်ရုန်းတယ်။ တစ်ချို့က အနာဂတ်အတွက်ရုန်းတယ်၊ တစ်ချို့က ပစ္စုပ္ပန်အတွက် ရုန်းတယ်။ တစ်ချို့ကသက်သက်သာသာလေး ရုန်းတယ်။ တစ်ချို့က အနာတရတွေနဲ့ရုန်းတယ်။ လက်ရှိအခြေအနေအတွက် ငါတို့အားလုံး ရုန်းကြတယ်။
အရှင်နန္ဒိယ (ဖယ်ခုံ)
12.12.2018 2:14:00 PM
(thesis မပြီးသေးခြင်း အမှတ်တရ)
Photo credit to Nang Khae Mu (Naung Taung) 
နုတ်ဆက်ရသော ဆုံဆည်းခြင်း
ကိုယ်တို့ကအချိန်တွေကို တိုက်စားနေတာမဟုတ်ဘူး၊ အချိန်တွေနဲ့ရောပြီး ကိုယ်တို့ကအတိုက်စားခံနေရတာပါ။ ငါတို့ရဲ့နုပျိုမှုတွေကို တူးဖြိုကြတယ်၊ ငယ်ရွယ်မှုတွေကို တိုက်စားပြီး ကြီးရင့်မှုဆီ တွန်းပို့သွားကြတယ်။
အခွင့်အရေးတွေကို ကိုယ်တို့ အလဟဿ ဖြုန်းနေတာ မဟုတ်ဘူး၊ အသုံးပြုဖို့ အခွင့်ကို မသာခဲ့တာ။ နောက်ထပ်အခွင့်မရအောင် ငါတို့ရဲ့နောက်ခံအခြေအနေတွေက ငါတို့အခွင့်အရေးကို လုယူနေကြတာလေ။
ကိုယ်တို့ကအခြေအနေကို မဖန်တီးတာမဟုတ်ဘူး၊ အခြေအနေတွေက ကိုယ်တို့ဘက်မှာ မရှိတာ။ မတူညီမှုတွေနဲ့ ငါတို့တွေ့ဆုံနေကြတာ၊ ဝါသနာချင်းရော၊ ရည်ရွယ်ချက်ခြင်းရော အားလုံးကို သိသိသာသာကြီးကွဲပြားပြီးမှ ငါတို့ကိုတွေ့ဆုံပေးကြတာလေ။ တူညီမှုတွေညှိယူဖို့ အခြေအနေတွေ မပေးတော့ဘူးလေ။
အချိန်တန်လို့ကိုယ်တို့က လမ်းခွဲကြတာ မဟုတ်ဘူး။ အချိန်တန်ပြီဆိုပြီး ကိုယ်တို့ကို လမ်းခွဲပလိုက်ကြတာ။ နှစ်အရေအတွက် အချိန်အကန့်အသတ်နဲ့ ငါတို့ကို တွေ့ပေးနေကြတာ။ ဒီအချိန်၊ ဒီအခြေအနေ၊ ဒီပတ်ဝန်းကျင်တွေကို ကိုယ်တို့က ကစားနေတာ မဟုတ်ပါဘူး၊ ကိုယ်တို့က ဒီအခြေအနေတွေနဲ့အကြောင်းပြပြီး ကစားခံနေရသူတွေပါ။
ပညာရေးတက္ကသိုလ်မှာ အတူတူသင်ယူခွင့်ရတဲ့အချိန်က သိပ်နည်းလွန်းလှပါတယ်။ ဒီအချိန်တွေရဲ့ စီးဆင်းမှုတွေက ရေတံခွန်ထက်အရှိုန်ပျင်းနေသလိုဘဲ။ ဒါပေမယ့် ကိုယ်တို့က ရေတွေလို ပင်လယ်ထိ၊ သမုဒ္ဒရာထိ အတူတူ စီးဆင်းခွင့် မရခဲ့ပါဘူး။ ခဏလေးဘဲ တွေ့ဆုံခွင့်ပေးတယ်။
ရှိစေဦးတော့။ ငါတို့သံသရာကိုတော့ ငါတို့ဘဲပိုင်တာပါ။ ဘဝတွေ မဆုံးသေးသရွေ့တော့ ငါတို့တတွေ ပြန်ဆုံဆည်းဖို့ မျှော်လင့်လို့ရပါသေးတယ်။ တွေ့ဆုံခြင်းကို ခွဲခွာခြင်းနဲ့ ပေါင်းစပ်ပေးထားပေမယ့် ယုံကြည်မှုတွေကိုတော့ ငါတို့တည်ဆောက်ထားနိုင်ခဲ့ကြတယ်။
ငါတို့ရဲ့ မိတ်ကောင်းဆွေမွန်စိတ်ဓာတ်၊ ညီအစ်ကိုလိုချစ်ခင်မှု၊ အချင်းချင်းရိုင်းပင်းကူညီတတ်တဲ့ အကျင့်လေးတွေကိုတော့ ဆက်လက်ဆုပ်ကိုင်ထားကြတာပေါ့။ ဒါတွေကို ဆုပ်ကိုင်ပြီး လမ်းခွဲခွင့်ရလိုက်တဲ့အတွက် ဘယ်တော့မှနောင်ရမှာ မဟုတ်ပါဘူး။
ကံမကုန်လို့ ပြန်ဆုံမယ့်တစ်နေ့ကြရင် အသစ်ပျိုးပြန်ပျိုးထောင်နေစရာမလိုတော့တဲ့ ကလျာဏမိတ္တစိတ်ဓာတ်တွေနဲ့ ဘဝတက္ကသိုလ်ထဲ ပညာတွေအတူတူ ထပ်သင်ယူကြတာပေါ့။ အခုတော့ သွားနှင့်ဦးတော့ ကိုယ့်လူရာ။ ဆန္ဒတွေမပြည့်သေးတော့ ကိုယ်ဘဲ ပညာရေးတက္ကသိုလ်မှာ နေရစ်ခဲ့ဦးမယ်။ အပြောကျယ်တဲ့ အပြင်လောကကြီးထဲ ဘဝတက္ကသိုလ်မှာ အတူတူထပ်ဆုံဖို့ မျှော်လင့်ရင်း-------။ ။
အရှင်နန္ဒိယ (ဖယ်ခုံ) 27.12.2018 2:30:00 PM
(2018, MA အတန်းဖော်များနဲ့ လမ်းခွဲခြင်း အမှတ်တရ) 
နှုတ်ဆက်ရသောဆုံဆည်းခွင့် 